← Chapters

ထူးခြားသည့်တိုးတက်မှု

Vol. 23 Ch. 342

ထူးခြားသည့်တိုးတက်မှု

Vol. 23 Ch. 342

သူပင်ပင်ပန်းပန်းအားစိုက်ထားသမျှ ရလာဒ်ပေါ်လာသည်။ ယွမ်ကျိက သူရေးသည့်ကျင့်စဉ်၏ နှစ်ဆယ်ရာနှုန်းထောက်ခံသည်ဟု ကြားရသဖြင့် လုယန်အတော်ပျော်သွားသည်။

နှစ်ဆယ်ရာနှုန်းသာဖြစ်သော်လည်း သူရေးသည့်ကျင့်စဉ်ကို ယွမ်ကျိထံမှ အသိအမှတ်ပြုခံရဖို့ဆိုသည်မှာ အလွန်ခဲယဉ်သည်။ တန်ဖိုးရှိသည့်အောင်မြင်မှု ကောင်းမွန်သည့်ခရီးအစဖြစ်သည်။

ပြီးခဲ့သည့်အကြိမ်က လုံးဝပယ်ချခံခဲ့ရသည်။ ထိုအဖြစ်နှင့်ယှဉ်လျှင် အလွန်ကြီးမားသည့် တိုးတက်မှုဖြစ်သည်။

လဝက်ကျော် ကျမ်းစာတိုက်တွင်လေ့လာရင်း အိပ်ရေးပျက်ခဲ့ရသည်ညများနှင့် ခေါင်းတဗျင်းဗျင်းကုတ်၍ ရေးသားခဲ့ရသည့်အချိန်နှစ်ရက်သည် အချည်းအနှီးမဖြစ်တော့။

ဤတစ်ကြိမ်တွင် ယွမ်ကျိထံမှ နှစ်ဆယ်ရာနှုန်း ထောက်ခံမှုရသည်။ နောက်တစ်ကြိမ်တွင် လေးဆယ်ရာနှုန်းရလာနိုင်သည်။ သိပ်မကြာမီ ယွမ်ကျိနှင့်တန်းတူ ကျင့်စဉ်ပညာများ ရေးသားနိုင်လာမည်။

အနာဂတ်က တောက်ပနေသည်။

ယဉ်ကျေးမှုအရနှိမ့်ချ၍ ကျုပ်အများကြီးကြိုးစားဖို့လိုပါသေးတယ်ဟု ပြောရန်ပြင်နေစဉ် ယွမ်ကျိက

"ကျန်တဲ့နှစ်ဆယ်ရာနှုန်းက ငါ့စာအုပ်တွေကနေ ကိုးကားထားတဲ့စာကြောင်းတွေပဲ။ ဒီတော့ ဒါတွေကို ငါပြင်မပေးတော့ဘူး"

လုယန် - "..."

အမယွမ်၊ နောက်ဆိုရင် စကားပြောတဲ့အခါ ဒရာမာဆန်ဆန် ကြားထဲမှာအချိန်ဆွဲမနေဘဲ တစ်ဆက်တည်းပြောပေးလို့ရမလား။

သိစိတ်နယ်မြေတွင် ထာဝရနတ်မယ်က ကုတင်ပေါ်တွင် လူးလှိမ့်၍ ခွက်ထိုးခွက်လန်ရယ်နေသည်။ ရယ်ရလွန်းသဖြင့် မျက်ရည်များပင် ထွက်ကျလာသည်။

ဂျူနီယာမောင်လေး၏မျက်နှာတွင် အကြီးအကျယ်စိတ်ပျက်သွားသည့် အမူအရာကိုမြင်သဖြင့် ယွမ်ကျိက နှစ်သိမ့်သည်။

"ဒါပေမယ့် အတော်ကောင်းပါတယ်။ အနည်းဆုံးတော့ မင်းက ငါ့စာကြောင်းတွေကို မှန်မှန်ကန်ကန်ကိုးကားနိုင်ခဲ့တာပဲ"

လုယန် အထူးတလည်နှစ်သိမ့်မှုကို မခံစားရ။

သူစိတ်ဓာတ်ကျနေဆဲဖြစ်ကြောင်း သတိထားမိသဖြင့် ယွမ်ကျိနားလည်သွားသည်။ သူသည် တစ်ခြားလူများကို နှစ်သိမ့်သည်နေရာတွင် အတော်ဆုံးမဟုတ်နိုင်။

