ကျင့်စဉ်အဆင့်မြင့်လေ လှည့်ကွက်များလေ
Vol. 23 Ch. 333
"ဪ...ဒါနဲ့ ငါအခု လော်ရွှေအစောင့်တပ်ထဲရောက်နေပြီ။ အရာရှိမဟုတ်တော့ဘူး"
"ထင်ပြီးသားပါ။ ဒီနေရာက နန်းမြို့တော်မှမဟုတ်တာ။ ရှေးဟောင်းကျင့်ကြံသူလိုက်ဖမ်းဖို့ အရာရှိက ဘယ်လိုလုပ်ရောက်လာမှာလဲ"
ကျိုးရှင်း အံ့ဩခြင်းမရှိ။ မဟာယုကျင့်ကြံကိုအမီလိုက်ဖို့သာ ပိုစိတ်ဝင်စားသောကြောင့်လည်း ဖြစ်ကောင်းဖြစ်မည်။
"လော်ရွှေတပ်ဆိုတာဘာလဲ"
လုယန် သိစိတ်အာရုံမှ မုန်ကျင်းကျိုးကို မေးလိုက်သည်။
မဟာရှားနိုင်ငံ အရာရှိရာထူးအဆင့်များနှင့် ပတ်သက်လာလျှင် မုန်ကျင်းကျိုးလောက် သူမသိ။
လီဟော်ရန်နှင့် ချင်ယန်ယန်တို့လည်း စိတ်ဝင်စားသဖြင့် ဝိညာဉ်အာရုံဖြင့် နားထောင်နေကြသည်။ အမှန်တော့ ချင်ယန်ယန် သူ့အမေဆီမှ ကြားဖူးပြီးဖြစ်သည်။ သို့သော် မုန်ကျင်းကျိုးက ပိုသိပေလိမ့်မည်။
"လော်ရွှေတပ်သည် ရှားနိုင်ငံက တည်ထောင်ထားသည့် သီးခြားအဖွဲ့အစည်းဖြစ်သည်။ အထူးသဖြင့် ကြီးလေးသည့်ပြစ်မှုများကျူးလွန်သည့် ကျင့်ကြံသူများကိုဖမ်းဆီးဖို့ တာဝန်ယူရသည်။ ဥပမာ နတ်ဆိုးဂိုဏ်းဝင်များ၊ စွမ်းအားအလွဲသုံးစားလုပ်သည့် မကောင်းသည့်ကျင့်ကြံသူများ၊ ဥပဒေမဲ့ရမ်းကားသည့် ကျင့်ကြံသူများ။
"အရပ်သားမြို့က ထူးဆန်းတဲ့အဖြစ်အပျက်တွေအကြောင်း မင်းမှတ်မိတယ်မဟုတ်လား။ ဂိုဏ်းချုပ်နဲ့အတူ ငါတို့လွတ်မြောက်လာပြီးတော့ ရုံးတော်ကိုသတင်းပို့တယ်။ နောက်ပိုင်းကိစ္စတွေကို ရှင်းလင်းဖို့လွှတ်ခဲ့တာ လော်ရွေတပ်ပဲ။
ထာဝရဂိုဏ်းရဲ့ဌာနချုပ်တွေကို ရှင်းလင်းပြီးတော့ ဂိုဏ်းရဲ့ဌာနခွဲမျိုးစုံကို ရှင်းလင်းဖို့ တာဝန်ယူခဲ့တာလည်း လောရွှေတပ်ပဲ။
တပ်မှူးယွီအကြောင်း ငါအရင်ကကြားဖူးပါတယ်။ နန်းတော်မှာတုန်းက တပ်မှူးချုပ်လေးယောက်ထဲကတစ်ယောက်ပေါ့။ သူကျင့်စဉ်အဆင့်မြင့်တာရယ် အတွေ့အကြုံများတာရယ် ဗျူဟာကောင်းတာရယ်ကိုကြည့်ပြီး လို့ ရုံးတော်က လော်ရွှေတပ်ကို ပို့လိုက်တာဖြစ်မယ်။
