အမယွမ်ပင် မယှဉ်နိုင်ပါ
Vol. 23 Ch. 345
"အဲလိုပြောလို့မရဘူးလေ။ ကျုပ်က ဥပဒေပြဌာန်းထားတဲ့ အခွင့်အရေးတစ်ခုကို တရားဝင်အသုံးပြုနေရုံလေးပါပဲ"
အဋ္ဌမအကြီးအကဲ ယုံကြည်ချက်အပြည့်ဖြင့် သူ့ကိုယ်သူ ကာကါယ်သည်။
"နောက်ပြီး တစ်ဘက်လူက သူ့ကိုယ်သူနတ်ဆိုးကျင့်ကြံသူဆိုတာ လူအမိခံပြီး ကျုပ်ကိုတိုင်ချက်ဖွင့်မယ်လို့ ဘယ်ထင်ထားမလဲ"
လုယန်စိတ်ဝင်စားသွားသည်။ နတ်ဆိုးကျင့်ကြံသူက သူကိုယ်တိုင် အာဏာပိုင်များထံအမိခံပြီး တိုင်ချက်ဖွင့်ရလောက်အောင် အဋ္ဌမအကြီးအကဲက ဘယ်လောက်ဆိုးဝါးသည့်လှည့်စားမှုမျိုး လုပ်ခဲ့သည်မသိ။
ပုံမှန်ဆိုလျှင် နတ်ဆိုးကျင့်ကြံသူများသည် အရာရှိများနှင့်ဆက်ဆံရမည်ကို အကြောက်ဆုံးဖြစ်သည်။
ဆဋ္ဌမအကြီးအကဲ ထိုကိစ္စကိုဆက်ပြောတော့။
"ကဲပါ...ဒီနေ့ငါလာတာ နင်ဘယ်သူ့ကိုလိမ်ခဲ့သလဲဆိုတာဆွေးနွေးဖို့မဟုတ်ဘူး။ မှောင်အဆောင်တွေနဲပတ်သက်တဲ့ကိစ္စတစ်ခုအတွက် နင့်အကူအညီလိုလို့ပါ"
ထောင်ယော်ယဲ့က လုယန်ကို အရိုးခံမျက်လုံးဖြင့် လှမ်းကြည့်သည်။ ထိုအကြည့်၏ အဓိပ္ပါယ်ကို လုယန်နားလည်သည်။
'တွေ့လား၊ အဋ္ဌမအကြီးအကဲမှာ လိမ်ညာလှည့်စားနိုင်တဲ့ဉာဏ်စွမ်းတွေ အပြည့်ရှိတယ်လို့ ကျွန်မယုံကြည်တာကို အပြစ်မတင်နဲ့တော့။ တွေ့တွေ့ချင်းတောင် သူဝန်ခံနေပြီမဟုတ်လား'
"အစောကြီးကတည်းက ပြောရောပေါ့ အမရယ်။ မှော်အဆောင်တွေနဲ့ပတ်သက်ရင် ကျုပ်ကဗဟုသုတအကြွယ်ဆုံးပဲ"
အကြီးအကဲ သဘောကျသွားဟန်ဖြင့် တဟားဟားရယ်မောနေသည်။ ထိုနယ်ပယ်နှင့်ပတ်သက်၍ သူ့ကျွမ်းကျင်မှုကို ဂုဏ်ယူသည်။
"ဘယ်လိုမှော်အဆောင်မျိုး လိုချင်တာလဲ။ တိုက်ခိုက်ဖို့လား၊ ခုခံဖို့လား။ ဘယ်လောက်များများလိုချင်လဲ။ ပြောသာပြောလိုက်ပါ အမ။ ကျုပ်အားလုံး လုပ်ပေးနိုင်ပါတယ်။
ကူးဖြတ်ခြင်းအဆင့်နဲ့ မသေမျိုးအကြိုအဆင့် မှော်အဆောင်တွေကတော့ နည်းနည်းခက်မယ်။ စုစည်းခြင်းမှော်အဆောင်တွေ ဖန်တီးဖို့ကတော့ အလွယ်လေးပါ"
ဆဋ္ဌမအကြီးအကဲ ခေါင်းခါသည်။
