အခန်း (၄၃၅)
Vol. 29 Ch. 435
ရွှမ်ယီ၏ မျက်လုံးအကြည့်များက နက်ပြာရောင်အခိုးအငွေ့များ ဖုံးလွှမ်းနေသည့် ချောက်ကမ်းပါးသို့ ရောက်သွားပြီး လက်သီးအား အနည်းငယ်ညှစ်ဆုပ်လိုက်မိသည်။
အကယ်၍ ယခုအချိန်တွင် ငရဲနတ်ဆိုးများ ထွက်ပေါ်လာမည်ဆိုပါက ၎င်းတို့နှင့် တိုက်ခိုက်ပြီး သူ၏ လက်ရှိခွန်အားကို စမ်းသပ်နိုင်ပေလိမ့်မည်။
ကောင်ကင်ဘုံက ရွှမ်ယီ၏ ဆန္ဒအားဖြည့်ဆည်းပေးလိုက်သည့်အလားပင်။
ကီလိုမီတာ(၅၀)အကွာရှိ ငရဲမိုးကြိုးချောက်အတွင်းမှ စူးရှသောလေချွန်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ ဘာတွေဖြစ်နေတာလဲ.. ငရဲနတ်ဆိုးဒီရေက ရုတ်တရက် ထွက်ပေါ်လာတာလား…”
စူးရှသော လေချွန်သံက တိတ်ဆိတ်နေသော ပတ်၀န်းကျင်အား လှုပ်ခတ်သွားပြီး ကုန်သည်အဖွဲ့တစ်ခုလုံးအား ထိတ်လန့်သွားစေခဲ့သည်။
လင်းတိုင်အပါအ၀င် ကုန်သည်အဖွဲ့မှ ကာကွယ်ခြင်းတာ၀န်ယူထားသူများ ရှေ့သို့ပြေးထွက်လာပြီး ခုခံခြင်းပုံစံပြင်လိုက်ကြ၏။
“ တစ်ယောက်ယောက်က ငရဲနတ်ဆိုးဒီရေဖြစ်လာတောင် အတမင်ဖန်တီးခဲ့တာနဲ့တူတယ်… မကောင်းတော့ဘူး… ချက်ချင်းဆုတ်ကြ…”
ရှုယွမ်က လေအဟုန်ဖြင့် အားလုံးရှေ့သို့ ပြေးထွက်လာခဲ့သည်။ သူမ၏ မျက်၀န်းများက ချောက်ကမ်းပါးအတွင်းမှ အခြေအနေများအား ထွင်းဖောက်မြင်နေရသည့်အလားပင်။
သူမ မျက်နှာက ချက်ချင်း အမူအရာပြောင်းလဲသွားခဲ့ပြီ နောက်သို့လှည့်ကာ အော်ဟစ်လိုက်၏။
“ လူတိုင်း… အဖိုးတန်ဆုံး ပစ္စည်းတွေကို မြန်မြန်သိမ်းကြ… ကျန်တာတွေကို ဂရုစိုက်မနေနဲ့တော့…”
သူမတို့ထံတွင် သိုလှောင်အိတ်များ ၊ သိုလှောင်လက်စွပ်များရှိသော်လည်း ပါလာသော ကုန်ပစ္စည်းများနှင့် ယှဉ်ပါက ၎င်းတို့အတွင်း ၀င်ဆံ့နိုင်သော ပမာဏက နည်းပါးနေခဲ့သည်။
ထို့ကြောင့် ယခုအချိန်တွင် အဖိုးတန်ဆုံး ပစ္စည်းများကိုသာ ၎င်းတို့အတွင်းထည်သွင်း၍ ကျန်ပစ္စည်းများအား စွန့်ပစ်ရတော့မည်။
အစပိုင်းတွင် ဝေ့ယွမ်အမည်ရသော ငွေရောင်၀တ် မိန်းကလေး ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေခဲ့၏။
