← Chapters

လီဟော်ရန်၏ရွှေသန္ဓေ

Vol. 23 Ch. 334

လီဟော်ရန်၏ရွှေသန္ဓေ

Vol. 23 Ch. 334

မဟာရှားနိုင်ငယ်သည် အလွန်တရာခက်ခဲသည့်တာဝန်ကို ထမ်းပိုးထားရကြောင်း လုယန်သဘောပေါက်လာသည်။ ဥပဒေစနစ်သည် အလွန်တိကျရှင်းလင်းပြီး ဖြည့်စွက်ထုတ်နှုတ်စရာမရှိ အခြေအနေအားလုံးတွင် ကျင့်သုံးနိုင်သည်ဟု သူထင်ခဲ့သည်။

သို့သော် ကျင့်ကြံသူတို့၏စိတ်ကူးစိတ်သန်းများက အကန့်အသတ်မရှိ။

ကျင့်ကြံသူများသည် စိတ်ကူးစိတ်သန်း များပြားသည်။ အတော်လးပေါများခြင်းကို ဆိုလိုပါသည်။ ထိုပြင် တစ်ချို့ကျင့်ကြံသူများက ထိုစိတ်ကူးစိတ်သန်းများကို လက်တွေ့အကောင်အထည်‌ဖော်သည်။

ထို့ကြောင့် ဥပဒေစနစ်သည် စွမ်းအားမြင့်ကျင့်ကြံသူတို့စိတ်ကူးများထက် အမြဲနောက်ကောက်ကျနေသည်။

ဥပမာ အကြီးအကဲကျိုးရှင်းပြောသည့် ချင်းကျိုးနယ်စားကိုကြည့်ပါ။

ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက် တိုက်ခိုက်ခြင်းသည် လုံးဝမထူးဆန်းပါ။ တိုက်ပွဲအတွင်း တောင်တန်းမြစ်ချောင်းများ နေရာရွေသွားသည်မှာလည်း မဆန်းပါ။ ထို့ကြောင့် အိမ်နီးချင်းပြည်နယ်မှ မြို့တော်တစ်ခု ချင်းကျိုးထဲသို့ မထင်မှတ်ဘဲရောက်သွားခြင်းသည်လည်း မထူးဆန်းပါ။

တာအိုလမ်းစဉ်ဂိုဏ်းမောင်နှမကိုးဖော်သည် မဟာရှားဥပဒေစနစ်ကို များစွာအထောက်အပံ့ပေးခဲ့သည်ကို လုယန်မသိသေး။ အဓိကအားဖြင့် မဟာရှားဥပဒေစနစ် လုံးဝမပြည့်စုံကြောင်း ဟာကွက်များစွာရှိကြောင်း သူတို့လက်တွေ့သရုပ်ပြပေးခဲ့သည်။

'ငါက ရိုးသားတဲ့လူဖြစ်လို့ တော်သေးတာပေါ့။ မဟာရှားနိုင်ငံကို ငါဘယ်တော့မှဒုက္ခမပေးဘူး"

လုယန်ထိုသို့တွေးရင်း မုန်ကျင်းကျိုးနှင့် လီဟော်ရန်ကို တစ်ချက်လှမ်းကြည့်သည်။ နောင်တစ်ချိန်တွင် ကြီးလေသးသည့်တာဝန်တစ်ခုကို သူထမ်းဆောင်ရမည်ဖြစ်ကြောင်း နားလည်လာသည်။

သူဘာကြောင့် အတော်ဆုံးဖြစ်အောင် ပင်ပင်ပန်းပန်းကြိုးစားနေသနည်း။ ဥပဒေကိုလိုက်နာသင့်ကြောင်း သူ့ဂျူနီယာများကို ပြသဖို့ သူကိုယ်တိုင်စံနမူနာကောင်းဖြစ်အောင် ကြိုးစားနေခြင်းပင်မဟုတ်လော။

"ဟေ့၊ ရှင့်မျက်နှာ ဘာလို့ဖြူရော်နေတာလဲ"

လီဟော်ရန်နဖူးတွင် ချွေးသီးချွေးပေါက်များကျနေသည်ကို ချင်ယန်ယန် သတိထားမိသွားသည်။

လီဟော်ရန် တစ်ကိုယ်လုံးတုန်ရင်နေသည်။ သူ့စွမ်းအင်ရောင်လည်း မတည်မငြိမ်ဖြစ်နေသည်။ အခြေတည်အစောပိုင်းအဆင့်သို့ ကျသွားလိုက် ရွှေသန္ဓေအခြေခံအဆင့်သို့ တက်လာလိုက်ဖြစ်နေသည်။

