← Chapters

အခန်း (၄၂၄)

Vol. 29 Ch. 424

အခန်း (၄၂၄)

Vol. 29 Ch. 424

ဤသို့ အရှက်ရမှုမျိုးနှင့် တောင်ပိုင်းတိုက်ကြီးအား အုပ်စိုးမည်ဟု ဘယ်လိုပြောနိုင်တော့မည်နည်း။

“ မင်းရဲ့ လုပ်ရပ်အတွက် ပြန်ပေးဆပ်ရမယ်…”

ဘိုးဘေးဝိညာဉ်က‌ ဒေါသတကြီး အံကြိတ်ကာ အော်ဟစ်လိုက်၏။ ထို့နောက်တွင် သူ၏ နောက်ကျောဘက်၌ အစိမ်းရောင်အလင်းတန်းများ တဖျတ်ဖျတ်တောက်ပလာပြီး မရေမတွက်နိုင်သည့် မှော်ရတနာ ပုံရိပ်များ ဖြစ်ပေါ်လာခဲ့သည်။

၎င်းက အလွန်ကြောက်မက်ဖွယ်ကောင်းသော လျှို့ဝှက်နည်းလမ်းတစ်ခုဖြစ်၏။ မှော်ရတနာများက မရေမတွက်နိုင်အောင် များပြားလွန်းလှသည်။ ၎င်းတို့က အစစ်အမှန်မှော်ရတနာများမဟုတ်ကြသော်လည်း အင်ပါယာတစ်ယောက်မှ ဖန်တီးထားခြင်းဖြစ်သဖြင့် အလွန်အစွမ်းထက်နေသေး၏။

ဘိုးဘေး ဝိညာဉ်၏ လမ်းညွှန်မှုအောက်၌ ကောင်းကင်နှင့် မြေကြီးကိုပင် ပြားပြားဝပ်သွားစေအောင် ဖိနှိပ်နိုင်စွမ်းများ ပြည့်နှက်နေသည့် မှော်ရတနာပစ္စည်းပုံရိပ်များက ရွှမ်ယီထံသို့ မိုးပြိုသည့်အလား ဝင်ရောက်သွားခဲ့သည်။

အစီအရင်ကြီးအတွင်း၌ တိုက်ပွဲအား စောင့်ကြည့်နေကြသည့် ချီဟွမ်တို့အဖွဲ့ အံတင်းတင်းကြိတ်ပြီး မိမိတို့ လက်နက်များအား တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့ကြသည်။ သူတို့အနေဖြင့် ရှေ့သို့ပြေးထွက်ကာ ကူညီတိုက်ခိုက်လိုကြသော်လည်း ဖိအားများက အလွန်ပြင်းထန်သည်ဖြစ်ရာ အနည်းငယ်မျှ လှုပ်ရှားနိုင်ခြင်းမရှိချေ။

အကယ်၍ သူတို့အနေဖြင့် ဝင်ရောက်တိုက်ခိုက်မည်ဆိုပါကလည်း သူတို့၏စွမ်းအားက ဤတိုက်ပွဲနှင့် အဆင့်ကွာခြားလွန်းနေသည်ဖြစ်ရာ ရွှမ်ယီအား အကူအညီမဖြစ်စေသည့်အပြင် အနှောက်အယှက်ဖြစ်သွားစေလိမ့်မည်။

“ အသင်္ချေမှော်ရတနာများ… ကောင်းကင်ကို ရှင်းလင်းခြင်း…”

ဘိုးဘေးဝိညာဉ်က သူ၏လက်ဟန်များအား ပုံစံတစ်မျိုးပြောင်းလဲလိုက်လျှင် မရေမတွက်နိုင်သည့် မှော်ရတနာများက တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားပြီး (၁) ထောင်ဝန်းကျင်သာ ကျန်ရှိတော့သည်။ သို့သော် ၎င်းတို့မှ ထွက်ပေါ်နေသော စွမ်းအားများက ယခင်ထက် အဆပေါင်းများစွာ တိုးပွားသွားခဲ့သည်။

ထို မှော်ရတနာ ပုံရိပ် တစ်ခုချင်းစီတိုင်းက အင်ပါယာတစ်ဝက်အဆင့် တစ်ယောက်အား သတ်ဖြတ်ရန် လုံလောက်၏။

အစီအရင်၏ အတွင်းဘက်ရော အပြင်ဘက်မှ လူသားများအားလုံး၏ နှလုံးသားထဲတွင် မျှော်လင့်ချက် ကင်းမဲ့မှုများ ပြည့်နှက်လာခဲ့သည်။

