Chapter-426
Vol. 29 Ch. 426
လက်ရှိအချိန်တွင် သူက အမှန်တကယ် ပြန်လည် ရှင်သန်လာခြင်းမျိုးမဟုတ်သေးချေ။ ဘိုးဘေး အစီအရင်ကြီးအား အသုံးပြုကာရှင်သန်နေရခြင်းဖြစ်၏။
လက်ကျန်စိတ်ဝိညာဉ်တစ်စိတ်တစ်ပိုင်းနှင့် ထာ၀ရနတ်ဘုရင်စင်မြင့်အား ပြန်လည် မတည်ဆောက်နိုင်သောကြောင့်ပင်။
ရွှမ်ယီထံတွင် သတ်ဖြတ်ခြင်းခံရပါက ဤလက်ကျန် စိတ်ဝိညာဉ်လေးပင် ပြာအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
သူ၏ ရည်မှန်းချက်ကြီးသော စိတ်ဓာတ်ဖြင့်ဆိုပါက ထိုရလဒ်အား မည်သို့ လက်ခံနိုင်မည်နည်း။
“ဒီ လျှို့ဝှက်ချက်ကို အရှေ့ပိုင်းတိုက်ကြီးက အဓိပဓိဂိုဏ်းကြီးတွေအတွက် ချန်ထားခဲ့တာ… အခု သုံးရတော့မှာ စိတ်မကောင်းစရာပဲ…”
ဘိုးဘေးဝိညာဉ်က ရွှမ်ယီအား ရက်စက်သော မျက်၀န်းများဖြင့် စိုက်ကြည့်လိုက်၏။
ထို့နောက် ရုတ်တရက် သူ၏ ရင်ဘတ်အား လက်နှစ်ဖက်လုံးဖြင့် ထုချလိုက်သည်။ ထိုအခါ သူ၏ လက်ရှိ ခန္ဓာကိုယ်အား ဖန်တီးထားသည့် ထိပ်တန်း ပင်လယ်သားရဲ (၂၁)ယောက်တို့၏ ခန္ဓာကိုယ်များ အလွန်တောက်ပလာခဲ့သည်။
အားလုံး တုန်လှုပ်သွားကြ၏။
ထို့နောက် ချက်ချင်း သွေးမှုန်များအဖြစ် ပေါက်ကွဲသွားခဲ့လေသည်။
ထိပ်တန်း ပင်လယ်သားရဲ (၂၁)ယောက်တို့၏ စွမ်အားအငွေ့အသက်များအားလုံး ပျောက်ကွယ်သွားတော့၏။
ဘိုးဘေးဝိညာဉ်၏ အရှိန်အဝါများ ကျဆင်းလာခဲ့သော်လည်း ရုတ်တရက် သူက ခန္ဓာကိုယ်က ဖြောင့်တန်းသွားခဲ့သည်။ ထို့နောက် အစိမ်းရောင် စွမ်းအင်လှိုင်းလုံးများ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ထက်သို့ အလင်းတိုင်လုံးများအဖြစ် ထိုးတက်သွား၏။
အစီအရင်ကြီးအပြင်ဘက်မှ အင်ပါယာအဆင့် ပင်လယ်သားရဲ(၃)ယောက်လုံး မျက်နှာပျက်သွားခဲ့ကြသည်။
အစီအရင်အတွင်းမှ ဘိုးဘေးဝိညာဉ်၏ ပြောင်းလဲမှုများကို အသေးစိတ်မြင်နိုင်စွမ်းမရှိသော်လည်း ပင်လယ်သားရဲ မျိုးနွယ်မှ ထိပ်တန်း ကျင့်ကြံသူ (၂၁)ယောက်တို့ အမှန်တကယ် သေဆုံးသွားပြီဖြစ်ကြောင်း သူတို့ သတိပြုမိခဲ့ကြ၏။
“ ဘာတွေဖြစ်နေတာလဲ…? ဘိုးဘေးက ဘာတွေ လုပ်ဖို့ ကြံစည်နေတာများလဲ…?”
