အမြန်ဆုံး
Vol. 23 Ch. 332
ယာဉ်ပျံ၏သွားနှုန်းကို အလာခရီးထက် အတော်လျှော့ထားသည်။ အကြီးအကဲကျိုးရှင်းက လုယန်တို့လေးယောက်ကို ကောင်းကင်ရှုခင်း ခံစားစေလိုသောကြောင့်ဖြစ်သည်။
သို့တိုင်အောင် သူတို့ယာဉ်က လှေပျံတစ်စီးပြီးတစ်စီး ကျော်တက်နေဆဲဖြစ်သည်။ မြန်လွန်းသဖြင့် လုယန်တို့လေးယောက် ထိတ်လန့်နေသည်။ အပြင်ဘက်ရှုခင်းကိုကြည့်ဖို့ သတ္တိမရှိ။
"ငါတို့ ကျင့်ကြံမှုလုပ်တာပဲ ကောင်းမယ်ထင်တယ်။ ဘာပဲပြောပြော ဒါငါတို့တာဝန်ပဲလေ"
လီဟော်ရန် တုန်တုန်ရင်ရင်ဖြင့် အကြံပြုသည်။
ကျိုးရှင်းစဉ်းစားကြည့်သည်။ ထိုလူငယ်များ၏ ဇွဲလုံ့လကို သဘောကျသွားသည်။
"ကောင်းပြီလေ၊ ငါမင်းတို့အတွက် ဝိညာဉ်စုမှော်စက်ဝန်းကို အသက်သွင်းပေးရမလား"
လုယန် ယုံကြည်မှုအပြည့်ဖြင့် လက်ဝှေ့ယမ်းလိုက်သည်။
"မလိုပါဘူး။ ဘေးပတ်လည်က ဝိညာဉ်စွမ်းအင်တွေအားလုံးကို စုစည်းနိုင်တဲ့ ရှေးဟောင်းနတ်စွမ်းအားပညာတစ်ခု ကျုပ်သင်ထားတယ်။ ဝိညာဉ်စုမှော်စက်ဝန်းလို သုံးလို့ရတယ်"
ကျိုးရှင်းအတော်အံ့အားသင့်သွားသည်။ ထိုကျင့်စဉ်ပညာမျိုးရှိမည်ထင်မထား။ ယွမ်ကျိသင်ပေးထားသလားမသိ။
လုယန် ဝင့်ကြွားစွာ ခေါင်းမော့လိုက်သည်။ ပါးစပ်ကိုဟလျက် ထောင်ထျဲမျိုးနွယ်၏ "ကောင်းကင်မျို" မူလနတ်စွမ်းအားပညာကို အသုံးချလိုက်သည်။ ဝိညာဉ်စွမ်းအင်များ သူတို့ဘေးပတ်လည်တွင် စတင်စုဝေးလာသည်။
ဝိညာဉ်စွမ်းအင်သိပ်သည်းဆ ချက်ချင်းမြင့်တက်လာသည်။
"တကယ်အံ့ဩစရာကောင်းတဲ့ နတ်စွမ်းအားပါလား"
အသိဗဟုသုတကြွယ်သည့် ကျိုးရှင်းက ထိုပညာ၏ ထူးခြားသည့်သဘာဝကို ချက်ချင်းသတိထထားမိသည်။ ဝိညာဉ်စွမ်းအင် သိပ်သုံးစရာမလို။ ဝိညာဉ်စုမှော်စက်ဝန်းထက် အကုန်အကျသက်သာသည်။ အကျိုးသက်ရောက်မှုက ထပ်တူနီးပါးရှိသည်။ ထို့ပြင် နေရာအနေအထား ကန့်သတ်ချက်မရှိ။ အချိန်မရွေး နေရာမရွေး ကျင့်ကြံဖို့ အသုံးပြုနိုင်သည်။
ခန္ဓာကိုယ်ဟန်ပန်က နည်းနည်းကြောက်တက်တက်နိုင်သည်။ ခေါင်းမော့၍ ပါးစပ်ဟပြီး ကောင်းကင်လမင်းကို ထိုးဟောင်နေသည့် နတ်ခွေးတစ်ကောင်လိုဖြစ်နေသည်။ သို့သော် ကျင့်ကြံသူတစ်ယောက်အနေဖြင့် ကျင့်ကြံနိုင်ဖို့သာ အဓိကကြသည်။ ကြည့်ကောင်းခြင်းမကောင်းခြင်းက သိပ်အရေးမကြီး။
ထိုပညာရပ်၏စွမ်းအားကို မုန်ကျင်းကျိုးလည်း သတိထားမိသည်။
"ဒီနတ်စွမ်းအားပညာကို မင်းဘယ်လိုကျင့်ကြံထားတာလဲ။ ငါ့ကိုသင်ပေးလို့ရမလား"
