အခန်း (၄၂၃)
Vol. 29 Ch. 423
ကောင်းကင်ဓါးအင်ပါယာက သူ၏ အနက်ရောင် သံမဏိဓါးကြီးအား လက်နှစ်ဖက်ဖြင့် ကိုင်လျှက် ရှေ့သို့ပြေးထွက်ရန် အကြိမ်ကြိမ်ကြိုးစားနေခဲ့သည်။ အစီအရင်ကြီးအား ချိုးဖျက်ရန်အတွက် သူ၏အသက်အား စတေးလိုနေခဲ့၏။
သို့သော် အင်ပါယာ ကုယွမ် နှင့် ယွမ်ထျန်းဇောင်တို့က သူ့အား တားဆီးထားခဲ့ကြသည်။
အကယ်၍ ကောင်းကင်ဓါးအင်ပါယာက သူ၏အသက်အား စတေးခဲ့မည်ဆိုလျှင်တောင် အစီအရင်အတွင်း၌ ပင်လယ်သားရဲဘိုးဘေးက ရွှမ်ယီတို့အဖွဲ့အား သတ်ဖြတ်နိုင်သေး၏။
သူတို့မျက်လုံးထဲတွင် ဤကိစ္စက ရူးမိုက်မှုတစ်ခုသာဖြစ်ပေသည်။
ကောင်းကင်ဓါးအင်ပါယာမဆိုထားနှင့် ရွှမ်ယီ၏ နောက်ကွယ်မှ အင်ပါယာ ချင်းစုန့်ရောက်လာလျှင်ပင် ရွှမ်ယီတို့အဖွဲ့အား ကယ်တင်ရန် အချိန်လောက်မည်မဟုတ်ပေ။
အစီအရင်ကြီးထဲ၌မူ ခုနှစ်သွယ်ဘုရင်အပါအဝင် ကျန်လူသားကျင့်ကြံသူအားလုံး ၎င်းတို့၏ ခန္ဓာကိုယ်အား ဓါးထက်ထက်တစ်ချောင်းဖြင့် လှီးဖြတ်နေသည့်အလား ခံစားနေရ၏။
သူတို့ လက်ရှိခံစားနေရသည်က ပင်လယ်သားရဲဘိုးဘေး၏ တိုက်ခိုက်မှု မဟုတ်သေးပဲ ၎င်း၏ အရှိန်အဝါမျှသာ ဖြစ်ပေသည်။ ထိုအချင်းအရာက အနှိုင်းမဲ့ အင်ပါယာတစ်ယောက်၏ စွမ်းအား မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းဖော်ပြနေခဲ့သည်။
ပင်လယ်သားရဲဘိုးဘေးက ယခုအချိန်တွင် သူ၏အထွတ်အထိပ်သို့ပြန်လည်မရောက်ရှိသေးသည့်တိုင် အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူများအား ကြက်တစ်ကောင်သတ်သည့်အလား သတ်နိုင်သေး၏။
“ လူသားတို့…. ငါ့လက်အောက်ကိုဝင်ခဲ့… ငါ့ဆီက စိတ်ဝိညာဉ်တံဆိပ်ကို လက်ခံပြီး တောင်ပိုင်းတိုက်ကြီးကို သိမ်းပိုက်ကြ… ဒါဆိုရင် မင်းတို့ အသက်ရှင်နိုင်လိမ့်မယ်…”
ပင်လယ်သားရဲဘိုးဘေး ဝိညာဉ်က နက်ရှိုင်းသော အသံဖြင့်ပြောလိုက်သည်။ ထို့နောက်သူ၏ ညာလက်အား အနည်းငယ်ပင့်မြှောက်လိုက်လျှင် အနက်ရောင်စိတ်ဝိညာဉ်တံဆိပ်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ထို အနက်ရောင်တံဆိပ်များက ကျွန်အမှတ်အသားများ ဖြစ်ပေသည်။ ထိုအမှတ်အသား ခတ်နှိပ်ခြင်းခံရသည်နှင့် ပင်လယ်သားရဲဘိုးဘေးစိတ်ဝိညာဉ်က သူတို့၏ စိတ်ဝိညာဉ်များအား အကြွင်းမဲ့ ထိန်းချုပ်နိုင်သွားပေလိမ့်မည်။
ထိုအချိန်တွင် သမုဒ္ဒရာကြီးအတွင်းမှ ဖိအားများကို အံတုနေသည့်အလား ရွှမ်ယီတို့အဖွဲ့ဘက်မှ လှုပ်ရှားမှုတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထွီ!!!
