တရားဝင်တည်ထောင်ခြင်း
Vol. 23 Ch. 336
"ဟုတ်ပါတယ်။ အကြမ်းဖျင်းအစီအစဉ်တစ်ခု ရှိပါတယ်"
ထို့သို့စီစဉ်ရသည့် အကြောင်းရင်းကို လုယန်စရှင်းပြသည်။
"စဉ်းစားကြည့်ပါ အကိုတိုင်။ ကောင်းကင်ရုံးတော်ဂိုဏ်းမှာ ရှေးဟောင်းခေတ်ပါရမီရှင်တွေအဖြစ် ကျုပ်နဲ့မုန်ကျင်းကျိုးပဲရှိတယ်ဆိုရင် အဓိပ္ပါယ်မရှိဘူးလေ။ ကျုပ်တို့စွမ်းအားကို ကိုးငရဲဂိုဏ်းယုံကြည်အောင်လုပ်ဖို့ မလွယ်ဘူး။
အကြီးအကဲကျိုးရှင်းကို ထည့်ထားရင်တောင် ကျုပ်တို့ဂိုဏ်းမှာ စုစည်းခြင်းအဆင့်တစ်ယောက်ပဲရှိတာ။ မလုံလောက်ဘူး။
နောက်ဆုံးပြောရရင် ကောင်းကင်ရုံးတော်ဂိုဏ်းကို ထောက်ပံ့ပေးဖို့ အဆင်မြင့်ကျင့်ကြံသူနည်းနည်းလိုတယ်။ အပြင်လောကမှာ ကျုပ်အဆက်အသွယ်တွေ များများစားစားမရှိဘူး။ ဒါကြောင့် ပြန်စဉ်းကြည့်တော့ ကျုပ်တို့ဂိုဏ်းက အကြီးအကဲတွေကိုရွေးချယ်ရင် အသင့်တော်ဆုံးပဲဆိုတာ နားလည်လာတယ်"
မုန်ကျင်းကျိုးက ထပ်ပြောသည်။
"ပြီးတော့ ဘယ်ဟာမဆို လုပ်တာများလေ ကျွမ်းကျင်လေပါ။ လှည့်စားတဲ့အလုပ်မှာ အတွေ့အကြုံက အဓိကပဲ။ အကြီးအကဲတွေက ကိုးငရဲဂိုဏ်းကို တစ်ခါလှည့်စားဖူးပြီးပြီ။ နောက်တစ်ကြိမ်လှည့်စားဖို့ သိပ်မခက်လောက်ဘူး"
တိုင်ပုဖန် ခဏငြိမ်ကျသွားသည်။ ဘာပြောရမှန်းမသိတော့။ လုယန်နှင့်မုန်ကျင်းကျိုးတို့စကား အတော်ယုတ္တိကျသည်ဟု ခံစားနေရသောကြောင့်ဖြစ်သည်။
ကိုးငရဲဂိုဏ်းသည် အရူးမဟုတ်။ သရုပ်ဆောင်များက အမြဲတမ်း ထိုလူချည်း ဖြစ်နေ၍မရ။ အပြောင်းအလဲလေး လုပ်ပေးဖို့လိုသည်။
"ဒါဆိုလည်း ကောင်းပြီလေ။ အကြီးအကဲတွေကို မင်းတို့ပြောကြည့်ပါ။ သူတို့သဘောတူရင် ငါဘာမှကန့်ကွက်စရာမရှိပါဘူး"
တိုင်ပုဖန်သည် မဟာအကြီးအကဲကိုယ်စား မစ်ရှင်ခန်းမကို ယာယီစီမံအုပ်ချုပ်နေခြင်းဖြစ်သည်။ နောက်ဆုံးပြောရလျှင် သူသည် ဂိုဏ်းတပည့်တစ်ယောက်သာဖြစ်သည်။ အကြီးအကဲများအတွက် ဆုံးဖြတ်ပေး၍မရ။