"ဒီလောက်အဆင့်မြင့်တာတွေ မလိုပါဘူး။ ငါ့တပည့်က နင့်မှော်အဆောင်တွေသုံးပြီးလုပ်ရမယ့် လုပ်ငန်းတစ်ခု စိတ်ကူးမိလို့ပါ"
အဋ္ဌမအကြီးအကဲ စိတ်ဝင်စားသွားဟန်ဖြင့် ထောင်ယော်ယဲ့ကို ကြည့်သည်။
"ပြောပြပါဦး"
ထောင်ယော်ယဲ့ အခြေအနေကို ရှင်းပြလိုက်သည်။
သူရှင်းပြသည်ကိုနားထောင်ရင်း အဋ္ဌမအကြီးအကဲ မျက်လုံးများ အရောင်တောက်လာသည်။ ထောင်ယော်ယဲ့ကို ပို၍သဘောကျလာသည်။
"တကယ်ဆန်းသစ်တဲ့စိတ်ကူးပဲ။ ဒါဆို ဘယ်လိုလုပ်မလဲ။ ငါဆီမှာတပည့်ခံဖို့ မင်းစိတ်ဝင်စားသလား။
ဘာပဲပြောပြော မင်းရဲံငှက်မသေမျိုးခန္ဓာကို လေ့လာနေတာလဲ သိပ်မတိုးတက်သေးဘူးမဟုတ်လား။ မတိုးတက်ရင် မင်းဆရာအုပ်ထိန်းမှုအောက်မှာ ဆက်နေစရာမလိုဘူး။ မင်းရဲ့ပုံရိပ်ယောင်ပညာတွေက ငါလိမ်လည်တဲ့ကိစ္စတွေမှာ အကူအညီပေးဖို့ အသင့်တော်ဆုံးပဲ"
ထိုမျှစဉ်းစားဉာဏ်ထက်မြက်သူသည် သူ့တစ်ပည့်ဖြစ်ဖို့ အသင့်တော်ဆုံးဖြစ်သည်။
လုယန်လည်းဉာဏ်ထက်မှန်း သူသိသည်။ သို့သော် ယွမ်ကျိထံမှ သူလုမယူရဲ။
ထောင်ယော်ယဲ့ ထိတ်လန့်သွားသည်။ မြူကင်းတောင်ထိပ်သို့ ပြန်ရောက်သည်နှင့် သူ့ငှက်မသေမျိုးခန္ဓာအကြောင်း စိတ်နှစ်ကိုယ်နှစ်လေ့လာမည်ဟု သန္နိဌာန်ချလိုက်သည်။ သို့မှသာ သူ့ဆရာက သူ့ကို အဋ္ဌမအကြီးအကဲထံ လက်လွှဲပေးနိုင်ခြေ နည်းသွားမည်။
"ကဲ မောင်လေးရှစ်၊ သူ့လန့်အောင် မလုပ်ပါနဲ့တော့။ မှော်အဆောင်ကိစ္စပဲ ပြောရအောင်။ မင်းလုပ်နိုင်သလား"
အဋ္ဌမအကြီးအကဲက မေးကိုလက်ဖြင့်သပ် ခပ်ညှင်းညှင်းရယ်သည်။
"အမက ကျုပ်ကိုမယုံဘူးပေါ့။ ဒီမှော်အဆောင်တွေလုပ်ဖို့က ဘာမှမခက်ခဲပါဘူး။ မျက်စိတ်မှိတ်ပြီးတောင် ဆွဲနိုင်တယ်"
လုယန် လိုအပ်ချက်နှစ်ခု ထပ်ဖြည့်ပြောသည်။
"ဒါတွေကို စီးပွားဖြစ်ထုတ်လုပ်ပြီး ဈေးနည်းနည်းနဲ့ရောင်နိုင်ရင် အကောင်းဆုံးဖြစ်မယ်။ ပြီးတော့ သာမန်လူတွေအတွက် အန္တရာယ်မရှိတာမျိုးဖြစ်ရမယ်"
ပုံရိပ်ယောင်တစ်ခု စွမ်းအားကြီးလွန်းလျှင် သာမန်လူများ သိစိတ်ရှုပ်ထွေးသွားနိုင်သည်။ ပုံရိပ်ယောင်စက်ကွင်းမှ လွတ်လာပြီးနောက်မှာပင် ပုံရိပ်ယောင်နှင့် လောကအစစ်ကို မခွဲခြားနိုင်ဘဲ ဖြစ်သွားနိုင်သည်။
