အခန်း (၄၂၁)
Vol. 29 Ch. 421
ပင်လယ်သားရဲမျိုးနွယ်၏ ခေါင်းဆောင်များဖြစ်သော သူတို့(၃)ယောက်က များစွာသော အကျိုးအမြတ်များ ရိတ်သိမ်းနိုင်မည်မှာ အသေအချာပင်။
၎င်းတို့ သက်တမ်းကုန်ဆုံးချိန်မတိုင်မီ နောက်တစ်ဆင့်သို့ပင် ချိုးဖျက်ရန် ဖြစ်နိုင်၏။
ထို့ကြောင့် ဤနေရာ၌ အလကားသက်သက် အသေမခံလိုကြချေ။
….
ဓားကိုးစင်း တောင်ထိပ်တွင်
ကောင်းကင်ဓားအင်ပါယာက ယခင်တိုက်ပွဲ၌ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်။
သူ၏ အရင်းအမြစ်ဖြစ်သော ပင်မစွမ်းအင်က ထိခိုက်သွားခဲ့၏။
သို့သော် ဤတစ်ကြိမ် တိုက်ပွဲ၌ သူ၀င်ပါမှ ပင်လယ်သားရဲအင်ပါယာအား ထိန်းချုပ်နိုင်ပေလိမ့်မည်။
ကောင်းကင်ဓားအင်ပါယာက ခေါင်းညိတ်ပြီး ခါးသီးစွာ ပြုံးလိုက်ရင်း
“ ညီလေး ကုယွမ်.. မင်းရဲ့ စေတနာကို ငါနားလည်ပါတယ်ကွာ… ဒါပေမယ့် အခုအချိန်မှာ ဒီဆုံးဖြတ်ချက်ကလွဲပြီး တခြား ရွေးချယ်စရာမရှိဘူး….”
ကုယွမ်အနေဖြင့် မိုးတိမ်အင်ပါယာနှင့် ပေါင်းပြီး ထိုအစီအရင်ကြီးအား ချိုးဖျက်၍ ရသည်။
သို့သော် ပင်လယ်သားရဲ အင်ပါယာများကရော သူတို့အား လက်ပိုက် ရပ်ကြည့်နေကြမည်လော…?
၎င်းတို့ဘက်မှ စတင်တိုက်ခိုက်လာမည်မှာ အသေအချာပင်။
ထိုအခါ သူတို့အနေဖြင့် အစီအရင်ကြီးအား ဘာမှလုပ်နိုင်တော့မည်မဟုတ်ပေ။
ကောင်းကင်ဓားအင်ပါယာသာ ပါလာပါက ၎င်းအနေဖြင့် ပင်လယ်သားရဲအင်ပါယာ(၃)ယောက်အား တခဏမျှ ဟန့်တားပေးထားနိုင်သည်။
ထို့ကြောင့် ကုယွမ် ဘာမှမပြောနိုင်တော့ဘဲ တိတ်ဆိတ်သွားတော့၏။
ကောင်းကင်ဓားအင်ပါယာကမူ ဆက်လက်အချိန်ဆွဲမနေတော့ပေ။ ချက်ချင်း အနက်ရောင် သံမဏိဓားကြီးဖြင့် လေဟာနယ်အား ပိုင်းချလိုက်၏။
“ အချိန်ဆွဲနေလို့ မရတော့ဘူး… ငါ သွားနှင့်ပြီ…”
အင်ပါယာ ကုယွမ်ကမူ ကောင်းကင်ဓားအင်အင်ပါယာအား တားဆီးမနေတော့ချေ။ ကောင်းကင်ဓားအင်ပါယာ လေဟာနယ်အတွင်း၀င်ရောက်သွားသည်ကိုကြည့်ပြီး လေးပင်စွာ သက်ပြင်းချလိုက်၏။
ထို့နောက် အင်ပါယာအမိန့်ပြန်တမ်းကိုသုံးပြီး တောင်ပိုင်းတိုက်ကြီး၏ နေရာအနှံ့သို့ အလင်းတန်းများ စေလွှတ်လိုက်သည်။
တောင်ပိုင်းတိုက်ကြီးမှ ကောင်းကင်ဘုရင်နှင့် အထက်အဆင့်များအား ဆင့်ခေါ်လိုက်ခြင်းဖြစ်၏။
“ ဒါဆိုလည်း အခြေအနေကို ပိုပြီး ကြီးကျယ်အောင် လုပ်ရတော့မှာပေါ့…”
ကုယွမ် အံကြိတ်ရင်း သူစေလွှတ်လိုက်သော အလင်းများမှတစ်ဆင့် အသံပို့လွှတ်လိုက်၏။
