ပြိုင်ဘက်ကင်းသန္ဓေကြောင့်ဖြစ်လာသည့် ယုံကြည်မှု
Vol. 23 Ch. 338
"ဘယ်သူရယ်..."
"ကိုးငရဲဂိုဏ်းလေ။ ခင်ဗျား သူတို့ကိုမသိဘူးလား"
လုယန် နည်းနည်းအံ့အားသင့်သွားသည်။ ထာဝရဂိုဏ်း၏ထိပ်တန်းဂိုဏ်းဝင်များ ဘာကြောင့်ထိုမျှအံ့ဩသွားသည်ကို သူနားမလည်။
သူတိုပင် အသားကင်ရောင်းနေပြီဖြစ်သည်။ ကိုးငရဲဂိုဏ်း အပြင်လောကတွင် ဆိုင်ခွဲများဖွင့်သည့်ကိစ္စက ဘာဆန်းသနည်း။ စုစည်းခြင်းအဆင့်ရောက်နေသူတစ်ယောက်က ထိုမျှစိတ်လှုပ်ရှားသည်။ စိတ်ဓာတ်ပိုင်းဆိုင်ရာကျင့်ကြံမှု သိပ်မရင့်ကျက်သေးသည်မှာ ထင်ရှားနေသည်။
အကိုတိုင်ပုဖန်ဆိုလျှင် ကိုးငရဲဂိုဏ်းဆိုင်ခွဲဖွင့်မည့်သတင်းကြားသော်လည်း ဘာမှအမူအရာမပျက်။
"ကိုးငရဲဂိုဏ်းက ငွေရှာနိုင်မယ့်နည်းလမ်းရှိလားလို့ ကျုပ်ကိုမေးတယ်။ အကျိုးအမြတ်ရဖို့ အာမခံချက်ရှိတဲ့ အသားကင်လုပ်ငန်း ကျုပ်တို့မှာရှိတယ်လို့ပြောပြီး သူတို့စိတ်ဝင်စားသလားလို့ ကျုပ်မေးလိုက်တယ်။ စိတ်ဝင်စားတယ်တဲ့"
လုယန် အဖြစ်အပျက်ကို အကျဉ်းချုံးရှင်းပြလိုက်သည်။
သူတို့နားကြားများမှားသလားဟု ဂိုဏ်းချုပ်နှင့် ဒုဂိုဏ်းချုပ်နှစ်ယောက် တွေးနေသည်။ ကိုးငရဲဂိုဏ်းက အသားကင်ဆိုင်ခွဲများဖွင့်ဖို့ တာဝန်ယူမည်တဲ့လား။ ကိုးငရဲဂိုဏ်း၏ လုပ်နေကျပုံစံမျိုးမဟုတ်။
အဖြစ်အပျက်ကို လုယန်က သာမန်ကိစ္စတစ်ခုလို ရှင်းပြသော်လည်း ထာဝရဂိုဏ်း၏ ထိပ်တန်းဂိုဏ်းဝင်များသည် အရူးမဟုတ်။ လုယန် အသေးစိတ်အချက်များစွာ ချန်လှပ်ခဲ့ကြောင်း သူတို့ရိပ်မိသည်။
သို့သော် ဘယ်လောက်ချန်လှပ်ခဲ့သည်ဖြစ်စေ တာအိုလမ်းစဉ်ဂိုဏ်း၏ အသားကင်ဆိုင်ခွဲများချဲ့ထွင်မှုကို ကိုးငရဲဂိုဏ်းက ကူညီမည့်စိတ်ကူးသည် ထူးဆန်းနေသလိုရှိသည်။
လုယန်က ပါးနပ်သည့်မုသားတစ်ချို့သုံး၍ ကိုးငရဲဂိုဏ်းကို လှည့်စားခဲ့ခြင်းသာဖြစ်ရမည်။
သို့သော် ထိုအချက်ကလည်း အဓိပ္ပါယ်မရှိ။ ကိုးငရဲဂိူဏ်းမှ ကျောက်ရိုးသည် မုသားဖော်ထုတ်နိုင်သည့် လျှို့ဝှက်ကျင့်စဉ်ပညာတစ်ခု တတ်မြောက်ထားသည်။ သူ့ရှေ့တွင် ဘယ်သူမှ လိမ်ညာ၍မရ။
အားလုံး မတွေးတတ်အောင်ဖြစ်နေကြသည်။
