အင်ပါယာရှားဘုံမှ မင်းသမီး
Vol. 017 Ch. 1633
ရှောင်းမုယွီသည် ရေကန်ပေါ်တွင် ထိုင်နေသည့် ရှားရှင်းယွန်ကို ကြည့်လိုက်ပြီး သူမ၏ နှလုံးသားထဲတွင် မနာလိုမှုအချို့ ခံစားရပေသည်။ ကြာပန်းသည် မဟာလမ်းစဥ်မှ မွေးဖွားလာပြီး အသိစိတ်ရှိသည်။ ဤအမျိုးသမီး၏ အရည်အချင်းက ထူးချွန်ခြင်း မရှိသလို ကျင့်ကြံခြင်း၌လည်း အားနည်းပေသည်။ သို့သော် ထိုမျှကောင်းသည့် အခွင့်အရေးနှင့် သူမက ထူးခြားပြောင်မြောက်သည့် ပြောင်းလဲမှုတို့ ဖြစ်ပေါ်လာရန် ကြမ္မာဖန်လေသည်။
သူမသည် ယခင်က ဤကြာပန်းအပေါ် အများကြီး အာရုံစိုက်ထားခဲ့သော်လည်း စဥ်းစားချင့်ချိန်နိုင်ခြင်းက အားနည်းနေသေးသည်ကို မြင်နိုင်ပေသည်။ ဤကြာပန်းသည် အသိစိတ်ဉာဏ်ပညာ ပိုင်ဆိုင်ပြီး ဖြစ်သောကြောင့် ရီဖူရှင်း၏ စည်းရုံးသိမ်းသွင်းမှုကို နားလည်နိုင်စွမ်းရှိသည်။ ၎င်းသည် အမွေအနှစ်နယ်မြေသခင် သို့မဟုတ် နတ်ဘုရားတို့၏ ဝိညာဥ်များမှ ပြုစုပျိုးထောင်ခဲ့ခြင်း ဖြစ်ရပေမည်။
ထိုကဲ့သို့သော အခွင့်အရေးကို လက်နားရောက်ခါနီးမှ အခြားသူ၏ ဖြတ်လုသွားခြင်းကို ခံလိုက်ရ၏။
ထို အရာအားလုံးမှာ ထျန်းဟယ်ဘုံမှ ရီဖူရှင်းဟုခေါ်သည့် ဆံဖြူကောင်ကြောင့်ပင် ဖြစ်လေသည်။
ဤအရူးကောင်..... သူက မည်သို့ ဖြစ်၍ နည်းလမ်းတကျ အနိုင်ရခြင်းဟု ဆိုရဲရသနည်း။
ဤသည်က လုယက်ခြင်းနှင့် ထူးမခြားနားပင် ဖြစ်သည်။
ထို့အပြင် သူက ထိုမျှ အဖိုးတန်သည့် အခွင့်အရေးအား သူ့ဘေးမှ အမျိုးသမီးကို လက်ဆောင်ပေးလိုက်သေး၏။ ယခင်က သူ၏ နောက်ပြောင်စကားတို့အား စဥ်းစားဆုံးဖြတ်ကြည့်ရလျှင် သူတို့နှစ်ယောက်က တာအိုလက်တွဲဖော်များနှင့် မတူပေ။ မဟုတ်လျှင် သူက ရှောင်းကလန် သားမက်အဖြစ် ဝင်ရောက်လိုသည်ဟူသည့် ဟာသမျိုးကို ရဲရဲတင်းတင်း ပြောဝံ့လိမ့်မည် မဟုတ်ပေ။
သူမသည် ကြာပန်းကို လုယူရန် ကြိုးစားကြည့်သင့်သည်ဟု စဥ်းစားနေသည်။ အကယ်၍ သူမ လုပ်နိုင်ခဲ့လျှင် ရှောင်းကလန်မှ လူများက ရီဖူရှင်း၏ လှံနှင့် ရင်ဆိုင်နိုင်မည်လား။
“ကျုပ်က အရမ်းချောပြီး ခန့်ညားတာကိုတော့ သိပါတယ်။ ဒါပေမယ့် ခင်ဗျား အဲဒီလောက်ကြီးတော့ စိုက်ကြည့်မနေသင့်ဘူးလေ။” ရီဖူရှင်းက အတွေးနွံနစ်နေသည့် ရှောင်းမုယွီကို ပြောလိုက်သည်။ “နတ်ဘုရားအမွေအနှစ်က ပွင့်နေပြီ။ အဲဒီမှာ တခြားအခွင့်အရေးတွေ အများကြီး ရှိတယ်။ ခင်ဗျားတို့က တကယ်ပဲ ဒီမှာ ထပ် အချိန်ဖြုန်းဖို့ စီစဥ်နေတာလား။”