လော်ရွှေတပ်ကို ကိုးနန်းတော်လို့ခေါ်တဲ့အဖွဲ့က ဦးဆောင်တယ်။ သူ့အရည်အချင်းနဲ့ကျင့်စဉ်စွမ်းအားအရဆိုရင် ကိုးနန်းတော်အဖွဲ့သားဖြစ်လောက်တယ်"
"သူက အဲလောက်တောင်စွမ်းအားကြီးတာလား"
ချင်ယန်ယန် အံ့ဩသွားသည်။ အကြီးအကဲကျိုးရှင်းထံ ရုတ်တရက် အကူအညီလာတောင်းသူက အဆင့်မြင့်ပုဂ္ဂိုလ်တစ်ယေက် ဖြစ်နေသည်။ အန္တရာယ်များသည့် ကျင့်ကြံသူများအား ဖမ်းဆီးရသူဖြစ်၍ တိုက်ပွဲအတွေ့အကြုံများပြီး စုစည်းခြင်းအဆင့်တွင် ထိပ်တန်းစာရင်းဝင်ပုဂ္ဂိုလ်ဖြစ်လောက်သည်။
"အင်း..အတော်အထင်ကြီးစရာပဲ"
သို့သော် လုယန် သိပ်စိတ်မလှုပ်ရှားပါ။ နတ်မယ်ထံမှ မသေမျိုးအဆင့်ဖြင့်စသည့် ရှေးဟောင်းခေတ်အနက်ရောင်သမိုင်းကြောင်းများ သူမကြာခဏကြားဖူးထားသည်။
လီဟော်ရန်လည်း ချင်ယန်ယန်လောက် မအံ့ဩ။ တာအိုလမ်းစဉ်ဂိုဏ်းတပည့်ဖြစ်၍ နေ့စဉ်သူထိတွ့ဆက်ဆံနေရသည့် အကြီးအကဲအားလုံး စုစည်းခြင်းထိပ်တန်းအဆင့်ပုဂ္ဂိုလ်များဖြစ်သည်။
သူတို့လေးယောက် သိစိတ်အာရုံဆက်သွယ်မှု ရပ်လိုက်ကြသည်။ ယာဉ်ပျံ၏အမြန်နှုန်းက သူတို့ဝိညာဉ်အာရုံ နည်းနည်းဖြန့်လိုက်ရုံဖြင့် ပျောက်ကွယ်သွားနိုင်လောက်သည်။ ဆက်သွယ်ဖို့ မဖြစ်နိုင်တော့။
ကျိုးရှင်းနှင့် ယွီချန်ကတော့ ဟန်မပျက်ကြ။ ပုံမှန်အတိုင်း စကားပြောနေသည်။
ယွီချန် အလျင်စလိုမရှိ။ ကျိုးရှင်ပင် မီအောင်မလိုက်နိုင်လျှင် သူဘယ်လောက်ကြိုးစားကြိုးစား အကြောင်းထူးမည်မဟုတ်။
"ဒါနဲ့..သူ့ကိုမီရင် လုံးဝမညှာနဲ့။ သူက လူသတ်သမားပါ"
"အတင့်ရဲလိုက်တာ"
ကျိုးရှင်း ဒေါသပေါက်ကွဲသွားပြီး ခြေတစ်ချက်ဆောင့်ပစ်လိုက်သည်။ အစိမ်းရောင်မီးတောက်တစ်ခု သူ့ကိုယ်မှထွက်လာသည်။ ယာဉ်ပျံကလည်း နောက်ထပ်ပင် အရှိန်မြင့်သွားသည်။
အန္တရာယ်အငွေ့အသက်ကို မဟာယုကျင့်ကြံသူ ခံစားလိုက်ရသည်။ သူနောက်လှည့်ကြည့်ချိန်တွင် အစိမ်းရောင်မီးတောက်များ လွှမ်းခြုံနေသည့် ယာဉ်ပျံတစ်စီးက သူ့ဆီတဟုန်ထိုး ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။