“ တောင်ပိုင်းတိုက်ကြီးက ဂိုဏ်းများ ၊ မိသားစုကြီးများ အားလုံး အမိန့်နာခံပါ… ကောင်းကင်ဘုရင်နဲ့ အထက်အဆင့် ကျင့်ကြံသူတိုင်း အဆုံးမဲ့ပင်လယ်ကို ချီတက်ကြမယ်…”
“ အဆုံးမဲ့ပင်လယ်က ပင်လယ်သားရဲတွေအားလုံးကို အမြစ်ဖြတ် သုတ်သင်ကြစို့…”
ထိုအချိန်တွင်
အဆုံးမဲ့ပင်လယ်ရှိ ဘိုးဘေး စိတ်ဝိညာဉ်အစီအရင်ကြီးအတွင်း…
မိုးတိမ်အင်ပါယာ ခေါ်ဆောင်လာသည့် အဖွဲ့(၆)ဖွဲ့က တစ်ဦးပေါ်တစ်ဦး မှီခိုလျက် ကာကွယ်ရေး အစီအရင်တစ်ခု တည်ဆောက်ထားခဲ့ကြသည်။
၎င်းတို့ မျက်နှာချင်းဆိုင်တွင် အေးစက်သော အပြုံးများဖြင့် ကောင်းကင်ဘုရင်အဆင့် ပင်လယ်သားရဲ (၁၂) ယောက်နှင့် အင်ပါယာတစ်၀က်အဆင့် ပင်လယ်သားရဲ (၉)ယောက် ရပ်နေ၏။
ထိုပင်လယ်သားရဲအဖွဲ့နှင့် ရွှမ်ယီတို့ အဖွဲ့အား ကျောက်စိမ်းရောင် အကွက်များနှင့် ရှုပ်ထွေးသည့် ရုန်းများ ပါ၀င်သော ဧရာမ အစီအရင်ကြီးက ဖုံးအုပ်ထားပြီး ပြင်ပကမ္ဘာနှင့် ပိုင်းခြားထားခဲ့သည်။
လက်ရှိတွင် ထိုနေရာက ရွှမ်ယီတို့အဖွဲ့အတွက် မျှော်လင့်ချက်ကင်းမဲ့သော နေရာတစ်ခု ဖြစ်လာ၏။
ပင်လယ်သားရဲများ ဘိုးဘေး စိတ်ဝိညာဉ်အစီအရင်ဟု ခေါ်ဆိုသည့် ဤအစီအရင်ကြီးအတွင်း၌ ပင်လယ်သားရဲများအတွက် စွမ်းအားမြှင့်တင်ပေးမှုက ရေထဲမှာထက် သာလွန်နေသည်။
၎င်းတို့ဘက်မှ အင်ပါယာတစ်၀က်အဆင့်များက လတ်တလောကမှ အဆင့်တက်လာကြသူများဖြစ်ကြသော်လည်း အစီအရင်၏ ထောက်ပံ့မှုအောက်တွင် ၎င်းတို့ စွမ်းအားများက ခုနှစ်သွယ်ဘုရင်ထက်ပင် အနည်းငယ်သာလွန်နေသယောင် ဖြစ်နေ၏။
ထို့အပြင် ကောင်းကင်ဘုရင်အဆင့် ပင်လယ်သားရဲများကလည်း သာမန် အင်ပါယာတစ်၀က်အဆင့် ကျင့်ကြံသူများနှင့် ယှဉ်နိုင်စွမ်းရှိနေသည်။
ရွှမ်ယီတို့အဖွဲ့တွင် ရွှမ်ယီမှလွဲ၍ လူတိုင်းနီးပါး မျှော်လင့်ချက် ကင်းမဲ့မှုအား ခံစားနေမိကြ၏။
နှစ်ဖွဲ့အကြား စွမ်းအားကွာဟချက်က ကြီးမားလွန်းလှသည် မဟုတ်ပေလော။
“ ဘာမှ ကြောက်စရာမရှိဘူး… သူတို့အားလုံး ဘုရင်အဆင့်တွေပဲကို… ဒီ အစီအရင်ကြီးထဲက ငါတို့ထွက်မသွားနိုင်ပေမယ့် ပင်လယ်သားရဲတွေဘက်က အင်ပါယာအဆင့်တွေလည်း ၀င်မလာနိုင်ဘူးလေ…”
ခုနှစ်သွယ်ဘုရင်က မီးတောက်နေသော မျက်၀န်းများဖြင့် ဟစ်ကြွေးလိုက်၏။
“ ဟမ့်.. သာရဲလေး (၂၁)ကောက်လောက်နဲ့ ငါတို့ကို သတ်ချင်တာလား.. နေ့ခင်းကြောင်တောင် အိမ်မက်မက်နေတာပဲ… ငါတို့ အဲ့ကောင်တွေ အားလုံးကို သတ်ကြမယ်… ပြီးရင် အင်ပါယာကုယွမ်နဲ့ ကောင်းကင်ဓားအင်ပါယာတို့ လာကယ်တာကို စောင့်ကြတာပေါ့… ဒီကောင်တွေ ဘယ်လောက်အထိ မောက်မာနိုင်မလဲ ကြည့်ကြစို့….”