သို့သော် ရှုယွမ်၏ အော်ဟစ်သံကြောင့် အခြေအနေက မည်မျှ အရေးတကြီးဖြစ်နေကြောင်း နားလည်သွားပြီး ဘာမှမေးမနေတော့ဘဲ နောက်သို့လှည့်ပြီး အဖိုးတန်ပစ္စည်းများအား အမြန်သိမ်းဆည်းရန် အဖွဲ့သားများအား လောဆော်လိုက်သည်။
ရွှမ်ယီက ရှုပ်ယှက်ခပ်နေသော လူအုပ်ကြား ငြိမ်လျက်ရပ်နေပြီး ငရဲနတ်ဆိုးဒီရေက မည်သို့မည်ပုံဖြစ်ကြောင်း လှမ်းကြည့်နေခဲ့၏။
“ နင်… ဘာရပ်လုပ်နေတာလဲ… မြန်မြန်ကူလေ…”
ရှုယွမ် မြင်သွားပြီး ချက်ချင်းလှမ်းအော်လိုက်သည်။
သို့သော် ထိုအချိန်တွင်…
ရွှစ်..ရွှစ်..ရွှစ်…
နက်ပြာရောင်အရိပ်များက မြှားများအလား လေကိုခွင်းလျက် သူတို့အဖွဲ့ရှိရာသို့ ဦးတည်ပြေးထွက်လာကြ၏။
အထူးသဖြင့် ရှေ့ဆုံးမှဦးဆောင်လာသော နတ်ဆိုး(၃)ကောင်ကြောင့် အကာအကွယ်အဖွဲ့ အလွန်မျက်နှာပျက်သွားခဲ့ကြသည်။
ရှုယွမ်က အဘယ်ကြောင့် သူတို့အား ချက်ချင်း ဆုတ်ခွာရန် အမိန့်ပေးခဲ့ကြောင်း နားလည်သွားတော့၏။
သူမက ကုန်ပစ္စည်းများ ဆုံးရှုံးမည်ကိုပင် တွန့်ဆုတ်မနေခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ယခုထွက်ပေါ်လာသည့် ငရဲနတ်ဆိုးဒီရေက အလွန်အဆင့်မြင့်သောကြောင့်ပင်။
ပြင်းထန်သော အရှိန်အဝါများဖြင့် ရှေ့ဆုံးမှပြေးထွက်လာသည့် ငရဲနတ်ဆိုး(၃)ကောင်က လူသားဘုရင်အဆင့်သို့ ရောက်နေခဲ့သည်။
“ သားရဲကောင်တွေ သေစမ်း…”
ရှုယွမ်အံကြိတ်လိုက်ပြီး ဝေ့ယွမ်အား အဝေးသို့ တွန်းထုတ်လိုက်ကာ ခရမ်းရောင်ဓားရှည်အား ဆွဲထုတ်ကာ ၀င်ရောက်လာသည့် ရှေ့ဆုံးမှ ငရဲနတ်ဆိုးများအား ခုတ်ချလိုက်၏။
ကျယ်လောင်သောထိခတ်သံတစ်ခု ထွက်ပေါ်လာပြီး သူမဓားရှည်က ရှေ့ဆုံးမှ ငရဲနတ်ဆိုး(၂)ကောင်အား တားဆီးနိုင်ခဲ့သည်။
သို့သော် တတိယမြောက် ငရဲနတ်ဆိုးက ခရမ်းရောင်ဓား သူ့အပေါ်သို့ ကျရောက်တော့မည့် ဆဲဆဲတွင် ရပ်တန့်လိုက်ပြီး စူးချွန်များ ပြည့်နှက်နေသည့် အမြီးရှည်ကြီးဖြင့် ရှုယွမ်အား လှမ်းရိုက်လိုက်၏။
“ စီနီယာ ရှု…”
လင်းတိုင်နဲ့ ကျန်အကာကွယ်အဖွဲ့၀င်များ ရှုယွမ်အား ကူညီရန် ပြေးထွက်လာကြသည်။
