လုပ်ငန်းတွဲဖက်
Vol. 23 Ch. 337
သူ့ဆရာသည် အတော်နာမည်ကြီးသည်ဟု လုယန်တွေးမိသည်။ ထောင်ကျနေချိန်မှာပင် သူ့အတွက်ဂရုစိုက်ပေးသူ အတော်များများရှိသည်။
အကိုခုနစ်ယောက်၊ အမတစ်ယောက်နှင့် ချစ်လှစွာသော သူ့ပထမတပည့်။
မိနစ်အနည်းငယ်အတွင်း သူ့ဆရာ ကောင်းကင်ဘုရင်အဖြစ် ဘွဲ့နာမည်သစ်များစွာ ရခဲ့သည်။ ဤသတင်းကို သူ့ဆရာဆီ လုယန် အပြေးသွားပြောလိုက်ချင်သည်။
သူ့ဆရာ ပျော်လွန်းသဖြင့် သူ့အကိုအမများကို ကိုယ်တိုင်ကျေးဇူးတင်စကားပြောဖို့ ထောင်ဖောက်ထွက်ပြေးလာမည်ထင်သည်။
"ကျုပ်ဆရာရဲ့ ဘွဲ့နာမည်ကို သူ့ဘာသာဆုံးဖြတ်သင့်တယ်လိုထင်ပါတယ်။ အမယွမ်၊ ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နေရာကို ယူပေးနိုင်မလား"
လုယန် မေးလိုက်သည်။
ယွမ်ကျိခဏစဉ်းစားပြီး လုယန်ကို အလေးအနက်စိုက်ကြည့်၍ မေးသည်။
"ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ အကြီးအမှူးခေါင်းဆောင်က ပဲဝါမသေမျိုးလို့ မင်းပြောခဲ့တယ်မဟုတ်လား။ အဲဒီ့စီနီယာက တကယ်အကြီးအမှူးခေါင်းဆောင်လား"
သိစိတ်နယ်မြေတွင် ထာဝရနတ်မယ်က လက်နှစ်ဘက်တင်ပါးပေါ်တင်၍ ယုံကြည်ချက်အပြည့်ဖြင့် ရပ်နေသည်။ အကြီးအကဲများရှိနေသဖြင့် သူကိုယ်ယောင်ပြ၍မရ။ ထို့ကြောင့် ယွမ်ကျိနှင့် သိစိတ်အာရုံမှ ဆက်သွယ်သည်။
"အင်း ဟုတ်တယ်လေ။ ငါကောင်းကင်ရုံးတော်အုပ်ချုပ်ူလို့ ဘယ်သူတွေးမိမှာလဲ။ ငါက ရှေးဟောင်းမသေမျိုးငါးယောက်ရဲ့ ခေါင်းဆောင်ပဲလေ။ ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ ခေါင်းဆောင်နေရာဟာ ငါနဲ့အသင့်တော်ဆုံးပဲမဟုတ်လား"
"ရှင်ကျွန်မကို ယွမ်မသေမျိုးအရှင်လို့ နာမည်ပေးပြီး ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ခေါင်းဆောင် လုပ်ခိုင်းမယ်ထင်ခဲ့တာ"
ထာဝရနတ်မယ် အတော်ကြောက်သွားသည်။ အသံလုံးဝမထွက်ရဲတော့။
ယွမ်ကျိသည် ယုံကြည်အားကိုးထိုက်သူဖြစ်၍ အစက လုယန် ထိုသို့နေရာပေးဖို့ စီစဉ်ခဲ့ပါသည်။ သို့သော် နတ်မယ်က အတင်းဖျောင်းဖျသဖြင့် နေရာလဲပေးလိုက်ရသည်။