သူတော်စင် ဂျီလန် မှင်သက်ကာ ရပ်နေရင်း ရေရွတ်လိုက်သည်။
တစ်ဖက်တွင် ဟင်းလင်းပြင် သူတော်စင်နှင့် ကောင်းကင် သူတော်စင်တို့က အစီအရင်ကြီးမှ အဝေးသို့ ဆုတ်ခွာနေကြချေပြီ။
“ နောက်ကျသွားပြီ…”
ဘိုးဘေးဝိညာဉ်က လက်နှစ်ဖက်အား ဘေးသို့ ဖြန့်ကားရင်း ရယ်မောလိုက်၏။ ထို လက်နှစ်ဖက်အတွင်း တံဆိပ်ပေါင်း (၃၀၀၀) ပေါ်ထွက်လာခဲ့သည်။
ထို့အပြင် အစီအရင်ကြီးကလည်း ဘေးသို့ ပိုမိုပြန့်ကားလာခဲ့ပြီး ရွှမ်ယီမှ လွဲ၍ အတွင်းမှ လူသားများအား ပြင်ပသို့ တွန်းထုတ်ပစ်လိုက်၏။
ဤသို့ဖြင့် အစီအရင်ကြီးအတွင်း၌ ဘိုးဘေးဝိညာဉ်နှင့် ရွှမ်ယီ နှစ်ယောက်တည်းကျန်ရှိတော့သည်။
ပြန်ကားလာသောအစီအရင်ကြီးက ပတ်၀န်းကျင်မှ လူသားအင်ပါယာ(၃)ယောက်အပါအ၀င် လူသားတိုင်းကို အဝေးသို့ တွန်းပို့လိုက်၏။
ထို့နောက် ပြန်ကျုံ့သွားခဲ့လေသည်။
အစီအရင် အပြင်ဘက်မှ ပင်လယ်သားရဲများအားလုံး မျက်နှာပျက်သွားကြ၏။
သူတို့၏ ဝိညာဉ် ၊ စိတ်ဝိညာဉ်စွမ်းအား နှင့် အသက်ဓာတ် တို့အားလုံး တစ်စုံတစ်ခု၏ စုပ်ယူခြင်း ခံနေရသည့်အလား ကျဆင်းလာသည်ကို ခံစားမိလိုက်သောကြောင့်ပင်။
ထို့နောက် တဖြည်းဖြည်းနှင့် ဘိုးဘေး ဝိညာဉ်အား ဗဟိုပြုပြီး အစီအရင် အနီးသို့ ရွေ့လျားသွားခဲ့ကြသည်။
“ ဝိညာဉ်တစ်သောင်း တစ်ခုတည်းသို့ ပြန်လာခြင်း…”
ဘိုးဘေးဝိညာဉ်က အော်ဟစ်လိုက်ပြီးနောက် သန်းပေါင်းများစွာသော ပင်လယ်သားရဲများ၏ အသက်ဓာတ် အနှစ်သာရများကို ဝါးမြိုပစ်လိုက်၏။
ထိုအခါ သူ၏ အရှိန်အဝါများက ပေါက်ကွဲထွက်ကာ မြင့်တက်လာခဲ့သည်။
တစ်ခဏအတွင်း အစောပိုင်း ပထမ အတိဒုက္ခအဆင့်မှနေ၌ ပထမ အတိဒုက္ခအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွား၏။
“ မလုံလောက်သေးဘူး…”
ပင်လယ်သားရဲ အင်ပါယာ(၃)ယောက်တို့ ဘိုးဘေး စိတ်ဝိညာဉ် အစီအရင်ကြီးမှ ဘေးလွတ်ရာသို့ ထွက်ပြေးနိုင်ရန် အသည်းအသန်ကြိုးစားနေကြ၏။
နောက်ဆုံးတွင် သူတော်စင် ဂျီလန်လည်း ဘိုးဘေး ဘာလုပ်ရန် ကြိုးစားနေကြောင်း နားလည်သွားခဲ့သည်။
သူက ပင်လယ်သားရဲများ၏ အသက်ဓာတ်များ ၊ ဝိညာဉ်များကို ဝါးမြို၍ ၎င်း၏ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်နိုင်ရန် ကြိုးစားနေခြင်းပင်။
အဓိကအနေဖြင့် ဝိညာဉ်ခန္ဓာကိုယ်မှ အစစ်အမှန် ခန္ဓာကိုယ်သို့ ပြောင်းလဲ၍ ရွှမ်ယီအား တိုက်ခိုက်ရန် ကြိုးစားနေခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် သူတို့(၃)ယောက်က ဘိုးဘေးဝိညာဉ်အတွက် အဟာရပြည့်၀ဆုံးသော ဖြည့်စွက်စာများဖြစ်နေခဲ့၏။