မသေမျိုးငါးဂိုဏ် ပြိုင်ပွဲတစ်ခုကျင်းပခဲ့စဉ်ကအဖြစ်ကို သူပြန်သတိရလာသည်။ ပြိုင်ဘားလုံးကို သူအနိုင်ယူ၍ အငြင်းပွားစရာမရှိသည့် ချန်ပီယံဖြစ်လာသည်။ မသေမျိုးငါးဂိုဏ်းခေါင်းဆောင်များက သူမောက်မာလာမည်စိုး၍ ထိန်းသိမ်းရန်ကြိုးစားသည်။ လမ်းညွှန်အကြံပေးသည်သူသည့် အကြောင်းပြချက်ဖြင့် သူနှင့်ယှဉ်ပြိုင်တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။

နောက်ဆုံးရလာဒ်က ခန့်မှန်းရလွယ်ပါသည်။ ဂိုဏ်းခေါင်းဆောင်များ ယွမ်ကျိ၏ 'အကြံပေး'ခြင်းခံလိုက်ကြရသည်။ အားလုံးကို အပြတ်အသတ် အနိုင်ယူခဲ့သည်။

ဂိုဏ်းခေါင်းဆောင်များက ဂျူနီယာတစ်ယောက်ကို ရှုံးနိမ့်သွားသည့်အတွက် ရှက်ကြရုံသာမက အတော်လည်း စိတ်ပျက်သွာကြသည်။

သူတို့မျက်နှာမကောင်းသည်ကိုကြည့်၍ ယွမ်ကျိ နှစ်သိမ့်ရန်ကြိုးစားသည်။

"ကျွန်မရဲ့ကျင့်စဉ်အဆင့်က ပိုမြင့်နေလို့ပါ။ တကယ်လို့ ကျင့်စဉ်အဆင့်ကို ရှင်တို့နဲ့တန်းတူ လျှော့ချထားရင် ကျွန်မရှင်တို့ကို တစ်ကွက်တည်းနဲ့အနိုင်ယူနိုင်မှာမဟုတ်ပါဘူး"

ဂိုဏ်းခေါင်းဆောင်များ မျက်နှာပိုမည်းသွားကြသည်။

တာအိုရှင်ဝစီပိတ်က သူတို့အဖြစ်ကိုကြည့်၍ ဘေးမှကျိတ်ပျော်နေသည်။

ယွမ်ကျိ၏ဆရာဖြစ်၍ သူ့ပါရမီရှင်တပည့် ဘယ်လောက်စွမ်းအားကြီးကြောင်း ဘယ်သူမှအနိုင်မယူနိုင်ကြောင်း ကောင်းကောင်းသိသည်။

ဂိုဏ်းခေါင်းဆောင်များက ဝစီပိတ်ကို စူးစူးရဲရဲစိုက်ကြည့်ကြသည်။ တပည့်ကို မနိုင်သော်လည်း အနည်းဆုံးတော့ ဆရာဖြစ်သူကို သူတို့အနိုင်ယူရမည်။

သူတို့အားလုံးပေါင်း၍ တာအိုရှင်ဝစီပိတ်ကို အပြတ်နွှာကြသည်။

တစ်ယောက်ချင်းဆိုလျှင် ဝစီပိတ် ဘယ်သူ့ကိုမျမကြောက်ပါ။ သို့သော် အုပ်စုလိုက်ဝိုင်းတိုက်သည်ကို သူဘယ်လိုခံနိုင်ရည်ရှိမည်နည်း။

မသေမျိုးဂိုဏ်းများဆည်းဝေးပွဲက တာအိုရှင်ဝစီပိတ်၏ ပြင်းထန်သည့်ဒဏ်ရာများကိုကုသရင်း နိဂုံးချုပ်ခဲ့သည်။

"ကျင့်စဉ်ပညာတွေရဲ့အနှစ်သာရကို မင်းအပြည့်အဝ နားမလည်သေးဘူး။ ဒါကြောင့် တစ်ခြားလူတွေရဲ့ ကျင့်စဉ်တွေကို မင်းအတုခိုးမိနေတာ။ ဒါပေမယ့် အမှန်က အဲဒီတစ်ခြားလူတွေကလည်း ကျင်စဉ်ပညာတွေရဲ့ အနှစ်သာရကို အပြည့်အဝနားမလည်ကြဘူး။ အားလုံးကိုနားလည်ပြီလို့ သူတို့ထင်နေကြတယ်။ တကယ်တော့ သူတို့က တစ်ဝက်လောက်နားလည်ရုံအနေအထားပဲ ရှိသေးတာ။

မင်းစကျင့်ကြံတုန်းက မင်းရွေးချယ်လိုက်တဲ့ နှလုံးသဘာဝဉာဏ်အလင်းကျင့်စဉ်ရဲ့ အယူအဆဟာ သိပ်ကောင်းတယ်လို့ ငါပြောခဲ့တယ်။