သို့သော် တွေးနေလည်း အကျိုးမရှိပါ။ ယခု သူတို့အားလုံး ဝိညာဉ်ဘဝရောက်နေပြီဖြစ်သည် ကြီးမားသည့်ရည်မှန်းချက်များ မရှိတော့။ အသားကင်ဆိုင်လုပ်ငန်း အောင်မြင်သည်ဆိုလျှင် အဆင်ပြေသည်။
"ကိုးငရဲဂိုဏ်းနှင့် အကျိုးတူပူးပေါင်းတဲ့နေရာမှာ ကျုပ်တို့က အလွန်အရေးကြီးတဲ့ နည်းပညာထောက်ပံ့မှုနှစ်ခုပေးတယ်။ 'နောက်တစ်ခေါက်'အသားကင်ဆိုင်ရဲ့ ပထမဆိုင်ခွဲအနေနဲ့ ခင်ဗျားတို့လည်း ဒါတွေကို ရပိုင်ခွင့်ရှိပါတယ်။
လုယန် စာအုပ်စင်နှင့်တူသည့် ပစ္စည်းတစ်ခုကို ကျောက်စိမ်းတံဆိပ်ထဲမှ ထုတ်လိုက်သည်။
"ဒါက အော်တိုအသားကင်ဖိုပါ။ အသေားကင်တွေကို ဒီပေါ်တင်လိုက်ရင် သူ့ဘာသာအသားကင်လိမ့်မယ်"
သခင်လျိုနှင့် သခင်ကောင်းတို့ စိတ်မဝင်စားကြ။ ထိုပစ္စည်းက သူတို့အဆင့်အတန်းကို စိန်ခေါ်နေသည်ဟု ခံစားရသည်။
"ဆိုင်ရှင်လု၊ လေးစားသမှုနဲ့ပြောပါရစေ။ ဒီအကင်ဖိုကိုသုံးတာဟာ စိတ်ဝိညာဉ်(စေတနာ)မပါဘဲ အစားအသောက်ထုတ်လုပ်တဲ့သဘောပါ။ ဒါမျိုးကို ကျုပ်တို့မလိုအပ်ပါဘူး"
လုယန်စည်းစားကြည့်သည်။ သူတို့စကားမှန်သည်ဟု ထင်မိသည်။ သခင်လျိုနှင့်သခင်ကောင်းသည် စုစည်းခြင်းနောက်ဆုံးအဆင့်များဖြစ်သည်။ သူတို့အသားကင်စွမ်းရည်ကလည်း ဤအကင်ဖိုထက် သာလွန်သည်။
ထို့ထက်အရေးကြိးသည်မှာ ဤအကင်ဖို သူတို့နေရာသို့ အစားဝင်လာလျှင် သူတို့ဘာမှလုပ်စရာရှိတော့မည်မဟုတ်။
"ပြီးတော့ ဒါပါ"
လုယန် ကျောက်စိမ်းပုလင်းငယ်တစ်လုံးကိုထုတ်၍ ဆက်ပြောသည်။ ပုလင်းဖုံးဖွင့်သည်နှင့် တဖျတ်ဖျတ်တောက်ပနေသည့် မီးတောက်တစ်ခု လေထဲသို့ ပျံတက်လာသည်။ ထူးဆန်းပြီး အံ့ဩစရာကောင်းသည်။
ထာဝရဂိုဏ်း၏ထိပ်သီးများ၏ အမူအရာက သိပ်အပြောင်းအလဲမရှိသော်လည်း သရဲမသုံးယောက်ဖြစ်သည့် ရှောင်ချီတို့ညီအများ နက်ရှိုင်းသည့်ဗီဇစိတ်အကြောက်တရားကို ခံစားကြရသည်။
တစ်ကိုယ်တော်ရွှေသန္ဓေကျင့်ကြံသူ၏ သန့်စင်ယန်မီးတောက်သည် သရဲများကို အလိုလိုနှိပ်ကွပ်နိုင်သည်။
လုယန် ပြုံး၍ရှင်းပြသည်။