ထိုကိစ္စ ယွမ်ကျိရှေ့တွင် လုံးဝထုတ်ပြော၍မဖြစ်။
"ဟုတ်ပါပြီလေ၊ ဒါဆိုလည်း ဂိုဏ်းချုပ်ပေါ့"
ယွမ်ကျိ လိုလိုလားလားလက်ခံလိုက်သည်။
လုယန် ပျော်သွားသည်။ သူ့လိုဂိုဏ်းချုပ်ရှိနေခြင်းသည် ကောင်းကင်ရုံးတော်ဂိုဏ်းခေါင်းဆောင်ထက် ပို၍အားကိုးရသည်။
ကောင်းကင်ရုံးတော်ဂိုဏ်း၏ ခေါင်းဆောင်၊ ဂိုဏ်းချုပ်၊ ကာကွယ်သူကိုးယော်။ လုယန်အားကိုးအားထားစရာများစွာရလာသလို ခံစားရသည်။
စည်းဝေးခန်းထဲမှ ထွက်သွားပြီးနောက် အကြီးအကဲများ တာအိုရှင်ဝစီပိတ်နှင့်သင်တော်မည့် ဘွဲ့နာမည်ကိစ္စ ဆက်၍ဆွေးနွေးတိုင်ပင်ကြသည်။
"အရင်က လိုသလိုချုံ့ချဲမှော်ပညာကို ညီကိုးအဆင့်မြှင့်ခဲ့တယ်။ ဈေးကွက်မှာ ရောင်းအကောင်းဆုံးကျင့်ပညာဖြစ်လာတယ်။ သူ့ကို ကြီးထွားခြင်းကောင်းကင်ဘုရင်လို့ ခေါ်ရင်ဘယ်လိုလဲ"
"ဒီနာမည်ကောင်းသားပဲ။ ငါထောက်ခံတယ်"
"ငါလည်းထောက်ခံတယ်"
တစ်ချိန်က ကိုးငရဲဂိုဏ်းကို လှည့်စားဖို့သုံးခဲ့သည် မဟာအကြံအစည်အကြောင်း အဋ္ဌမအကြီးအကဲ ပြန်သတိရလာသည်။
"ကိုးငရဲဂိုဏ်း အဲလောက်ချမ်းသာမယ်လို့ ဘယ်သူထင်ခဲ့မှာလဲ။ အဲဒီတုန်းက သူတို့ရဲ့ပိုင်ဆိုင်မှုကိုမြင်တော့ ငါအံ့အားသင့်သွားတယ်။
"ဟုတ်တယ်။ အဲဒီ့ငွေနဲ့ ငါ့ရဲမှော်ပစ္စည်းအားလုံးကို ထိပ်ဆုံးအဆင့်ထိ မြှင့်ခဲ့တယ်။ အဲဒါတွေကို ဒီနေ့အထိ ငါသုံးနေတုန်းပဲ"
"အဲဒီတုန်းက ငါကအရမ်းချမ်းသာတော့ လေလံပွဲတွေမှာ လေလံပိတ်ပစ္စည်းကိုပဲကြည့်တယ်။ တစ်ခါက လေလံရုံက အတည်မပြုနိင်တဲ့ ပစ္စည်းတစ်ခုကိုတောင် ငါဝယ်ခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒါက ရတနာတိုက်ဆီငါ့ကိုလမ်းပြတဲ့ မြေပုံဖြစ်နေတယ်"
"ငါတို့အားလုံး ဝိညာဉ်ကျောက်ပမာဏအတူတူရတာကို မင်းကဘာလို့ ပိုသုံးဖြုန်းနိုင်တာလဲဆိုပြီး ငါစဉ်းစားနေခဲ့တာ။ လက်စသပ်တော့ မင်းက မထင်မှတ်ပဲ ကံကောင်းခဲ့တာကိုး"
"ကောင်းမှုကုသိုလ်များများလုပ်လေ။ မင်းလည်း ကံကောင်းလာမှာပေါ့"