"သောက်လခွမ်း"
သူအကြီးအကျယ်မျက်နှာပျက်သွားသည်။ ယာဉ်ပျံအရှိန်က မယုံနိုင်စရာကောင်းလှသည်။ သူ့နောက်ကလိုက်လာသူသည် ကူးဖြတ်ခြင်းအဆင့်တစ်ယောက်ဟုပြောလျှင်ပင် သူယုံမိပေလိမ့်မည်။
ယာဉ်ပျံက မြန်လွန်းသဖြင့် ရှောင်ချိန်မရတော့ဘဲ ယာဉ်ဦးချွန်က သူ့ရင်ဘတ်ကို ထိုးဖောက်သွားသည်။
ဤယာဉ်ပျံသည် ကျိုးရှင်းသေချာဖန်တီးထားသည့် လက်ရာဖြစ်သည်။ မယုံနိုင်လောက် ခိုင်ခံသည်။ မပျက်စီးနိုင်ဟုပင် ဆိုနိုင်သည်။ ကူးဖြတ်ခြင်းအဆင့်နီးပါးအရှိန်ဖြင့် ထိုးဖောက်သည့်သက်ရောက်မှုက မယုံနိုင်လောက်အောင် ပြင်းထန်သည်။
"ဘုန်း ဘုန်း ဘုန်း"
ယာဉ်ပျံက တောင်တန်းသုံးခုကို ဆက်တိုက်ဖောက်ဝင်သွားပြီး လေးခုမြောက်တောင်တန်းတွင် မဟာယုကျင့်ကြံသူကို ထိုးစိုက်ထားသည်။ ဖုန်မှုန်နှင့် ကျောက်ခဲစများ လေထဲတွင် ပြည့်သွားသည်။
နောက်မှလိုက်လာသည့် လောင်ချူး မင်သက်မိသွားသည်။
"ဒါကျိုးရှင်းရဲ့ယာဉ်ပျံပဲ"
သူမှတ်မိသွားသည်။
"ငါနဲ့များအမြန်နှုန်းယှဉ်ချင်တယ်ပေါ့"
ကျိုးရှင်း အေးစက်စက်နှာခေါင်းရှုံ့၍ ယာဉ်ပေါ်မှ ခုန်ဆင်းလိုက်သည်။
သူတမင်တကာ အရှိန်လျှော့ထားခြင်းဖြစ်သည်။ မဟာယုကျင့်ကြံသူကို ချက်ချင်းအသေမသတ်။
ယာဉ်ဦးချွန်စိုက်ဝင်သည့် မဟာယုကျင့်ကြံသူ၏ရင်ဘတ်တွင် အပေါက်ကြီးတစ်ပေါက်ရှိနေသည်။ သွေးချောင်းဆိုးနေရင်းမှ အတင်းကြိုးစား၍ 'စည်းမျဉ်း'စွမ်းအားကို သုံးလိုက်သည်။
"ငါဒီနေရာမှာ စည်းမျဉ်းတစ်ခုသတ်မှတ်တယ်- ဒီတောင်တန်းတွေအားလုံး တောင်တန်းနတ်ဘုရားတွေဖြစ်လာပြီး ငါ့ကိုအလုပ်အကျွေးပြုစေ"
ယွီချန်က လှောင်ပြုံးပြုံး၍ လက်သီးတစ်ချက်ဖြင့် မဟာယုကျင့်ကြံသူကို သတိမေ့သွားအောင်လုပ်လိုက်သည်။
သူ့မျက်စိရှေ့တွင် စည်းမျဉ်းစွမ်းအား လာသုံးရဲသည်။ သူ့ကို အသုံးမကျသည့်လူဟု ထင်နေသလားမသိ။
"ဪ...အကြီးအကဲကျိုးရှင်းပဲ။ ယွီချန် အကူအညီခေါ်မယ်လို့ပြောခဲ့တာ အံ့ဩစရာမရှိတော့ပါဘူး"