ရှောင်းမုယွီသည် ရီဖူရှင်းကို ကြည့်လိုက်ပြီး တိုက်ပွဲစွမ်းရည်ကို နားလည်သဘောပေါက်ထားသည့် ရှန့်ထိုအဆင့် အထွတ်အထိပ်က တစ်စုံတစ်ယောက်က မည်သို့ဖြစ်၍ ထိုမျှထိ အရှက်တရားကင်းမဲ့ရသနည်းဟု တွေးလိုက်မိသည်။
အရမ်းချောပြီး ခန့်ညားတယ်တဲ့လား။
ရှောင်းမုယွီက ရီဖူရှင်းကို သေချာစွာ ကြည့်လိုက်သည်။ 'သူက တကယ်ကို လိမ်နေတာတော့ မဟုတ်ပါဘူးလေ'
“နှုတ်ဆက်ပါတယ်” ရှောင်းမုယွီက ပြောလိုက်ပြီး လှည့်ထွက်သွားသည်။ နောက်ဆုံး၌ သူမက လက်လျှော့ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ အရဲစွန့်ပြီး ရီဖူရှင်းနှင့် တိုက်ပွဲဖြစ်ကာ ရန်ငြိုးရန်စဖြစ်စေခြင်းက ကောင်းသည်တော့ မဟုတ်ပေ။ အခြားအခွင့်အရေး ရှာခြင်းကသာ ပို၍ ကောင်းလိမ့်မည် ဖြစ်၏။
ရှောင်းကလန် ထွက်ခွာသွားပြီးနောက် သူက အခြားသူများကို ကြည့်ကာ ပြုံးလိုက်သည်။ မကြာခင်၌ ပုံရိပ်ယောင်ကျွန်းနှင့် ကြမ္မာလောကမှ လူများလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ ထို့နောက် ရီဖူရှင်းနှင့် ရှားရှင်းယွန်သာ ကျန်ရစ်တော့၏။ ရုတ်ချည်းပင် အရာရာက ဆိတ်ငြိမ်သွားတော့သည်။
“နောက်ဆုံးတော့ အေးချမ်းသွားပြီပဲ။” ရီဖူရှင်းက တီးတိုးရေရွတ်လိုက်သည်။ သူသည် သူ့ဘေးမှ သန့်စင်သည့် ကြာပန်းအလင်းလွှာဖြင့် လွှမ်းခြုံခံထားရသည့် ရှားရှင်းယွန်ကို ကြည့်လိုက်သည်။ ရီဖူရှင်းက ပြုံးကာ ပြောလိုက်သည်။ “မင်းသမီး၊ ကျွန်တော် မင်းသမီးအတွက် ဘယ်လောက် အနစ်နာခံခဲ့ရလဲ ကြည့်ပါဦး။”
ရှားရှင်းယွန်က ရီဖူရှင်းကို သာမန်ကာလျှံကာ ကြည့်လိုက်သည်။ ရုတ်တရက် သူမက ပြုံးကာ ပြောလိုက်၏။ “ဘာဆုလိုချင်လို့လဲ”
ရီဖူရှင်းသည် ရှားရှင်းယွန်၏ အပြုံးကို မြင်သည့်အခါ ပင့်သက်ရှိုက်ရင်း အတော်လေး ဂရုတစိုက် ပြောလိုက်သည်။ “ကျွန်တော် ဒီမှာ မင်းသမီးကို စောင့်ကြပ်ပေးနေတာကို သိထားပြီး အေးအေးဆေးဆေး ကျင့်ကြံလို့ရပါတယ်။”
သူက ပြောလိုက်ပြီး တစ်ဖက်သို့ ပြန်လှည့်ရင်း ခိုးကြည့်လိုက်သည်။ ဤအမျိုးသမီးက မည်သို့ပြုံးရမည်ကို အမှန်တကယ် သိရှိသည်လား။
ကြောက်စရာကောင်းလိုက်တာ။
သို့သော် သူမ၏ အပြုံးက အမှန်တကယ် လှပပေသည်။
“သူရဲဘောကြောင်တဲ့ကောင်” သူ့အနောက်မှ အထင်အမြင်သေးသည့် အသံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။
“...”