ဆိုင်ခွဲများဖွင့်မည့်ကိစ္စ ထာဝရဂိုဏ်းထိပ်တန်းအကြီးအကဲများကို အသိမပေးရသေးကြောင်း လုယန် ရုတ်တရက်သတိရလာသည်။ ထို့ကြောင့် ယွမ်ကျိကို အကျိုးအကြောင်းပြောပြီး ဂိုဏ်း၏ဈေးလမ်းမှ အသားကင်ဆိုင်ဆီ ခြေဦးလှည့်ခဲ့သည်။
မရှိသင့်သည့်လူတစ်ယောက် အသားကင်ဆိုင်တွင် ရှိနေသည်ကို တွေ့လိုက်ရသည်။
ချင်ယန်ယန်။
အသားကင်စားနေသည်။
"အင်း..ဒီအရသာက ယန်ကျန်းကောင်တီမှာစားခဲ့တာလောက် မကောင်းပေမယ့် ဆိုးတော့မဆိုးပါဘူး"
သူတို့အသားကင်စွမ်းရည်ကို ထိုသို့စိန်ခေါ်မှုမျိုး သခင်လျိုနှင့်သခင်ကောင်းတို့ တစ်ခါမှမကြုံခဲ့ဖူး။ ချင်ယန်ယန်၏မှတ်ချက်ကြောင့် သူအပြည့်အဝစိတ်ကျေနပ်စေမည့် အသားကင်များ ဖန်တီးပေးရန် ဆုံးဖြတ်လိုက်ကြသည်။
"ဟေ့ တူမလေး၊ မင်းဘာလို့ဒီမှာဘာလုပ်နေတာလဲ"
ချင်ယန်ယန်က အကင်စားရင်း အဆီဝေ့နေသည့်ပါးစပ်ဖြင့် မော့ကြည့်လာသည်။ သူ့ကိုယ်သူ အတော်ကျေနပ်နေပုံရသည်။ အကင်ကို ကြိုးစားမျိုချပြိးနောက် ရှင်းပြသည်။
"ကျိုးလုလုဆိုတဲ့ အမတစ်ယောက်က ယန်ကျန်းမှာရှင်တို့ဖွင့်တဲ့ဆိုင်နဲ့ နာမည်တူအသားကင်ဆိုင်တစ်ခု ဈေးလမ်းမှာရှိတယ်လို့ ကျွန်မကိုပြောတယ်။ ဒါက ပင်မဆိုင်ဖြစ်မယ်ထင်လို့ အရသာလာမြည်းကြည့်တာ"
လုယန်ကိုမြင်သည်နှင့် သခင်လျိုနှင့်ကောင်းတို့ လေးလေးစားစားနှုတ်ဆက်ကြသည်။
"ဆိုင်ရှင်လု"
လုယန် လန့်သွားသည်။ သူဘယ်အချိန်က ဆိုင်ရှင်ဖြစ်သွားသည်မသိ။
သခင်လျိုနှင့်သခင်ကောင်းလည်း အကြောင်းရင်းကို နားမလည်ပါ။ သို့သော် ထာဝရအရှင်က သူ့ကိုဆက်ဆံသလို လုယန်ကိုလည်း လေးစားမှုအပြည့်ဖြင့် ဆက်ဆံရန် ညွှန်ကြားထားသည်။ မည်သို့ဆိုစေ လုယန်သည် ထာဝရမျိုးဆက်ဆွင် ဒုခေါင်းဆောင််ဖြစ်သည်။ ထာဝရအရှင်ထက်မြင့်သည့် ရာထူးကို ပိုင်ဆိုင်ထားသည်။
လုယန်က ဆွေးနွေးစရာရှိသဖြင့် သားသတ်ရုံတွင်အလုပ်လုပ်နေသည့် ထာဝရဂိုဏ်းချုပ်ကို သွားခေါ်ဖို့ သခင်လျိုကိုပြောသည်။
"သူတို့ကရှင့်ကို ဆိုင်ရှင်လို့ခေါ်တယ်။ ဒါရှင့်ဆိုင်လား။ ဒီလူတွေက ဘယ်သူတွေလဲ"
ချင်ယန်ယန် စိတ်ဝင်တစားမေးသည်။
