ပုံရိပ်ပညာအသုံးချနည်းအသစ်
Vol. 23 Ch. 343
ပြိုင်ဘက်ကင်းသန္ဓေအကူအညီဖြင့် ရုပ်သေးလက်မှ လုယန် အောင်မြင်စွာလွတ်မြောက်လာသည်။
လုယန် ကောင်းကင်ဂိတ်တောင်ထိပ်မှထွက်သည်နှင့် ရုပ်သေးဆက်မလိုက်တော့။ အဝေးမှရပ်၍ လုယန်ကိုလှမ်းကြည့်နေသည်။
"တော်သေးတာပေါ့။ ဒီရုပ်သေး တောင်ပေါ်ကနေထွက်မရလို့"
လုယန် သက်ပြင်းချလိုက်သည်။ ထိုရုပ်သေးလှုပ်ရှားနိုင်သည့်နယ်မြေ အကန့်အသတ်ရှိကြောင်း ကောင်းကင်ဂိတ်တောင်ထိပ်မှ မထွက်နိုင်ကြောင်း အစကတည်းက သူသတိထားမိသည်။
"အကိုလု၊ ဘာလို့ဒီလောက်မြန်မြန်ပြေးနေတာလဲ။ ကောင်းကင်ဂိတ်တောင်ထိပ်မှာ အန္တရာယ်တစ်ခုခုရှိလို့လာ"
ထောင်ယော်ယဲ့စကားသံ သူ့နောက်ကျောဘက်မှထွက်လာသည်။
ယွမ်ကျိရှိနေသည့်တောင်ထိပ်တွင် မည်သည့်အန္တရာယ်ရှိနိုင်မည်နည်း။
"မ..မဟုတ်ပါဘူး။ ဘာမှမဟုတ်ပါဘူး။ မပြေးရတာကြာလို့ ခြေထောက်အကြောအချဉ်တွေဆန့်တဲ့သဘောပါ"
ရုပ်သေးတစ်ယောက်လိုက်၍ ထွက်ပြေးရသည်ဟု သူဝန်ခံ၍မဖြစ်။ ရှက်စရာကောင်းသည်။
"အခုအလုပ်များနေလား။ ပုံရိပ်ယောင်တွေနဲ့ပတ်သက်လို့ စိတ်ကူးသစ်တစ်ချို့ စဉ်းစားမိတယ်။ အဲဒါ အကိုနဲ့ ဆွေးနွေးချင်လို့"
လုယန်ခဏစဉ်းစားသည်။ လောလောဆယ် သူလည်း အရေးတကြီးလုပ်စရာ ဘာမှမရှိ။
"ကောင်းပြီလေ၊ မြူကင်းတောင်ထိပ်ကို သွားကြမလား"
မြူကင်းတောင်ထပ်သို့ သွားသည့်လမ်းတွင် လုယန်က မေးသည်။
"ဘာစိတ်ကူးသစ်တွေရဲလို့လဲ ညီမထောင်"
"အကိုရယ်၊ အကိုမုန်ရယ် အရိုးရိုင်းရယ် ပေါင်းစပ်တိုက်ကွက်သုံးတာကိုမြင်ပြီး စိတ်ကူးသစ်ရလာတာပါ။ အကိုတို့သုံးယောက်လုံး ကျွန်မပုံရိပ်ယောင်တွေကို လိုလိုလားလားလက်ခံကြတယ်လေ။ ဒီတော့ ပုံရိပ်ယောင်တွေကို တိုက်ခိုက်ဖို့အပြင် တစ်ခြားနည်းနဲ့သုံးလို့ရနိုင်လားလို့ ကျွန်မစဉ်းစားတယ်"
"စိတ်ဝင်စားစရာပဲ။ ဆက်ပြောပါဦး"
"ပုံရိပ်ယောင်ပညာသုံးတဲ့အခါ အခက်ခဲဆုံးက ပစ်မှတ်ကို ပုံရိပ်ယောင်ထဲ သူတို့ဆန္ဒအလျောက် ဝင်လာအောင်လုပ်ရတဲ့အလုပ်ပဲ။ ဒီတော့ တစ်ဘက်ကနေလှည့်စဉ်းစားလို့ရတယ်။ ဘယ်လိုအခြေအနေမျိုးမှာပစ်မှတ်က ဆန္ဒအလျောက် ပုံရိပ်ယောင်တစ်ခုထဲ ဝင်လာမလဲ"