ခုနှစ်သွယ်ဘုရင်၏ စကားများကိုကြားလျှင် ရွှမ်ယီပင် မနေနိုင်ဘဲ လှည့်ကြည့်မိလိုက်၏။
သူ့အနေဖြင့် အစကတည်းက အနည်းငယ်မျှ ပူပန်မနေခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုပင်လယ်သားရဲ (၂၁)ယောက် သူ့အတွက် ဘာမှမဟုတ်သောကြောင့်ပင်။
ထိုသို့ နောက်ထပ် (၂၁)ယောက်ရှိနေလျှင်ပင် သူ့အနေဖြင့် တစ်ကြိမ်သာ တိုက်ခိုက်ရန် လိုအပ်၏။
ယခု ခုနှစ်သွယ်ဘုရင်၏ ရဲရင့်မှုက ရွှမ်ယီ၏ အာရုံအား ဆွဲဆောင်သွားခဲ့သည်။
ထိုအဘိုးကြီးထံ၌ အားသာချက်တစ်ချို့တော့ ရှိသေးဟန်ရ၏။
သို့သော် ရွှမ်ယီ စိတ်ထဲမှ ချီးကျူး၍ မဆုံးသေးမီ ရှေးဟောင်းကြေးမုံအား ကိုင်ထားသည့် ခုနှစ်သွယ်ဘုရင်၏ ညာလက်က တုန်ယင်နေကြောင်း မြင်လိုက်ရ၏။
“……..”
ရွှမ်ယီ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့လေသည်။
သို့သော် ထိုအဘိုးကြီးက အလွန်မောက်မာသည့်တိုင် ဉာဏ်နည်းသူ တစ်ယောက်မဟုတ်ကြောင်းတော့ အသိအမှတ်ပြုရမည်။ လက်ရှိတွင် သူတို့ဘက်က မျှော်လင့်ချက်မရှိသော အခြေအနေ၌ ကျရောက်နေခဲ့သည်။ သို့ဖြစ်ရာ ယခုထက် ပို၍ စိတ်ဓာတ်ကျဆင်းလာပါက အနည်းငယ်မျှ ခုခံနိုင်တော့မည်မဟုတ်ကြောင်း သူကောင်းစွာ နားလည်ထား၏။
ထို့ကြောင့် စိတ်ဓာတ်မြှင့်တင်သည့် စကားများ ပြောခဲ့ခြင်းဖြစ်ပေသည်။
ရွှမ်ယီ ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်ပြီး ပင်လယ်သားရဲများအား တိုက်ခိုက်ရန် အသင့်ပြင်လိုက်၏။
တစ်ဖက်တွင်မူ ခုနှစ်သွယ်ဘုရင်၏ စကားများကြောင့် ပင်လယ်သားရဲများ ဝါးလုံးကွဲရယ်မောကြတော့သည်။
ဘ၀တစ်လျှောက်လုံး ကြားခဲ့ဖူးသော ဟာသများအနက် အရယ်ရဆုံးသော ဟာသကို ကြားလိုက်ရသကဲ့သို့ပင်။
“ ဟားဟားဟား… ခုနှစ်သွယ်ဘုရင်.. ခင်ဗျားက သောက်ရမ်း သတ္တိရှိနေတာပဲ… ဒါပေမယ့် အဲ့သတ္တိတွေက ဘယ်အချိန်ထိ ရှိနေမလဲ ကြည့်ကြသေးတာပေါ့…”
စကားဆုံးသည်နှင့် ပင်လယ်သားရဲ (၂၁)ယောက်လုံး တစ်ပြိုင်နက်တည်း တူညီသည့် လက်ဟန်များ ပြုလုပ်လိုက်ကြ၏။
ထို့နောက် ၎င်းတို့ထံမှ စိတ်ဝိဉာဉ်စွမ်းအင် အလင်းတိုင် (၂၁)လုံး ထွက်ပေါ်လာပြီး လျှို့ဝှက်နယ်မြေ၏ ပင်မ ဗဟိုချက်မှ ဖွဲ့စည်းထားသည့် စိတ်ဝိဉာဉ်တိုင်လုံးကြီးနှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်သွားခဲ့သည်။
ပို၍ ပေါင်းစပ်လာသည်နှင့်အမျှ အစိမ်းရောင် စိတ်ဝိညာဉ်တိုင်လုံးကြီးမှ ထွက်နေသည့် အရှိန်အဝါက ပို၍ ပြင်းထန်လာခဲ့သည်။
နှိုင်းယှဉ်၍ မရနိုင်လောက်သော ကြောက်မက်ဖွယ် စွမ်းအားကြီးတစ်ခု ၎င်းအတွင်းမှ ထွက်ပေါ်လာနေ၏။
ထိုဖိအားကြောင့် မောက်မာသောနေရာတွင် ပြိုင်ဘက်ကင်းသည့် ခုနှစ်သွယ်ဘုရင်ပင် အလွန်မျက်နှာပျက်သွားခဲ့လေသည်။
….