လီဟော်ရန်နှင့်ချင်ယန်ယန်ကလည်း လုယန်ကို စိတ်အားထက်သန်စွာကြည့်နေသည်။ သူတို့လည်း ထိုပညာကိုသင်ချင်ပုံရသည်။
"ရပါတယ်၊ ကိစ္စမရှိပါဘူး"
လုယန် သဘောထားကြီးစွာ လက်ခံလိုက်သည်။ နတ်မယ်၏ ခွင့်ပြုချက်ယူပြီးနောက် သူတို့ကို ကျင့်ကြံနည်းနှင့် အဓိကကျသည့်အချက်များ သင်ပေးလိုက်သည်။
"ပြန်ရောက်တဲ့အခါ လေ့ကျင့်ကြည့်ပေါ့။ အခုလောလောဆယ်တော့ ကျင့်ကြံဖို့ပဲ အာရုံစိုက်ရအောင်"
လုယန် ပါးစပ်ဟ၍ ဝိညာဉ်စွမ်းအင်များ ထပ်မံစုစည်းလိုက်သည်။
....
"ရပ်စမ်း ထွက်ပြေးဖို့ မစဉ်းစားနဲ့"
"မဟာရှားနယ်မြေမှာ ဥပဒေမဲ့ရမ်းကားရဲတယ်ပေါ့။ ဒါကို မင်းတို့မဟာယုနိုင်ငံလို့ ထင်နေတုန်းပဲလားကွ"
"သောက်ရေးမပါတဲ့မဟာရှား၊ ပလ္လင်လုတဲ့ကောင်တွေကများ ဒီလောက်မောက်မာရဲသေးတယ်"
အလင်းတန်းသုံးခု ကောင်းကင်တွင် ပြေးတမ်းလိုက်တမ်းကစားနေသည်။ အလင်းတစ်ခုက ရှေ့တွင်ရှိသည်။ နောက်မှအလင်းတန်းနှစ်ခုကို မျက်ခြေဖြတ်ရန်ကြိုးစားနေသည်။
သသည် မဟာယုခေတ်မှ စုစည်းခြင်းကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ စွမ်းအားအမြင့်ဆုံးအခြေအနေတွင် နောင်တစ်ချိန်ရောက်လာမည့် မဟာကပ်အတွက် ပြင်ဆင်ရန် အိပ်စက်ဖို့ ဆုံးဖြတ်ခဲ့သည်။
အမှန်ဆိုလျှင် ယခုချိန် သူမနိုးထသင့်သေး။ အစီအစဉ်အရ နိုင်ငံ့ဆရာက သူတို့ကို တစ်ယောက်ချင်းနှိုးရမည်ဖြစ်သည်။
သို့သော် ကံဆိုးသည်။ သူ့အိပ်သည့်နေရာကို မသိနားမလည်သည့် ကျင့်ကြံသူတစ်ချို့က ရတနာသိုက်ထင်ပြီး ဝမ်းသာအားရတူဆွကြသည်။ ထို့ကြောင့် သူ'အိပ်ရေးပျက်'သွားသည်။
ဒေါသထွက်လွန်းသဖြင့် ထိုကျင့်ကြံသူများကို သူသတ်လိုက်သည်။
သို့သော် သူ့လှုပ်ရှားမှုကြောင့် နယ်ခံအရာရှိ သတိထားမိသွားသည်။ ကြီးမားသည့်သူ့စွမ်းအားကို ရိပ်စားမိသည်။ အထက်အရာရှိများထံ ချက်ချင်းဆက်သွယ်သည်။ သူ့ကိုဖမ်းဆီးဖို့ နန်းမြို့တော်မှ စုစည်းခြင်းကျင့်ကြံသူနှစ်ယောက် လွှတ်လိုက်သည်။
ဖမ်းဆီးသည့် အကြောင်းပြချက်ကလည်း ရယ်စရာကောင်းသည်။
တမင်ရည်ရွယ်၍လူသတ်မှု။
သူသည် စုစည်းခြင်းအဆင့်ဖြစ်သည်။ အဆင့်နိမ့်ကျင့်ကြံသူတစ်ချို့ကို သတ်လိုက်သည်မှာ ဘာမှမပြောပလောက်။ သူ့ကိုဖမ်းဆီးဖို့ တမင်ဆင်ခြေပေးခြင်းသာဖြစ်သည်။
မဟာယုခတ် ဘုန်းမီးနေလတောက်ပစဉ်က အလယ်ပိုင်းတိုက်နယ်ကို ပြိုင်ဘက်မရှိ လွှမ်းခိုးခဲ့သည်။ ပိုင်ဆိုင်မှုများက အဆုံးမရှိဟု ထင်ရလောက်အောင် တိုးပွားခဲ့သည်။
