← Chapters

အခန်း (၄၂၅)

Vol. 29 Ch. 425

အခန်း (၄၂၅)

Vol. 29 Ch. 425

ကောင်းကင်ဓါး အင်ပါယာက ကျေနပ်စွာရယ်မောလိုက်ပြီးနောက် သူ၏ လက်ထဲမှ သံမဏိဓါးကြီးမှနေ၍ အနက်ရောင်အလင်းများ ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းများက အပြာရောင်ကောင်းကင်ကြီးကိုပင် ဖောက်ထွက်သွားတော့မည့်ဟန် ဖြစ်နေပြီး မကြာခင် ပျောက်ကွယ်သွားတော့မည့် အရိပ်အယောင်များလည်း ရှိနေခဲ့သည်။

လက်ရှိအချိန်တွင် ပင်လယ်သားရဲအင်ပါယာများ အလွန်မျက်နှာပျက်နေခဲ့ကြချေပြီ။

ရွှမ်ယီ ထုတ်ဖော်ပြသသည့်စွမ်းအားက သူတို့၏ မှန်းဆမှုများ မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့သည်။

အကယ်၍ ကောင်းကင်ဓါးအင်ပါယာသာ စွန့်စားပြီး ရွှမ်ယီကို လွတ်မြောက်သွားစေပါက ပင်လယ်သားရဲမျိုးနွယ်များအနေဖြင့် တစ်ဘဝလုံး မည်သည့် အခါမှ အေးချမ်းတော့မည် မဟုတ်ပေ။

“ ငါသူ့ကို တားထားလိုက်မယ်… မင်းတို့ ကုယွမ်နဲ့ ယွမ်ထျန်းဇောင်ကို သွားပြီး တားလိုက်ကြ…”

ဟင်းလင်းပြင် သူတော်စင်က အံကြိတ်ပြီးပြောလိုက်သည်။ စကားဆုံးသည်နှင့်သူက မီတာ (၃၀၀) မြင့်မားသော မူလပုံစံသို့ ပြောင်းလဲလိုက်သည်။

ထို့နောက် ကောင်းကင်ဓါး အင်ပါယာအား တိုက်ခိုက်ရန် ပြင်လိုက်၏။

အင်ပါယာအဆင့်ကျင့်ကြံသူများအကြား ကြောက်မက်ဖွယ်တိုက်ပွဲကြီးတစ်ခု ပေါ်ပေါက်လာတော့မည်။ သို့သော် ထိုအချိန်တွင် ရွှမ်ယီ၏ တည်ငြိမ်သော စကားသံက အစီအရင်၏ အတွင်းမှတစ်ဆင့် ထွက်ပေါ်လာခဲ့သည်။

“ စီနီယာ ကောင်းကင်ဓါး ၊ စီနီယာ ကုယွမ်နဲ့ စီနီယာ ယွမ်ထျန်းဇောင်တို့ အလျင်လိုနေစရာ မလိုပါဘူး…”

ရွှမ်ယီ၏ စကားသံက တည်ငြိမ်နေသော်လည်း ၎င်းအတွင်း၌ ယုံကြည်မှုအပြည့်လည်း ပါဝင်နေခဲ့၏။

“ သူက ပထမအတိဒုက္ခအဆင့် အင်ပါယာလေးတစ်ယောက်ပဲကို… ကျုပ်တစ်ယောက်တည်းနဲ့ သူ့ကို သတ်ဖို့ လုံလောက်ပါတယ်…”

“ ပြီးတော့မှ စီနီယာတို့က အစီအရင်ကို ဖျက်ဆီးဖို့ ကူညီပေးကြပေါ့…”

“ ဒါ…”

ရွှမ်ယီ၏ စကားများ ကြားလျှင် ကုယွမ် ၊ ကောင်းကင်ဓါးအင်ပါယာ နှင့် ယွမ်ထျန်းဇောင်တို့ မယုံကြည်နိုင်စွာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့ (၃) ယောက် ဆုံးဖြတ်ချက်ချရန် တွန့်ဆုတ်နေကြစဉ် အစီအရင်အတွင်းတွင် ဘိုးဘေး ဝိညာဉ်ကမူ အလွန်ဒေါသထွက်နေခဲ့ချေပြီ။