အံကိုတင်းတင်းကြိတ်၍ သူကြိုးစားပြီး စကားပြောသည်။

"ကျုပ်တစ်ခုခု နားလည်သွားသလိုပဲ...ကျုပ်ရွှေသန္ဓေကို တည်ဆောက်ချင်နေပြီ"

ကျိုးရှင်း သူ့ဘေးသို့ အပြေးရောက်လာပြီး ဝိညာဉ်အာရုံဖြင့် ဒန်ထန်ကို စစ်ဆေးကြည့်သည်။ ဒန်ထန်တစ်ခုလုံး မြူဆိုင်းနေသည်ကို တွေ့ရသည်။ ရွှေသန္ဓေစတင်တည်ဆောက်နေသည့် လက္ခဏာဖြစ်သည်။

"ဟော်ရန်၊ မင်းအခြေအနေက ထူးခြားတယ်။ မင်းက ချင်ဟော်ရန်ဝင်စားတာ။ သန္ဓေတည်ဆောက်နေတုန်း မထင်မှတ်တာတစ်ခုခုဖြစ်လာနိုင်တယ်။ အကောင်းဆုံးကတော့ ဂိုဏ်းကိုပြန်ဖို့ပဲ။ အဲဒါ စိတ်အချရဆုံးပဲ"

"ကျုပ်ကြိုးစားပါတယ်။ ဒါပေမယ့် ကျုပ်ခန္ဓာကိုယ်က သန္ဓေကို သူ့ဘာသာတည်ဆောက်ဖို့ ကြိုးစားနေတယ်။ ကျုပ်မထိန်းနိုင်တော့ဘူး"

လုယန် ထိုဖြစ်ရပ်မျိုး စာအုပ်များထဲတွင် ဖတ်ဖူးသည်။ အခြေတည်အဆင့်ပြည့်စုံပြီးသည့် ကျင့်ကြံသူတစ်ယောက် ကြုံရလေ့ရှိသည်။ ခန္ဓာကိုယ်က သန္ဓေတည်ဆောက်မှုကို အလိုလိုစလုပ်ဆောင်သည်။ အရာအားလုံး အလိုအလျောက်ဖြစ်သည်။ မအောင်မြင်စရာတော့ အကြောင်းမရှိ။ ရွှေသန္ဓေကလည်း သေချာပေါက် အမြင့်ဆုံးအဆင့်ဖြစ်လာမည်။

ပြန်ဝင်စားခဲ့သည့် အကြိမ်ရေများလေ ယခုလိုအချိန်မျိုးတွင် ဗီဇပါရမီပိုထက်မြက်လေဖြစ်သည်။

သို့သော် လီဟော်ရန်အဖြစ်က မသေချာမရေရာမှုများစွာ ရှိနေသည်။ လူဝင်စားကိစ္စအကြောင်းလည်း သူတို့သိပ်နားမလည်။ ထို့ကြောင့် သူ့သန္ဓေကို ချက်ချင်းတည်ဆောက်ဖို့ မသင့်တော်။

"တောင့်ထားဦး ဟော်ရန်၊ ယာဉ်ပျံကို ငါမောင်းပေးမယ်"

ကျိုးရှင်း ယာဉ်ပျံတံခါးကိုဖွင့်၍ လေးယောက်လုံးကို အထဲသို့ဆွဲခေါ်လိုက်သည်။ ထို့နောက် အရှိန်ကုန်မြှင့်၍ မောင်းနှင်သည်။

"အသက်ကိုပြင်းပြင်းရှူ၊ စိတ်ကိုလျှော့ထား...အသက်ပြင်းပြင်းရှူ...ဟုတ်ပြီ...ရှူလိုက်...ပြန်ထုတ်လိုက်.."

"ညီလေးလီ၊ မင်းတောင့်ထားမှဖြစ်မယ်။ မင်းနဲ့ မင်းရွှေသန္ဓေ အဆင်ပြေသွားမှာပါ"

"အကြီးအကဲကျို...ယာဉ်ပျံကို အရှိန်နည်းနည်းလျှော့ပါဦး။ ညီလေးလီ တောင့်မခံနိုင်တော့ဘူး"

"ညီလေးလီ၊ စိတ်ကိုတင်းမထားနဲ့။ ဘာမှမဖြစ်ဘူး...ကျင့်ကြံသူတိုင်း ဒါကိုဖြတ်ကျော်ရတာပဲ။ အားတင်းလိုက်စမ်းပါ"

ယာဉ်ပျံပေါ်တွင် ရွှေသန္ဓေအဆင့်ကာကွယ်သူနှစ်ယောက်ဖြစ်သည့် လုယန်နှင့် မုန်ကျင်းကျိုးက လီဟော်ရန်ကို ပြုစုနေသည်။ အားပေးနှစ်သိမ့်နေသည်။ ချွေးများကို သုတ်ပေးသည်။ အနီးကပ်ဂရုစိုက်‌ပေးနေသည်။

ချင်ယန်ယန် - "..."