သို့သော် မဟာရှားနိုင်ငံဆိုသည်မျာ နန်းလုသူအုပ်စုသာဖြစ်ရမည်။ ဒါကိုပင် အရှက်မရှိ တရားဝင်အုပ်ချုပ်သူများဟု သူတို့ကိုယ်သူတို့ ကြေငြာနေသည်။
ထို့ပြင် ထွက်ပြေးသည့်ပညာရပ်များကို သူကျွမ်းကျင်သည်။ အထူးသဖြင့် လိုက်ဖမ်းသူများကို မျက်ခြေဖြတ်ရာတွင် ထူးချွန်သည်။
"မင်းတို့ကို မျက်ခြေဖြတ်ပြီးတာနဲ့ မျိုးနွယ်ငယ်တစ်ခုကို ငါလျှို့ဝှက်ထိန်းချုပ်မယ်။ ဒီရှားနိုင်ငံအခြေအနေကို စုံစမ်းမယ်။ နိုင်ငံဆရာအတွက် လမ်းခင်းပေးမယ်ကွ"
နိုင်ငံ့ဆရာ၏ ကြိုးပမ်းမှုများအတွက် ထိုသို့လုပ်ပေးဖို့ ထိုက်တန်သည်ဟု သူယူဆသည်။
မဟာယုနိုင်ငံ ကောင်းစားစဉ်က အလယ်ပိုင်းတိုက်နယ်ကို စုစည်းခဲ့သည်။ ရန်သူလုံးဝမရှိ။ အရှိန်အဟုန်ပြင်းထန်စွာ တိုးတက်စည်ပင်ခဲ့သည်။
သို့သော် ဘယ်နိုင်ငံမှ ထာဝရမတည်တံ့နိုင်ဟု နိုင်ငံ့ဆရာက ယုံကြည်သည်။ ရှေးဟောင်းခေတ်၏ စွမ်းအားအကြီးဆုံးလူများပင် နောက်ဆုံးတွင် နိဂုံးချုပ်ရသည်။ မဟာယုဘယ်လောက် စွမ်းအားကြီးသည်ဖြစ်စေ မသေမျိုးလေးယောက်ရှိခဲ့သည့် ရှေးဟောင်းခေတ်ကို ဘယ်တော့မှယှဉ်နိုင်မည်မဟုတ်။ မဟာယုနိုင်ငံသည်လည်း ထာဝရတည်တံ့မည်မဟုတ်။
မဟာယုအမွေနှစ်ဆက်လက်တည်တံ့ဖို့ တစ်ခုတည်းသောနည်းလည်းက ခေတ်သစ်တွင် ပြန်ရှင်သန်ဖို့သာဖြစ်သည်။ မဟာကပ်ကိုအားပြု၍ မဟာယုခေတ်ကို ပြန်လည်ထူထောင်ရမည်။ သူတို့ဂုဏ်သရေ အဓွန့်ရှည်စေရမည်။
သူခေါင်းခါလိုက်သည်။ လောလောဆယ် ထိုကိစ္စများကို မတွေးအားသေး။ အရေးကြီးဆုံးက လိုက်ဖမ်းသူနှစ်ယောက်လက်ထဲမှ ရုန်းထွက်နိုင်ဖို့ဖြစ်သည်။
မဟာရှားကျင့်ကြံသူနှစ်ယောက် မျက်မှောင်ကျုံ့သွားသည်။ သူတို့ပစ်မှတ်က မယုံနိုင်လောက်အောင် မြန်ဆန်လွန်းနေသည်။ စုစည်းခြင်းအဆင့် ထိပ်တန်းဆယ်ယောက်စာရင်းဝင်လောက်အောင် မြန်ဆန်သည်။ သူတို့နှစ်ယောက် အရှိန်မြှင့်မှော်အဆောင်များသုံးထားသည့်တိုင် တဖြေးဖြေးနောက်ကျကျန်ရစ်ခဲ့သည်။
တစ်ယောက်က ပျံသန်းနေသည့်ယာဉ်တစ်ခုကို မြင်သွားသည်။ ထိုယာဉ်ပျံကို သူအတော်ရင်းနှီးနေသည်။
"လောင်ချူး၊ မင်းသူ့နောက်ကို ဆက်လိုက်ထား။ ငါအကူသွားခေါ်မယ်"
လောင်ချူးနားမလည်။ ယခုချိန်အကူသွားခေါ်လျှင် နောက်ကျသွားတော့မည်ဟု ထင်နေသည်။ သို့သော် သူ့မိတ်ဆွေ၏ဆုံးဖြတ်ချက်ကို ယုံကြည်သဖြင့် ခေါင်းငြိမ်ပြလိုက်သည်။
"ကောင်းပြီလေ"
....