ခုနှစ်သွယ်ဘုရင်က အံကြိတ်ပြီး ဘိုးဘေးဝိညာဉ်ထံသို့ တံတွေးဖြင့် လှမ်းထွေးလိုက်ခြင်းဖြစ်၏။ သူ့မျက်နှာက အလွန်ဖြူဖျော့နေသော်လည်း ဖိအားများအား ကြံ့ကြံ့ခံရင်ဆိုင်နေဆဲပင်။
“ ပုရွတ်ဆိတ်တစ်ကောင်က ကောင်းကင်ကြီးရဲ့ စွမ်းအားကို ခုခံချင်နေတာလား…”
ဘိုးဘေးဝိညာဉ်၏ အမူအယာက အနည်းငယ်မျှ မထူးခြားသွားခဲ့ချေ။ သူက ခုနှစ်သွယ်ဘုရင်၏ ဒေါသအား မျက်လုံးထဲသို့ပင် မထည့်ဘဲ ညာလက်ဖြင့် အသာအယာ လွှဲရိုက်လိုက်သည်။
ဘုန်း….
အစီအရင်ကြီး၏ အပြင်ဘက်၌ တောင်ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူများအားလုံး အလွန် စိတ်ဓါတ်ကျနေခဲ့ကြ၏။ ထိုအဆင့်ကျင့်ကြံသူနှင့် ရင်ဆိုင်ရသောအခါတွင် သူတို့အနေဖြင့် အနည်းငယ်မျှ ခုခံနိုင်စွမ်းမရှိချေ။ ၎င်း၏ အရှိန်အဝါတစ်ခုထဲကပင် သူတို့အား အသက်ရှူကြပ်သွားအောင် ဖိနှိပ်နိုင်စွမ်းရှိနေ၏။
သူတို့ရှေ့၌ ရပ်နေသော လူသားအင်ပါယာ (၃) ယောက်သာ ရှိမနေခဲ့လျှင် ထိုဖိအားကြောင့် အားလုံး မြေပြင်ထက်သို့ လဲကျသွားကြပေလိမ့်မည်။
အစီအရင်ကြီးအတွင်းတွင်…
ဘိုးဘေးဝိညာဉ်၏ လက်ဝါးရိုက်ချက်မှတစ်ဆင့် အစိမ်းရောင် နတ်စွမ်းအားများ ထွက်ပေါ်လာပြီး ဧရာမ လက်သည်းကြီးတစ်ခုအဖြစ်ပြောင်းလဲလျက် ခုနှစ်သွယ်ဘုရင်ထံသို့ ပြေးဝင်သွားလေသည်။
ဧရာမ လက်သည်းကြီးက ခုနှစ်သွယ်ဘုရင်အား အစိတ်စိတ်အမွှာမွှာ ဖြစ်အောင်ချေမွှပစ်တော့မည်။
တောင်ပိုင်းတိုက်ကြီးမှ လူသားမျိုးနွယ်၏ အင်အားများ ဆုတ်ယုတ်ကျဆင်းသွားသော်လည်း ၎င်းတို့ထံတွင် ကျင့်ကြံသူ သန်းပေါင်းများစွာ ကျန်ရှိနေသေးကြောင်း ဘိုးဘေးဝိညာဉ် နားလည်ထား၏။
ယခင်တိုက်ပွဲများတွင် ပင်လယ်သားရဲများက အကြိမ်ကြိမ်အခါခါ ရှုံးနိမ့်ခဲ့ကြသည်။ ဤသို့ဖြင့် ပင်လယ်သားရဲဦးရေ (၁၀) သန်းဝန်းကျင်လောက်သာ ကျန်ရှိတော့၏။
ထိုအရေအတွက်မျှလောက်ဖြင့် တောင်ပိုင်းတိုက်ကြီးမှ လူသားမျိုးနွယ်အား အချိန်အတိုအတွင်းဖျက်ဆီးရန် လုံးဝမဖြစ်နိုင်ချေ။
ထို့ကြောင့် လက်ရှိအချိန်တွင် သူ့အတွက်အကောင်းဆုံးရွေးချယ်မှုမှာ လူသားမျိုးနွယ်များအား ကျွန်ခံစေပြီး ရှေ့တန်း၌ အမြှောက်စာအဖြစ် အသုံးချရန်ဖြစ်သည်။
ပြန်လည်မွေးဖွားလာပြီးနောက် ဘိုးဘေးဝိညာဉ်၏ အတွေးအခေါ်များက တောင်ပိုင်းတိုက်ကြီး၌ မကန့်သတ်ထားတော့ချေ။
တောင်ပိုင်းတိုက်ကြီးအား ပင်လယ်သားရဲများ သိမ်းပိုက်နိုင်ပါက ၎င်းတို့ မြင့်တက်လာပြီးလျှင် ဘိုးဘေးစိတ်ဝိညာဉ်အစီအရင်အား အခြေခံ၍ သူကိုယ်တိုင်လည်း ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိပေနိုင်လိမ့်မည်။
တာအိုအရှင်သခင်အဆင့်သို့ပင် ရောက်ရှိရန် ဖြစ်နိုင်၏။
ဘိုးဘေးဝိညာဉ်က သူ၏ သာယာလှပသော အနာဂါတ်အား စိတ်ကူးယဉ်နေချိန်တွင် အေးစက်သောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ ခင်ဗျားက ကျုပ်ကို ကျွန်ခံခိုင်းရအောင် အဆင့်မှီလို့လား…”
ဘန်း...