အကြောင်းမသိသူအဖို့ ကိုယ်ဝန်သည်တစ်ယောက်ကို ပြုစုပေးနေသည်ဟု ထင်ကြပေလိမ့်မည်။

"ဒန်ထန်ထဲကမြူတွေ အေးခဲသွားပြီ...သူ့သန္ဓေ ပေါ်လာတော့မယ်"

"ရွှေသန္ဓေပုံစံ စပေါ်လာပြီ"

"အားတင်းထား ညီလေးလီ၊ မင်းလုပ်နိုင်ပါတယ်ကွ"

ချင်ယန်ယန်စိတ်ထဲတွင် ထိုမြင်ကွင်းက ထင်ထားသည်နှင့် ပိုပိုတူလာသည်ဟု ခံစားရသည်။

လီဟော်ရန်၏ နှလုံးငါးခုက ကောင်းကင်ကိုမျက်နှာမူလျက် ပတ်ဝန်းကျင်ဝိညာဉ်စွမ်းအင်များကို စုပ်ယူသည်။ တစ်စက်မှမကျန်အောင် အားလုံးသူ့ကိုယ်ထဲသို့ ဆွဲယူလိုက်သည်။ ဒန်ထန်ထဲမှ တုံ့ပြန်မှုက ပို၍ပြင်းထန်လာသည်။ ဝိညာဉ်ချီလှိုင်းများက သူ့ခန္ဓာကိုယ်တစ်ခုလုံး ထိုးခွဲသွားသည်။ အရေပြား၊ ရိုးတွင်းချဉ်ဆီ၊ စွမ်းအင်သွေးကြောများ...

ဒန်ထန်ထဲမှမြူများကို အဆက်မပြတ်သန့်စင်သည်။ ရွှေရောင်ဝိညာဉ်စွမ်းအင်ရည်အဖြစ် အားလုံးပြောင်းသွားသည်။

ထိုအရည်ကို ထပ်ဖိနှိပ်သည်။ တောက်ပသည့်အရောင်တစ်ခု ထွက်လာသည်။ အလင်းက တဖျတ်ဖျတ်တောက်ပသည်။ ပတ်တန်းကျင်မှ ဝိညာဉ်စွမ်းအင်ရည်များကို အဆက်မပြတ်ဝါးမျိုးသည်။

နောက်ဆုံးတွင် ပြည့်ဝသည့်ရွှေသန္ဓေအသွင် ဖြစ်ပေါ်လာသည်။

လီဟော်ရန်၏ ရွှေသန္ဓေတည်ဆောက်မှု အောင်မြင်သွားသည်။

"ကျုပ်အောင်မြင်သွားပြီလား"

လီဟော်ရန် နည်းနည်းမယုံမရဲဖြစ်နေသည်။

ကာကွယ်သူနှစ်ယောက်၏ စိတ်အနှောက်အယှက်ဖြစ်စရာ စကားသံများကို ကြားခဲ့ရသည်မှလွဲ၍ သူ့သန္ဓေတည်ဆောက်မှုက အံ့ဩဖွယ်ကောင်းလောက်အောင် ချောမွေ့နေသည်။

"မင်းအောင်မြင်သွားပါပြီ"

ကျိုးရှင်း သေချာစစ်ဆေးကြည့်ပြီးနောက် ခေါင်းငြိမ့်သည်။

"ဒါပေမယ့် ပိုသေချာအောင်စစ်ဆေးဖို့ ဂိုဏ်းကိုပြန်တာအကောင်းဆုံးပဲ"

လီဟော်ရန်တွင် ပုံမှန်မဟုတ်သည့်အပြောင်းအလဲမျိုး မဖြစ်ခဲ့သဖြင့် ကျိုးရှင်းစိတ်သက်သာရာရသွးသည်။

"နောက်ဆုံးတော့ ရွှေသန္ဓေတည်ဆောက်နိုင်ပြီပေါ့"