လုယန် စဉ်းစားသည်။ ထောင်ယော်ယဲ့ရည်ညွှန်းလိုသည့်အဓိပ္ပါယ်ကို နားလည်သလိုလိုရှိသည်။
"လူတစ်ယောက် ပုံရိပ်ယောင်ထဲ ဆန္ဒအလျောက်ဝင်ဖို့ဆို အချက်နှစ်ချက်ရှိရမယ်။ လုံခြုံဘေးကင်းဖို့ရယ် သက်တောင့်သက်သာဖြစ်ဖို့ရယ်။
ဘေးကင်းတယ်ဆိုတာက ဒီပုံရိပ်ယောင်ကို တိုက်ခိုက်နည်းလမ်းတစ်ခုလို့ မမြင်ရဘူး။ ဒါက အခြေခံအကျဆုံးလိုအပ်ချက်ပဲ။ ပုံရိပ်ယောင်ကို ပစ်မှတ်က လိုလိုလားလားလက်ခံချင်အောင် သက်တောင့်သက်သာဖြစ်ဖို့လည်း လိုတယ်။
ပုံရိပ်ယောင်တွေရဲ့ သဘာဝက အာရုံနစ်မျောစေတဲ့ အတွေ့အကြုံဖန်တီးဖို့ပဲ။ ပစ်မှတ်ကို လက်တွေ့ဘဝမှာ မခံစားနိုင်တဲ့အရာတစ်ခု ပေးမယ်ဆိုရင် သူတို့ဆန္ဒအလျောက် ဒါကိုခံစားကြည့်မှာပဲ။
ညီမထောင်၊ သူတို့ပုံမှန်အားဖြင့် မမြင်မတွေ့နိုင်တဲ့ဟာမျိုးကိုပြမယ်လို့ ပြောနေတာလား။ ဥပမာ..."
လုယန် ထောင်ယော်ယဲ့ကိုကြည့်၍ မယုံနိုင်အောင်ဖြစ်သွားသည်။ ထိုမျှဖြူစင်၍အပြစ်ကင်းသည့်မျက်နှာနှင့် မိန်းကလေးတစ်ယောက်က ယောက်ျားများနှင့်အဓိကပတ်သက်သည့်ကိစ္စတစ်ခုကို တွေးနေသဖြင့် သူအံ့ဩမိသည်။
ထောင်ယော်ယဲ့ စိတ်အားထက်သန်စွာ ခေါင်းငြိမ့်သည်။ သူ့ရည်ရွယ်ချက်ကို လုယန်မြန်မြန်သဘောပေါက်သဖြင့် ကျေနပ်သွားသည်။
"ဥပမာပြောရရင်... ကျင့်ကြံသူတွေတိုက်ခိုက်တဲ့ ပုံရိပ်တွေကို ပြတာမျိုးပေါ့"
လုယန် "..."
ဆောရီး။ နားလည်မှုနည်းနည်းလွဲသွားသည်။ ပြန်စဉ်းစားကြည့်ပါမည်။
ထောင်ယော်ယဲ့ ဆက်ပြောသည်။
"အဆင့်နိမ့်ကျင့်ကြံသူတိုက်ပွဲမျိုး ပြောတာမဟုတ်ဘူး။ ဒါတွေက မြင်နေကျလေ။ ဒါပေမယ့် ရွှေသန္ဓေအဆင့်ကျင့်ကြံသူတွေရဲ့ တိုက်ပွဲမျိုးကျတော့ မြင်ရခဲတယ်။ ရွှေသန္ဓေအဆင့်ရောက်ရင် လေထဲမှာ ပျံသန်းနိုင်တယ်။ အခြေတည်အဆင့်ထက် ဝိညာဉ်စွမ်းအား အများကြီးသာတယ်။ သူတို့သုံးနိုင်တဲ့ မှော်ပညာတွေကလည်း မျိုးစုံပဲ။ ဒီလိုတိုက်ပွဲတွေက အတော်လေးကြည့်ကောင်းတယ်။
သေမျိုးတွေ အဆင့်နိမ့်ကျင့်ကြံသူတွေက ရွှေသန္ဓေအဆင့်နဲ့အထက်ကျင့်ကြံသူတွေရဲ့တိုက်ပွဲမျိုးကို မြင်ရခဲတယ်။ ကျွန်မတို့က ပုံရိပ်ယောင်တွေသုံးပြီး ဒီတိုက်ပွဲမျိုကိုပြပေးရင် သေချာပေါက် စိတ်ဝင်စားကြမှာပဲ။