"ငါ့ဆိုင်လို့ပြောလည်း ရပါတယ်။ ယန်ကျန်းကဆိုင်က ပင်မဆိုင်ပါ။ ဒါက ဆိုင်ခွဲနံပတ်တစ်ပါ။ မင်းအတွက် အသားကင်ပေးတဲ့ သခင်လျိုနဲ့သခင်ကောင်းက အရင်က ထာဝရဂိုဏ်းရဲ့ဒုဂိုဏ်းချုပ်တွေပဲ"
ချင်ယန်ယန် မင်သက်မိသွားသည်။ သူ့ကို အသားကင်ပေးသူများ ထိုမျှအဆင့်အတန်းမြင့်မည်ဟု ထင်မထား။ တာအိုလမ်းစဉ်ဂိုဏ်းတွင် ထာဝရဂိုဏ်း၏ဒုဂိုဏ်းချုပ်ဟောင်းနှစ်ယောက် အသားကင်နေသည်။
"ပြီးတော့ အခုရောက်လာမယ်လူက ထာဝရဲဂိုဏ်းချုပ်ဟောင်းပဲ။ သူက ငါတို့ဂိုဏ်းမှာ သားသတ်ရုံတစ်ခု ဖွင့်ထားတယ်။ အသားကင်ဆိုင်အတွက် အဓိကကုန်ကြမ်းထောက်ပံ့တဲ့လူပေါ့"
ချင်ယန်ယန် ပို၍ပင် အံ့အားသင့်သွားသည်။ ဒုဂိုဏ်းချုပ်နှင့်ဂိုဏ်းချုပ်။ တာအိုလမ်းစဉ်ဂိုဏ်းက ထာဝရဂိုဏ်းကို အပြည့်အဝလက်လွှဲယူပြီး အားလုံးကို အလုပ်လုပ်ခိုင်းထားသလားမသိ။
လုယန်ကို ထူးဆန်းသည့်အမူအရာဖြင့် သူကြည့်နေသည်။ ဘာကြောင့် ထာဝရဂိုဏ်း၏ ဒုဂိုဏ်းချုပ်နှင့်ဂိုဏ်းချုပ်က လုယန်ကို ယခုလိုလေးလေးစားစားဆက်ဆံနေသနည်း။ ဂိုဏ်းချုပ်ကိုဘာကြောင့် သူအလွယ်တကူ ဆင့်ခေါ်နိုင်သနည်း။
ထာဝရဂိုဏ်းပျက်စီးသွားသည်ဆိုသော်လည်း ထိပ်တန်းဂိုဏ်းဝင်များက ရွှေသန္ဓေအဆင့်လူငယ်တစ်ယောက်ကို ထိုမျှအောက်ကျို့နေသည်မှာ မူမမှန်။
လုယန်သည် ထာဝရဂိုဏ်းတွင် အလွန်အဆင့်မြင့်သည့်ရာထူးကို ရထားသလားမသိ။
အံ့ဩစရာကောင်းသည့် လျှို့ဝှက်အမှန်တရားတစ်ခုကို အမှတ်မထင်သိလိုက်ရသလို ချင်ယန်ယန်ခံစားရသည်။
လုယန်၏သတင်းရသည်နှင့် ထာဝရဂိုဏ်းချုပ် အပြေးရောက်လာသည်။ သူ့နာက်တွင် လုယန်ရှင်းနှီးနေသည့် သရဲမသုံးယောက်ပါလာသည်။
"ရှောင်ဝူ၊ ရှောင်လျို၊ ရှောင်ချီ။ မင်းတို့က ထင်းရှူးမြို့မှာ ရှိရမှာမဟုတ်ဘူးလား"
ရှောင်ချီက ရှေ့တက်လာပြီးရှင်းပြသည်။
"ကိုးငရဲဂိုဏ်းက သခင်လုအခြေအနေကို ကျွန်မတို့ဆီကနေတစ်ဆင့် စုံစမ်းမှာကို သခင်စစ်တိုင်ကစိုးရိမ်လို့ တာအိုလမ်းစဉ်ဂိုဏ်းမှာ ဂိုဏ်းချုပ်ရှဲ့နှင့်အတူနေဖို့ ခေါ်လာတာပါ"