"ဒါက ရသာသုံးပါးမီးတောက်နဲ့ သန့်စင်ယန်မီးတောက် ပေါင်းစပ်ထားတာပါ။ ရသာသုံးပါးမီးတောက်က အသားကင်တဲ့အခါ ဆန်းကြယ်တဲ့အာနိသင်တွေရှိတယ်။ ထူးခြားတဲ့ အရသာသုံးမျိုးကို ပေးစွမ်းနိုင်တယ်။ ဒီသန့်စင်ယန်မီးတောက်က ခင်ဗျားတို့သိထားတဲ့ သန့်စင်ယန်မီးတောက်နဲ့မတူဘူး။ ယောက်ျားအားတိုးပွားစေတဲ့ အာနိသင်ရှိတယ်"
"ဒီလောက်ဆန်းကျယ်တဲ့ကိစ္စမျိုး ဒီလောကမှာတကယ်ရှိတယ်ပေါ့"
ဂိုဏ်းချုပ်ရော ထာဝရအရှင်ပါ နည်းနည်းအံ့အားသင့်သည့်အမူအရာမျိုး ပေါ်လာသည်။
ထာဝရအရှင်သည် ထာဝရဂိုဏ်းဝင်အားလုံး၏မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသည့်တိုင် ယောက်ျားအားတိုးပွားစေသည့် ရသာသုံးပါးမီးတောက် သို့မဟုတ် သန့်စင်ယန်မီးတောက်မျိုးကို တစ်ခါမှမကြားဖူး။
"ဒီယန်မီးတောက်ကို ကျုပ်ရဲ့မိတ်ဆွေရင်းတစ်ယောက်က အဆုံးစွန်စွမ်းအားကိုရှာဖွေရင်း တွေ့ခဲ့တာပါ။ သူ့ရဲ့စိတ်အားထက်သန်မှုကို ကျုပ်တကယ်လေးစားတယ်"
လုယန်ရှင်းပြသည်။
ဂိုဏ်းချုပ် ခဏစဉ်းစားနေသည်။
"သန့်စင်ယန်မီးတောက်က တယ်ကောင်းပါတယ်။ ဒါပေမယ့် ကျုပ်တို့တာအိုလမ်းစဉ်ဂိုဏ်းမှာတော့ သိပ်အသုံးလိုမယ်မထင်ဘူး"
မည်သို့ဆိုစေ ယောဘုယျအားဖြင့် တာအိုလမ်းစဉ်ဂိုဏ်းသားများသည် ကျင့်စဉ်အဆင့်မြင့်မားကြသည်။ ယောက်ျားအားတိုးမြှင့်ဖို့ ပြင်ပအကူအညီမလို။ ထို့ပြင် ဤဂိုဏ်းတွင် ထိုအာနိသင်မျိုးရှိသည့် ဆေးပင်များ မရှားပါးလှ။ ဂျင်ဆင်းဘုရင်၏ဂျင်ဆင်းကို အဓိပဓိအားတိုးဆေးအဖြစ် သတ်မှတ်ကြကြောင်း လုယန်င်သိသည်။
ဂိုဏ်းချုပ်စကားကို နားလည်သဖြင့် သန့်စင်ယန်မီးတောက်ကို သိမ်းဆည်းပြီး လက်တစ်ချက်ဝှေ့ယမ်းလျက် ရသာသုံးပါးမီးစေ့ကို ထုတ်လိုက်သည်။
"ဒါက ရသာသုံးပါးမီးတောက်ရဲ့ မီးသန္ဓေစေ့ပါ။ အသားကင်တဲ့အခါ ထူးခြားအာနိသင်ရှိမရှိ ဒါကိုခင်ဗျားတို့စမ်းသပ်ကြည့်လို့ရတယ်"
သခင်လျို သိပ်မယုံသေးသဖြင့် မီးစေ့ကိုယူပြီး မီးသွေးနေရာတွင်အစားထိုးသည်။ ထို့နောက် ဘေးတွင်ရှိသည့် တိုဟူးတုတ်ထိုးဆယ်ခုယူ၍ စကင်သည်။
သခင်လျို၏ ကျွမ်းကျင်သည့်လက်စွမ်းကြောင့် အကင့်နံ့သင်းလာသည်။
"အားလုံးပဲ၊ မြည်းကြည့်ကြပါဦး"