ကျင့်ကြံသူတွေဟာ ကျင့်စဉ်အဆင့်ကိုရော စိတ်အခြေအနေကိုရော အာရုံစိုက်ရမယ်။ ရွှေသန္ဓေအဆင့်ရောက်တဲ့အခါ 'နှလုံးနတ်ဆိုးဒုက္ခ'နဲ့ ကြုံနိုင်တယ်။ ဒါဟာ ကျင့်ကြံသူတွေအတွက် အဓိကအဟန့်အတားပဲ။

နတ်ဆိုးတွေဟာ နှလုံးကနေမွေးဖွားတယ်။ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေက ကာကွယ်ဖို့ အခက်ဆုံးပဲ။ မရေမတွက်နိုင်တဲ့ကျင့်ကြံသူတွေ ဒီအဆင့်မှာပိတ်မိသွားကြတယ်။ ကျင့်ကြံမှု ဆက်မတိုးတက်နိုင်တော့ဘူး။

နှလုံးနတ်ဆိုးတွေဘာလို့ပေါ်လာတာလဲ။ နှလုံးသားမှာ တိကျရှင်းလင်းတဲ့ စံသတ်မှတ်ချက်ဆိုတာ မရှိလို့ပဲ။ ရွေးချယ်စရာတွေနဲ့ ရင်ဆိုင်တဲ့အခါ ဒွိဟစိတ်ပေါ်လာတယ်။ ဘယ်ဘက်လမ်းကိုရွေးတဲ့အချိန် ညာဘက်လမ်းမှာ ဘာတွေဖြစ်နေမလဲ ဆက်စဉ်းစားနေတတ်တယ်။

ရေနစ်နေတဲ့အမေနဲ့ရည်းစား တစ်ယောက်ယောက်ကိုကယ်ရ‌တော့မယ့် ဒွိဟမျိုးပေါ့။ တိကျတဲ့သတ်မှတ်ချက်မရှိလို့ မရွေးချယ်နိုင်ဘူး။ အမေကိုကယ်ရင် ရည်းစားကရေနစ်သေမယ်။ နောင်တရမယ်။ အဲဒီ့နောင်တဟာ နှလုံးနတ်ဆိုးဒုက္ခအတွက် အကြောင်းရင်းဖြစ်လာတယ်။

နှလုံးသဘာဝဉာဏ်အလင်းကျင့်စဉ်ဟာ မင်းရဲ့ရည်ရွယ်ချက်အစစ်တွေ ရှင်းလင်းလာဖို့ ကူညီပေးလိမ့်မယ်။ နှလုံးနတ်ဆိုးဒုက္ခက မင်းကိုဒုက္ခမပေးနိုင်အောင် ကာကွယ်ပေးတယ်"

အစက လုယန်ဤကျင့်စဉ်ရွေးခြင်း ကောင်းမွန်ကြောင်းသာပြောခဲ့သည်။ အကြောင်းရင်းကို ရှင်းမပြခဲ့။ ယခု လုယန်သည် အပြင်လောကတွင် ထူးခြားသည့်အောင်မြင်မှုဟု သတ်မှတ်ကြသည့် ရွှေသန္ဓေအဆင့်ရောက်ပြီဖြစ်၍ ယွမ်ကျိ သူ့အတွေးအမြင်ကို ထုတ်ပြောဖို့ ဆုံးဖြတ်လိုက်သည်။

သူရှင်းပြသည်ကို နားထောင်ပြီးနောက် ထာဝရနတ်မယ်က နားလည်လွယ်သည့် ရှင်းလင်းချက်တစ်ခုပေးသည်။

"အရှင်းဆုံးပြောရရင် နင့်မှာ တည်ကြည်ခိုင်မာပြီး အပြုသဘောဆောင်တဲ့စိတ်ဓာတ်မျိုး ရှိဖို့လိုတယ်။

နင့်စိတ်တွေ လွတ်လပ်ပေါ့ပါးပြီး စိုးရိမ်ပူပန်မှုကင်းနေရင် နှလုံးနတ်ဆိုးဒုက္ခက ဘယ်လိုလုပ်ရှိလာနိုင်မှာလဲ"

လုယန် နတ်မယ်ကို အသံတိတ်လှမ်းကြည့်သည်။ နတ်မယ်သည် နှလုံးနတ်ဆိုးဒုက္ခကို ခံစားရမည့်လူမျိုးမဟုတ်လောက်ဟု တွေးနေသည်။