“ အခုချိန်မှ ထွက်ပြေးဖို့ သိပ်နောက်ကျသွားပြီ…”
ဘိုးဘေးဝိညာဉ်က ကြောက်မက်ဖွယ်ကောင်းစွာ ရယ်မောလိုက်၏။ လက်နှစ်ဖက်အား ဆန့်ထုတ်လိုက်လျှင် ရှေ့သို့ ရှည်ထွက်သွားခဲ့လေသည်။
မျက်စိတစ်မှိတ်အတွင်း ပင်လယ်သားရဲ အင်ပါယာ(၃)ယောက်ကို ဖမ်းမိသွားခဲ့၏။
ထို့နောက် ချက်ခြင်းဝါးမျိုးပစ်လိုက်သည်။ ပင်လယ်သားရဲ အင်ပါယာများအနေဖြင့် ရုန်းကန်ရန် အသာထား အော်ဟစ်ရန်ပင် မတတ်နိုင်ခဲ့ကြချေ။
ရုတ်တရက် ကောင်းကင်ထက်မှ မိုးခြိမ်းသံများ တအုန်းအုန်း မြည်ဟည်းလာ၏။
ပင်လယ်သားရဲ အင်ပါယာများအား ဝါးမြိုလိုက်ပြီးနောက် ဘိုးဘေးဝိညာဉ်၏ အရှိန်အဝါများ အရူးအမူး မြင့်တက်လာခဲ့ပြီး ဒုတိယ အတိဒုက္ခအဆင့်သို့ ဖြတ်ကျော်သွားခဲ့သည်။
သူက ဒုတိယ အတိဒုက္ခအဆင့်သို့ ရောက်သွားချေပြီ။
ကောင်းကင်ထက်၌ တိမ်မည်းများ လွှမ်းခြုံလာပြီး မိုးခြိမ်းသံများ အဆက်မပြတ် ထွက်ပေါ်လာနေသည်။
“ ကောင်းကင်အတိဒုက္ခ… မကောင်းတော့ဘူး…”
“ ပင်လယ်သားရဲဝိညာဉ်အိုကြီးက ဒုတိယ အတိဒုက္ခအဆင့်ကို အားနဲ့ချိုးဖျက်ပြီး မိုးကြိုးကပ်ဘေးနဲ့ ရွှမ်ယီကို သတ်ဖို့ ကြိုးစားနေတာပဲ…”
မိုးတိမ်အင်ပါယာ အလွန်မျက်နှာပျက်သွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
လူသားအင်ပါယာ (၃)ယောက်အနက် သူက အစီအရင်များနှင့်ပတ်သက်ပြီး အကျွမ်းကျင်ဆုံးဖြစ်သည်။
သို့တိုင်အောင် ဤမတိုင်ခင်အချိန်အထိ ဘိုးဘေး စိတ်ဝိညာဉ်အစီအရင်ကြီး၏ ထူးခြားချက်များကို နားမလည်နိုင်ခဲ့ပေ။
ယခုမှသာ နားလည်သွားတော့၏။
၎င်း၏ အမည်က ဘိုးဘေး စိတ်ဝိညာဉ်အစီအရင်ဖြစ်နေသော်လည်း ၎င်းက ကောင်းကင်ကို ဆန့်ကျင်နေသော အစီအရင်ကြီးတစ်ခု ဖြစ်ပေသည်။
ဝိညာဉ်ဘ၀မှနေ၍ အစစ်အမှန်အခြေအနေသို့ ပြန်လည်ကူးပြောင်းခြင်းက ကောင်းကင်မှ လက်သင့်မခံနိုင်သောအရာဖြစ်၏။
၎င်းအနေဖြင့် အဆင့်တက်သွားခြင်းမရှိလျှင်တောင် ကောင်းကင်မှ မိုးကြိုးပြစ်ဒဏ်ကျကို ကျဆင်းလာပေလိမ့်မည်။
ထာ၀ရ နတ်ဘုရားစင်မြင့်မရှိဘဲ မိုးကြိုးပြစ်ဒဏ်အား တောင့်ခံနိုင်မည်ဟု ဘိုးဘေးဝိညာဉ် ယုံကြည်ချက်မရှိပေ။ ထို့ကြောင့် ဤအစီအရင်ကြီးအား တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
သူက ကောင်းကင်အား လှည့်စားပြီး မိုးကြိုးပြစ်ဒဏ်အား အားနည်းသွားစေလိုသည်။