ထို လျှို့ဝှက်ပညာရပ်က အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။

သူတို့အမြင်တွင် ရွှမ်ယီက မည်မျှပင်ကောင်းကင်အား ဆန့်ကျင်နေစေကာမူ ထိုတိုက်ခိုက်မှုအား တားဆီးရန်မဖြစ်နိုင်ပေ။

လက်ရှိအချိန်တွင် ရွှမ်ယီ၏ အလွန်ထွန်းတောက်နေမှုများက တွေးမိလိုက်တိုင်း သူတို့ နှလုံးသားထဲ၌ ဝမ်းနည်းမှုများ ပြည့်နှက်လာ၏။

လူသားမျိုးနွယ်မှ ဤသို့ ထက်မြက်လှသော ပါရမီရှင်တစ်ဦး…

၎င်းအား အချိန်လုံလုံလောက်လောက်သာ ပေးလိုက်ပါက ခေတ်တစ်ခု၏ အနှိုင်းမဲ့ ပါရမီရှင် ဖြစ်လာမည်မှာ အသေအချာပင်။ ထို့အပြင် တောင်ပိုင်းတိုက်ကြီး၏ ယခင်တုန်းကကဲ့သို့ ဘုန်းကျက်သရေများ ပြန်လည်ထွန်းတောက်လာပြီး အဓိပတိဂိုဏ်းကြီးအား ပြန်လည်ထူထောင်ရန်ပင် ဖြစ်နိုင်ချေရှိ၏။

သို့သော် ထိုအနှိုင်းမဲ့ပါရမီရှင်က ယခု ဤနေရာတွင်သေရတော့မည်။ ထို့အပြင် ကျန်လူသားမျိုးနွယ်၏ ထိပ်တန်းကျင့်ကြံသူများလည်း ထိုအထဲ၌ တစ်ပြိုင်နက်တည်း သေဆုံးရပေတော့မည်။ အစီအရင်အပြင်ဘက်မှ လူတိုင်း၏ နှလုံးသားထဲ၌ ဝမ်းနည်းမှုနှင့် ပူဆွေးမှုများ ပြည့်နှက်လာခဲ့၏။

ဤသည်မှာ လူသားများအတွက် ကပ်ဘေးကြီးတစ်ခုအလားပင်။

ဘုန်း…

အလုံးစုံတိတ်ဆိတ်နေသော ပတ်ဝန်းကျင်၌ ရွှမ်ယီက စတင် လှုပ်ရှားလိုက်သည်။

သူက ညာလက်ထဲမှ ဖန်ဂျီဓါးအား ဝှေ့ယမ်းကာ တိုက်ခိုက်လိုက်ခြင်းဖြစ်၏။

သူ၏ တိုက်ခိုက်မှုတစ်ခုချင်းစီတိုင်းက ညင်သာကာ နှေးကွေးနေသော်လည်း ကမ္ဘာကြီးနှင့် တစ်သားတည်း ဖြစ်နေခဲ့ကာ ပြင်းထန်သောစွမ်းအားများကြောင့် သူ၏ နောက်ကွယ်မှ ချီဟွမ်တို့အဖွဲ့ပင် ခန္ဓာကိုယ်များ ပြိုလဲသွားတော့မည့်အလား ခံစားနေရ၏။

“ ဘာတွေဖြစ်နေတာလဲ…”

နောက်ဆုံးတွင် ဘိုးဘေးဝိညာဉ်၏ မျက်နှာ ပျက်ယွင်းသွားခဲ့၏။ သူထုတ်ဖော်လိုက်သည့် လျှို့ဝှက်ပညာရပ်က ပျက်စီးနေသည့်အလား ခံစားမိလိုက်သောကြောင့်ပင်။

အမှန်တကယ်တွင်လည်း ထို လျှို့ဝှက်ပညာက ရွှမ်ယီ၏ တိုက်ခိုက်မှုအောက်၌ ပျက်စီးသွားခဲ့သည်။

အင်ပါယာအဆင့် စွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် မှော်ရတနာများက ကြက်သွေးရောင် ဓါးချီစွမ်းအားများအား တားဆီးနိုင်ခဲ့ခြင်း အလျင်းမရှိချေ။ တစ်ခုပြီးတစ်ခု ပေါက်ကွဲပျက်စီးသွားခဲ့၏။

လက်ရှိအချိန်တွင် ကမ္ဘာကြီးက ရွှမ်ယီ၏ ဓါးချက်နှင့် စည်းချက်ကျနစွာ ပေါက်ကွဲသံများ မြည်ဟီး ထွက်ပေါ်နေခဲ့သည်။