လုယန် ခဏစဉ်းစားနေပြီးမှ 'သခင်စစ်တိုင်'သည် တိုင်ပုဖန်ကိုပြောခြင်းဖြစ်ကြောင်း နားလည်လာသည်။
တိုင်ပုဖန်သည် စုစည်းခြင်းအဆင့်ဖြစ်သည်။ 'သခင်စစ်'ဟုခေါ်ထိုက်သည့် ကျင့်စဉ်အဆင့်ဖြစ်သည်။
တိုင်ပုဖန်ကို လုယန် ထူးခြားသည့်လူဟုမတွေးမိ။ စိတ်ပူပန်တတ်သည့်လူတစ်ယောက်ဟုသာ မြင်သည်။ သို့သော် သရဲမသုံးယောက်အတွက်တော့ တိုင်ပုဖန်သည် လေးစားမှုအပြည့်ဖြင့် ဆက်ဆံထိုက်သည့် အထင်ကရပုဂ္ဂိုလ်ဖြစ်သည်။
"ကျွန်မတို့ဝိညာဉ် တည်ငြိမ်အောင်ထိန်းဖို့ အိမ်မွေးတိရစ္ဆာန်တွေရဲ့ ယန်စွမ်းအင်ကို စုပ်ယူရင်းနဲ့ ဂိုဏ်းချုပ်ရှဲ့ကို သားသတ်ရုံမှာ ပုံမှန်ကူညီပေးပါတယ်"
လုယန်နှင့် သရဲမသုံးယောက် ရင်းနှီးမှန်းသိသဖြင့် ဂိုဏ်းချုပ်က မျက်နှာသာရရန် အထူးတလည် ခေါ်လာခြင်းဖြစ်သည်။
"ဒုခေါင်းဆောင်"
ထာဝရအရှင် ပေါ်လာပြီး လေးစားမှုအပြည့်ဖြင့် နှုတ်ဆက်သည်။
လုယန် မျက်ခုံးလှုပ်သွားသည်။ ဤကိစ္စနောက်ကွယ်တွင် ထာဝရနတ်မယ်ရှိနေမှန်း သူအလွယ်အကူခန့်မှန်းနိုင်သည်။
"ဆိုင်ရှင်လု ဘာတွေညွှန်ကြားချင်လို့လဲ"
လုယန် နတ်မယ်နှင့်စာရင်းရှင်းရန် တွေးနေစဉ် ဂိုဏ်းချုပ်၏စကားကြောင်း အတွေးပြတ်သွားသည်။
"ညွှန်ကြားဖို့လား။ မဟုတ်ပါဘူး။ ကျုပ်ဒီကိုလာတာ အသားကင်ဆိုင်တိုးချဲ့မယ့် ခင်ဗျားတို့အစီအစဉ်ကို အမယွမ်က အတည်ပြုပေးလိုက်ပြီဆိုတာ ပြောဖို့ပါ"
ကိုးငရဲဂိုဏ်း အသားကင်ဆိုင်ခွဲများဖွင့်မည့်ကိစ္စ စည်းဝေးခန်းမတွင် ပြောစဉ်က ယွမ်ကျိ မကန့်ကွက်ခဲ့။ သူလက်ခံသည့်သဘောဖြစ်မည်။
"သိပ်ကောင်းတာပေါ့"
လုယန် ထိုမျှမြန်မြန်လှုပ်ရှားလိမ့်မည်ဟု ထာဝရဂိုဏ်း၏ထိပ်သီးများ ထင်မထားခဲ့။
"ဒါတင်မကသေးဘူး။ ခင်ဗျားတို့အတွက် အသားကင်ဆိုင်တွေတိုးချဲ့ဖို့ တာဝန်ယူမယ့် လုပ်ငန်းရှင်အဖွဲ့တစ်ခုလည်း တွေ့ခဲ့တယ်။ သူတို့က လုံးဝယုံကြည်စိတ်ချရပါတယ်"
"လုပ်ငန်းရှင်အဖွဲ့လား။ ဘယ်သူလဲ"
ဤကိစ္စအတွက် လုယန် ထိုမျှစိတ်နှစ်ထားမည်ဟု ဂိုဏ်းချုပ်မထင်ခဲ့။
"ကိုးငရဲဂိုဏ်းလေ"
"ဘယ်သူရယ်.."
********************************