ဝှစ်ရှ်.. ရွှစ်..ရွှစ်…
အင်ပါယာကုယွမ် မထွက်ခွာမီ ပို့လွှတ်ခဲ့သည့် အမိန့်များက မျက်စိတစ်မှိတ်အတွင်း တောင်ပိုင်းတိုက်ကြီးမှ အင်အားစုကြီးတိုင်းနှင့် အစွမ်းထက်ကျင့်ကြံသူများ ရှိရာအရပ်တိုင်းသို့ ရောက်သွားခဲ့သည်။
အဆုံးမဲ့ပင်လယ်မှ စစ်ပွဲက တောင်ပိုင်းတိုက်ကြီးမှ လူသားများ၏ ဆက်လက် ရှင်သန်ရပ်တည်ရေးနှင့် ဆက်စပ်နေပေသည်။
ယခင်က ပြသနာများစွာရှိခဲ့သည့် ရှေးဟောင်းကျင့်ကြံသူများပင်လျှင် သတင်းရပြီးနောက် အဆုံးမဲ့ပင်လယ်သွား အပြေးအလွှား ထွက်ခွာလာကြ၏။
အလွန်တောက်ပသော အလင်းတန်းမျိုးစုံက ဖိအားများ ဖြာထွက်လျက် တောင်ပိုင်းတိုက်ကြီး ကောင်းကင်ထက်မှ ဖြတ်သန်းသွားကြသည်။
တချို့ဝေးကွာကာ ချောင်ကျသော နေရာများဘက်မှပင် အဆုံးမဲ့ပင်လယ်သို့ ဦးတည်နေသော အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။
တောင်ပိုင်းတိုက်ကြီးတစ်ခုလုံး အုတ်အော်သောင်းတင်းနှင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့လေသည်။
ရွှစ်…
လေဟာနယ် အက်ကွဲကြောင်းတစ်ခု ကျောက်စိမ်းရောင် အစီအရင်နံရံကြီးဘေး၌ ထွက်ပေါ်လာ၏။
ထိုအထဲမှ ကောင်းကင်ဘုရင်တစ်ယောက် ထွက်လာပြီး ကောင်းကင်ဓားအင်ပါယာနှင့် အင်ပါယာကုယွမ်တို့အား မြင်လျှင် ဦးညွှတ်အရိုအသေပေးလိုက်၏။
ပတ်၀န်းကျင်သို့ ဝေ့ကြည့်လိုက်လျှင် ပင်လယ်သားရဲ အင်ပါယာ(၃)ယောက်နှင့် မျက်နှာချင်းဆိုင်ရပ်နေသည့် မိုးတိမ်အင်ပါယာကိုလည်း တွေ့လိုက်ရ၏။
သို့သော် သူ့အား အဓိက ဆွဲဆောင်သွားသည့်အရာက ရွှမ်ယီတို့ အဖွဲ့အား ပိတ်လှောင်ထားသည့် ဧရာမ ကျောက်စိမ်ရောင် အစီအရင်ကြီးဖြစ်ပေသည်။
ထိုအခါ စိတ်ထဲ၌ လူသားအင်ပါယာ (၃)ယောက်လုံး ရောက်နေပြီဖြစ်သော်လည်း အဘယ်ကြောင့် ထိုအစီအရင်ကြီးအား မချိုးဖျက်သေးသနည်းဟု မေးခွန်းထုတ်လိုက်မိ၏။
သို့သော် ထိုအစီအရင်ကြီးအား သေအချာကြည့်လိုက်ပြီးနောက် အသက်ရှုရပ်သွားသည့်အလား ခံစားလိုက်ရ၏။
စိတ်ထဲရှိ မေးခွန်းများက ထိတ်လန့်မှုများအဖြစ်သို့ ပြောင်းလဲသွားလေသည်။
….
ဘိုးဘေး စိတ်ဝိဉာဉ် အစီအရင်ကြီးအတွင်းတွင်မူ အစိမ်းရောင် အလင်းတိုင်ကြီးက နဂါးကြီးတစ်ကောင်အလား လူးလွန့်လှုပ်ရှားနေခဲ့သည်။
ရွှမ်ယီတို့အဖွဲ့မှ ကျန်လူများအားလုံး ကြောက်မိဖွယ် ဖိအားကြီးတစ်ခုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ကြိတ်ခြေခံနေရသည့်အလား ခံစားနေကြရ၏။