တို့ဟူးကင်ထားပုံက ပြည့်စုံသည်။ အားလုံး အကင်တစ်ချောင်းစီယူကြသည်။ ကိုယ်တိုင်ကင်ထားသည်အကင်ကို တစ်ကိုက်မြည်းကြည့်ပြီးနောက် သခင်လျို မျက်လုံးပြူးသွားသည်။
ရိုးရှင်းသည့် တို့ဟူးချောင်းများကို အကြိမ်ပေါင်းမရေးမတွက်နိုင်အောင် ကင်ဖူးသည်။ အကင်အရသာကို သူကောင်းကောင်းသိသည်။ ယခုစားလိုက်သည့် တို့ဟူးကင်က အရသာစုံသည်။ ချိုသည့်အရသာဖြင့်စ၍ စပ်သည့်အရာသာဖြင့် အဆုံးသတ်သည်။
တို့ဟူးကင်၏အရသာက အဆင့်သစ်တစ်ခုသို့ ခုန်တက်သွားသည်။
ကင်သည့်နည်းလမ်း ထူးခြားရုံသက်သက်မဟုတ်။ အရသာလည်း တကယ်ထူးခြားသည်။ ချင်ယန်ယန် သူတို့အကင်များကို အလိုမကျဖြစ်ခဲ့သည်မှာ အံ့ဩစရာမရှိတော့။ အကြောင်းရင်းကလည်း ရှိနေသည်။
အသားကင်ခြင်းနှင့်ပတ်သက်၍ လနှင့်ချီပြီး သေချာလေ့လာခဲ့သော်လည်း ရွှေသန္ဓေအဆင့်တစ်ယောက်ဖန်တီးနိုင်သည့် အရသာမျိုး သူတို့မဖန်တီးနိုင်။
ယနေ့မှစ၍ သူတို့လည်း တံခါးပိတ်ကျင့်ပြီး အသားကင်ပညာအတွက် အတွေးအမြင်သစ်များရအောင် ကြိုးစားဖို့လိုပေလိမ့်မည်။
"ဒီမီးစေ့ကို ခင်ဗျားတို့သိမ်းထားလို့ရပါတယ်"
လုယန်ပြောလိုက်သည်။
သခင်လျိုနှင့် သခင်ကောင်းက ရတနာတစ်ခုရသကဲ့သို့ သေချာဂရုတစ်စိုက် လက်ခံယူသည်။
"ကဲ တူမလေး၊ သန့်စင်မှုတစ်ရာတောင်ထိပ်က မင်းထွက်လာတော့ တစ်ယောက်ယောက်ကို ပြောခဲ့သေးလား"
"မပြောမိဘူးထင်တယ်"
"ဒါဆို အခုပြန်သင့်ပြီ။ အကြီးအကဲကျိုးရှင်းနှင့် လီဟော်ရန်တို့ပြန်လာလို့ မင်းကိုမတွေ့ရင်..."
"သူတို့ စိတ်ပူနေလောက်မလား"
"မင်းရှိနေတယ်ဆိုနေတယ်ဆိုတာတောင် မေ့သွားလိမ့်မယ်"
"..."
"ကျွန်မ အခုပဲ ပြန်လိုက်ပါ့မယ်"
လုယန် ပျင်းပျင်းရိရိ အကြောတစ်ချက်ဆန့်လိုက်သည်။ ကောင်းမှုတစ်ခု ပြုပေးလိုက်သကဲ့သို့ ခံစားရသည်။
အမှန်တော့ ကျိုးရှင့် လီဟော်ရန်သည် ချင်ယန်ယန်ပျောက်သွားလျှင် တကယ်မေ့သွားကြမည်မဟုတ်ပါ။ နေရာတိုင်း လိုက်ရှာကြလောက်သည်။
သို့သော် ထိုသို့တိုက်ရိုက်ပြောလျှင် စိတ်ခံစားချက် များလွန်းသလိူ ဖြစ်နေမည်။ ထို့ကြောင့် ပြောင်းပြန်ပြောဖို့ ဆုံးဖြတ်ခဲ့သည်။
ကျမ်းစာတိုက်ဆီ ဖြေးညှင်းစွာ သူလျှောက်သွားသည်။
"ကျမ်းစာတိုက်ကို ဘာလုပ်ဖို့သွားနေတာလဲ"