မဟာရှားကျင့်ကြံသူ ယာဉ်ပျံတံခါးကို ခေါ်လိုက်သည်။ ပဉ္စမအကြီးအကဲက ခလုတ်ကိုဖွင့်ပေးလိုက်သည်။
ထိုကျင့်ကြံသူ အထဲဝင်လာသည်နှင့် ခေါင်းမော့၍ပါးစပ်ဟနေသည့် လုယန်ကို မြင်ရသည်။ မုန်ကျင်းကျိုးတို့သုံးယောက်က သူ့ဘေးပတ်လည်တွင် တြိဂံပုံစံဝိုင်းထိုင်နေသည်။ လေးယောက်လုံး ကျင့်ကြံနေခြင်းဖြစ်သည်။ အတော်ထူးဆန်းသည့်မြင်ကွင်းဖြစ်သည်။
ထိုနည်းလမ်းသည် တာအိုလမ်းစဉ်ဂိုဏ်း၏ နောက်ဆုံးပေါ်ကျင့်ကြံနည်းလားမသိ။
ကိစ္စမရှိ ထိုအကြောင်းမတွေးအားသေး။ လက်နှစ်ဘက်နောက်ပစ်ရပ်နေသည့် မဟာအကြီးအကဲကို မြင်လိုက်ရသဖြင့် သူပျော်သွားသည်။
တကယ့်ကယ်တင်ရှင်ကို တွေ့ရခြင်းဖြစ်သည်။
"ဟားဟား၊ ကျိုးရှင်း၊ ဒီယာဉ်ပျံက မင်းဟာဆိုတာ ငါသိသားပဲ"
အကြီးအကဲကျိုးရှင်း သူ့ကို သတိဖြင့်လှည့်ကြည့်သည်။
"ယွီချန်၊ ငါ့ယာဉ်ပျံ ပျံသန်းနေတာ သတ်မှတ်နှုန်းထက် မပိုပါဘူး။ မင်းဘာလိုချင်လို့လဲ"
ယွီချန်ဆိုသူကို မသိသော်လည်း အကြီးအကဲနှင့် ရင်းနှီးဟန်ရှိသဖြင့် လုယန်တို့လေးယောက် မျက်လုံးဖွင့်ကြည့်ကြသည်။
ကျိုးရှင်းက ပုံမှန်လေသံဖြင့် မိတ်ဆက်ပေးသည်။
"ဒါက ယွှီချန်တဲ့။ မဟာရှားနိုင်ငံက အရာရှိပေါ့။ ငါ့ယာဉ်ပျံကို အရှိန်မြှင့်ပြီး မောင်းခဲ့တဲ့အချိန်တုန်းက ငါ့ကိုဒဏ်ငွေဆောင်ခိုင်းဖို့ အမြဲတမ်းအတင်းလိုက်ဖမ်းခဲ့တာ သူပေါ့။ နောက်ပိုင်း ငါအရှိန်မြှင့်မမောင်းတဲ့အချိန်ကျတော့ သူငါ့ကိုလိုက်မဖမ်းတော့ဘူး"
လုယန် မျက်ခုံးလှုပ်သွားသည်။ ဤယာဉ်ပျံကိုအရှိန်မြှင့်မောင်းခဲ့သည့်အချိန်က အကြီးအကဲကျိုးရှင်းသည် အနည်းဆုံး ဝိညာဉ်ပြောင်းအဆင့်ရှိမည်။ ကျိုးရှင်းနှင့် ခေတ်ပြိုင်ဖြစ်၍ ဤယွီချန်၏ ကျင့်စဉ်အဆင့်ကလည်း အတော်မြင့်ပေလိမ့်မည်။ အရာရှိဆိုလျှင် အဆင့်မြင့်ပုဂ္ဂိုလ်ထဲက ဖြစ်ရမည်။ တပ်မှူးချုပ်အဆင့်လောက် ရှိလိမ့်မည်။
ကျိုးရှင်းစကားကြောင့် ယွီချန်၏သွေးကြောများ ဖောင်းထလာသည်။