ကြက်သွေးရောင်ဓါးအလင်းတစ်ခုက လေဟာနယ်အား ထိုးခွင်းလျှက် ထွက်ပေါ်လာ၏။ ထို့နောက် အစိမ်းရောင် ဧရာမလက်သည်းကြီးအား တားဆီးလိုက်လေသည်။
ထိုဓါးချက်မှ ထွက်ပေါ်လာသည့် အသံက မိုးခြိမ်းသံအလား ကျယ်လောက်လှပြီး ကမ္ဘာကြီးမှ ဥပဒေသများကို ၎င်းနှင့်အတူ သယ်ဆောင်လာကာ အစိမ်းရောင် လက်သည်းကြီးအား ပေါက်ကွဲ ပျက်ဆီးသွားစေခဲ့သည်။
“ ဒါက… ကောင်းကင် ၊ မြေကြီး နဲ့ပေါင်းစည်းခြင်းထက်ပိုပြီးတော့မြင့်တဲ့ ဓါးရည်ရွယ်ချက်လား…”
အစီအရင်ကြီး၏ အပြင်ဘက်တွင်မူ ကောင်းကင်ဓါးအင်ပါယာ အလွန်အံ့ဩပြီး မနေနိုင်ပဲ ထအော်လိုက်မိ၏။
သို့သော် သူအလန့်တကြားအော်ဟစ်လိုက်ပြီးနောက် ပျော်ရွှင်မှုထက် ခါးသီးသော ခံစားမှုများကိုသာ ခံစားလိုက်ရသည်။
ရွှမ်ယီ၏ ဓါးတာအိုက ထိုအဆင့်သို့ ရောက်နေချေပြီ။
၎င်း၏ ဓါးရည်ရွယ်ချက်က အဆင့် (၆) သို့ပင် ရောက်နေခဲ့ပြီဖြစ်၏။
၎င်းအား သူ၏ အလွန်ထူးချွန်သော ကျင့်ကြံခြင်းပါရမီဖြင့် ပေါင်းစပ်လိုက်ပါက အနာဂါတ်တွင် အင်ပါယာတစ်ဝက်အဆင့်သို့ ရောက်သည်နှင့် အင်ပါယာတစ်ယောက်အား တိုက်ခိုက်နိုင်ပေလိမ့်မည်။
ယခုတွင် သူက ထိုနေရာတွင် သေရတော့မည်။
ကောင်းကင်ဓါး အင်ပါယာ အလွန်ဝမ်းနည်းကြေကွဲသွားခဲ့၏။ အကယ်၍ ဖြစ်နိုင်လျှင် ရွှမ်ယီအစား သူ သေပေးလိုနေခဲ့သည်။
အစီအရင်ကြီးအတွင်းတွင်မူ သူ၏တိုက်ခိုက်မှု တားဆီးခံလိုက်ရသည်ကို မြင်လျှင် ဘိုးဘေးဝိညာဉ် အလွန်အံ့အားသင့်သွားခဲ့၏။
အစောပိုင်းကတိုက်ခိုက်ခဲ့သော တိုက်ခိုက်မှုက သာမန်တိုက်ခိုက်မှုတစ်ခုသာဖြစ်သော်လည်း အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူများအား အလွယ်တကူ ချေမွပစ်ရန် လုံလောက်သည်။
၎င်းအား ထိုလူငယ်က မည်သို့တားဆီးနိုင်ခဲ့သနည်း။
“ ကြည့်ရတာ မင်းမှာ လှည့်ကွက်တစ်ချို့ရှိပုံပဲ… ဒါပေမယ့် ကောင်းကင်ဘုရင်တစ်ယောက်က ငါ့ရှေ့မှာလာပြီး မောက်မာလို့မရဘူး…”
ဘိုးဘေးဝိညာဉ်က အေးစက်စွာ ရယ်မောလိုက်၏။ နတ်စွမ်းအင်များ မြင့်တက်လာခဲ့ပြီးနောက် နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်သည်။
ဤတစ်ကြိမ်တွင် ဘိုးဘေးဝိညာဉ်၏ တိုက်ခိုက်မှု၌ တောင်များ မြစ်များ၏ စိတ်ဝိညာဉ်ပုံရိပ်များ ဖြစ်ပေါ်လာခဲ့သည်။ ထိုအထဲမှ တောင်တန်းကြီးများအား အစိမ်းရောင် နတ်စွမ်းအားများ ဝန်းရံထားသေး၏။