သိစိတ်နယ်မယ်က အိပ်ယာပေါ် ပျင်းရိပျင်းတွဲလှဲနေသည်။ ခြေထောက်နှစ်ချောင်း လေထဲတွင်ထောင်၍ ခြေချောင်းများကို လှုပ်နေသည်။ ထို့နောက် နည်းနည်းပုံစံပြောင်း၍ အိပ်ပေါ်ပစ်လှဲချသည်။
"နင်မသိတာမှန်သမျှ ငါသင်ပေးနိုင်ပါတယ်"
"ကျုပ်က ကျင့်စဉ်ပညာတစ်ခု ချဲ့ထွင်ဖို့လုပ်နေတာ။ ကျုပ်ရဲ့ နှလုံးသဘာဝဉာဏ်လင်းကျင့်စဉ်က ကိုယ်ဘာသာတီထွင်ထားတာ။ ဒါပေမယ့် အဲဒီတုန်းက ကျုပ်အသိဗဟုသုတနည်းသေးတယ်။ အခြေတည်အဆင့်အတွက် အဲဒါကိုရေးခဲ့တာ။ အခု ရွှေသန္ဓေအဆင့်ရောက်လာတော့ အဲဒီ့ကျင့်စဉ်က အမီမလိုက်နိုင်တော့ဘူး။ ဒါကြောင့် ကျုပ်ဆက်ကျင့်ကြံဖို့အတွက် ကျမ်းစာတိုက်ကိုသွားပြီး နည်းလမ်းရှာမလို့"
"နင်က ငယ်ငယ်လေးနဲ့ ကျင့်စဉ်နည်းလမ်းတွေတောင် ဖန်တီးနိုင်ပြီပေါ့"
နတ်မယ် အံ့အားသင့်သွားသည်။ ထိုအသက်အရွယ်ဖြင့် အခြေတည်အဆင့်ရောက်သည်ကပင် ချီးကျူးစရာကောင်းနေပြီဖြစ်သည်။
"အဲလိုလည်းမဟုတ်ပါဘူး။ ကျုပ်ရေးပြီးတော့ အမယွမ်က တစ်ချို့အစိတ်အပိုင်းတွေကို ကျုပ်အတွက် ပြန်ပြီးတည်းဖြတ်ပြင်ဆင်ပေးခဲ့တာ"
ထာဝရနတ်မယ် ကျိတ်၍စိတ်သက်သာရာရသွားသည်။
"သဘောပေါက်ပြီ။ ငါအခြေတည်အဆင့်မှာတုန်းကလည်း ကျင့်စဉ်နည်းလမ်းတစ်ခု ကိုယ်ဘာသာမရေးနိုင်ခဲ့ပါဘူး။ ယွမ်ကျိက ဘယ်အတိုင်းအတာလောက်ထိ ပြန်ပြင်ဆင်ပေးလဲ"
လုယန် ခဏတုံ့ဆိုင်းနေသည်။ အမှန်အတိုင်းပြောဖို့ ဆုံးဖြတ်လိုက်သည်။
"ကျင့်စဉ်နာမည်ကလွဲလို အကုန်ပါပဲ"
နတ်မယ် - "..."
"ဒါဆိုအခုလည်း ယွမ်ကျိကို နင့်အတွက်ကျင့်စဉ်နည်းလမ်း ဆက်ရေးခိုင်းပေါ့"
"လူတစ်ယောက်ဟာ ကိုယ့်အားကိုယ်ကိုးတတ်ဖို့လိုတယ်။ အရာရာတိုင်းအတွက် အမယွမ်ကို ကျုပ်အားကိုးနေလို့မရဘူး။ ဒီတစ်ခါ ကျုပ်ကိုယ်တိုင်ရေးတဲ့နည်းလမ်းက သူ့ထောက်ခံမှု ရလာနိုင်တာပဲ။ ဘယ်သူကြိုသိနိုင်မှာလဲ"
လုယန် ယုံကြည်မှုအပြည့်ဖြင့်ပြောသည်။
နတ်မယ်အသံတိတ်နေသည်။ လုယန်၏ယုံကြည်ချက်သည် ပြိုင်ဘက်ကင်းရွှေသန္ဓေမှ ရလာခြင်းဖြစ်မည်ဟု ထင်မိသည်။
သူနှင့်ဆန့်ကျင်၍မပြောခြင်းက အကောင်းဆုံးဖြစ်လောက်ပါသည်။
**************************************