စိတ်နိုးကြားခြင်း
Vol. 23 Ch. 341
ယွမ်ကျိဖန်တီးသည့် နာမည်ကျော်ကျင့်စဉ်များအကြောင်း အရင်ကတည်းက ကြားဖူးသည်။ ထူးခြားလွန်းသဖြင့် တာအိုလမ်းစဉ်ဂိုဏ်းက ကျမ်းစာတိုက်တွင် ထိုစာအုပ်များအတက် သီးခြားနေရာတစ်ခု သတ်မှတ်ပေးထားသည်။
ပထမထပ်မှ ကျင့်စဉ်ပညာများက အခြေခံမျှသာဖြစ်သည်။ ထို့ကြောင့် ယွမ်ကျိ၏စာအုပ်များကို အရင်က သူဖတ်ခွင့်မရခဲ့။
ယနေ့မှ လက်တွေ့မြင်ရသည်။
"ငါသိပြီ။ တာအိုလမ်းစည်ဂိုဏ်းတပည့်တွေ ဘယ်လောက်ပဲ ပါရမီကောင်းကောင်း ဒီလိုအဆင့်ရှိတဲ့ ကျင့်စဉ်ပညာတွေကို လွယ်လွယ်နဲ့ ဖန်တီးနိုင်ကြမှာမဟုတ်ဘူး"
နတ်မယ် ချက်ချင်းနားလည်သွားသည်။ အစက တာအိုလမ်းစဉ်းတပည့်များသည် အလွန်ပါရမီထူးခြားပြီး "မဟာလမင်းဓမ္မခန္ဓာကျင့်စဉ်"သည်ပင် သူရေးခဲ့သည့် ကျင့်စဉ်များလောက်နီးနီး အဆင့်မြင့်သည်ဟု တွေးခဲ့သည်။
"ဒါတော့ အတော်လွန်သွားပြီထင်တယ်။ အမယွမ်လည်း ကျုပ်တို့တာအိုလမ်းစဉ်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲလေ"
လုယန် အလေးအနက်ပြန်ပြောသည်။
အထူးချွန်ဆုံး စိနီယာအကိုများဖြစ်သည့် တိုင်ပုဖန်နှင့် ကျိဟုန်ဝမ်တို့က အကြီးအကဲများကို အမီလိုက်နိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။ သူတို့နှင့်မျိုးဆက်တူဖြစ်သည့် အမယွမ်က သူတို့ကိုအတော်ဝေးဝေး နောက်ချန်ထားခဲ့ပြီဖြစ်သည်။
ထိုအချက်သည် ပါရမီကွာခြားချက်ဖြစ်သည်။
သူ့ရှေ့မှစာအုပ်စင်သည် ကျင့်စဉ်မျိုးစုံပြည့်နေသည်။ အားလုံးက အမယွမ် ပြုပြင်ပြောင်းလဲထားသည့် သို့မဟုတ် တိုက်ရိုက်ဖန်တီးထားခြင်းဖြစ်သည်။
"ဟဲဟဲ ဘာဖြစ်တာလဲ။ ယွမ်ကျိရေးခဲ့တဲ့ ကျင့်စဉ်အရေးအတွက်ကိုကြည့်ပြီး မင်းလန့်သွားပြီလား"
အက်ကွဲကွဲရယ်သံတစ်ခု ပေါ်လာသည်။
လုယန် လှည့်ကြည့်သည်။ ခါးကုန်းအဘိုးအိုတစ်ယောက် သူ့ဘေးတွင်ရပ်နေသည့်ကို မြင်ရသည်။
"ဒါနဲ့ ခင်ဗျားက..."