“ လူသားကောင်စုတ်လေး… မင်းငါ့ကို တော်တော်လေး ဒေါသထွက်စေခဲ့ပြီ…”

ဘိုဘေးဝိညာဉ် အလွန်ဒေါသပေါက်ကွဲနေပြီဖြစ်၏။ နောက်ဆုံးတွင် သူ၏ စွမ်းအားကို အပြည့်အ၀ထုတ်သုံးလိုက်လေသည်။

သူ၏ ခြေတစ်လှမ်းချင်းစီက ကောင်းကင်နှင့် မြေပြင်အား တုန်ခါစေပြီး အဆုံးမဲ့ပင်လယ်၌ ဆူနာမီလှိုင်းလုံးများပင် ဖြစ်သွားစေခဲ့သည်။

အင်ပါယာအဆင့် ကျင့်ကြံသူများက ကောင်းကင်နှင့် မြေပြင်အား ဖျက်ဆီးနိုင်သည့် စွမ်းအားများ ပိုင်ဆိုင်ထားကြသည်။ သို့ဖြစ်ရာ ၎င်းတို့ တိုက်ခိုက်ကြတိုင်း သီးခြားလေဟာနယ်များ၌သာ တိုက်ခိုက်လေ့ရှိကြ၏။

လက်ရှိအချိန်တွင် သူတို့ တိုက်ပွဲနေရာ၌ ပြင်ပ၌ဖြစ်နေလေရာ ကောင်းကင်စွမ်းအားများက အပျက်အစီးများ ဖြစ်ပေါ်မလာစေရန် ပတ်၀န်းကျင်အား အတတ်နိုင်ဆုံး ထိန်းချုပ်ပေးထားသည်။

သို့သော် ဘိုးဘေးဝိညာဉ်၏ အဆုံးအစွန်သော စွမ်းအားထုတ်ဖော်မှုက ကောင်းကင်၏ ထိန်းချုပ်မှုကို ဟန်ချက်ပျက်သွားစေခဲ့သည်။

လေဟာနယ်များ ကွဲအက်ကုန်ပြီး ဖရိုဖရဲ စီးကြောင်းများ ဖြစ်ပေါ်လာ၏။

ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာခဲ့သည်။ ဘိုးဘေးဝိညာဉ် လက်သီးဖြင့် လှမ်းထိုးလိုက်သည့်မြင်ကွင်းက နေ ၊ လ ၊ ကြယ်များပင် မှေးမှိန်းသွားသည့်အလား ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။

ပင်လယ်သားရဲများ ကုန်းမြေပေါ်၌ တိုက်ခိုက်ပါက ၎င်းတို့က သာမန်မှော်သားရဲများနှင့် သိပ်ပြီး ထူးခြားမည်မဟုတ်ချေ။

လက်ရှိနေရာက အဆုံးမဲ့ပင်လယ်၌ ဖြစ်နေသည့်အပြင် ဘိုးဘေးဝိညာဉ်၏ ကောင်းချီးပေးမှုများကိုပါ ရရှိထားသည်ဖြစ်ရာ ဘိုးဘေးဝိညာဉ်အား ဆင့်ခေါ်ထားသည့် ပင်လယ်သားရဲများ၏ တိုက်ခိုက်နိုင်စွမ်းများက တစ်ဆင့်မြင့်သွားခဲ့၏။

အဆင့်(၆) မှော်ရတနာများ မဆိုထားနှင့် အဆင့်(၇) တာအိုအဆင့် မှော်ရတနာမျာပင် ဤလက်သီးချက်အောက်၌ ပျက်စီးသွားပေလိမ့်မည်။

ဘန်း..ဘန်း..ဘန်း…

ဘိုးဘေးဝိညာဉ်က ပြင်းထန်သော လက်သီးချက်များ ရှေ့သို့ အဆက်မပြတ်ပစ်လွှတ်လိုက်၏။

ထို့နောက် မျက်စိတစ်မှိတ်အတွင်း ရွှမ်ယီ ရှေ့သို့ ရောက်လာခဲ့သည်။

ဘိုးဘေးဝိညာဉ်က ရွှမ်ယီအား လက်သီးချက်များဖြင့် ဗျာများစေခဲ့ပြီး ခန္ဓာကိုယ်ကြီးဖြင့် ဖိကြိတ်ကာ တိုက်သတ်ရန် ကြံရွယ်ထား၏။