ရီဖူရှင်းက ပြန်လှည့်ကြည့်လိုက်ပြီး တစ်ခုခု ပြောလိုသော်လည်း မည်သို့မှ မပြောသည်မှာ အကောင်းဆုံး ဖြစ်သည်ဟု တွေးလိုက်မိသည်။
ရှားရှင်းယွန်သည် ရီဖူရှင်း မည်သို့ ပြုမူသည်ကို မြင်သည့်အခါ တစ်ခုခုဆုံးရှုံးသွားသလို ခံစားလိုက်ရသော်လည်း သူမ၏ မျက်လုံးများကို မှိတ်ကာ ငြိမ်းချမ်းစွာ ကျင့်ကြံနေခဲ့၏။ ကြာပန်းသည် ၎င်း၏ ပွင့်ချပ်ခြောက်ခုကို ဖွင့်ထားကာ ကောင်းကင်သို့တိုင် ကြီးမားလာစေသည်။ မရေတွက်နိုင်သည့် မဟာလမ်းစဥ် ရောင်ဝါတို့က ကြာပန်းဆီသို့ ကျဆင်းလာသည်။
ရီဖူရှင်းက သူမကို ကြည့်လိုက်သည်။ သက်စောင့်ဝိညာဥ်က ကျင့်ကြံခြင်း၏ အုတ်မြစ်ပင် ဖြစ်၏။ အင်ပါယာ၏ နတ်ကြာပန်းက ယခုတွင် ရှားရှင်းယွန်၏ သက်စောင့်ဝိညာဥ်အတွင်းသို့ ပေါင်းစပ်သွားကာ ထိုသည်ကပင် ရှားရှင်းယွန်အတွက် ပြောင်းလဲသွားရန် လုံလောက်နေခဲ့ပြီ ဖြစ်၏။
တစ်ခါတစ်ရံ၌ တစ်ယောက်တစ်လေက ရေကန်မှ လှုပ်ရှားမှုများကြောင့် အာရုံစိုက်မိခဲ့သော်လည်း ရီဖူရှင်းက ရေကန်ပေါ်တွင် လှံတစ်ချောင်းကိုင်ကာ စောင့်ကြပ်နေသည်ကို မြင်သောအခါ လာခဲ့သူတို့က လျင်မြန်စွာ ပြန်လည်ထွက်ခွာသွားခဲ့သည်။ အခွင့်အရေးကို လက်ခံရရှိပြီး ကျန်ရစ်ခဲ့သည့် မည်သူမဆို သာမညောင်ညတော့ ဖြစ်လိမ့်မည်မဟုတ်ပေ။
သူတို့က မျက်ကန်းများ မဟုတ်ကြပေ။ သူတို့က တိုက်ခိုက်ရန် ခေါင်းမာနေပါက အသက်ကိုပင် လောင်းကြေးထပ်ရနိုင်ပေသည်။
ယခင်က ဤနေရာ၌ လူအများအပြား ကျဆုံးခဲ့သည်။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးနေသော်လည်း ရီဖူရှင်းက အလျင်မလိုပေ။
တခဏကြာပြီးနောက် ပွင့်ချပ်များအတွင်းမှ စွမ်းအားတစ်ခု ထွက်ပေါ်လာကာ ရီဖူရှင်း၏ အာရုံကို ဆွဲဆောင်လိုက်သည်။ သူက ပြုံးလိုက်ပြီး သူမက အဆင့်တစ်ဆင့် ချိုးဖျက်ရောက်ရှိသွားပြီကို သတိပြုမိလိုက်သည်။ ဤကဲ့သို့ ရခဲသော မဟာလမ်းစဥ် အခွင့်အရေးနှင့် အဆင့်တက်နိုင်ခြင်းမှာ အံ့သြစရာမရှိပေ။
ထို့အပြင် ထိုစွမ်းအားက ပို၍ အားကောင်းလာသည်။ ရှားရှင်းယွန်အတွက် ဤသည်မှာ အတွင်းရော အပြင်ပါ လုံးဝ ပြောင်းလဲခြင်း ဖြစ်ပြီး သူမ၏ မဟာလမ်းစဥ် ခန္ဓာကိုယ်ကို အဆင့်မြှင့်ပေးပြီး စိတ်ဝိညာဥ်ကို သန့်စင်စေသည်။