"အားလပ်ချိန်နည်းနည်းရလို့ ကျမ်းစာတိုက်ကို စောင့်ကြည့်ပေးနေတဲ့ သာမန်အဘိုးကြီးတစ်ယောက်ပါကွာ။ မင်းငါ့ကို လောင်ထောင်လို့ပဲ ခေါ်နိုင်ပါတယ်"
လုယန် မခေါ်ရဲပါ။ ထိုလူသည် အကြီးအကဲတို့မျိုးဆက် သို့မဟုတ် ဘိုးဘေးဆရာတို့မျိုးဆက်မှလူဖြစ်မည်ဟု သူကျိတ်ခန့်မှန်းမိသည်။ ကျမ်းစာတိုက်၏ထူးခြားသည့်သဘာဝနှင့် ယှဉ်တွေးကြည့်လျှင် ဘိုးဘေးဆရာမျိုးဆက်မှ ဖြစ်ဖိူ့များသည်။
"ကျုပ်ကို အကြံပေးချင်တာတစ်ခုခုရှိလား ဆရာထောင်"
"သိပ်များများစားစားမရှိပါဘူး။ မင်းကို ယွမ်ကျိက လမ်းညွှန်ပေးနေတာပဲလေ။ ငါ့လိုအဘိုးကြီးက မင်းကိုဘာများသင်ပေးနိုင်မှာမို့လဲ။ မင်းဒီမှာရပ်နေတာမြင့်တော့ ယွမ်ကျိကလေးဘဝကအဖြစ်ကို ငါပြန်သတိရလာလို့ပါ"
"ယွမ်ကျိကလေးဘဝ"
လုယန်၏စိတ်ဝင်စားမှု မြင့်တက်သွားသည်။ ကျင့်စဉ်လေ့လာလိုသည့် စိတ်အားထက်သန်မှုကိုပင် ကျော်လွန်သွားသည်။
နတ်မယ်လည်း စိတ်လှုပ်ရှားမှုကြောင့် ကုတင်ပေါ်မှ ခုန်ထလာသည်။ လောင်ထောင်ဆက်ပြောမည့်ဇာတ်လမ်းကို နားစွင့်နေသည်။
"မင်းဆရာက ယွမ်ကျိကို ပထမဆုံးဂိုဏ်းထဲခေါ်လာတုန်းက သူ့အရပ်ဟာ ဒီလောက်ပဲရှိတယ်"
လောင်ထောင်က ရင်ဘတ်ကို လက်ဖြင့်တိုင်းတာပြသည်။ အဘိုးအိုက ခါးကုန်းပြီး ပုပျပ်ပျပ်ကိုယ်ထည်မျိုးရှိသဖြင့် ထိုစဉ်က ယွမ်ကျိအရပ်သည် သူ့ရင်ဘတ်လောက်သာရှိပေလိမ့်မည်။
"သူက စကားမပြောဘူး အေးစက်စက်ပဲ။ သူ့ပင်ကိုယ်စရိုက်ကြောင့်လား၊ ဒါမှမဟုတ် လျှို့ဝှက်နယ်မြေမှာ အနေကြာခဲ့လိုလား ဘယ်သူမှမသိဘူး။
ဒါပေမယ့် ကျမ်းစာတိုက်ကိုရောက်လာပြီးနောက်မှာ သူ့အမူအရာက ပိုပြီးအသက်ဝင်လာတယ်။
အဲဒီတုန်းက ကောင်မလေးက ကျင့်ကြံမှုစဖို့ ငယ်လွန်းသေးတော့ အခြေခံဗဟုသုတရအောင် မင်းဆရာက သူ့ကိုကျမ်းစာတိုက်မှာ လွတ်လွတ်လပ်လပ် ဖတ်ရှုခွင့်ပေးထားတယ်။
ဒီကောင်မလေးက ကျမ်းစာတိုက်ထဲမှာရှိတဲ့ ကျင့်စဉ်ပညာတွေကို အာရုံအပြည့်အဝစူးစိုက်တယ်။ စာဖတ်တဲ့အချိန်ဆို သူမျက်မှောင်ကျုံ့နေတယ်။
ရုပ်ကလေးက နူးညံ့ကြည်လင်တော့ ဒီကလေးမကို အတော်ချစ်စရာကောင်းတယ်လို့ ငါတွေးမိတယ်။ ဒါကြောင့် သူ့ဆီလျှောက်သွားပြီး တစ်ခုခုနားမလည်တာရှိလို့လား၊ နားမလည်တာရှိရင် ငါ့ကိုမေးလို့ရတယ်၊ ငါရှင်းပြပါ့မယ်လို့ ပြောလိုက်တယ်။