အဋ္ဌမအကြီးအကဲ အခက်တွေ့သွားဟန်ရှိသည်။
"သာမန်လူတွေအတွက် အန္တရာယ်မဖြစ်ဖို့ဆိုတာကတော့ လွယ်ပါတယ်။ ဒါပေမယ့် စီးပွားဖြစ်ထုတ်လုပ်ဖို့ဆိုတာတော့ နည်းနည်းခက်တယ်။
မှော်အဆောင်တွေအကြောင်း မင်းအတော်သိထားလား။ အခုထိ ဘယ်သူမှ စီးပွားဖြစ်မထုတ်နိုင်သေးဘူး။ စွမ်းအားအရိုးရှင်းဆုံး မှော်အဆောင်ကိုတောင် စီးပွားဖြစ်မထုတ်နိုင်ဘူး။
ငါ့မိတ်ဆွေတွေနဲ့အတူ ဒီပြဿနာကို လေ့လာဖူးတယ်။ ငါတို့ရဲ့မူလစိတ်ကူးက ငွေစက္ကူတွေလို သစ်သားတံဆိပ်နဲ့ မှော်အဆောင်တွေ ပုံနှိပ်ထုတ်ဝေဖို့ပေါ့။ ဒီနည်းလမ်းက ကုန်ကျစရိတ်အများကြီး သက်သာမယ်လေ"
အဋ္ဌမအကြီးအကဲနှင့်အတူ ဆွေးနွေးတိုင်ပင်နိုင်သည့် မိတ်ဆွေဆိုသည်မှာ ဤပညာရပ်နယ်ပယ်တွင် ကျွမ်းကျင်အဆင့်ဖြစ်ပေလိမ့်မည်။
"ဒါပေမယ့် အလုပ်မဖြစ်ဘူး။ မှော်အဆောင်ရေးဆွဲတဲ့အခါ စုတ်ချက်တိုင်းမှာ သန္ဓေရယ် စွမ်းအင်ရယ် စိတ်ဝိညာဉ်ရယ် အတူပေါင်းစပ်ထားဖို့လိုတယ်။ ဒီတစ်ချက်မှာတင် မှော်အဆောင်ပညာရှင်ဖြစ်ချင်တဲ့လူ ကိုးဆယ့်ကိုးရာနှုန်းက အခက်ကြုံကြတယ်။ ပြီးတော့ သစ်သားတံဆိပ် မှော်အဆောင်တွေပုံနှိပ်မယ်ဆိုရင် ဒီထက်အများကြီး ပိုတိကျဖို့လိုတယ်။ သန္ဓေ၊ စွမ်းအင်၊ ဝိညာဉ်တွေကို သစ်သားတံဆိပ်တုံးရဲ့မျဉ်းကြောင်းတိုင်းမှာ ထည့်သွင်းပေးရမယ်။
ဘယ်မှော်အဆောင်ပညာရှင်မှ မလုပ်နိုင်ဘူးရယ်တော့မဟုတ်ဘူး။ ဒါပေမယ့် စီးပွားဖြစ်ထုတ်လုပ်ဖို့အတွက် ဒီလိုလုပ်နိုင်တဲ့လူအရေအတွက်က အရမ်းနည်းတယ်။
ရုပ်သေးတွေကိုအသုံးချပြီး မှော်အဆောင်ဖန်တီးဖို့လည်း ငါတို့စဉ်းစားခဲ့တယ်။ ဒါပေမယ့် ရုပ်သေးတွေမှာ သန္ဓေ၊စွမ်းအင်၊ဝိညာဉ် မရှိဘူး။ ဒီတော့ မှော်အဆောင်လုံးဝမလုပ်နိုင်ဘူး။
တိုတိုပြောရရင် နည်းလမ်းတွေအများကြီး ငါတို့စမ်းကြည့်ခဲ့တယ်။ ဒါပေမယ့် မအောင်မြင်ဘူး။ ဒါကြောင့် ဒီကိစ္စကို ဘေးဖယ်ထားလိုက်တယ်။