သို့သော် သူတို့စွမ်းအားက ထိုငရဲနတ်ဆိုးများနှင့် ယှဉ်ပါက ဘောင်မ၀င်ချေ။
ငရဲနတ်ဆိုးများက အသိညာဏ်မရှိကြသည့်တိုင် ၎င်းတို့ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါများကြောင့် ဖိနှိပ်ခံနေရပြီး လှုပ်ရှားနိုင်စွမ်းများ ပျောက်ဆုံးသွားခဲ့ရသည်။
ရှုယွမ်ထံသို့ အမြီးရှည်ကြီး ကျဆင်းလာသည်ကို ကူကယ်ရာမဲ့စွာဖြင့် ငေးကြည့်နေရုံသာ တတ်နိုင်တော့၏။
ရှုယွမ် အံကြိတ်လိုက်သည်။
လက်ထဲမှ ဓားအား လမ်းကြောင်းပြောင်းရန်ပြင်လိုက်၏။
သူမအနေဖြင့် ကာကွယ်ရန်အတွက် အချိန်မမှီတော့ချေ။
သို့သော် သူမလက်ထဲမှဓားအား ၎င်းထံသို့ တန်းတန်းမတ်မတ် ဦးတည်ထားခဲ့သည်။
ထိုငရဲနတ်ဆိုးကြောင့် သူမသေဆုံးသွားလျှင်ပင် ၎င်းလည်း သူမ၏ ဓားချက်ကြောင့် တစ်ခါတည်း သေဆုံးသွားပေလိမ့်မည်။
ဤသို့ဖြင့် သူမသေဆုံးသွားလျှင်တောင် ကျန်သူများ လွတ်မြောက်နိုင်မည်ဖြစ်၏။
ရှုယွမ် ရင်တွင်း၌ သက်ပြင်းတစ်ချက်ချလိုက်သည်။
ကုန်သည်များအကြားမှ ဝေ့မျိုးရိုးနာမည်နှင့် လူများက တောင်ပိုင်းနယ်မြေကြီးအတွင်းရှိ မြောက်ပိုင်းဒေသမှ ကျင့်ကြံခြင်း နိုင်ငံတာ်တစ်ခုဖြစ်သော ဝေ့နိုင်ငံမှလာခြင်းဖြစ်၏။
အမှန်တွင် ဝေ့ယွမ်ဆိုသည့် မိန်းကလေးက ဝေ့နိုင်ငံတော်ဘုရင်၏ ပထမဇနီးနှင့်ရခဲ့သော တစ်ဦးတည်းသော သမီးလေးဖြစ်ပေသည်။
ကျင့်ကြံသူများအကြား၌ နိုင်ငံတော် အုပ်ချုပ်ခြင်းကိစ္စများတွင် သာမန်သေမျိုးများကဲ့သို့ လိင်ခွဲခြားခြင်းမရှိချေ။
ဤသို့ဖြင့် ကျန်ကိုယ်လုပ်တော်များနှင့် ရခဲ့သည့် မင်းသားများနှင့် ယှဉ်ပါလျှင် ဝေ့ယွမ်က အားလုံးထဲ၌ အရေးပေးခံရဆုံးဖြစ်သည်။
ထို့သို့ဖြစ်ရခြင်းမှာ သူမ၏ ဖြူစင်ကြင်နာတတ်သော နှလုံးသားကြောင့်ဖြစ်သည်။ ညီအစ်ကို မောင်နှစ်မများက သူမအား အလွယ်တကူ ပစ်မှတ်ထားလာခဲ့ကြသည်။
သူမအား ပြိုင်ဆိုင်မှုအတွင်းမှ အရင်ဆုံး ပထုတ်လိုနေခဲ့ကြ၏။
‘ ပြန်ရောက်တဲ့အချိန်ကျရင် မင်းသမီးလေး ရင့်ကျက်လာဖို့ မျှော်လင့်ပါတယ်…’