ကောင်မလေးက အလိုမကျတဲ့မျက်နှာနဲ့ နှုတ်ခမ်းစူပြီးပြောတဘ်။ ဒီကျင့်စဉ်ပညာတွေဟာ ရေးထားတာညံ့တယ်တဲ့။ ဘာတွေမှားနေလို့လဲလို့မေးတော့ သူခေါင်းခါတယ်။ မပြောတတ်ဘူးတဲ့။ ရေးထားတာတွေက မကောင်းဘူးလို့ပဲထင်တယ်တဲ့။
ဒီကျင့်စဉ်တွေမှာ ချို့ယွင်းချက်တေတော့ ရှိတာပေါ့။ ဒါပေမယ့် ကလေးမတစ်ယောက်က ဒါတွေကိုသတိထားမိနိုင်ဖို့တော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ။
ငါရယ်ပဲရယ်နေလိုက်တယ်။ သူ့အတွက် ကျင့်စဉ်ပညာတွေက ရှုပ်ထွေးပြီးနားလည်ဖို့ခက်နေမယ်။ ဒါကိုဝန်မခံဘဲ ခေါင်းမာမာနဲ့ အရေးအသားညံ့တယ်လို့ ပြောနေတာဖြစ်မယ်လို့ ငါတွေးခဲ့တယ်။
ဘယ်သူထင်ထားမှာလဲ။ နှစ်အနည်းငယ်အတွင်းမှာ ဘယ်သူမှလိုက်မမီနိုင်တဲ့အဆင့်ထိ သူတိုးတက်လာတယ်။ ထူးခြားတဲ့ သူ့ကိုယ်ပိုင်အတွေးအမြင်တွေကို ကျင့်စဉ်ပညာအဖြစ် ဖန်တီးခဲ့တယ်လေ"
လောင်ထောင် သက်ပြင်းကိုလေးပင်စွာချလိုက်သည်။ တစ်ချိန်ကထိုကလေးမှ ကျင့်စည်လမ်းတွင် ထိုအဆင့်ထိ မြင့်တက်သွားလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့။
"ဇွဲကောင်းကောင်းနဲ့ ဆက်ကျင့်ကြံပါ။ တစ်နေ့နေ့ကျရင်မင်းက ယွမ်ကျိထက်တောင် သာချင်သာသွားနိုင်ပတယ်"
လောင်ထောင်က လုယန်ပုခုံးကိုပုတ်၍ ကြီးမားသည့်တာဝန်တစ်ခုကို အပ်နှင်းသည်။
"ကျုပ်အကောင်းဆုံးလုပ်ပါ့မယ်"
လုယန် စိတ်အားတက်ကြွလာပြီး ယွမ်ကျိရေးထားသည့် ကျင့်စဉ်ပညာများကို စတင်လေ့လာသည်။
"ကောင်းကင်သွေးစတေးကျင့်စဉ်။ ရှေးဟောင်းဂူထဲမှ လျှို့ဝှက်ကျင့်စဉ်..."
ကျင့်ကြံခြင်းသည် အသက်ရှည်ဖို့ရည်ရွယ်သည်ဖြစ်၍ ကျင့်ကြံသူများသည် သာမန်သေမျိုးများထက် သက်တမ်းများစွာ ပိုသာလေ့ရှိသည်။ သို့သော် ဤကျင့်စဉ်က ထိုစည်းမျဉ်းကို ဆန့်ကျင့်သည်။ အသက်ဓာတ်ကိုစတေး၍ ကျင့်စဉ်စွမ်းအားအမြန်တိုးမြှင့်ခြင်းဖြစ်သည်။ အရေးကြီးသည့်အချန်များတွင် အသက်ဓာတ်စတေး၍ တိုက်ခိုက်စွမ်းအားကို ယာယီတိုးမြှင့်နိုင်သည်။
နှစ်စဉ်နှစ်တိုင်း မစ်ရှင်ခန်းမက ဂိုဏ်းတပည့်တိုင်းကို တာဝန်နှစ်ခုစီ ပြီးမြောက်အောင်လုပ်ခိုင်းသည်။
ထိုတာဝန်ဖြည့်ဆည်းဖို့အတွက် ယွမ်ကျိက ရှေးဟောင်းဂူတစ်ခုသို့သွားရာမှ "ကောင်းကင်သွေးစတေးကျင့်စဉ်"ကို တွေ့လာသည်ဟု သတင်းလွှင့်သည်။ အမှန်တော့ တင်သွင်းသည့်ကျင့်စဉ်က သူကိုယ်တိုင်ဖန်တီးခြင်းဖြစ်သည်။ မူလကျင့်စဉ်အကြောင်း သူလည်းသိပ်မသိ။ အသက်ဓာတ်နှင့် စွမ်းအားကိုလဲလှယ်သည့်ကျင့်စဉ်တစ်ခုဟုသာ သိထားသည်။ သူဖန်တီးသည့်ကျင့်စဉ်တွင် ကိုယ်အသက်ဓာတ်ကိုစတေးသည့်အဖြစ်မှ တစ်ခြားလူများ၏အသက်ဓာတ်ကို စတေးသည့်အဖြစ်သို့ ပြောင်းထားသည်။