သို့သော် ထိုစိတ်ကူးကို အကြီးအကဲများ အတော်သဘောကျမည်ဟု သူထင်သည်။
မည်သို့ဆိုစေ ဤအစီအစဉ်သည် ကိုးငရဲဂိုဏ်းကို ဒုတိယအကြိမ် ပူးပေါင်းလှည့်စားဖို့ သူတို့အတွက် ရှားပါးအခွင့်အရေးဖြစ်သည်။
တစ်ချိန်က တာအိုလမ်းစဉ်ဂိုဏ်း၏ အကြီးအကဲကိုးယောက် အတူတကွလှုပ်ရှားခဲ့သည်ကို တိုင်ပုဖန်သိသည်။ သူတို့အကြံအစည်ကြောင့် ကိုးငရဲဂိုဏ်း ဒေဝါလီခံရလုနီးပါး ဖြစ်ခဲ့သည်။
လွန်ခဲ့သည့်နှစ်ကိုးရာက အကြီးအကဲများ၏ အစီအစဉ်သည် ကိုးငရဲဂိုဏ်းတွင် အတွင်းပိုင်းပဋိပက္ခများဖြစ်ပြီး ပြိုလဲသွားအောင် ဂိုဏ်းရန်ပုံငွေအားလုံးကို ညှစ်ထုတ်ယူဖို့ဖြစ်သည်။
ကိုးငရဲဂိုဏ်း ထိုမျှဒူပေနာပေခံနိုင်ရည်ရှိမည်ဟု ဘယ်သူတွေးမိခဲ့မည်နည်း။ သူတို့ငွေများ ပြောင်သခင်းခါသွားသည့်တိုင် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။
........
ကောင်းကင်ဂိတ်တောင်ထိပ် စည်းဝေးခန်းတွင် အကြီးအကဲရှစ်ယောက်က လီဟော်ရန်ဘေးပတ်လည်တွင် ဝိုင်းအုံနေကြသည်။ သူ့ကို ရှားပါးမျိုးစိတ်တစ်ခုလို လေ့လာအကဲခတ်နေကြသည်။
လီဟော်ရန်သည် ကိုးငရဲဂိုဏ်းချုပ်လူဝင်စားဖြစ်ကြောင်း သူတို့သိကြပြီးဖြစ်သည်။
"လူဝင်စားတဲ့ဖြစ်ရပ် တကယ်ရှိမယ်လို့ ဘယ်သူထင်ထားမှာလဲ။ ပြီးတော့ အဲဒါကလည်း ငါတို့တာအိုလမ်းစဉ်ဂိုဏ်းထဲမှာ ဖြစ်လာတယ်။ စိတ်ဝင်စားစရာ အတော်ကောင်းတာပဲ"
"ဟုတ်တယ်။ ဒါပေမယ့်လည်း ငါတို့တာအိုလမ်းစဉ်ဂိုဏ်းက ထူးချွန်သူတွေ စုနေတဲ့တော်ဝင်မြေလေ။ ဒီလိုကိစ္စမျိုး ဒီမှာဖြစ်တာ သိပ်မဆန်းလှပါဘူး"
"ငါတို့ဂိုဏ်းတည်ဘိုးဘေးက ဒီနေရာကိုရွေးချယ်ခဲ့တာ တကယ်မှန်တယ်လို့ ပြောသားပဲ။ ငါတို့တာအိုလမ်းစဉ်ဂိုဏ်းရဲ့ဖုန်းရွှေဟာ တစ်ခြားမသေမျိုးလေးဂိုဏ်းထက် အများကြီးပိုကောင်းတယ်။ ဖုန်ရွှေပညာကို ငါကျယ်ကျယ်ပြန့်ပြန့်လေ့လာပြီးပြီ"