အရောင်ခြောက်ရောင်သည် ကောင်းကင်နှင့် မြေကြီးကြား ခမ်းနားစွာ လိမ်ယှက် တောက်ပနေသည်မှာ အိပ်မက်ပမာပင် ဖြစ်၏။ အချိန်တချို့ကြာပြီးနောက် ထို အလင်းက ကြာပန်းဆီသို့ ပြန်လည်စီးဆင်းလာပြီးနောက် ပျောက်ကွယ်သွားလေသည်။
ကြာပန်းပွင့်ချပ်များသည်လည်း ၎င်းနှင့်အတူ ပျောက်ကွယ်သွားပြီး သန့်စင်သည့် ကြာပန်းအဖြစ် ပြောင်းလဲသွားကာ ရှားရှင်းယွန်၏ သက်စောင့်ဟော်နန်းသို့ ဝင်ရောက်သွားလေသည်။
ထိုအချိန်တွင် ရှားရှင်းယွန်က ပိုးတုံးလုံးဘဝမှ အသွင်ပြောင်းသွားခဲ့ပြီဟု ထင်မှတ်ရပေသည်။ သူမ၏ အရှိန်အဝါသည်ပင် ပြောင်းလဲသွားပြီး တောက်ပနေသည်။
ရီဖူရှင်း၏ မျက်လုံးများက သူမပေါ်သို့ တစ်ဖန်ကျရောက်လာပြန်ကာ မျက်နှာနှင့် မျက်လုံးတို့ကို ကြည့်လိုက်သည်။
ရှားရှင်းယွန်သည် သူ၏ အကြည့်များကြောင့် အံ့သြသွားကာ သူမက ခေါင်းကို အနည်းငယ် ငုံ့ပြီးနောက် မေးလိုက်သည်။ “ဘာကြည့်နေတာလဲ။”
“ဘာမှမဟုတ်ပါဘူး။” ရီဖူရှင်းက အသိစိတ် ပြန်ဝင်လာခဲ့သည်။ ဤအမျိုးသမီးက ပို၍ပင် လှပလာသည်ဟု ထင်မှတ်ရပေသည်။
သို့သော် သူက မည်သည့်စကားမှ မပြောသင့်ပေ။
“ဘာလို့ နည်းနည်းလောက် ထပ်ပြီး မကျင့်ကြံရတာလဲ။ ကြာပန်းထဲမှာ လမ်းစဥ်ပါဝင်နေပြီး အဲဒါကို နားလည်ဖို့ဆို မင်းအတော်လေး အချိန်ယူမှာ ကောင်းမယ်။” ရီဖူရှင်းက ပြောလိုက်သည်။ ရှားရှင်းယွန်က ထိုမျှ မြန်မြန် နားလည်သွားခြင်းက မဖြစ်နိုင်ပေ။
“ကြာပန်းက ငါ့ရဲ့ သက်စောင့်ဝိညာဥ်မှာ ပေါင်းစပ်သွားပြီဆိုတော့ အခုဆို ငါနဲ့ တသားတည်းဖြစ်သွားပြီ။ အလျင်လိုစရာ ဘာရှိလို့လဲ။ အမွေအနှစ်က ပွင့်နေပြီ။ ဒီမှာ ကျင့်ကြံနေဖို့ အချိန်မရှိဘူး။” ရှားရှင်းယွန်က တုန့်ပြန်လိုက်သည်။ သူမက တစ်ယောက်တည်း ကျင့်ကြံနေ၍ ရသော်လည်း ရီဖူရှင်းက သူမကို စောင့်ကြပ်ပေးနေရပါက အမွေအနှစ်အတွက် တိုက်ခိုက်ရမည့် အချိန် နှောင့်နှေးသွားပေလိမ့်မည်။
သူမ၏ အမြင်အရ ကောင်းကင်နန်းတော် နတ်ဘုရားများ ထားရစ်ခဲ့သည့် အမွေအနှစ်ကို ရီဖူရှင်း ရသင့်ပေသည်။
“ဟမ်” ရီဖူရှင်းက ရှားရှင်းယွန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
“ဘာလုပ်နေတာလဲ။” ရှားရှင်းယွန်သည် ရီဖူရှင်း၏ အပြုအမူက ယနေ့တွင် ထူးဆန်းနေသည်ဟု ခံစားနေရပေသည်။