လောင်ချူးရောက်လာသည်။ မဟာယုကျင်ကြံသူ သတိလစ်မေ့မျောနေပြီး ကျိုးရှင်းက ကြိုးတုပ်ထားသည်ကိုကြည့်၍ သူစိတ်သက်သာရာရသွားသည်။
"ချူးတာ့လုန်"
ကျိုးရှင်းသည် လော်ရွှေတပ်နှင့် ကြိမ်ဖန်များစွာ ပူးပေါင်းလှုပ်ရှားဖူးသည်။ ထိုတပ်ဖွဲ့မှ စုစည်းခြင်းအဆင့်အားလုံးကို သိနေသည်။
လောင်ချူး မျက်မှောင်ကျုံ့သွားသည်။
"ငါမင်းကိုဘယ်နှခါပြောရမလဲ။ ငါ့နာမည်ကို ချူးလုန်လို့ ပြောင်းလိုက်ပြီကွ"
"ဒီခေါးသူတောင်းစားက အရေးကြီးတဲ့လျှို့ဝှက်ချက်တစ်ချို့ သိထားပုံပဲ။ သူ့ကိုဖမ်းဖို့ မင်းကူညီပေးတာ ကျေးဇူးတင်ပါတယ်။ တကဘ်ကြီးမားတဲ့ အကူအညီပါ။ အချိန်ရတဲ့အခါ မင်းကိုငါအရက်နဲ့ဧည့်ပြုပါ့မယ်"
ယွီချန်က လက်နှစ်ဘက်ဆုပ်၍ ကျေးဇူးတင်စကားဆိုသည်။
"ငါ့ကိုကျေးဇူးတင်စရာမလိုပါဘူး။ ငါတရားဝင်ယာဉ်ပျံပြိုင်ခွင့်မျိုးက မကြာခဏရတာမဟုတ်ဘူး။ နောက်တစ်ခါ မင်းမဖမ်းနိုင်တဲ့လူမျိုးနဲ့တွေ့ရင် ငါ့ကိုခေါ်လိုက်ပါ။ မိအောင်ဖမ်းပေးမယ်လို့ ငါအာမခံတယ်"
"ဒီကြိုးက သူ့ရဲ့ဝိညာဉ်ချီအားလုံးကို ပိတ်ဆို့နိုင်တယ်။ တရားမျှတမှုအတွက် ငါ့ရဲ့စေတနာလို့ သဘောထားလိုက်ပါ။ မင်းသိမ်းထားလို့ရပါတယ်"
လော်ရွှေတပ်တွင်လည်း ထိုကဲ့သို့ရတနာများရှိပါသည်။ သို့သော် မဟာလက်မှုပညာရှင်ကြီးကျိုးရှင်းတီထွင်သည့် ပစ္စည်းများလောက်တော့ ထိရောက်မှုမရှိ။
ကျိုးရှင်းက စေတနာဖြင့် သတိပေးသည်။
"သူက လျှို့ဝှက်ချက်တွေသိထားတယ်ဆိုတော့ စိတ်ချရအောင် နောက်ထပ်စုစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ချို့ရောက်လာမှ သူ့ကိုပြန်ခေါ်သွားတာ အကောင်းဆုံးပဲ။ တစ်ယောက်ယောက်က လမ်းမှာ သူ့ကိုကြားဖြတ်လုရင် အန္တရာယ်များတယ်"
"နားလည်ပါတယ်။ ငါအင်အားအကူခေါ်မှာပါ"
ယွီချန်ခေါင်းငြိမ့်ပြီး ကောင်းကင်သို့ မှော်အဆောင်တစ်ခုလွှတ်လိုက်သည်။ သိပ်မကြာမီ နောက်ထပ်စုစည်းခြင်းအဆင့်နှစ်ယောက် ရောက်လာသည်။
ထိုနှစ်ယောက်ကလည်း ကျိုးရှင်းကိုသိကြသည်။ ခဏနှုတ်ဆက်စကားပြောပြီးနောက် မဟာယုကျင့်ကြံသူကို နန်းမြို့တော်သို့ ပြန်ခေါ်သွားကြသည်။