အလကားတော့ လုပ်မပေးနိုင်ဘူးပေါ။ အခကြေးငွေတစ်ခု သတ်မှတ်မယ်လေ"
ထိုလုပ်ငန်းဖြင့် ငွေတစ်ချို့ရှာဖို့လည်း သူစိတ်ကူးထားသည်။
"အခုကျွန်မစဉ်းစားနေတာက ပုံရိပ်ယောင်စစချင်း တိုက်ပွဲကိုတန်းပြလိုက်ရင် ကတိုက်ကရိုက်နိုင်လွန်းမယ်။ ဇာတ်လမ်းလေးတစ်ခုခု ထည့်သင့်သလားလို့ပါ"
နှစ်ယောက်သား မြင်ကင်းတောင်ထိပ်မှ ထောင်ယော်ယဲ့၏ လှိုဏ်ဂူတံခါးဝသို့ ရောက်လာသည်။
ထောင်ယော်ယဲ့ အတော်စိတ်အားတက်ကြွနေသည်။
"ကျွန်မရှင့်ကို သရုပ်ပြမယ်။ မခုခံနဲ့"
"ကောင်းပြီလေ"
ထောင်ယော်ယဲ့ အနီရောင်ထီးကိုဖွင့်၍ သူ့ခန္ဓာကိုယ်ရှေ့တွင်ကာလိုက်သည်။ လုယန်ရှေ့တွင် နှစ်ကြိမ်ဝှေ့ယမ်းသည်။ ရုတ်တရက် ဘေးပတ်လည်မြင်ကွင်းပြောင်းလဲသွားသည်ကို လုယန်ခံစားရသည်။ အသိပြန်ဝင်လာချိန်တွင် အဆုံးမရှိကျယ်ပြန့်သည့် တောင်တန်းများအလယ်သို့ ရောက်နေသည်။
တစ်ခုခုအာရုံရသဖြင့် ကောင်းကင်သို့မော့ကြည့်လိုက်သည်။ စွမ်းအားရှင်နှစ်ယောက်ကို မြင်ရသည်။ အဝတ်စားဆင်တူဝတ်ထားသည်။ ဂိုဏ်းတူညီအကိုများဖြစ်ပုံရသည်။
တစ်ယောက်က မျက်ရက်များစီးကျနေသည်။ သူ့အသံက အနည်းငယ်တုန်ရင်နေသည်။
"အကိုကြီး၊ ပြောပါဦး။ အကိုဘာလို့ဆရာ့ကို သတ်ခဲ့တာလဲ။ ဘာလို့အကိုအချစ်ဆုံး ဂိုဏ်းတူညီမလေးကို သတ်ခဲ့တာလဲ။ ဘာလို့ တစ်ခြားဂိုဏ်းတူညီအကိုမောင်နှတွေကို သတ်ခဲ့တာလဲ။ ဘာကြောင့်လဲ"
တစ်ခြားတစ်ယောက်က အေးစက်စက်ရယ်မောသည်။ သူ့ကိုယ်မှ မကောင်းဆိုးဝါးစွမ်းအင်ရောင်တစ်ခု ထွက်ပေါ်နေသည်။
"ဟားဟားဟား ဘာကြောင့်လဲတဲ့လား။ ဆရာ့ကို မင်းသွားမေးလိုက်။ မင်းကိုယ်မင်းပြန်မေးလိုက်လေ"
"ကျုပ်ကိုယ်ကျုပ်မေးရမှလား"
ညီငယ် မင်သက်မိသွားသည်။ သူ့အကိုဘာပြောချင်သည်ကို နားမလည်။
"ဂိုဏ်းကိုပထမဆုံးဝင်တာ ငါပဲ။ နေ့တိုင်း ဇွဲကောင်းကောင်းနဲ့လေ့ကျင့်တယ်။ ဒါတွေအားလုံးက တစ်နေ့ကျရင် ဆရာ့အမွေကို ဆက်ခံမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်ပဲ။ နောက်ထပ်ညီငယ်ညီမငယ်တွေ ဂိုဏ်းထဲဝင်လာတော့လည်း ငါစိတ်မရှိပါဘူး။ သူတို့ပါရမီက ငါ့ကိုမမီဘူးလေ။