“မင်းသမီး ဘယ်တုန်းကစပြီး အဲဒီလောက် နားလည်တတ်သွားတာလဲ။” ရီဖူရှင်းက ရေရွတ်လိုက်သည်။
ရှားရှင်းယွန် နှုတ်ခမ်းများက တွန့်ချိုးသွားပြီး သူမက ရီဖူရှင်းကို စူးစူးရဲရဲ ကြည့်လိုက်သည်။ သူမ မည်သည့်အချိန်က နားလည်မပေးခဲ့သနည်း။
“တခြားနေရာ သွားကြည့်ရအောင်” ရီဖူရှင်းက ပြောလိုက်ပြီးနောက် ရှားရှင်းယွန်နှင့်အတူ လှည့်ထွက်သွားတော့သည်။ သူမ၏ ပေါ့ပါးသော ခြေလှမ်းများက ကန်ရေပြင်တွင် လှိုင်းကြက်ခွပ်လေးများ ဖြစ်ပေါ်လာစေသည်။
ရီဖူရှင်း၏ နတ်စွမ်းအားင အဝေးတစ်နေရာဆီသို့ ထိုးဖောက်သွားကာ မြေအောက်မှ လမ်းကြောင်းရှာဖွေနေသည့် ခရမ်းရွှေကြွက်တို့နှင့် ဆက်သွယ်လိုက်သည်။ ဤဒေသ၏ ထိပ်သီးပုဂ္ဂိုလ်များ အားလုံး တဆင့်စကား တဆင့်နား သတင်းရကာ အစစ်အမှန် နတ်ဘုရားအမွေအနှစ် အတွက် တစ်ယောက်ပြီးတစ်ယောက် စုဝေးလာကြသည်။ ဤနေရာသည် အရာအားလုံး၏ ဗဟိုချက် ဖြစ်သည် မဟုတ်ပါလား။ မည်သူက နတ်ဘုရားတို့ ချန်ရစ်ခဲ့သည့် အမွေအနှစ်အတွက် မတိုက်ခိုက်ချင်ဘဲ နေပါမည်နည်း။
တစ်ဖက်တွင် မမြင့်မားသည့် အင်အားစုများမှ လာသော အခွင့်အရေးအတွက် မယှဥ်ပြိုင်နိုင်သည့် တန်ခိုးရှင်များမှာလည်း မနည်းပါးလှပေ။ သူတို့သည် နတ်ဘုရားတို့ ချန်ရစ်ခဲ့သည့် အမွေအနှစ်မှာ သူတို့ လက်လှမ်းမီသည်ထက် ကျော်လွန်နေသည်ကို နားလည် သဘောပေါက်သည့်အတွက်ကြောင့် သူတို့အတွက် အဓိကမှာ သူတို့နှင့် သင့်တော်သော အခွင့်အရေးကို ရှာဖွေရန် ဖြစ်၏။ အနည်းဆုံးတော့ သူတို့သည် ဤခရီးကို တန်ဖိုးရှိသည့် ခရီးစဥ် ဖြစ်စေချင်ပေသည်။
ထိုအချိန်တွင် ရွှေရောက်နတ်သစ်ပင်ကြီးရှေ့၌ တန်ခိုးရှင်များ စုဝေးနေသည်။ ရွှေရောင်သစ်ရွက်များမှ လေတိုးသံတို့ ထွက်ပေါ်နေပြီး အရွက်တိုင်းက ရွှေရောင်လွှမ်းကာ ထက်ရှသည့် ခံစားမှုတို့ကို ပေးစွမ်းနေသည်။ သစ်ပင်တွင်လည်း ရွှေရောင်လမ်းစဥ် သစ်သီးတို့နှင့် ပြည့်နေကာ အားလုံးက အဖိုးတန်ပေသည်။
သူတို့အနီးမှ လူများသည် ရီဖူရှင်းနှင့် ရှားရှင်းယွန်ကို သတိပေးသလို ကြည့်လိုက်ကြသည်။ ရီဖူရှင်းက ပြောလိုက်၏။ “ခင်ဗျားတို့ ဒီအပင်အတွက် တိုက်ခိုက်တာ တော်သင့်ပြီ။ ကျုပ်တို့ မင်းသမီးက ဒါကို စိတ်ဝင်စားနေတယ်။ အဲဒါကြောင့် ကျန်တာတွေကို ကျုပ်တို့ မင်းသမီးကို ပေးလိုက်ရင် ဘယ်လိုလဲ။”