"ငါမင်းရဲ့ကျင့်စဉ်ကို နည်းနည်းပြင်ဆင်ပေးမယ်။ ငါပြင်ပြီးသွားရင် နင့်ကိုအသိပေးမယ်"

ယွမ်ကျိ ထိုသို့ပြောပြီး လှည့်ထွက်၍ လှိုဏ်ဂူထဲသို့ လျှောက်သွားသည်။

ယွမ်ကျိထွက်သွားပြီးနောက် ရုပ်သေးက ခေါင်းပြူ၍ လုယန်ကို ခြေဆုံးခေါင်းဆုံး အကဲခတ်သည်။ ထို့နောက် ကျင့်စဉ်တိုးတက်မှုကို အားမရဟန်ဖြင့် ခေါင်းခါသည်။

"ဟေ့..မင်းပေါ်လာပြန်ပြီလား"

လုယန်၏ကျင့်စဉ်ခရီးတွင် ထိုရုပ်သေးသည် ခွဲထုတ်မရသည့်အရာဖြစ်သည်။ သူစကျင့်ကြံကတည်းက သူတိုးတက်အောင်တွန်းအားပေးဖို့ ယွမ်ကျိက ရုပ်သေးကို အမိန့်ပေးထားသည်။ နေ့ခင်းဘက်တွင် ရုပ်သေးအိပ်နှိပ်စက်မှုကိုခံရသည်။ ညဘက်တွင် တို့ဟူးမသေမျိုးအကြောင်း အိပ်မက်ဆိုးမက်သည်။ အတော်ဆိုးဆိုးဝါးဝါးနေထိုင်ခဲ့ရသည်။

သူအခြေတည်အဆင့်တွင်ရှိစဉ်က ရုပ်သေးကို မယှဉ်နိုင်ခဲ့။ ယခုသူသည် စွမ်းအားကြီးသည့် ရွှေသန္ဓေအဆင့်ကျင့်ကြံသူဖြစ်သည်။ နတ်ဝိညာဉ်အဆင့်ပြိုင်ဘက်များကို စိန်ခေါ်တိုက်ခိုက်နိုင်စွမ်းရှိသည်။ အပြင်လောကတွင် ဘိုးဘေးအဖြစ် ကိုးကွယ်ခံရမည့် အဆင့်အတန်းဖြစ်သည်။

ထိုရုပ်သေး စကားပြောနိုင်မှန်း လုယန်သိသည်။ မပြောချင်းသာဖြစ်သည်။ သူ့ကိုစကားပြောဖို့ ထိုက်တန်သူမဟုတ်ဟု သဘောထားသောကြောင့်ဖြစ်မည်။

"ငါက အရင်နဲ့မတူတော့ဘူး။ ကြည့်ထား၊ ဒီနေ့ငါမင်းကို အနိုင်ယူပြမယ်"

တိုက်ပွဲစိတ်ဓာတ်ပြည့်နေသဖြင့် ပြိုင်ဘက်ကင်းတစ်ယောက်လို လုယန်ခံစားရသည်။ ရုပ်သေးတစ်ခုလောက်ကို အလွယ်တကူ တစ်ချက်တည်းတိုက်ခိုက်အနိုင်ယူနိုင်သည်ဟု ‌တွေးနေသည်။

ရုပ်သေးက သူ့ကိုအရေးမစိုက်ဟန်ဖြင့် ရှေ့တက်ခဲ့ရန် လက်ယပ်ခေါ်သည်။

လုယန်တိုက်ခိုက်ရင်ပြင်နေချိန်တွင် ပြိုင်ဘက်ကင်းသန္ဓေက သတိပေးချက်တစ်ခု ထုတ်ပြန်သည်။

"ဒီပြိုင်ဘက်ကို အနိုင်မရနိုင်ဘူး။ အနိုင်ရနှုန်းထိန်းသိမ်းဖို့ ထွက်ပြေးပါ။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို သတ်သေပါ"

လုယန် - "..."