"ပေါက်တတ်ကရတွေ ပြောမနေနဲ့ကွ။ မင်းအရှိန်မြှင့်မောင်းတာ ရပ်သွားလို့မဟုတ်ပါဘူး။ မင်းကို ဘယ်သူမှမီအောင်မလိုက်နိုင်တော့လို့ပါ။
ပြီးခဲ့တဲ့လဝက်လောက်ကပဲ မင်းယာဉ်ပျံကို အရှိန်မြှင့်မောင်းနေပြန်ပြီလို့ လူတစ်ယောက်ညည်းညူနေတာ ငါကြားတယ်"
ကျိုးရှင်းငယ်စဉ်က အရှိန်မြှင့်မောင်းရင်းပျော်မြူးတတ်သည့် သူ့အကျင့်သည် ယွီချန်နှင့်သူ့လုပ်ဖော်ကိုင်ဖက်များအတွက် နည်းနည်းနောနောဒုက္ခမဟုတ်။ ယွီချန်၏ လက်ရှိပျံသန်းနှုန်းသည် ကျိုးရှင်းကိုလိုက်ဖမ်းရင်း ရလာသည့်အကျိုးကျေးဇူးဖြစ်သည်။
"အဲလိုမဟုတ်တမ်းတရား မစွပ်စွဲပါနဲ့။ နောက်ပိုင်းမှာ ဘယ်တုန်းက ငါအရှိန်မြှင့်မောင်းလို့လဲ။ မင်းမှာ သက်သေရှိလား"
ယွီချန် ဒေါသဖြစ်လွန်းသဖြင့် ရိုက်သတ်ချင်ိစတ်ပေါ်လာသည်။
"မင်းပျံသန်းတာက မြန်လွန်းတော့ မှတ်တမ်းမှော်စက်လုံးတောင် မင်းယာဉ်ပျံအရိပ်ကို ဖမ်းမမိနိုင်ဘူးလေ။ ငါဘယ်ကနေ သက်သေရမှာလဲ။
ကဲပါ...ငါမင်းနဲ့ ဆက်မငြင်းချင်ဘူး။ အခု အရေးပေါ်ကိစ္စရှိတယ်။ ဟိုရှေ့မှာ အရှိန်မြှင့်ပြီး ပျံနေတဲ့ကောင်ကိုတွေ့လား။ အဲဒါ မဟာယုကျင့်ကြံသူပဲ။ ငါတို့သူ့ကို မိအောင်ဖမ်းဖို့လိုတယ်"
ခုနက ကျိုးရှင်းကို ဒေါသထွက်နေရသဖြင့် လာရင်းကိစ္စကို မေ့နေခဲ့သည်။
"သူက မဟာယုခေတ်က စုစည်းခြင်းအဆင့်တွေထဲမှာ အမြန်ဆုံးလို့ ကြွေးကြော်နေတဘ်။ ငါတို့သူ့ကို မိအောင်မဖမ်းနိုင်ဘူး"
ကျိုးရှင်း အမြန်ပျံသန်းနေသည့် မဟာယုကျင့်သူဆီလှမ်းကြည့်ပြီး နှာခေါင်းရှုံ့သည်။
"သူ့ကိုယ်သူ အမြန်ဆုံးလို့ ပြောရဲတယ်ပေါ့"
"အားလုံးသေချာထိုင်ကြ"
ကျိုးရှင်းမျက်နှာ လေးနက်တည်ကြည်သွားသည်။ လေဟာနယ်အမြန်နှုန်းတွင် သူ့ကိုစိန်ခေါ်ရဲသူ တစ်ယောက်မှမရှိ။
ယွီချန် စိတ်သက်သာရာရသွားသည်။ ကျိုးရှင်းသည် သူ့နှင့်ဆန့်ကျင်ဘက်တွင်ရှိနေလျှင် ရင်ဆိုင်ရခက်သည့်ပြိုင်ဘက်ဖြစ်သည်။ သို့သော် တစ်ဘက်တည်းအတူရှိနေလျှင် အလွန်အားကိုးရသည့်ရဲဘော်ရဲဘက်ဖြစ်သည်။
************************************