ရှားရှင်းယွန်က မျက်တောင်ခပ်လိုက်သော်လည်း တည်ငြိမ်နေသေးသည်။ သူမ၏ မျက်လုံးများက ရှေ့သို့ပင် စူးစိုက်နေကာ နားလည်စွာနှင့် သူမကိုယ်တိုင် မည်သည့် ရှင်းပြမှုမှ ဝင်မပြောခဲ့ပေ။
လူတိုင်းက ရှားရှင်းယွန်ဆီသို့ တစ်ချက်ကြည့်လိုက်ကြသည်။ အဆင့်တက်လာသည့် ရှားရှင်းယွန်က တောက်ပနေ၏။ တစ်ယောက်က သတိထားကာ မေးလိုက်သည်။ “ဘယ်နေရာက လာတဲ့ မင်းသမီးများလဲ။”
သူမက နတ်ပြည်ထောင်များမှ လာခြင်းလား။ မဟုတ်လျှင် ရှေးဟောင်းမျိုးနွယ်စုမှာလား။
“အဲဒီနေရာက အတော်လေး ဝေးတယ်။ ခင်ဗျားတို့ ကြားဖူးမှာတောင် မဟုတ်ဘူး။” ရီဖူရှင်းက ပြောလိုက်သည်။
“အထက်ဘိုးဘုံရဲ့ ဘယ်ဘုံကလဲ။” တစ်ယောက်က ထပ်မေးလိုက်သည်။ အများစုက အထက်ကိုးဘုံမှ လာကြခြင်း ဖြစ်သည်။
“အထက်ကိုးဘုံက မဟုတ်ဘူး။ အထက်ကိုးဘုံလက်အောက် သွေးနဂါးဒေသရဲ့ အင်ပါယာရှားဘုံက မင်းသမီးပဲ။” ရီဖူရှင်း၏ အသံ၌ မောက်မာဝံ့ကြွားမှုတို့ အပြည့်နှင့် ဖြစ်သည်။
အထက်ကိုးဘုံလက်အောက် သွေးနဂါးဒေသလား။ အင်ပါယာရှားဘုံတဲ့လား။
ထိုသည်မှာ မဟာလမ်းစဥ် ဘုံသုံးထောင်၌ပင် မပါသော ဘုံသေးသေးလေးတစ်ခု မဟုတ်ပါလား။
လူတိုင်းသည် စော်ကားခံလိုက်ရသည်ဟု ခံစားမိပြီး သူတို့၏ အမူအရာက ပြောင်းလဲသွားသည်။
“ထွက်သွား” တစ်စုံတစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်၏။ သူတို့၏ ရှေ့၌ မင်းသမီးဟူသော ဂုဏ်ပုဒ်ကို ထုတ်ပြရန်ပင် မထိုက်တန်ချေ။
“ကျုပ်က အမြဲတမ်း အကျိုးသင့်အကြောင်းသင့်လုပ်ပြီး လူတွေကို စည်းရုံးတတ်တယ်။ ပြီးတော့ ခင်ဗျားတို့အားလုံးနဲ့ ဆွေးနွေးစရာလည်း ရှိတယ်။ ဒါပေမယ့် ခင်ဗျားတို့က ကျုပ်တို့ မင်းသမီးကို ဒီလောက်ထိ မလေးမစားလုပ်မယ်လို့ ထင်မထားဘူး။ ဒီလိုဆိုမှတော့ ကျုပ်လည်း လှုပ်ရှားရတော့မှာပေါ့။” ရီဖူရှင်းက လှံကို ထုတ်ယူလိုက်လျှင် လူတိုင်းက နှာခေါင်းရှုံ့လိုက်ကြသည်။ သို့သော် နောက်တခဏ၌ ကောင်းကင်တစ်ခွင်တွင် အစွမ်းထက် တိုက်ပွဲစွမ်းအားတို့ လွှမ်းခြုံလာပြီး လူအများကို သတိထားမိလာစေသည်။
ဟူး...