ဒါပေမယ့် မင်းရောက်လာတော့ အရာအားလုံး ပြောင်းလဲသွား။ ဆရာက မင်းကို ဂိုဏ်းချုပ်ရာထူးလွှဲပေးချင်တယ်။
ဘာကြောင့်လဲလို့ ဆရာ့ကိုငါမေးတယ်။ ငါက အောင်မြင်ဖို့အတွက် စိတ်အားထက်သန်လွန်းတယ်၊ အမြင်ကျဉ်းလွန်းတယ်တဲ့။ မင်းကမှ သူ့အမွေခံဖို့ တကယ်ထိုက်တန်တဲ့လူတဲ့။
ငါဒေါသထွက်သွားတယ်။ နှစ်တွေအကြာကြီး ငါကြိုးစားအားထုတ်ခဲ့သမျှအားလုံးက သူ့အတွက် ဘာမှအဓိပ္ပါယ်မရှိဘူးလား။ ဒါတွေကို အောင်မြင်ဖို့စိတ်လောတယ်လို့ သူမြင်တာလား။ ဒေါသထွက်လွန်းလို့ ငါသူ့ကိုသတ်လိုက်တယ်။ ဖြစ်ချင်တော့ ညီမလေးက ဒါကိုမြင်သွားတယ်။ သူကြောက်ပြီးအော်လိုက်တော့ တစ်ခြားလူတွေပါ ရောက်လာတယ်။ သူတို့ကိုနှုတ်ပိတ်ဖို့ သတ်ရုံကလွဲပြီး တစ်ခြားရွေးစရာမရှိဘူးလေ။
အခုမင်းလည်း အားလုံးသိသွားပြီဆိုတော့ မင်းလည်းသေရမယ်။ မင်းကျင့်စဉ်အဆင့်က ငါ့ကိုမမီပါဘူး။ ဒီတော့အသာတကြည်လက်လျှော့လိုက်ပါတော့"
ရွှေရောင်မြူငွေ့များ ညီငယ်ဖြစ်သူကိုယ်မှ ထိုးထွက်လာသည်။ စွမ်းအင်ရောင်က သူ့ဂိုဏ်းတူအကိုနှင့် တန်းတူဖြစ်လာသည်။
ဂိုဏ်းတူအကို အံ့အားသင့်သွားသည်။
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ မင်းက ရွှေသန္ဓေအခြေခံအဆင့်ပါ။ ဘယ်လိုလုပ်ပြီး ငါ့လို ရွှေသန္ဓေနောက်ဆုံးအဆင့် ဖြစ်နေတာလဲ"
ညီငယ်မျက်နှာ အေးစက်သွားသည်။ ဂိုဏ်းသို့ပြန်ရောက်ချိန် အလောင်းများပြန့်ကျဲနေခဲ့သည့်မြင်ကွင်းကို ပြန်သတိရလာသည်။ သေလုမျောပါးဖြစ်နေသည့် သူ့ဆရာက စွမ်းအင်အားလုံး သူ့ကိုလွှဲပေးခဲ့သည်။ ဂိုဏ်းတူညီမက သူ့လက်ထဲမှာပင် သေသါားသည်။
ဤကိစ္စအားလုံး၏နောက်ကွယ်မှ တရားခံသည် သေရမယ်။
ဂိုဏ်းတူအကို ချက်ချင်းနားလည်သွားသည်။ သူ့မျက်နှာလည်း ကြမ်းတမ်းခက်ထန်လာသည်။
"ငါနားလည်သွားပြီ။ ဟိုအဘိုးကြီးက သူ့ကျင့်စဉ်စွမ်းအားတွေ မင်းကိုအကုန်လွှဲပေးခဲ့တာပဲ။ သူမင်းကိုမျက်နှာသာပေးမှန်း ငါသိသားပဲ"
ညီငယ် မှောက်လက်နက်နှစ်ခုကိုင်ထားသည်။ လက်နက်နှစ်ခုကို ဖျတ်ခနဲခါယမ်းလိုက်သည်။ ရွှေရောင်နဂါးနှစ်ကောင်အဖြစ် အသွင်ပြောင်းသွားပြီး အော်ဟစ်ဟိန်းဟောက်၍ ဂိုဏ်းတူအကိုထံ ပြေးဝင်သွားသည်။