ထိုတိုက်ခိုက်မှုက ရွှမ်ယီရှိရာသို့ ဦးတည်ဝင်ရောက်သွားခဲ့သည်။
“ ဒီတိုက်ခိုက်မှုကနေတစ်ဆင့် မင်းနဲ့ငါ့အကြားက ကွာဟမှုက ကောင်းကင်နဲ့မြေကြီးကြားက ကွာဟမှုထက်ပိုတယ်ဆိုတာ နားလည်သွားစေလိမ့်မယ်…”
ဘိုးဘေးဝိညာဉ်၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည့် ဓါးမြည်သံထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။
ရွှမ်ယီက ဖန်ဂျီဓါးအား အလျားလိုက် ခုတ်ချလိုက်ခြင်းပင်။
ကြက်သွေးရောင် ဓါးရည်ရွယ်ချက်စွမ်းအားများက ဘိုးဘေးဝိညာဉ်ဖန်တီးခဲ့သော တောင်တန်းကြီးများအား ဖြတ်တောက်ပြီး အနည်းငယ်မျှ အရှိန်မလျော့ဘဲ ဘိုးဘေးဝိညာဉ်ထံသို့ ဝင်ရောက်သွားခဲ့သည်။
ကြက်သွေးရောင် ဓါးအလင်းကတောင်တန်းကြီးများအား ဖြတ်ကျော်သွားချိန်တွင် ရွှမ်ယီ၏ အေးစက်သော စကားသံကလည်း တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။
“ ပထမအတိဒုက္ခအဆင့်ပဲရှိတဲ့ အင်ပါယာတစ်ယောက်က ကျုပ်အရှေ့မှာ မောက်မာနိုင်မယ်လို့ ထင်နေတာလား…”
ဘိုးဘေးဝိညာဉ်၏ အမူအယာ နောက်ဆုံးတွင် ပြောင်းလဲသွားခဲ့သည်။ ကြက်သွေးရောင် ဓါးအလင်းက အပြင်းအထန်ထိုးတက်လာသော ဒီရေနှင့် အလားသဏ္ဍာန်တူညီနေသည်။ လေဟာနယ်အား ပိုင်းဖြတ်လျှက် သူ၏နံဘေးတွင် ဝန်းရံနေသော အစိမ်းရောင်နတ်အလင်းများကိုလည်း ဖျက်ဆီးပစ်လိုက်၏။
ထိုနောက် သူ၏ ပင်မခန္ဓာကိုယ်ရှိရာသို့ ဝင်ရောက်လာခဲ့သည်။
ဘုန်း…
ဘိုးဘေး၀ိညာဉ်အနေဖြင့် ရှောင်တိမ်းရန်အချိန်မရှိတော့သောကြောင့် ရွှမ်ယီ၏ ဓါးချက်ထိမှန်ခြင်းခံလိုက်ရသည်။
လက်ရှိအချိန်တွင် သူ၏ ခန္ဓာကိုယ်က တာအိုလက်နက်တမျှ မာကြော၏။ သို့သော် ကြက်သွေးရောင် ဓါးအလင်းထိမှန်သွားချိန်တွင် သွေးစီးကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
နတ်စွမ်းအားများ ထွက်ပေါ်လာပြီး ဘိုးဘေးဝိညာဉ်၏ ဒဏ်ရာက ချက်ချင်းပျောက်ကင်းသွား၏။ သူ၏ မျက်နှာတစ်ခုလုံး မှုန်မှိုင်းသွားပြီး ရွှမ်ယီအား သတ်ဖြတ်ချင်စိတ်များ ပြည့်နေသော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်သည်။
ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ထံတွင် ဒဏ်ရာရရှိခဲ့ခြင်းက ဘိုးဘေးဝိညာဉ်အား အလွန်အမင်း အရှက်ရသွားစေခဲ့၏။