တူမထောင်ယော်ရဲ့ ပုံရိပ်ယောင်တွေက နာရီဝက်နဲ့ တစ်နာရီကြား ကြာမယ်။ ဒါဟာ အတော်အဆင့်မြင့်တဲ့ပုံရိပ်ယောင်ပါ။ အဆင့်မြင့်မှော်အဆောင်တွေနဲ့ ထိန်းထားလို့ရတယ်။ ဒါပေမယ့် စီးပွားဖြစ်ထုတ်လို့တော့ မရနိုင်ဘူး"
လုယန် အတွေးနစ်သွားသည်။ မှော်အဆောင်ဖန်တီးမှု၏ အခက်အခဲများကို သူမသိခဲ့။ ရုတ်တရက် သူ့ခေါင်းထဲ အတွေးတစ်ခုဝင်လာသည်။
"မှော်စက်ဝန်းတွေနဲ့လည်း ပုံရိပ်ယောင်ဖန်တီးလို့ရတာကို ကျုပ်မှတ်မိတယ်။ မှော်အဆောင်နဲ့မှော်စက်ဝန်းပေါင်းစပ်လိုက်ရင် ဘယ်လိုနေမလဲ"
အဋ္ဌမအကြီးအကဲထံမှ အာမေဋိတ်သံ ထွက်လာသည်။ ချက်ချင်းတွက်ချက်စဉ်းစားကြည့်သည်။ ထိုနည်းလမ်းအလုပ်ဖြစ်နိုင်ကြောင်း သူနားလည်လာသည်။
"သိပ်ကောင်းတဲ့စိတ်ကူးပဲကွာ။ မှော်အဆောင်နဲ့မှော်စက်ဝန်းနှစ်ခုလုံးကို ရိုးရှင်းတဲ့ ချီစုစည်းအဆင့်မှာထားပြီး ပေါင်းစပ်လိုက်မယ်ဆိုရင် အဆင်ပြေနိုင်တယ်။
အဲလိုရိုးရိုးရှင်းရှင်းလုပ်ထားရင် ချီအဆင့်ကျင့်ကြံသူတွေ ဒီလိုမှော်စက်ဝန်း-မှော်အဆောင်တွေ ဖန်တီးနိုင်လိမ့်မယ်။ ငါက မှော်စက်ဝန်းပညာ သိပ်မကျွမ်းဘူး။ ဒီတော့ အကိုနှစ်နဲ့ ဆွေးနွေးကြည့်မယ်။ မင်းတို့နှစ်ယောက် ပြန်နှင့်ပါ။ ငါတို့ဆွေးနွေးဆုံးဖြတ်ပြီးရင် မင်းတို့ကိုအသိပေးမယ်"
လုယန်စိတ်ကူးကြောင့် စိတ်အားတက်ကြွနေသဖြင့် အဋ္ဌမအကြီးအကဲ ဆေးစိုက်ခင်းဆီ ချက်ချင်းပျံသန်းသွားသည်။
ထိုစဉ် လုယန်ထံသို့ ယွမ်ကျိ၏ သိစိတ်အသံလှိုင်းဝင်လာသည်။
"ပြန်ခဲတော့။ ကျင့်စဉ်နည်းလမ်း ရေးပြီးပြီ"
လုယန် ပျော်သွားသည်။ အမယွမ်၏ ကျင့်စဉ်ပညာရေးသားနိုင်စွမ်းက လုံးဝပြောင်းလဲမသွား။ နေ့တစ်ဝက်တည်းဖြင့် အပြီးရေးခဲ့သည်။
လုယန် သတိဖြင့် ကောင်းကင်ဂိတ်တောင်ထိပ်ဆီ ချဉ်းကပ်သွားသည်။ ရုပ်သေးက သူ့ကိုအလစ်တိုက်ခိုက်ဖို့ တံခါးဝတွင် စောင့်နေခြင်းရှိမရှိ သေချာအကဲခတ်သည်။ စိတ်ချရတော့မှ တောင်ပေါ်သို့တက်သွားသည်။
တောင်တက်လမ်းတလျှောက်လုံး သူမပေါ့ဆရဲ။ ရုပ်သေးက အမှတ်မထင်တိုက်ခိုက်လာနိုင်သဖြင့် သတိမပြတ်ထားသည်။ သို့သော် ကံကောင်းထောက်မစွာ ဘာအန္တရာယ်မှမကြုံရ။