"စလာပြန်ပြီလား အကိုကြီး။ အကိုကြီးလေ့လာတဲ့ ဖုန်းရွှေက ဂူသင်္ချိုင်းနေရာရွေးတာနဲ့ပဲ အဓိကသက်ဆိုင်တာပါ။ ကျုပ်သတင်းကြားပါသေးတယ်။ အကိုခေါင်းတလားထဲမှာ အိပ်ပျော်နေတုန်း ဂူဖောက်သူခိုးအုပ်စုနဲ့တိုးခဲ့တယ်ဆို။ သူတို့က အကိုးကို အသက်ပြန်ရှင်လာတဲ့အလောင်းလို့ထင်ပြီး သေမတတ်ကြောက်သွားကြတယ်တဲ့"
"မင်းစကားကို ငါမှန်အောင်ပြင်ပေးမယ်။ အဲဒါ လဲလျောင်းရင်းစောင့်တယ်လို့ ခေါ်တယ်ကွ"
"သူ့ခြေလက်ပြန်ပေါက်နိုင်တဲ့စွမ်းရည်က ပြည့်စုံတယ်။ သူ့ရွှေသန္ဓေကလည်း ချောမွေ့ပြီး အပြစ်ကင်းတယ်။ ဒါက ချို့ယွင်းချက်မရှိတဲ့ ပထမအဆင့်ရွှေသန္ဓေပဲ။ ချင်ဟော်ရန်မသေခင် ပြန်လည်မွေးဖွားဖို့ အရန်အစီအစဉ်သဘောနဲ့ ချန်ထားခဲ့တာတော့ မဟုတ်လောက်ဘူး"
"ငါလည်း ဘာပြဿနာမှမရှိဘူးလို့ပဲ ထင်ပါတယ်။ ဒါနဲ့ ငါ့တူလီ၊ ချင်ဟော်ရန်ဘယ်လိုရွှေသန္ဓေမျိုး တည်ဆောက်ခဲ့လဲဆိုတာ မင်းသိလား။ မင်းရွှေသန္ဓေက သူ့သန္ဓေနဲ့ ဆက်စပ်နေနိုင်တယ်။ သူက မင်းကိုတဖြေးဖြေးလွှမ်းမိုးပြီး အပိုင်စီးလာနိုင်တယ်"
လီဟော်ရန် သေချာစဉ်းစားပြီး ပြန်ဖြေသည်။
"သူ့ရွှေသန္ဓေကို ဘယ်လိုခေါ်လဲတော့မသိဘူး။ ကျွန်တော်မှတ်ဉာဏ်မှာမြင်ရတာက ဝိုးတိုးဝါးတားပဲ။ ဝိညာဉ်ဆင့်ခေါ်မှော်အလံတစ်ခုကိုင်ထားပြီး သူ့ရွှေသန္ဓေကို ဆင့်ခေါ်တယ်။ သရဲငိုသံတွေ သားရဲအော်သံတွေကြားရတယ်။ ကြည့်ရတဲ့မြင်ကွင်းက တကယ်ခမ်းနားတယ်။ သရဲတစ်ရာဆင့်ခေါ်နေတဲ့ ဘုရင်တစ်ပါးလိုပဲ"
အတွေ့အကြုံကျယ်ပြန့်သည့် အကြီးအကဲရှစ်ယောက် ထိုရွှေသန္ဓေအမျိုးအစားကို ချက်ချင်းသိကြသည်။
"ဒါဆိုရင်တော့ 'သရဲငိုဝံပုလွေအူသန္ဓေဖြစ်မယ်ထင်တယ်။ ဒါက လူတွေကိုခြောက်ခြားစေနိုင်တဲ့ မြင်ကွင်းမျိုးဖန်တီးနိုင်သလို အသံလှိုင်းတိုက်ခိုက်မှုလည်းလုပ်လို့ရတယ်။ လူအင်အားနည်းနေတဲ့အချိန် အထင်ကြီးလောက်တဲ့အင်အားမျိုးပြဖို့လည်း သုံးနိုင်တယ်။ လုပ်နိုင်တာတွေ အတော်များများရှိပါတယ်"
လီဟော်ရန် စိတ်ဝင်စားသွားသည်။
"အဲဒီ့ရွှေသန္ဓေက ဘာအဆင့်လဲ"