"ကဲ...ပြန်ကြစို့။ ရှေးဟောင်းကျင့်ကြံသူတွေနဲ့ပတ်သက်တဲ့ကိစ္စတွေက မင်းတို့နဲ့လက်လှမ်းမမီသေးဘူး။ အန္တရာယ်များလွန်းတယ်။ မင်းတို့ ဝိညာဉ်ပြောင်းအဆင့်လောက်မရောက်ခင်အထိ ဒီကိစ္စတွေကို မတွေးနဲ့ဦး"
အကြီးအကဲက လူငယ်လေးယောက်ကိုခေါ်၍ အကြံပေးသည်။
သူတို့ထွက်မသွားမီ စွမ်းအားရှင်တစ်စု အဝေးတွင်ပေါ်လာသည်။ မြေဓာတ်မှော်ပညာများသုံး၍ ယာဉ်ပျံကြောင့် ပျက်စီးသွားသည့် တောင်တန်းများကို ပြန်ပြင်သည်။
ကျောက်သားမြေသားများ လေထဲသို့ လွင့်ပျံသွားသည်။ ကျိုးပျက်သွားသည့်နေရာများကို အစီအစဉ်တကျပြန်ဖြည့်သည်။
လဲကျသွားသည့်သစ်ပင်များကိုလည်း စုစည်းသည်။ မညှိုးနွမ်းသေးသည့် သစ်ပင်များကို သစ်ပင်စိုက်မှော်ပညာဖြင့် ပြန်စိုက်သည်။ ကျိုးပြတ်သွားသည့် သစ်ပင်များနေရာတွင် သစ်ပင်သစ်များ ပြန်စိုက်ပျိုးသည်။
"ဒီလူတွေက ဘယ်သူလဲ"
လုယန်အပါအဝင် သူတို့လေးယောက်လုံး ထိုအဖြစ်မျိုးကို တစ်ခါမှမမြင်ဖူးကြ။
ကြိုးရှင်းက ရှင်းပြသည်။
"ဪ... တိုက်ပွဲနောက်ဆက်တွဲ ရှင်းလင်းရေးတာဝန်ယူထားတဲ့ ရုံးတော်ကလူတွေပါ။ မင်းတို့ကျင့်စဉ်စွမ်းအားက သိပ်မမြင့်သေးလို့ပါ။ အဆင့်တစ်ခုကိုရောက်လာရင် သာမန်လှုပ်ရှားမှုလေးတွေတောင် တောင်တန်းတွေထိုးဖောက်၊ မြေပြင်ကိုထိုးခွဲပြီး မြစ်တွေကို ချိုးဖြတ်နိုင်တယ်ဆိုတာ သိလာပါလိမ့်မယ်။
ဒါတွေကို ဒီအတိုင်းချန်ထားခဲ့ရင် ရေမြေအနေအထား အမြဲတမ်းပြောင်းလဲနေမယ်။ လေးငါးနှစ်ကြာရင် မဟာရှားမြေပုံတွေ လုံးဝအသစ်ပြန်ဆွဲရတော့မယ်လေ။
ဒီလိုမဖြစ်အေင် မဟာရှားနန်းတော်က ရေမြေပြုပြင်မှုကို အထူးပြုလေ့လာတဲ့၊ မြေဓာတ်နှင့် သစ်သားဓာတ်မှော်ပညာတွေကျွမ်းကျင်တဲ့ ကျင့်ကြံသူအုပ်စုတစ်ခုဖွဲ့စည်းခဲ့တယ်။
ဒီတစ်ခါဖမ်းဆီးတာက ရုံးတော်ရဲ့ကိစ္စလေ။ တောင်တန်းတွေပျက်စီးတာ ငါနဲ့မဆိုင်ဘူး။ ရုံးတော်ကပဲ နောက်ဆက်တွဲကို ကိုင်တွယ်ဖြေရှင်းရှင်းရမှာပေါ့။ ဒါပေမယ့် ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် တိုက်ပွဲဖြစ်တယ်ဆိုရင် ပျက်စီးတဲ့နေရာကို ကိုယ့်ဘာသာပြန်ပြင်ရမယ်။ ဒါမှမဟုတ် ပြင်ပေးမယ့်လူငှားဖို့ ဝိညာဉ်ကျောက်တွေ ပေးရမယ်။