၎င်းက ရှုယွမ်၏ စိတ်ထဲတွင် နောက်ဆုံး ဖြစ်ပေါ်လာသော အတွေးဖြစ်သည်။
သို့သော် ရုတ်တရက် သူမ အနီး၌ လေပြင်းတစ်ချက် တိုက်ခတ်သွား၏။
ဝုန်း…
သူမ ရင်းနှီးသော ရုပ်သွင်တစ်ခု ရှေ့ရောက်လာသည်ကို ရှုယွမ် မြင်လိုက်ရသည်။
၎င်းက ငရဲနတ်ဆိုး၏ ပြင်းထန်သော အမြီးရိုက်ချက်အား ဆန့်ကျင်ရန် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်ကို မြင်လိုက်ရ၏။
“ ဘေးဖယ်… နင် မယှဉ်နိုင်ဘူး…”
နောက်ဆုံးတွင် သူမရှေ့သို့ ရောက်လာသူအား ရှင်းလင်းစွာ မြင်လိုက်ရ၏။
၎င်းက တစ်ချိန်လုံး သူမ ကြည့်မရခဲ့သော သေမျိုးဖြစ်ပေသည်။
ရွှမ်ယီ…!
လက်ရှိအချိန်တွင် ထိုသေမျိုးထံမှ အဘယ်ကြောင့် ဤမျှ ပြင်းထန်သော အရှိန်အဟုန် ပေါက်ကွဲထွက်လာကြောင်း သူမ တွေးနေချိန်မရှိပေ။
ထို့အပြင် ၎င်းထံမှ စိတ်ဝိညာဉ်စွမ်းအင်အရိပ်အယောင် တစ်စွန်းတစ်စမှ သူမမမြင်မိပေ။
‘ ဒီတိုက်ခိုက်မှုကို သူ ဘယ်လို တားဆီးနိုင်မှာလဲ…’
‘ ငါနဲ့အတူ လူတစ်ယောက် ပိုသေသွားရုံဘဲ ရှိမှာပေါ့…’
ရှုယွမ်၏ အတွေးများ ရှုပ်ထွေးနေစဉ် ငရဲနတ်ဆိုးအမြီးနှင့် လက်သီး ထိတွေ့ရမှ လေပြင်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ခလွပ်.. ခလွပ်.. ဂျွတ်…
ငရဲနတ်ဆိုးခေါင်းဆောင်၏ အမြီးမှ အရိုးကျိုးသံများ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ခန္ဓာကိုယ်တစ်ခုလုံး အသားစများအဖြစ် ပေါက်ကွဲသွားခဲ့၏။
ရှုယွမ်အပါအ၀င် ရှေ့တန်း၌ ကာကွယ်သူများအဖြစ် နေရာယူထားသည့် လင်းတိုင်တို့ တစ်ဖွဲ့လုံး ထိုမြင်ကွင်းကြောင့် မှင်သက်သွားကြလေသည်။
အသိညာဏ်မရှိသော ရှေ့ဆုံးမှ ငရဲနတ်ဆိုးနှစ်ကောင်ပင် နေရာ၌ တခဏမျှ ငြိမ်သက်သွားခဲ့ကြ၏။
ရွှမ်ယီအား အမြဲတစေ ဂရုစိုက်ပေးခဲ့သော ဝေ့ယွမ်လည်း သူမရှေ့မှ မြင်ကွင်းကြောင့် အလွန်အံ့အားသင့်ကာ ထိတ်လန့်သွားခဲ့သည်။
ရွှမ်ယီက ငရဲနတ်ဆိုးအုပ်ကြီးရှေ့၌ ရေကန်တစ်ခုအလား တည်ငြိမ်သော မျက်နှာထားဖြင့် ရပ်နေ၏။
အေးစက်ကာ စူးရှသော အကြည့်တစ်ချက်က ငရဲနတ်ဆိုးအုပ်ကြီးထံသို့ ကျရောက်သွားခဲ့သည်။