ယခုတွင် ကောင်းကင်အားလှည့်စားရန် ရည်ရွယ်ထားသည့် အစီအရင်ကြီးအား ရွှမ်ယီအပေါ်သို့ အသုံးပြုလိုက်ချေပြီ။
မိုးခြိမ်းသံများကြောင့် ကောင်းကင်နှင့် မြေပြင်တစ်ခွင်တုန်ခါနေခဲ့ပြီး တိမ်များအကြား ခရမ်းရောင်မိုးကြိုးမြွေများ ပြေးလွှား ကူးခတ်နေကြသည်။
ဘိုးဘေးဝိညာဉ်က ဒုတိယ အတိဒုက္ခအဆင့်၏ မိုးကြိုးကပ်ဘေးကို အစပျိုးခဲ့ပြီးနောက် ဘိုးဘေး စိတ်ဝိညာဉ်အစီအရင်ကြီးအား လမ်းညွှန်တစ်ခုအဖြစ် အသုံးပြုခဲ့၏။
ပင်လယ်သားရဲ အင်ပါယာ(၃)ယောက်အား မြိုချပြီးနောက် မီးခိုးမြူများအဖြစ်ပြောင်းလဲပြီး အစီအရင်ကြီးအတွင်းမှ ထွက်ပြေးလာခဲ့သည်။
သို့သော် အစီအရင်အတွင်းတွင် သူ့ကိုယ်စား မိုးကြိုးပြစ်ဒဏ်ကို ခံယူပေးရန် ရွှမ်ယီကို ချန်ထားခဲ့၏။
သူ့ရည်ရွယ်ချက်က ရွှမ်ယီအား မိုးကြိုးပြစ်ဒဏ်ဖြင့် သတ်ဖြတ်ပစ်ရန်ဖြစ်သည်။
ရွှမ်ယီသေဆုံးသွားပြီး သူ့အနေဖြင့် အဆင့်တက်ခြင်း မအောင်မြင်လျှင်တောင် ကိစ္စမရှိချေ။
သူ၏ စွမ်းအားအနည်းငယ် ဆုံးရှုံးသွားခြင်းသာရှိမည်။
သူသာ ဝိညာဉ်အခြေအနေမှ အစစ်အမှန်သို့ အလွယ်တကူ ပြောင်းလဲနိုင်သ၍ အရာအားလုံး အဆင်ပြေသည်။ အင်ပါယာအဆင့်၌ အလွန်ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်ထား၏။
ကောင်းစွာကျင့်ကြံပြီး ဒုတိယအတိဒုက္ခအဆင့်သို့ ထပ်မံချိုးဖျက်၍ရသည်။
အကယ်၍ ရွှမ်ယီသာ မိုးကြိုးကပ်ဘေးအား အံတုပြီး လွှတ်မြောက်လာလျှင်ရော…?
ကိစ္စမရှိချေ။
ထိုအချိန်တွင် ထိုလူငယ်အနေဖြင့် ဒဏ်ရာအပြင်းအထန်ရထားပြီး ဖြစ်ပေလိမ့်မည်။
ထိုအခါ သူ့အနေဖြင့် အလွယ်တကူ သတ်ဖြတ်နိုင်မည်ဖြစ်၏။
အစပိုင်းတွင် ပင်လယ်သားရဲများ တောင်ပိုင်းတိုက်ကြီးအား အုပ်စိုးပြီး သူ အထွတ်အထိပ်ရောက်သော အချိန်ထိ စောင့်လိုခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်အား လှည့်စားနိုင်သော ဤအစီအရင်ကြီးအား အသုံးပြုပြီး တာအိုအရှင်သခင်အဆင့်သို့ ချိုးဖျက်မည်။
ယနေ့ ဤနေရာတွင် တစ်ခါတည်း အသုံးပြုရလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်ထားခဲ့ခြင်းမရှိချေ။
“ ခွေးသား… မင်းကြောင့် ငါ့အစီအစဉ်တွေ အကုန် ပျက်စီးကုန်ပြီ… အဲ့မှာ မိုးကြိုးပြစ်ဒဏ်ကို မြည်းကြည့်လိုက်စမ်း…”
ဘိုးဘေးဝိညာဉ်က အကျည်းတန်စွာ ပြုံးလိုက်၏။ အစီအရင်အတွင်းမှ ရွှမ်ယီအား အမုန်းတရားများ ပြည့်နေသော မျက်၀န်းများဖြင့် ကြည့်နေခဲ့ပြီး အံ့ကို တင်းနေအောင် ကြိတ်ထားခဲ့၏။