တောင်ထိပ်သို့ရောက်လာချိန်တွင် ကျောက်စားပွဲတစ်ခုတွင် ငြိမ်သက်စွာထိုင်၍ လက်ဖက်ရည်သောက်နေသည့် ယွမ်ကျိကို တွေ့ရသည်။ ရုပ်သေးက ရိုသေလေးစားမှုအပြည့်ဖြင့် လက်ဖက်ရည်ငှဲ့ပေးနေသည်။ လုယန်ကိုဆက်ဆံပုံနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။
ကျောက်စားပွဲပေါ်တွင် အသစ်စက်စက် 'ရွှေသန္ဓေအဆင့် နှလုံးသဘာဝဉာဏ်အလင်း'ကျင့်စဉ်ကျမ်းရှိသည်။
"ဒါနဲ့ကျင့်ကြံကြည့်ပါ။ မင်းရဲ့မူလကျင့်စဉ်ပညာကို အခြေခံပြီး ငါနည်းနည်းပြန်ပြင်ထားတယ်"
လုယန် အပျော်လုံးဆို့သွားသည်။ အမယွမ်သည် တကယ်ယုံအားကိုးရသည်ဟု ခံစားမိသည်။ ထာဝရနတ်မယ်ထက် များစွာသာလွန်သည်။ နယ်မကသူ့ကို သေဟန်ဆောက်ပညာကို သင်ပေးမည်ဟုသာ အမြဲပြောသည်။ ယွမ်ကျိက သူ့အတွက် ကျင့်စဉ်ကျမ်းများ ရေးပေးသည်။
ကျင့်စဉ်ပညာရေးထားသည့် လက်ရေးလက်သားက သပ်ရပ်လှပသည်။ ရေးသူကိုယ်တိုင်လိုပင် တိကျပြတ်သားသည်။
လုယန်၏ကိုယ်ပိုင်စိတ်ကူးများပေါ် အခြေခံထားသည့် ကျင်စဉ်ဖြစ်၍ နားလည်ဖို့ သိပ်မခက်။ နှစ်ခေါက်ဖတ်ပြီးချိန်တွင် အလွတ်ရသွားသည်။ ချီစွမ်းအင်လည်ပတ်၍ လေ့ကျင့်ရန် အသင့်ဖြစ်လာသည်။
ကျင့်စဉ်နည်းလမ်းအတိုင်း ဝိညာဉ်စွမ်းအင်စီးကြောင်းအပေါ် စိတ်ကိုစုစည်းသည်။ စနစ်တကျထိန်းချုပ်၍ ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်ရန် လမ်းညွှန်သည်။
မကြာမီ စွမ်းအင်လည်ပတ်မှု တစ်ပတ်ပြည့်သွားသည်။ ထိုကျင့်စဉ် အောင်မြင်စွာ စတင်လေ့ကျင့်နိုင်ခဲ့သည့် သဘောဖြစ်သည်။
ယုံကြည်မှုအပြည့်ဖြင့် လုယန်တွေးနေသည်။
"ငါဟာ တကယ်ထူးခြားတဲ့ ပါရမီရှင်ပဲ။ စွမ်းအားအကြီးဆုံးလူပဲ"
ကျင့်ကြံရသည့်အလုပ်သည် အတော်လွယ်ကူသည်ဟု သူယူဆသည်။ ဘယ်သူမှ သူ့ပါရမီကို မယှဉ်နိုင်။
လက်ဖက်ရည်သောက်နေသည့်ယွမ်ကျိကို သူလှည့်ကြည့်သည်။
'အမယွမ်တောင် ငါ့ကိုယှဉ်နိုင်မျာမဟုတ်ဘူး'
"ဟာ...မဟုတ်သေးဘူး"
တစ်ခုခုမူမမှန်ကြောင်း လုယန် ရုတ်တရက် နားလည်လိုက်သည်။ သူ့စဉ်းစာဉာဏ် ဘယ်လောက်နိမ့်နိမ့် အမယွမ်တောင် 'ငါ့ကိုယှဉ်နိုင်မျာမဟုတ်ဘူး' ဆိုသည့် သုံးသပ်ချက်သည် လုံးဝယုတ္တိမရှိကြောင်း သူသိသည်။