ဒီတော့ ကျင့်စဉ်စွမ်းအား အတိုင်းအတာတစ်ခုထိ ရောက်လာပြီဆိုရင် မလိုအပ်တဲ့ပြဿနာတွေမဖြစ်အောင် သိုင်းပြိုင်ကွင်းမှာဖြစ်ဖြစ် ကောင်းကင်မှာဖြစ်ဖြစ် တိုက်ခိုက်ရတယ်။
ဒါပေမယ့် နတ်ဆိုးကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်တာမျိုးဆိုရင်တော့ ပျက်စီးမှုအတွက် တာဝန်ယူစရာမလိုဘူး။
အမှန်တိုင်းပြောရရင် တိုက်ပွဲပြီးရင် ရေမြေအနေအထားကို ပြန်ပြင်ရမယ်ဆိုတဲ့စည်းမျဉ်းဟာ လွန်ခဲ့တဲ့ နှစ်နှစ်သိန်းကျော်က စခဲ့တာပါ။
ပြည်နယ်မှာ အမြင့်ဆုံးဩဇာရှိတဲ့ ချင်းကျိုးနယ်စားက အိမ်နီးချင်းပြည်နယ်က မြို့တော်တွေတိုးတက်တာကိုအားကျပြီး ချင်းကျိုးလည်းအဲလိုဖွံ့ဖြိုးတိုးတက်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ကျင့်စဉ်စွမ်းအားကလည်း အတော်မြင့်တယ်။ ကူးဖြတ်ခြင်းအဆင့်လေ။ ဒီတော့ ပါးနပ်တဲ့အစီအစဉ်တစ်ခု တွေးမိတယ်။ သူ့မိတ်ဆွေ စုစည်းခြင်းအဆင့်တစ်ယောက်ကိုဖိတ်ခေါ်တယ်။
သူတို့နှစ်ယောက် အပြင်းအထန်တိုက်ခိုက်ကြတယ်။ ရေမြေအနေအထားအပြောင်းအလဲတွေ အကြီးအကျယ်ဖြစ်တယ်။ ဒီတိုက်ပွဲကိုအရောင်ပြပြီးတော့ အိမ်နီးချင်းပြည်နယ်က တိုးတက်နေတဲ့မြို့တော်တွေကို ချင်းကျိုးပြည်နယ်ထဲ ရွှေ့ပြောင်းကြတယ်။
ရုံးတော်က ဒီအကြောင်းသိတဲ့အချိန်မှာ ဒီလုပ်ရပ်မျိုးနဲ့ပတ်သက်ပြီး ဥပဒေမရှိသေးတာကို နားလည်လာတယ်။ ဒီကိစ္စက ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲတယ်။ ဒါကြောင့် ဥပဒေစည်းမျဉ်းတစ်ခု ထုတ်ပြန်လိုက်တယ်။ ဘယ်အဆင့်မြင့်ကျင့်ကြံသူမဆို တိုက်ခိုက်ကြပြီးရင် ရေမြေအနေအထားကို မူလအတိုင်း ပြန်ပြင်ရမယ်လို့လေ"
လုယန် - "..."
ကျင့်စဉ်အဆင့်မြင့်လေ လှည့်ကွက်များလေပါပဲလား။
***********************************