တိုက်ပွဲတွင် ရန်သူ၏အသက်ဓာတ်ကို အတင်းစတေးပြီး ကြီးမားသည့်တိုက်ပွဲစွမ်းအားကို ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူတို့၏အိုမင်းရင်ရော်သည့်ဖြစ်စဉ်ကိုလည်း အရှိန်မြှင့်ပေးသည်။ ထို့ကြောင့် ပြိုင်ဘက်က အသစ်ရထားသည့်စွမ်းအားကို အပြည့်အဝအသုံးမချနိုင်မီ ချက်ချင်းအိုမင်းရင်ရော်၍ သေသွားမည်။
ကပ်ဆိုးအသွင်ပြောင်းသုတ္တာန်။
အမှောင်မိုးပြာဂိုဏ်း၏ ပင်မကျင့်စဉ်ပညာဖြစ်သည်။ အပြင်လူကို လုံးဝလက်ဆင့်မကမ်း။ ထိုပညာကျွမ်းကျင်သွားလျှင် ကပ်ဆိုးမြူကို မှုတ်ထုတ်နိုင်သည်။ ဖျက်ဆီးဖယ်ရှား၍မရ။ မျက်လုံးအမြင်နှင့် ဝိညာည်အာရုံနှစ်ခုလုံး ပိတ်ဆိုသွားမည်။ ကျင့်ကြံသူက ထိုမြူထုကြားတွင် လွတ်လပ်စွာလှုပ်ရှားပြီး ရန်သူကို အလစ်တိုက်ခိုက်နိုင်သည်။
ယွမ်ကျိက အမှောင်မိုးပြာဂိုဏ်းသို့သွား၍ ထိုပညာကိုသင်ယူခဲ့သည်ဟု သတင်းလွှင့်သည်။ ထို့နောက် သူ့ကိုယ်တိုင်တီထွင်ထားသည့် ကပ်ဆိုးအသွင်ပြောင်းကျင့်စဉ်ကို မစ်ရှင်ခန်းမသို့ တင်သွင်းသည်။ ကျွမ်းကျင်တတ်မြောက်လျှင် ထိုပညာက ကပ်ဆိုးနယ်မြေတစ်ခု ဖန်တီးနိုင်သည်။ အရပ်ရှစ်မျက်နှာကို နှိပ်ကွပ်နိုင်သည်။ ထိုနယ်မြေထဲတွင် ကျင့်စဉ်ပညာအားလုံး ဖျက်ဆီးနိုင်သည်။ ထိုနယ်မြေထဲမှ သက်ရှိအားလုံး ခုခံချင်စိတ် ပျောက်ဆုံးသွားမည်။ ကပ်ဆိုးတာအိုခန္ဓာတစ်ခု ကျင့်ကြံဖို့ပင် အခွင့်အရေးနည်းနည်းရှိသည်။
လက်ရှိတွင် အမှောင်မိုးပြာဂိုဏ်းက သူတို့၏ဂိုဏ်း၏ မူလကျင့်စဉ်ပညာကို ယွမ်ကျိ၏ကျင့်စဉ်ပညာနှင့် အစားထိုးလိုက်ပြီဖြစ်သည်။
ဖတ်လေလေ လုယန် ကြက်သီးထလေဖြစ်သည်။ ယွမ်ကျိထက် သူသာလွန်နိုင်စရာအကြောင်း လုံးဝမရှိ။
သို့သော် အားသာချက်တစ်ခုက ယွမ်ကျိသည် ထိုကျင့်စဉ်ပညာများကို ရွှေသန္ဓေအဆင့်တွင် ရေးခဲ့ခြင်းမဟုတ်။ ထို့ကြောင့် လုယန်အတွက် အခွင့်အရေးရှိသေးသည်။
အပြင်လောကအကြောင်း လုယန်မစဉ်းစားတော့ဘဲ ကျင့်စဉ်နည်းမျိုးစုံကြားတွင် တဖြေးဖြေးအာရုံနစ်သွားသည်။ ယွမ်ကျိ၏ကျင့်စဉ်များ၊ အကြီးအကဲတို့၏ကျင့်စဉ်များ။ ဈေးထဲတွင် ရောင်းချနေသည့်ကျင့်စဉ်များ...