ရွှမ်ယီက ဖန်ဂျီဓါး နှစ်ချောင်းအား ဘယ်တစ်ချောင်း ညာတစ်ချောင်းကိုင်ဆောင်ကာ တိုက်ခိုက်နေခဲ့ခြင်းဖြစ်ပြီး သူ၏ လှုပ်ရှားမှုများက အလွန်ပြေပြစ်ချောမွေ့ကာ လှပနေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း (၁) ထောင် ကျော်ရှိခဲ့သည့် မှော်ရတနာပုံရိပ်များက (၃၀၀) လောက်ပင် မကျန်တော့ချေ။

ဓါး (၂) လက်ဖြင့်တိုက်ခိုက်မှုကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

“ ဒါက အဆင့် (၆) အထွတ်အထိပ်ဓါး ရည်ရွယ်ချက်ပဲ…”

ဘိုးဘး စိတ်ဝိညာဉ်လည်း တုန်လှုပ်သွားခဲ့၏။

နောက်ဆုံးတွင် သူက ရွှမ်ယီ၏ စွမ်းအားအပေါ် အသိအမှတ်ပြုလိုက်ချေပြီ။ ၎င်းက အစပိုင်းတွင် သူထင်ခဲ့သော လျှို့ဝှက်ပညာရပ်များ ၊ လှည့်ကွက်များ တစ်ခုမှ မဟုတ်ချေ။

၎င်းက အစစ်အမှန် ဓါးရည်ရွယ်ချက်စွမ်းအား ဖြစ်၏။

ရှေးယခင်ပင်လယ်သားရဲများ တောင်ပိုင်းတိုက်ကြီးအား အုပ်စိုးခဲ့စဉ်ကပင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် ဓါးသမားမျိုး ဘိုးဘေးဝိညာဉ်အနေဖြင့် မြင်ဖူးခဲ့ခြင်းမရှိချေ။

“ အဆင့် (၆) ဓါးရည်ရွယ်ချက်… ဟုတ်တယ် ဒါက အဆင့် (၆) မှာတောင်မှ အထွတ်အထိပ် အဆင့်ကို ရောက်နေတဲ့ ဓါးရည်ရွယ်ချက်ပဲ…”

ရွှမ်ယီ၏ တိုက်ခိုက်မှုမှတစ်ဆင့် ကမ္ဘာကြီးနှင့် တစ်သားတည်း ပဲ့တင်ထပ်ကာ ထွက်ပေါ်လာနေသည့် အသံများအား အာရုံစိုက်ကာ နားထောင်နေရင်း ကောင်းကင်ဓါး အင်ပါယာ ထအော်မိလိုက်၏။

လက်ရှိအချိန်တွင် သူ့အနေဖြင့် ပျော်ရွှင်သင့်သလား ဝမ်းနည်းသင့်သလား ကိုပင် ဝေခွဲမရတော့ချေ။

ဓါးရည်ရွယ်ချက်က အဆင့် (၆) သို့ ရောက်သွားလျှင် ၎င်းက ကမ္ဘာကြီးနှင့် တစ်သားတည်း ပေါင်းစပ်သွားပြီး ကောင်းကင်နှင့်မြေကြီးအကြားမှ ဥပဒေသစွမ်းအားများက ၎င်းအား ထောက်ပံ့ပေးကာ ဘယ်တုန်းကမှ မရှိခဲ့ဖူးသည့် စွမ်းအားမျိုး ထွက်ပေါ်လာစေနိုင်စွမ်းရှိသည်။

၎င်းက ကောင်းကင်နှင့် မြေကြီးမှ တာအိုစွမ်းအားများနှင့် နီးကပ်နေပြီဖြစ်သော စွမ်းအားတစ်ခုဖြစ်၏။

ထိုစွမ်းအားများက ရွှမ်ယီနှင့်အလွန်ရင်းနှီးနေကာ သူ၏ ရန်သူများအား သတ်ဖြတ်ရန် အကူအညီပေးနေခဲ့သည်။

ထို စွမ်းအားများဖြင့် ဆိုပါက ရွှမ်ယီအနေဖြင့် ဘိုးဘေးဝိညာဉ်အား တိုက်ခိုက်နိုင်စွမ်းရှိသွားချေပြီ။

သူ့အနေဖြင့် အနိုင်မရနိုင်လျှင်တောင် အချိန်ဆွဲထားပေးရန် လုံလောက်၏။

ရုတ်တရက် ကောင်းကင်ဓါးအင်ပါယာ၏ မျက်ဝန်းများက တစ်စုံတစ်ခုအား ဆုံးဖြတ်လိုက်ဟန်ဖြင့် အရောင်တစ်ချက် လက်သွားခဲ့သည်။