အရိပ်တစ်ခုက ဖြတ်သန်းသွားပြီး လှံအရိပ်များက ကောင်းကင်တစ်ခွင်ကို ပြည့်နှက်သွားသည်။ အချိန်တိုအတွင်း လူတိုင်းသည် နောက်သို့ လွင့်စင်ထွက်သွားကြလေသည်။
ရီဖူရှင်းက အကြီးအကျယ် ကျေနပ်စွာဖြင့် ရှေ့သို့ ခြေလှမ်းကာ လမ်းစဥ်သစ်သီးအားလုံးကို ယူငင်လိုက်သည်။ မကြာခင်၌ ရွှေရောင်သစ်ပင်သည် ပင်စည်မှလွဲ၍ ပြောင်သလင်းခါသွားလေသည်။
“မင်းသမီး၊ ဒီလူတွေ မင်းသမီးကို မလေးမစားလုပ်လို့ အပြစ်ပေးလိုပ်ပြီ။ တခြားနေရာ သွားကြရအောင်။” ရီဖူရှင်က ပြောလိုက်သည်။ ရှားရှင်းယွန်၏ မျက်နှာက မှောင်မည်းနေသည်။ သူတို့က အနိုင်ရခဲ့လျှင်ပင် သူမက အကြီးအကျယ် အရှက်ရခဲ့သည်ဟု ခံစားနေရသည်။
လုယက်ခြင်း ခိုးယူခြင်းတွင် ထိုမျှထိ ရဲတင်း၍ အရှက်ကင်းမဲ့နေရန် မလိုပေ။
ရီဖူရှင်း ထွက်ခွာသွားပြီးနောက် ထိပ်သီးအင်အားစုများမှ ပါရမီရှင်များသည် အသားပင် တဆတ်ဆတ်တုန်အောင် ဒေါသထွက်ကြလေသည်။
သူတို့ အသက်ရှင်နေသည့် တလျှောက်တွင် ထိုမျှထိ မျက်နှာပြောင်တိုက်သော လူမျိုးကို မမြင်ဖူးခဲ့ပေ။
လုယက်ရာ၌ ထိုမျှထိ ပြောင်ကျကျ ပွင့်ပွင့်လင်းလင်း လုပ်ရဲသည့် အရှက်မဲ့သူမျိုး မည်သူ ကြားဖူးသနည်း။
ဤဗရုတ်သုတ်ခကောင်က အထက်ကိုးဘုံ၏ အနိမ့်ကျဆုံး သွေးနဂါးဒေသ အင်ပါယာရှားဘုံမှ ဖြစ်လေသည်။
ပြောင်သလင်းခါသွားသည့် သစ်ပင်ကို ကြည့်ရင်း သူတို့က ငိုချင်လာပေသည်။
“သူမက အင်ပါယာရှားဘုံက မင်းသမီးလေးပါ။ မင်းတို့တွေ ဒီကနေ အခွင့်အရေးလေးနည်းနည်းလောက် လက်လွှတ်ပေးနိုင်မလား။” အဝေးတစ်နေရာမှ အသံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည့်အခါ တန်ခိုးရှင်များ အားလုံးသည် မျက်ခုံးလှုပ်သွားကြပြီး အဝေးရှိ ထိုလူများအတွက် ဝမ်းနည်းစွာနှင့် ငြိမ်သက်ပေးလိုက်ကြတော့၏။
ခဏအကြာတွင် ပုံရိပ်နှစ်ခုက အမွေအနှစ်နယ်မြေမှ ထွက်ပေါ်လာပြီး ကောင်းကင်နန်းတော်သို့ ပြန်ရန် လှုပ်ရှားလိုက်တော့သည်။
ထိုနှစ်ယောက်မှာ ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့ ဖြစ်လေသည်။
ထိုအခိုက်တွင် ရီဖူရှင်းသည် သူ့မျက်နှာကို လေပြည်တို့ ပွတ်သပ်ကျီစယ်သွားသည်ဟု ခံစားမိပြီး အလွန် ပျော်ရွှင်နေသည်။ ဤခရီး၌ အကျိုးအမြတ်များစွာ ရခဲ့ပေသည်။
“နောက်တစ်ခေါက် ငါ့နာမည် ထပ်မသုံးမဲ့။” ရှားရှင်းယွန်က အံကြိတ်ကာ ပြောလိုက်သည်။ သူမ၏ ဂုဏ်သိက္ခာကို လုံးဝ အစော်ကားခံနေရသည်ဟု ခံစားမိပေသည်။