ကျင့်စဉ်ဖန်တီးသူတို့၏ စိတ်အတွေးကို သူဆန်းစစ်ကြည့်သည်။ တစ်ဆင့်ချင်းစီ၏နောက်ကွယ်မှရည်ရွယ်ချက်ကို စဉ်းစားသည်။ အပြည့်အဝဈာန်ဝင်နေပြီး တစ်ခြားအရာအားလုံးကို မေ့လျော့သွားသည်။
လဝက်ကျော်အချိန်က ချက်ချင်းကုန်လွန်သွားသည်။ နောက်ဆုံးတွင် ကျင့်စဉ်ပညာလေ့လာမှုအာရုံထဲမှ လုယန်ထွက်လာသည်။ ရုတ်တရက် ဤနေရာသို့လာခဲ့သည့် ရည်ရွယ်ချက်ကို ပြန်သတိရလာသည်။ သူ့ကိုယ်ပိုင် (နှလုံးသဘာဝဉာဏ်အလင်း)ကျင့်စဉ်ကို ဆက်ရေးဖို့ဖြစ်သည်။
"စရေးဖို့အချိန်ကျပြီ။ လုယန် ခေါင်းတစ်ချက်ကုတ်သည်။ ကျင့်စဉ်များစွာ သူဖတ်ခဲ့သည်။ ဗဟုသုတပြည့်စုံပြီဟု ခံစားရသည်။ ကျင့်စဉ်နည်းလမ်းများဖန်တီးသည့်နယ်ပယ်တွင် သူ့အတွက် တောက်ပသည့်အနာဂတ်တစ်ခု ရှိနေပြီဟု ယုံကြည်လာသည်။ သို့သော် စုတ်တံကိုကိုင်လိုက်သည်နှင့် ဘယ်ကစရေးရမှန်းမသိတော့။
"ကျင့်စဉ်ပညာတွေဖတ်ရင်း အားလုံးကိုနားလည်ပြီလို့ ငါထင်ခဲ့တာ"
ခက်ခက်ခဲခဲအားစိုက်၍ သူစရေးသည်။ ထာဝရနတ်မယ်က ဘေးမှအသံတိတ်ကြည့်နေသည်။
ယခုချိန်စကားသွားပြောလျှင် လုယန်အတွက် အနှောက်အယှက်ဖြစ်မည်။
နေ့ဝက်ကျော်စဉ်းစားပြီးနောက် နောက်ဆုံးတွင် စိတ်ကူးတစ်ခုပေါ်လာပြီး သူ့ကျင့်စဉ်ကို ဆက်ရေးသည်။
"ဟုတ်တယ်၊ ဒါပဲလေ"
စိတ်ကူးစိတ်သန်းများ နိုးကြားလာသည်။ စုတ်တံက စာရွက်ပေါ်တွင် လျင်မြန်စွာရွေ့လျားနေသည်။ စုတ်ချက်တိုင်းက မြွေလိုနဂါးလို ချောမွေ့စွာစီးဆင်းနေသည်။
လဝက်အတွင်း ကျင့်စဉ်ပညာများလေ့လာခဲ့သည်မှာ အချည်းအနှီးမဖြစ်တော့။ အယူအဆများကို အပြည့်အဝနားလည်သည်ဟု ခံစားရပြီး ယခု တီထွင်ဆန်းသစ်နေသည်။ သူ့အတွေးစိတ်ကူးများ စာရွက်ပေါ် အဆက်မပြတ် လောင်းချနေသည်။
"ဟုတ်တယ်။ ဒီအပိုင်းက ဒီလိုရေးသင့်တယ်"
ယခု သူဝမ်းနည်းသည်တ့စ်ချက်မှာ သူ့လက်က မြန်ဆန်သည့်အတွေးစီးကြောင်းကို အမီမလိုက်နိုင်ခြင်းပင်ဖြစ်သည်။
နှစ်ရက်ကြာပြီးနောက် ရွှေသန္ဓေအဆင့် နှလုံးသဘာဝဉာဏ်အလင်းကျင့်စဉ် ပြည့်စုံသွားသည်။ ထို့နောက် ပြန်တည်းဖြတ်သည်။ ပြန်စိစစ်သည်။ ကျင့်စဉ်ကို ပိုရှင်းလင်းအောင် စကားလုံးအထားအသိုကို ပိုတိကျအောင်လုပ်သည်။
"မစ်ရှင်ပြီးသွားပြီကွ"
ကျမ်းစာတိုက်မှ ချက်ချင်းထွက်လာပြီး ကောင်းကင်ဂိတ်တောင်ထိပ်သို့ ဦးတည်လိုက်သည်။ နောက်ဆုံးမူကြမ်းကို ယွမ်ကျိထံ တင်သွင်းသည်။
ယွမ်ကျိက သေချာဂရုတစ်စိုက် ပြန်ဆန်းစစ်သည်။ ခေါင်းတစ်ချက်ငြိမ့်သည်။ ထို့နောက် သူ့ကိုချီးကျူးသည်။
"မဆိုးပါဘူး။ ဒီတစ်ခါ ရှစ်ဆယ်ရာနှုန်းလောက်ပဲ ငါနည်းနည်းပြန်ပြင်ပေးဖိုလိုတယ်"
*******************************