"နတ်မယ်၊ ဒါဘယ်လိုပြိုင်ဘက်ကင်းသန္ဓေမျိုးလဲ။ ကျုပ်ရဲ့ရွှေသန္ဓေတည်ဆောက်ပြီးကတည်းက တိုက်ပွဲလေးတစ်ပွဲလောက်နိုင်ဖို့တောင် အသုံးမပြုရသေးဘူး"

ရွှေသန္ဓေတည်ဆောက်ပြီးနောက် ပထမဆုံးအနိုင်ရခဲ့သည်က ထောင်ယော်ယဲ့နှင့်တိုက်ပွဲဖြစ်သည်။ ထိုစဉ်ကလည်း ပြိုင်ဘက်ကင်းသန္ဓေပေးသည့်အကြံက လုမိသားစုလက်သီးသုံးဖိုသာဖြစ်သည်။

ထာဝရနတ်မယ် ပုခုံးတွန့်ပြသည်။

"ငါ့ကိုအပြစ်တင်လို့မရဘူးလေ။ အရင်တုန်းကဆို ဒီပြိုင်ဘက်ကင်းသန္ဓေအကူအညီနဲ့ ယင်ထန်မသေမျိုးအပါအဝင် ဘယ်အခြေတည်အဆင့် ရွှေသန္ဓေဆင့်မဆို ငါလွယ်လွယ်လေး အနိုင်ယူနိုင်တယ်။

ဒါပေမယ့် နင်ကျတော့ စုစည်းခြင်းအဆင့်တွေ နင့်ဂိုဏ်းတူအကိုအမတွေနဲ့ပဲ ကြုံတွေ့နေရတာလေ"

ထိပ်တန်းဂိုဏ်းတစ်ခုတွင်နေရတိုင်းလည်း အခွင့်အရေးသာချင်မှသာမည်ဟု လုယန်စတွေးမိလာသည်။

သာမန်ဂိုဏ်းတစ်ဂိုဏ်းတွင် စီနီယာအကိုအမများသူ့ကို အနိုင်ကျင့်လျှင် ဆင်းရဲသည့်သူ့နောက်ခံကို လှောင်ပြောင်လျှင် ထိုစီနီယာကို သူ့ရွှေသန္ဓေအခြေခံကျင့်စဉ်စွမ်းအားဖြင့် အတိအလင်းစိန်ခေါ်အနိုင်ယူလိုက်မည်သာဖြစ်သည်။ ဂိုဏ်းအကြီးအကဲများနှင့်ဂိုဏ်းချုပ် အံ့အားသင့်သွားပြီး သူ့ကိုအတွင်းတပည့်ဖြစ်ခွင့်ပေးပေလိမ့်မည်။

သို့သော် တာအိုလမ်းစဉ်ဂိုဏ်းတွင် ထိုကိစ္စမျိုး ဘယ်တော့မှဖြစ်လာမည်မဟုတ်။

လုယန်ကို နတ်မယ်မပြောသည့်ကိစ္စတစ်ခုရှိသည်။ ပြိုင်ဘက်ကင်းသန္ဓေက ခုနက ရုပ်သေးကိုအနိုင်ယူနိုင်သည်ဟု ယုံကြည်ခြင်းသည် ပြိုင်ဘက်ကင်းသန္ဓေကြောင့်ဖြစ်လာသည့် ယုံကြည်စိတ်သာဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရုပ်သေးကို အနိုင်မယူနိုင်ဟု သတိပေးသည်။

အကောင်းအဆိုးအာနိသင်နှစ်ခုက တစ်ခုကိုတစ်ခုပယ်ဖျက်နေကြသည်။

"အဲလောက်လည်း ဆိုးဆိုးဝါးဝါးမဟုတ်ပါဘူး"

ထာဝရနတ်မယ် သူ့ဘာသာရေရွတ်နေသည်။

လုယန် လှည့်ကွက်ထဲဝင်မလာသဖြင့် ရုပ်သေးက ပထမဦးစွာတိုက်ခိုက်သည်။ လုယန်လှည့်ထွက်ပြေးရသည်။

မနိုင်မှန်းသိလျက် ဆက်တိုက်ခိုက်လျှင် ရူး၍သာဖြစ်မည်။

ရုပ်သေး၏လှုပ်ရှားမှုက လုယန်ထက် နည်းနည်းပိုမြန်သည်။ သူဘယ်လောက်ကြိုးစားသည်ဖြစ်စေ လွတ်အောင်မပြေးနိုင်။

သူလက်လျှော့ခါနီးအချိန်တွင် ပြိုင်ဘက်ကင်းသန္ဓေ လျင်မြန်စွာလည်ပတ်လာသည်။ သူ့ဝိညာဉ်စွမ်းအင်များ စီးဆင်းလာသည်။ သူ့ပြေးနှုန်းလည်း ပိုမြန်လာသည်။

"ဒီပြိုင်ဘက်ကင်းသန္ဓေက တိုက်ပွဲမှာတော့ အကူအညီမရဘဲ ဘာလို့ထွက်ပြေးတဲ့ကိစ္စကျမှ ဒီလောက်အာနိသင်ထက်မြက်နေရတာလဲ"

***********************************

All Chapters