ဘန်း…

ရွှမ်ယီက ဖန်ဂျီဓားဖြင့် ဒေါင်လိုက်ခုတ်ချပြီး တားဆီးလိုက်စဉ် နောက်သို့ အနည်းငယ် လွင့်စင်သွားခဲ့သည်။

သို့သော် အနည်းငယ်မျှ ဒဏ်ရာမရရှိခဲ့ပေ။ ထို့နောက် လက်ထဲမှ ဖန်ဂျီဓားက ထပ်မံ၍ လှုပ်ရှားသွား၏။ ကြက်သွေးရောင် ဓားအလင်းတစ်ခုက ဘိုးဘေးဝိညာဉ်ထံ နဂါးတစ်ကောင်းအလား ပြေး၀င်သွားခဲ့သည်။

ဘန်း…

ဘိုးဘေးဝိညာဉ်က ထိုဓားချက်အား လက်မြှောက်ကာ တားဆီးလိုက်၏။

ဓားချက်အား တားဆီးနိုင်လိုက်သည့်တိုင် အလွန်ကြီးမားသည့် ခန္ဓာကိုယ်ကြီးက ဓားချက်မှ တွန်းကန်အားကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ရသည်။

“ ငါ့မျက်လုံးနဲ့သာ ကိုယ်တိုင်မမြင်ရရင် လုံး၀ ယုံနိုင်မှာမဟုတ်ဘူး… ရွှမ်ယီက အင်ပါယာအဆင့်တစ်ယောက်နဲ့တောင် ယှဉ်တိုက်နိုင်စွမ်းရှိနေတာပဲ…”

လူသား ကျင့်ကြံသူများ အလွန်မှင်သက်နေခဲ့ကြ၏။ သူတို့ မျက်လုံးဖြင့်သာ မြင်နေရခြင်းမဟုတ်ပါက လုံး၀ ယုံနိုင်မည်မဟုတ်ချေ။ ယခု မြင်နေရသည့်တိုင်အောင် အိမ်မက်တစ်ခုအလား ခံစားနေရ၏။

သို့သော် သူ့တို့ မျက်စိရှေ့၌ ဖြစ်နေသည့်အရာတိုင်းက အမှန်တရားသာ။

အစီအရင်ကြီးထဲတွင် ရွှမ်ယီ၏ ထိုဓားချက်က အစသာရှိသေးသည်။

သူက အေးစက်‌သော မျက်နှာထားဖြင့် ဖန်ဂျီဓားအား အဆက်မပြတ်ဝှေ့ယမ်းနေ၏။ ကြက်သွေးရောင် ဓားအလင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေခဲ့သည်။

တစ်ခုချင်းစီတိုင်းက ကောင်းကင်နှင့် မြေကြီးအား ပိုင်းဖြတ်ရန် လုံလောက်၏။ ထိုဓားအလင်းများ၏ ပြင်းထန်သော စွမ်းအားများကို မျက်လုံးဖြင့်ပင် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ကောင်းကင်တွင် အနီရောင် အက်ကြောင်းများလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေ၏။ ၎င်းတို့က ရွှမ်ယီ ဓားဖြင့် ဖန်တီးထားသည့် အက်ကြောင်းများဖြစ်ပြီး ပြင်းထန်သော လေဟာနယ်စွမ်းအားများ ထွက်ပေါ်နေခဲ့သည်။

၎င်းတို့က ရွှမ်ယီ၏ အဆင့်(၆) ဓားရည်ရွယ်ချက် စွမ်းအားများနှင့် ပေါင်းစပ်ပြီးနောက် တိုက်ခိုက်မှု၌ ပါ၀င်သည့် စွမ်းအားများက နောက်တစ်ဆင့်သို့ ရောက်သွားကာ ဘိုးဘေးဝိညာဉ်ရှိရာသို့ ဦးတည်၀င်ရောက်သွား၏။

“ ဂရား…”