"ဒုတိယအဆင့်"
ချင်ဟော်ရန်ရဲ့ရွှေသန္ဓေနဲ့ ရှောင်လီရဲ့ရွှေသန္ဓေ ဆင်တူတာဘာမှမရှိဘူး။ သူ့ရွှေသန္ဓေ အဆင်ပြေလောက်ပါတယ်။"
"တူမယွမ်ကျိ၊ မင်းရော မူမမှန်တာတစ်ခုခုတွေ့လား"
ယခုထိ ဘာမှမပြောသေးသည့်ယွမ်ကျိက ညင်သာစွာခေါင်းယမ်းသည်။
"မတွေ့ပါဘူး"
"ဒါဆိုရင် ပြဿနာမရှိတော့ပါဘူး"
အကြီးအကဲများ ဆုံးဖြတ်လိုက်ကြသည်။
အားလုံး လူစုခွဲရန်ပြင်နေချိန်တွင် လုယန်နှင့် မုန်ကျင်းကျိုးတို့ဝင်လာသည်။
စည်းဝေးခန်းထဲတင်လိုက်သည်နှင့် သူတို့နှစ်ယောက် အသက်ရှူကြပ်စေသည့် ဖိအားတစ်ခု ခံစားလိုက်ရသည်။ ခြောက်ပြစ်ကင်းမသေမျိုးခန္ဓာပိုင်ရှင် ဆဋ္ဌမအကြီးအကဲ ရှိနေသောကြောင့်ဖြစ်သည်။ အခန်းထဲမှလူအားလုံး သိစိတ်အာရုံဖြင့် ပြောဆိုဆက်သွယ်နေသည်။
"လုယန်၊ မုန်ကျင်းကျိုး၊ မင်းတို့ တစ်ခုခုဆွေးနွေးစရာရှိလို့လား"
ကျိုးရှင်းက မေးသည်။
လုယန် သိစိတ်အာရုံသုံး၍ ရှင်းပြသည်။
"ဒီလိုပါ၊ ကိုးငရဲဂိုဏ်းကိုလှည့်စားဖို့ ကောင်းကင်ရုံးတော်ဂိုဏ်းကို သီးခြားတည်ထောင်ထားပါတယ်...."
အခြေအနေကို လုယန် အကျဉ်းချုပ်ပြောပြသည်။ မုန်ကျင်းကျိုးက ရံဖန်ရံခန် အသေးစိတ်အချက်များကို ဖြည့်စွက်ပြောသည်။
"အခြေအနေက ဒီလိုရှိနေပါတယ်။ ကျုပ်တို့မှာ လောလောဆယ် လူအင်အားမလုံလောက်သေးလို့ အကြီးအကဲတို့ကို ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ ကာကွယ်သူတွေအဖြစ် ဟန်ဆောင်ဖို့ လာတောင်းဆိုတာပါ"
ငြိမ်သွားသည်။ အတော်ကြာအောင် ငြိမ်ကျသွားသည်။
အကြီးအကဲများ သဘောမတူလောက်ဟု လုယန်တွေးနေစဉ်မှာပင် သိစိတ်အာရုံအသံလှိုင်းများ ရုတ်တရက် ပလူပျံသွားသည်။
"ဒီလိုပျော်စရာကောင်းတဲ့ကိစ္စမျိုးရှိရင် မင်းတို့ငါ့ကို စောစောစီးစီးကြိုပြောသင့်တာပေါ့။ ညီငါးအစား ငါလုပ်ပေးမှာပေါ့"
"လီဟော်ရန်က ငါ့တပည့်လေ။ ငါသွားရမယ်တာဝန်ရှိတယ်"