“ စီနီယာအကိုယွမ်နဲ့ ဂျူနီယာညီလေးကု…”

ကုယွမ်နှင့် ယွမ်ထျန်းဇောင်တို့လည်း လက်ရှိအခြေအနေအား နားလည်ကြသဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

လက်ရှိ ရွှမ်ယီ၏ စွမ်းအားအနေဖြင့် ဘိုးဘေးဝိညာဉ်အား အနိုင်မယူနိုင်လျှင်တောင် အချိန်ဆွဲထားပေးနိုင်စွမ်းရှိနေသည်။

သူတို့အနေဖြင့် ၎င်းအား အခွင့်‌ကောင်းယူကာ ရွှမ်ယီနှင့် ကျန်လူများအား ကယ်တင်၍ ရ၏။

သို့သော် ထိုသို့ ပြုလုပ်လိုလျှင် ပင်လယ်သားရဲ အင်ပါယာ (၃) ယောက်အား တားဆီးရန်အတွက် သူတို့အထဲမှ (၁) ယောက်က မိမိကိုယ်ကိုယ် စတေးရန် လိုအပ်သည်။

သူတို့အထဲတွင် ထိုသို့ပြုလုပ်ရန် အသင့်တော်ဆုံးလူမှာ ကောင်းကင်ဓါး အင်ပါယာမှလွဲ၍ တစ်ခြား မရှိချေ။

သူက ဒဏ်ရာကြောင့် မကြာမီသေဆုံးတော့မည်ဖြစ်သလို (၃)ယောက်ထဲတွင် သတ်ဖြတ်နိုင်စွမ်းအမြင့်ဆုံးသူလဲဖြစ်၏။

ကောင်းကင်ဓါးအင်ပါယာက သူ၏ ညီအကိုနှစ်ယောက်အား ပြုံးပြလိုက်ပြီးနောက်

“ ညီအကိုတို့… ငါတို့ထပ်ပြီး တွန့်ဆုတ်နေလို့ မရတော့ဘူး… ပြီးတော့ အားလုံးက ငါကိုယ်တိုင်လည်း မျှော်လင့်ထားပြီးသားကိစ္စပဲလေ…”

စကားပြောနေစဉ်အတွင်း ကောင်းကင်ဓါး အင်ပါယာ၏ အကြည့်များက ဘိုးဘေးဝိညာဉ်နှင့် တိုက်ခိုက်နေသော ရွှမ်ယီအပေါ်သို့ ကျရောက်သွားခဲ့သည်။

ထို့နောက် သူ့မျက်ဝန်းများထဲ၌ စိတ်သက်သာရာရဟန်များ ထွက်ပေါ်လာခဲ့၏။

“ ပြီးတော့ တောင်ပိုင်းတိုက်ကြီးမှာ ရွှမ်ယီ ရှိနေပြီ… သူအသက်ရှင်နေသ၍ တောင်ပိုင်းတိုက်ကြီးရဲ့ ဓါးတာအိုက မမျှော်မှန်းနိုင်လောက်တဲ့ အဆင့်အထိ မြင့်တက်လာလိမ့်မယ်…”

“ ဒီတိုင်းနေလဲ မကြာခင်သေရတော့မယ့် ငါ့အ‌သက်နဲ့ ရွှမ်ယီရဲ့ အသက်ကို လဲနိုင်တာက ဘယ်လောက်တောင်ထိုက်တန်တဲ့ လဲလှယ်မှုမျိုးလဲ…”

ကောင်းကင်ဓါးအင်ပါယာ၏ စိတ်ပိုင်းဖြတ်ထားသော အမူအယာအား မြင်လျှင် ကုယွမ်နှင့် ယွမ်ထျန်းဇောင်တို့လည်း မည်သည့်စကားမှ မပြောကြတော့ချေ။

သူတို့ နှစ်ယောက်လုံး ခန္ဓာကိုယ်များ ကွေးညွတ်၍ ကောင်းကင်ဓါး အင်ပါယာအား လေးစားစွာ အရိုအသေပေးလိုက်ကြသည်။

ပတ်ဝန်းကျင်မှ လူသားကျင့်ကြံသူများအားလုံးလည်း မည်သည့်စကားမှမဆိုပဲ တိတ်ဆိတ်နေခဲ့ကြ၏။

ထို့နောက် ၎င်းတို့အားလုံးလည်း တစ်ပြိုင်နက် ကောင်းကင်ဓါးအင်ပါယာအား ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

“ ကောင်းကင်ဓါး အင်ပါယာကို နှုတ်ဆက်ပါတယ်…”

All Chapters