ဘိုးဘေးဝိညာဉ်က ဟိန်းဟောက်လိုက်ပြီး လက်သီးချက်များ အဆက်မပြတ်ပစ်လွှတ်လိုက်၏။ လပ်သီးချက်တိုင်းက လေဟာနယ်အား ဖျက်ဆီးရန်လုံလောက်သည်။ သို့သော် ရွှမ်ယီ၏ ဓားချက်များအောက်၌ နောက်သို့ တစ်လှမ်းပြီးတစ်လှမ်း ဆုတ်နေခဲ့ရ၏။

“ ဒီခွေးကောင်.. တကယ်ရော ကောင်းကင်ဘုရင်တစ်ယောက် ဟုတ်ရဲ့လား…?”

ဘိုးဘေးဝိညာဉ်၏ နှလုံးသား တုန်လှုပ်နေချေပြီ။

လောကကြီး၌ ဤကဲ့သို့ ကောင်းကင်ဘုရင်လည်း ရှိသေးတာလား…?

၎င်း၏ စိတ်ဝိညာဉ်စွမ်းအားများက ဘယ်တော့မှ မကုန်ခမ်းတော့သည့်အလားပင်။

သူမည်သို့ပင်ကြည့်စေကာမူ ထိုလူငယ်၏ ကျင့်ကြံမှုက အစောပိုင်းကောင်းကင်ဘုရင်အဆင့်သာရှိသည်။

သို့သော် ၎င်းထံတွင် ဤမျှများပြားသော စိတ်ဝိညာဉ်စွမ်းအားများ မည်သို့ သိုလှောင်ထားသနည်း။

ထိုသို့ စွမ်းအားပြည့်၀သော ဓားချက်များ ထုတ်လွှတ်ခဲ့ပြီးနောက် စွမ်းကုန်ဆုံးသင့်နေပြီမဟုတ်လော…?

သို့သော် ထိုလူငယ်က အနည်းငယ်မျှ ပင်ပန်းနွမ်းနယ်သည့် လက္ခဏာမပြသေးချေ။ အဆုံးမရှိသော စွမ်းအားများ ပိုင်ဆိုင်ထားသည့်လားပင်။

စိတ်ဝိညာဉ်ယွမ်စွမ်းအားနှင့် ပတ်သက်ပါက အင်ပါယာအဆင့်အောက်တွင် ရွှမ်ယီက နံပါတ်(၁)ဖြစ်ကြောင်း ဘိုးဘေးဝိညာဉ် မည်သို့ သိနိုင်လိမ့်မည်နည်း။

၎င်းက ကျင့်ကြံခြင်းအဆင့်နှင့် ကန့်သတ်ထားခြင်းမရှိချေ။

ရွှစ်…

အစီအရင်ကြီးအတွင်း၌ သွေးတန်းတစ်ခုထွက်ပေါ်လာ၏။

နောက်ဆုံးတွင် ရွှမ်ယီ၏ ဓားချက်အား ဘိုးဘေးဝိညာဉ် တားဆီးနိုင်ခြင်းမရှိတော့ချေ။ ကြက်သွေးရောင်ဓားရည်ရွယ်ချက်က သူ၏ ဘယ်လက်မောင်းကို ထိုးဖောက်လျက် ကောင်းကင်သို့ သွေးများ ဖျန်းပက်သွားခဲ့လေသည်။

ဘုန်း…

နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ပြီးနောက် ရွှမ်ယီအား သတ်ဖြတ်လိုစိတ်များပြည့်နေသော မျက်၀န်းများဖြင့် စိုက်ကြည့်လိုက်၏။

သူ့ဘ၀တွင် ဘယ်တုန်းကမှ ဤမျှ အရှက်မရခဲ့ဖူးချေ။

သို့သော် ထိုအရှက်တရားများထဲ၌ သူကိုယ်တိုင်ပင် နားမလည်နိုင်သည့် အကြောက်တရားများ ရှိနေခဲ့၏။

သူ့ရှေ့မှ ထိုလူသားအား သူ့အနေဖြင့် အမှန်တကယ် သတ်နိုင်ပါ့မည်လော…?

ထိုအတွေးကြောင့် ပို၌ပင် ဒေါသထွက်လာခဲ့သည်။

All Chapters