လီဟော်ရန် သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။ ယခု လုယန်နှင့်မုန်ကျင်းကျိုးသည် သူ့ရှေ့တွင် လာကြွားလုံးထုတ်စရာ အကြောင်းမရှိတော့။

"မင်းဘယ်လိုရွှေသန္ဓေမျိုး တည်ဆောက်ခဲ့တာလဲ"

လီဟော်ရန် သွားဖြဲပြုံးသည်။

"မှတ်တမ်းမရှိသေးတဲ့ ရွှေသန္ဓေတစ်ခုပါ။ ပြန်မွေးဖွားရွှေသန္ဓေလေ"

"ပြန်မွေးဖွားရွှေသန္ဓေ"

နာမည်က အတော်ခမ်းနားသည်ဟု လုယန်ယူဆသည်။

ပြန်မွေးဖွားရွှေသန္ဓေ။

လီဟော်ရန်သည် လူဝင်စားသဘောတရား၏ အနှစ်သာရကို နားလည်သွား၍ အတိတ်မှတ်ဉာဏ်များပြန်ရပြီး ဒုတိယဘဝဖြင့်နေထိုင်ပြီး အတိတ်အမှားများကို ပြုပြင်တော့မည်လား။

ထိုသို့ဆိုလျှင် ဤရွှေသန္ဓေနာမည်သည် တကယ်လိုက်ဖက်သည်။

"ကျုပ်ပြမယ်"

နောက်ထပ်ဘာမှမပြောတော့ဘဲ လီဟော်ရန် ဓားကိုမြှောက်၍ သူ့လက်တစ်ဘက်ကို ဖြတ်ချလိုက်သည်။ အားလုံးတုန်လှုပ်သွားကြသည်။ သူစိတ်လွတ်ရူးသွပ်သွားပြီဟု ထင်မိကြသည်။

ထို့နောက် အံ့ဩစရာကောင်းသည့်မြင်ကွင်းပေါ်လာသည်။ ပြတ်သည့်ဒဏ်ရာမှ အသားများတွန့်လိမ်လှုပ်ရှားလာသည်။ မျက်တောင်တစ်ခတ်အတွင်း ပြတ်သွားသည့်လက် ပြန်ပေါက်လာသည်။

"အသစ်ပြန်ပေါက်တယ်ပေါ့"

မုန်ကျင်းကျိုး တအံ့တဩရေရွတ်လိုက်သည်။ စွမ်းရည်ကို သဘောပေါက်လာသည်။ ထိုအရာသည် ကုန်းကုန်းများ စိတ်ကူးယဉ်ကြသည့် အံ့ဖွယ်စွမ်းအားမျိုးဖြစ်သည်။

လုယန် "..."

ပြန်မွေးဖွားရွှေသန္ဓေဆိုတာ ဒါလား။

သို့သော် သေချာတွေးကြည့်လျှင် အသစ်ပြန်ပေါက်နိုင်သည့်စွမ်းရည်သည် တိုက်ပွဲတွင် အလွန်အသုံးဝင်သည်။ လီဟော်ရန်၏ဟန်ပန်အရ လက်တစ်ဘက်ပြန်ပေါက်ဖို့ သိပ်အားစိုက်ရပုံမပေါ်။

မုန်ကျင်းကျိုး၏ တစ်ကိုယ်တော်အမွှာရွှေသန္ေ၊ အရိုးရိုင်း၏ဘိုးဘေးဝိညာဉ်ရွှေသန္ဓေတို့နှင့် ယှဉ်ကြည့်လျှင် လီဟော်ရန်၏ ပြန်မွေးဖွားရွှေသန္ဓေသည် ဤလူစုတွင် သာမန်အဆန်ဆုံးဖြစ်သည်။

"ခြေလက်တွေပဲ ပြန်ပေါက်နိုင်တာမဟုတ်ဘူး။ နှလုံး၊ သွေး၊ ပြီးတော့ ဦးခေါင်းတွေ အားလုံးကို ကျုပ်ပြန်ပေါက်အောင် လုပ်နိုင်တယ်"

လီဟော်ရန် ဝင့်ကြွားသည့်လေသံဖြင့် ရှင်းပြသည်။ မြေပေါ်ပြတ်ကျသွားသည့်လက်က တွန့်လိမ်နေဆဲဖြစ်သည်။

"ဒါနဲ့...မင်းဘာလို ရုတ်တရက်ကြီး ရွှေသန္ဓေတည်ဆောက်ချင်စိတ်ပေါက်လာတာလဲ။ ဉာဏ်အလင်းရတာမျိုးလား"