"ပြိုင်ဘက်ကင်းသန္ဓေပဲ...ဒီသန္ဓေကကြေင့် ငါ့စိတ်ထဲပြိုင်ဘက်ကင်းခံစားချက်မျိုး လွှမ်းမိုးလာတာ။ ဒါပေမယ့် ဒီခံစားချက်ကို ဆင်ခြင်စိတ်နဲ့ ငါအမြဲတမ်းထိန်းချုပ်နိုင်ခဲ့တယ်။ ရွှေသန္ဓေအဆင့်နှလုံးသဘာဝဉာဏ်အလင်းကျင့်စဉ်က 'ပြိုင်ဘက်ကင်း'ယုံကြည့်ချက်ကို အားဖြည့်ပေးလို့ ဒီလိုပြင်းထန်တဲ့ခံစားချက်မျိုး ပေါ်လာတာဖြစ်မယ်'
လုယန်ခန္ဓာကိုယ်က ထိန်းချုပ်မရဘဲ ယွမ်ကျိဆီ အလိုလို ရွှေ့လျားသွားသည်။ ပြိုင်ဘက်ကင်းသန္ဓေက မလှုပ်ရှားရန် သူ့ကို ဆက်တိုက်သတိပေးနေသည်။
"ရာနှုန်းပြည့်အောင်နိုင်မှုရလာဒ်ကိုထိန်းသိမ်းဖို့ အခုချက်ချင်း ကိုယ့်ကိုယ်ကိုသတ်သေလိုက်ပါ"
"ရာနှုန်းပြည့်အောင်နိုင်မှုရလာဒ်ကိုထိန်းသိမ်းဖို့ အခုချက်ချင်း ကိုယ့်ကိုယ်ကိုသတ်သေလိုက်ပါ"
ပြည့်စုံသည့်မှတ်တမ်းကို ထိန်းသိမ်းဖို့ ပြိုင်ဘက်ကင်းသန္ဓေက အတင်းတိုက်ကွန်းနေသည်။
ယွမ်ကျိ မျက်ခွံလှန်၍ကြည့်သည်။ သူကျင့်စဉ်နည်းရေးသားစဉ်က ပြိုင်ဘက်ကင်းသန္ဓေ၏ ထူးခြားသည့်ဗီဇကို မေ့သွားခဲ့ကြောင်း နားလည်လာသည်။
အကြပ်အတည်းများစွာ ရင်ဆိုင်ဖူးသည့်အတွေ့အကြုံကြောင့် လုယန် ကံကောင်းသွားသည်။ ယခုလို အန္တရာယ်ကြုံမည့်အချိန်တွင် လျင်မြန်စွာ တုံ့ပြန်လှုပ်ရှားနိုင်သည်။
"ပဲဝါကို စစ်သည်အသွင်ပြောင်းမယ်"
အခြေအနေကို ခပ်အေးအေးအမူအရာဖြင့် အကဲခတ်နေသည့် ထာဝရနတ်မယ်ထံ သူ့ခန္ဓာကိုယ်ကို အမြန်လွှဲပေးလိုက်သည်။
"ဟေ့...ဟေ့"
နတ်မယ် ထိတ်လန့်တုန်လျုပ်သွားသည်။ သူစောင့်ကြည့်နေသည့် ပြဿနာကြားသို့ သူကိုယ်တိုင်ရောက်လာကြောင်း ချက်ချင်းနားလည်သွားသည်။
ယွမ်ကျိကို ထိန်းမနိုင်သိမ်းမရ တိုက်ခိုက်ချင်နေသည့် လုယန်ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် သူကြိုးစားသည်။ သို့သော် ယွမ်ကျိက လက်ကိုဖျတ်ခနဲခါလိုက်ပြီဖြစ်သည်။
သူလွင့်ထွက်သွားသည်။
******************************