"တူမောင်လု၊ မင်းစိတ်ကူးတွေက တကယ်ကောင်းတာပဲ။ ငါဘာလို့အရင်က အဲလိုမတွေးခဲ့မိလဲမသိဘူး"
"ကောင်းကင်ရုံးတော်ကာကွယ်သူတဲ့။ ဒါက တာအိုလမ်းစဉ်ဂိုဏ်းအကြီးအကဲဆိုတာထက် အများကြီးပိုခံ့ညားတယ်"
"ငါလည်းပါမယ် ငါလည်းပါမယ်။ ကိုးငရဲဂိုဏ်းကိုလှည့်စားတဲ့ကိစ္စ ငါကျွမ်းကျင်တယ်"
"နတ်ဆိုးတွေကို ရှင်းလင်းရမှာ ငါတို့တာဝန်ပဲလေ"
"ပြီးခဲ့တဲ့တစ်ခေါက် ထာဝရဂိုဏ်းနဲ့ ရင်ဆိုင်တုန်းက ငါလွတ်သွားတယ်။ ဒီကိုးငရဲဂိုဏ်းနဲ့ရင်ဆိုင်မယ့် အခွင့်အရေးကိုတော့ လက်လွတ်မခံနိုင်ဘူး"
အကြီးအကဲများက လုယန်ထင်ထားသည်ထက်ပင် ပို၍စိတ်အားထက်သန်နေကြသည်။ သေမျိုးလောကတွင် ပြဿနာမျိုးစုံဖြစ်အောင် ဂြိုလ်မွှေခဲ့သည့် သူတို့ငယ်ဘဝကို ပြန်သတိရနေကြဟန်တူသည်။
"ငါက ဂူသင်္ချိုင်းတွေနဲ့ နှစ်တွေအကြာကြီးလက်ပွန်းတတီးနေခဲ့တာဆိုတော့ ငါ့နာမည်ကို မြေအောက်ကောင်းကင်ဘုရင်လို့ခေါ်မယ်"
"ငါက ဆေးစိုက်ခင်းကို စောင့်ရှောက်ရတယ်။ ဝိညာဉ်ပင်တွေအကြောင်း အများကြီးသိတယ်။ ငါ့နာမည်ကို ဆေးပင်တစ်ရာကောင်းကင်ဘုရင်လို့ခေါ်ရင် ဘယ်လိုနေမလဲ"
"ငါက ခန္ဓာကိုယ်သန့်စင်တာ ကျွမ်းကျင်တယ်။ ဗုဒ္ဓနိုင်ငံက ဝါဇရခန္ဓာကိုယ်ကျင့်ကြံထားတဲ့ ဘုန်းကြီးတွေတောင် ငါ့ကိုမယှဉ်နိုင်ဘူး။ ဒီတော့ငါက သံမဏိကောင်းကင်ဘုရင်ပေါ့"
"ငါက စာပေကျင့်ကြံသူဆိုတော မဟာပညာကျော်ကောင်းကင်ဘုရင်ဆိုတဲ့ နာမည်ကိုယူမယ်"
"ငါ့တူရှောင်လုက ငါ့ကို ရတနာများရှင်ကောင်းကင်ဘုရင်လို့ နာမည်ပေးထားတယ်"
"စဉ်းစားကြည့်မယ်။ ကျွန်မက ခြောက်ပြစ်ကင်းမသေမျိုးခန္ဓာပိုင်ဆိုင်တယ်။ ဒီတော့ ဖြူစင်မှုကောင်းကင်ဘုရင်...ဒါမှမဟုတ် သန့်ရှင်းမှုကောင်းကင်ဘုရင်ပေါ့...မဟုတ်ဘူး...ခြောက်ပြစ်ကင်းကောင်းကင်ဘုရင်ဆိုတာပဲသုံးမယ်။ ဒါပေမယ့် သန့်ရှင်းမှုကောင်းကင်ဘုရင်လည်း မဆိုးပါဘူးလေ"
"ငါက ဆေးပညာမှာအတော်ဆုံးပဲ။ ဆေးပညာမှာ မီးကိုထိန်းချုပ်နိုင်စွမ်းက အရေးပါတယ်။ ဒီတော့ ငါက ရွှေမီးတောက်ကောင်းကင်ဘုရင်ပေါ့"