သန္ဓေမတည်ဆောက်မီကအဖြစ်ကို မုန်ကျင်းကျိုး ပြန်စဉ်းစားသည်။ သို့သော် ထူးခြားဖြစ်စဉ်ဟူ၍ ရုံးတော်မှဆင့်ခေါ်ထားသည့် အပျက်အစီးရှင်းလင်းရေးသမားများသာရှိသည်ဟု ယူဆသည်။

"မင်းက နောင်တစ်ချိန် ရှင်းလင်းရေးသမား လုပ်ချင်တာလား"

လီဟော်ရန် မျက်လုံးစွေကြည့်သည်။ ဘယ်လိုပြန်ဖြေရမှန်းမသိ။

"မဟုတ်ပါဘူး။ မြေဓာတ် သစ်သားဓာတ် မှော်ပညာတွေတောင် ကျုပ်မသိဘူး။ ချင်ဟော်ရန်ရဲ့ နောက်ထပ်မှတ်ဉာဏ်အစိတ်အပိုင်းတစ်ခု ရလိုက်လို့ပါ။ အဲဒါတွေကို ရွှေသန္ဓေတည်ဆောက်ဖို့ သုံးလို့ရနိုင်တယ်ဆိုတာ ငါနားလည်သွားတယ်။ အဲဒါကနေ ဉာဏ်အလင်းပွင့်လာတာပါ"

မုန်ကျင်းကျိုး ပို၍စိတ်ဝင်စားလာသည်။

"မှတ်ဉာဏ်ထဲမှာ မင်းဘာမြင်ခဲ့လို့လဲ"

လီဟော်ရန် အတော်ကြာအောင် အသံတိတ်သွားပြီးနောက် ဖြေးညှင်းစွာပြောသည်။

"သူက ခြေလက်ပြန်ပေါက်နိုင်တဲ့စွမ်းရည်ကိုသုံးပြီး သွေးရောင်းခဲ့တာ"

လုယန်နှင့်မုန်ကျင်းကျိုးတို့ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

ထိုလူ တကယ်ကြမ်းလှသည်။

ဖီးနစ်သွေးလောက် တန်ဖိုးမကြီးသော်လည်း စုစည်းခြင်းအဆင့်တစ်ယောက်၏သွေးသည် ဈေးမနိမ့်လှ။

"ချင်ဟော်ရန်က အကြိမ်ကြိမ်သွေးရောင်းခဲ့လို့ အသစ်ပြန်ဖန်တီးတဲ့စွမ်းရည်ကို အတော်လေးကျွမ်းကျင်လာတယ်။ ဒီမှတ်ဉာဏ်ကို ကျုပ်ရခဲ့တယ်။ ဒီစွမ်းရည်ဟာ အတော်အသုံးဝင်တယ်လို့ တွေးမိတယ်။ ဒါကြောင့် ဒီအမြင်ကိုသုံးပြီး ရွှေသန္ဓေဖန်တီးခဲ့တာ"

"ချင်ဟော်ရန်က ကိုးငရဲဂိုဏ်းကို ဒီလောက်စိတ်ရောကိုယ်ပါ မြှုပ်နှံထားမယ်လို့ ငါထင်မထားဘူး။

သွေးရောင်းတဲ့အထိတောင် လုပ်ခဲ့တယ်ပေါ့"

ကျိုးရှင်းက မုတ်ဆိပ်ကိုသပ်လျက် လေးစားမှုအပြည့်ဖြင်ပြောသည်။

လုရန်သူ့ကို တစ်ချက်လှမ်းကြည့်၍တွေးသည်။

'ကိုးငရဲဂိုဏ်း ဒီလိုမွဲပြာကျအောင်လုပ်ခဲ့တာ ခင်ဗျားတို့ပဲမဟုတ်လား"

လီဟော်ရန်အမူအရာက ပို၍ထူးဆန်းလာသည်။

"သူသွေးရောင်းတာက ဂိုဏ်းချုပ်မဖြစ်ခင်ကပါ"

"ဟုတ်လား၊ ဒါဆို သူဘာလို့သွေးရောင်းခဲ့တာလဲ"

"ဆောင်ကြာမြိုင်သွားဖို့ ငွေရှာတာ"

"စုစည်းခြင်းအဆင့်တစ်ယောက်က ဆောင်ကြာမြိုင်သွားဖို့တောင် ငွေမရှိဘူးပေါ့"

"သွားတဲ့အကြိမ်ရေ များလွန်းလို့လေ"

***********************************

All Chapters