အင်ပါယာရှားဘုံ၏ မင်းသမီးက ကျော်ကြားသွားခဲ့ပြီ ဖြစ်သည်။
“မင်းသမီးပြောတာကို မှတ်သားထားပါ့မယ်။” ရီဖူရှင်းက အပြုံးနှင့်ပြောလိုက်သည်။
ရှားရှင်းယွန်သည် သူမ၏ စကားများက အချည်းနှီး ဖြစ်မည်ကို ငိနေသည်။ “နင် ခန်းမကြီးတစ်ခုလုံးတောင် ယူထားပြီးပြီပဲ။ ဒီသစ်သီးလောက်နဲ့ ဘာလို့ ဒုက္ခခံနေရတာလဲ။”
ခန်းမအတွင်းမှ နတ်လက်နက်များသည် ဘုံတစ်ခုလုံးအတွင်းမှ ထိပ်သီးအင်အားစုများ အားလုံး၏ စွမ်းအားထက်ပင် ပိုပေလိမ့်မည်။
ဆိုလိုသည်မှာ ရီဖူရှင်း၏ ကြွယ်ဝမှုက ဘုံတစ်ခုလုံးနှင့်ပင် နှိုင်းယှဥ်နိုင်သည်ဟု ဖြစ်ပေသည်။
“ဆင်းရဲသားတွေက အမြင်ကျဥ်းကြတယ်။” ရီဖူရှင်းက ပြောလိုက်သည်။
“အဲဒါ အရင်ကလေ” ရှားရှင်းယွန်က စက်ဆုပ်စွာ ပြောလိုက်၏။ သူက ယခု ဆင်းရဲခြင်းမရှိပေ။
“မင်းသမီးကမှ မဆင်းရဲဖူးတာ။ အဲဒီတော့ နားလည်မှာ မဟုတ်ဘူး။” ရီဖူရှင်းက ပြောလိုက်ပြီး ရှားရှင်းယွန်က ပြန်မတုန့်ပြန်တော့ပေ။ အတိတ်တွင် သူမသည် ဘုံတစ်ခု၏ မင်းသမီး ဖြစ်သော်လည်း လက်ရှိတွင် သူမက မည်သည့် အခြေအနေမှ မဟုတ်ပေ။
“ကျင့်ကြံခြင်းဆိုတာ မလွယ်ကူတဲ့အရာပဲ။” ရီဖူရှင်းက လမ်းစဥ်သစ်သီးတစ်လုံးကို ထုတ်ယူကာ ကိုက်ရင်း ပြောလိုက်သည်။ သူ ကိုက်လိုက်သည့် ကြွပ်ဆတ်ဆတ်အသံက ရှင်းလင်းစွာ ထွက်ပေါ်လာ၏။
သူက လမ်းစဥ်သစ်သီးကို သာမန်အသီးကဲ့သို့ စားသောက်နေသည်။
ရှားရှင်းယွန်၏ မျက်လွှာတို့က တုန်ရီနေပြီး သူမ၏ ကိုယ်တွင်းကလီစာများပင် တုန်ယင်နေသည်။ တကယ့်ကိုပင် အချို့သော ဆင်းရဲသားများက လမ်းစဥ်သစ်သီးကို သာမန်သစ်သီးကဲ့သို့ စားသောက်နိုင်ပေသည်။
“မင်းသမီးရော စားဦးမလား” ရီဖူရှင်းက သစ်သီးတစ်လုံးကို ရှားရှင်းယွန်ထံ လက်လှမ်းပေးလိုက်၏။
“မစားဘူး” ရှားရှင်းယွန်က သအခိုင်အမာ ငြင်းဆိုလိုက်သည်။
“ဒီသစ်သီးမှာ လမ်းစဥ်ပါဝင်လို့ မဟာလမ်းစဥ်ကို ခန္ဓာကိုယ်က အမြန်စုပ်ယူနိုင်လိမ့်မယ်။” ရီဖူရှင်းက ပြောလိုက်သည်။
ရှားရှင်းယွန်က သူ့ကို လျစ်လျူရှုလိုက်ကာ ထို့အစား တိတ်ဆိတ်စွာနှင့် လက်လှမ်း၍ ယူလိုက်သည်။ သူမက သစ်သီးကို တစ်ချက်ကိုက်လိုက်လျှင် သူမ၏ ကိုယ်ထဲသို့ လမ်းစဥ်များ ဝင်ရောက်လာပြီး ပျော်ရွှင်မှုနှင့် လတ်ဆတ်သော ခံစားမှုတို့အား ခံစားလိုက်ရပေသည်။
***