"ပြီးခဲ့တဲ့တစ်ခေါက် ကိုးငရဲဂိုဏ်းကို ပထမဆုံးလှည့်စားခဲ့တဲ့လူက ငါပဲ။ အခုငါနောက်တစ်ကြိမ် လှည့်စားရပြန်တော့မယ်။ ဒါက ရေစက်ပဲထင်ပါတယ်။ ဒီတော့ ငါ့နာမည် မူလကောင်းကင်ဘုရင်ပေါ့"
"ညီကိုး ဒီမှာမရှိတာ ဆိုတးာပဲ"
"သူကအခု တရားရေးဝန်ကြီးနဲ့အတူ ထောင်ကျနေတယ်။ အချိန်မီ ပြန်မလာနိုင်လောက်ဘူးထင်တယ်"
"ညီကိုးကို ဘယ်လိုနာမည်ပေးကြမယ်။ ဓားသူရဲကောင်းကင်ဘုရင်လို့ခေါ်ကြမလား"
"ဓားသူရဲကောင်းကင်ဘုရင်တဲ့လား။ ဟာသပဲ။ အရင်တုန်းက သူငါတို့ချမ်းသာအောင် ဘယ်လိုကူညီခဲ့လဲဆိုတာ မမေ့နဲ့လေ။ သူ့ကို ဓနရှင်ကောင်းကောင်ဘုရင်လို့ ခေါ်သင့်တာပေါ့"
"ညီကိုးက အမြဲတမ်း ထောင်ထဲမှာပဲ အချိန်ကုန်တာ။ သူ့ကို အကျဉ်းထောင်ကောင်းကင်ဘုရင်လို့ခေါ်ရင် မကောင်းဘူးလား"
"ကောင်းကင်ရုံးတော်ဂိုဏ်းနဲ့ တကယ်လိုက်ဖက်မယ့်နာမည်မျိုးကို စဉ်းစားရမယ်လေ"
"ဓားတစ်သောင်းကောင်းကင်ဘုရင်ဆိုရင်ရော ဘယ်လိုလဲ"
"ဒါလည်း သိပ်တော့မဟုတ်သေးဘူး"
အကြီးအကဲများ ဘွဲ့နာမည်အတွက် စိတ်အားထက်သန်စွာ ဆွေးနွေးသည်။ အသံများဆူညံနေသည်။ ကိုယ့်ဘွဲ့နာမည်ကိုယ် သတ်မှတ်ပြီးနောက် တာအိုရှင်ဝစီပိတ်၏ ဘွဲ့နာမည်ကို စတင်စဉ်းစားကြသည်။
သူတို့ဆွေးနွေးနေသည်ကို ယွမ်ကျိက ငြိမ်သက်စွာ အကဲခတ်နေသည်။ မျက်မှောင်အနည်းငယ်ကျုံ့နေသည်။ အရေးကြီးသည့် ဆုံးဖြတ်ချက်တစ်ခုချရန် စဉ်းစားနေပုံမျိုးဖြစ်သည်။
"အမယွမ်၊ ကောင်းကင်ရုံးတော်ဂိုဏ်းကို ဝင်သင့်မဝင်သင့် စဉ်းစားနေတာလား"
ယွမ်ကျိ တီးတိုးမေးလိုက်သည်။
ဂိုဏ်းချုပ်နေရာက အရေးကြီးသည်။
ယွမ်ကျိ မော့ကြည့်သည်။ သူ့မျက်လုံးများက နည်းနည်းအရောင်တောက်နေသည်။
"မဟုတ်ဘူး။ ငါတို့ဆရာကို ဘယ်လိုနာမည်ပေးသင့်လဲ စဉ်းစားနေတာ။ သူက စကားအရမ်းများတဲ့လူဆိုတော့....
လေအိုးကောင်းကင်ဘုရင်ဆိုရင် ဘယ်လိုနေမလဲ"
**********************************