ကြီးမားသည့်သရဲလက်ဝါးတစ်ခု ဂိုဏ်းတူအကိုနောက်ဘက်မှ ထွက်ပေါ်လာပြီး နဂါးနှစ်ကောင်ကိူ ရိုက်ချသည်။
ညီငယ်ဖြစ်သူက ကျောက်စိမ်းပုလင်းတစ်ခုကိုဖွင့်လိုက်သည်။ အဝါရောင်သဲများက ဆူနာမီလှိုင်းတစ်ခုလို ထိုးထွက်လာပြီး ဂိုဏ်းတူအကိုကို ဖုံးလွှမ်းသွားသည်။ ဂိုဏ်းတူအကို အော်ဟစ်မာန်သွင်း၍ ခါးမှဓားပြားကြီးကိုဆွဲထုတ်ပြီး သူဆူနာမီလှိုင်းကို နှစ်ခြမ်းခွဲသည်။
ညီအကိုနှစ်ယောက် အပြင်းအထန်တိုက်ခိုက်ကြသည်။ မှော်လက်နက်များ၊ မှော်ပညာများ တစ်ခုပြီးတစ်ခု ထုတ်သုံးသည်။ ကြည့်ရှုသူကို စိတ်အားတက်ကြွပြီး ကိုယ်တိုင်ဝင်ရောက်တိုက်ခိုက်ချင်စိတ် ဖြစ်ပေါ်လာအောင် ဆွဲဆောင်နိုင်သည်။
ရုတ်တရက် ထိုမြင်ကွင်းက ပန်းချီကားတစ်ချပ်အဖြစ်ပြောင်းသွားသည်။ ထို့နောက် တဖြေးဖြေးမှေးမှိန်ပျောက်ကွယ်သွားသည်။ လုယန် အစစ်အမှန်လောကသို့ ပြန်ရောက်လာသည်။ ထောင်ယော်ယဲ့က ထီးနီကိုကိုင်၍ သူ့ကို ပြုံးပြီးကြည့်နေသည်။
"ဘယ်လိုလဲ အကိုလု၊ ကျွန်မ နောက်ခံဇာတ်လမ်းလေး နည်းနည်းထည့်ထားတယ်။ အဲဒါက တိုက်ပွဲအခြေအနေကို ပိုအသက်ဝင်လာအောင်လုပ်နိုင်လား"
လုယန် အတော်ကြာအောင် အသံတိတ်သွားသည်။ အတွေးပေါင်းများစွာ သူ့ခေါင်းထဲဝင်လာသည်။ ဘယ်ကစ၍ မှတ်ချက်ပေးရမည်သေချာမသိ။
ရုပ်ရှင်ကြည့်ရသလိုဖြစ်နေသည်။
ကိုယ်တိုင်ဖန်တီးထားသည့် မြင်ကွင်းစုံရသစုံ ရုပ်ရှင်ဖြစ်သည်။
တိုက်ပွဲမြင်ကွင်းက လက်တွေ့အစစ်အမှန်နှင့် ခွဲခြားမရ။ ဇာတ်လမ်းကတော့ နည်းနည်းရိုးရှင်းသည်။ သို့သော် ကိစ္စမရှိ။ ယခုမှ အစသာဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ဇာတ်လမ်းကပြည့်စုံလာလိမ့်မည်။
ထိုပုံရိပ်ယောင်မျိုး သူ့အတိတ်ဘဝကသာရှိခဲ့လျှင် ဘယ်သူမှယှဉ်နိုင်မည်မဟုတ်။ ဘယ်လိုကွန်ပြူတာဖန်တီးချက်မှ လိုက်မမီနိုင်.
"သိပ်ကောင်းတဲ့စိတ်ကူးပဲ"
လုယန် တကယ်အထင်ကြီးလေးစားမိသည်။ ထိုအယူအဆကို ပြည့်စုံအောင်မွမ်းမံပြီး ပြည်သူကြားသို့ ချပြလိုက်လျှင် အကြီးအကျယ်အောင်မြင်မည်ဟု ယုံကြည်သည်။
***********************************