အခန်း (၄၂၇)
Vol. 29 Ch. 427
“ မဖြစ်ဘူး… ရွှမ်ယီကို ကယ်ရမယ်…”
ကောင်းကင်ဓားဘုရင် စိုးရိမ်းမှုကြောင့် ရူးသွပ်တော့မလို ခံစားနေရ၏။ သို့သော် ကုယွမ်နှင့် ယွမ်ထျန်းဇောင်တို့က သူ့အား တင်းတင်းကြပ်ကြပ် တားဆီးထားခဲ့ကြသည်။
“ နောက်ကျသွားပြီ… ကောင်းကင်အတိဒုက္ခက စနေပြီ… အခုချိန်မှာ သွားပြီး ၀င်ရှုပ်မယ်ဆိုရင် ရွှမ်ယီကို ပိုပြီး ဒုက္ခများသွားစေလိမ့်မယ်… အခန့်မသင့်ရင် ငါတို့ပါ တစ်ခါတည်း သေသွားနိုင်တယ်…”
ကောင်းကင်အတိဒုက္ခများအား ၀င်ရောက်စွက်ဖက်မည်ဆိုပါက စွက်ဖက်သူများပါ မိုးကြိုးပြစ်ဒဏ်ခံရမည်ဖြစ်သလို မိုးကြိုးပြစ်ဒဏ်ကလည်း အဆပေါင်းများစွာ ပြင်းထန်သွားပေလိမ့်မည်။
လက်ရှိအချိန်တွင် ကောင်းကင်ဓားအင်ပါယာက အပြင်းအထန်ဒဏ်ရာရနေခဲ့သည်ဖြစ်ရာ မိုးကြိုးကပ်ဘေးနှင့် ထပ်မံရင်ဆိုင်ရပါက တခါတည်း အသက်ထွက်သွားပေးလိမ့်မည်။
“ ဒါဆို ငါတို့ ဒီတိုင်းရပ်ကြည့်နေရမှာလား…”
ကောင်းကင်ဓားအင်ပါယာ၏ စကားကိုကြားလျှင် ကုယွမ်နှင့် ယွန်ထျန်းဇောင်တို့ ၀မ်းနည်းစွာ ခေါင်းညိတ်ပြလိုက်ကြသည်။
ယခုအခြေအနေတွင် ရွှမ်ယီက အံ့ဩစရာများ ထပ်မံပေးစွမ်းနိုင်ရန်သာ မျှော်လင့်ရတော့၏။
သို့သော် ရွှမ်ယီက ကောင်းကင်ဘုရင်အဆင့်၌သာရှိသေးပြီး မိုးကြိုးကပ်ဘေးက ဒုတိယ အတိဒုက္ခအဆင့်သို့ ချိုးဖျက်ထားသော အင်ပါယာအဆင့်ကျင့်ကြံသူနှင့် သက်ဆိုင်နေကြောင်း သူတို့ နားလည်ထားကြသည်။
တနည်းအားဖြင့်ဆိုလျှင် ရွှမ်ယီက ဒုတိယ အတိဒုက္ခအဆင့်၏ မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ရတော့မည်။
မျှော်လင့်ချက်နည်းပါးလွန်းလှသော်လည်း ရွှမ်ယီ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်အစွမ်းထက်သည်ဖြစ်ရာ အံ့ဖွယ်တစ်ခုခုလုပ်ပြရန် မျှော်လင့်နေခဲ့ကြသေးသည်။
အစီအရင်ကြီးက ကောင်းကင်အား လှည့်စားရန် တည်ဆောက်ထားသည်ဖြစ်လေရာ မိုးကြိုးပြစ်ဒဏ်ခံယူတော့မည့် လူက ကာယကံရှင် ဟုတ်မဟုတ် ကောင်းကင်က ရှင်းရှင်းလင်းလင်းမခွဲခြားနိုင်တော့ချေ။
အပြင်ဘက်မှ လူတိုင်း၏ ထိတ်လန့်မှု ၊ စိုးရိမ်မှု ၊ ၀မ်းနည်းမှုများနှင့် ဆန့်ကျင်စွာ အစီအရင်ကြီးအတွင်း၌ ရွှမ်ယီ၏ အနည်းငယ်မျှ ကြောက်လန့်ဟန်မရှိဘဲ ၀မ်းသာအားရ ပြုံးနေခဲ့လေသည်။
မိုးကြိုးမုန်တိုင်းများက အစီအရင်တစ်ခုလုံး ဖုံးလွှမ်းသွားပြီး ပြင်ပမှ လူများအနေဖြင့် နတ်အသိများဖြင့်ပင် ထောက်လှမ်းနိုင်ခြင်းမရှိတော့ချေ။
“ ဒါ အဆိုးထဲက အကောင်းပဲပေါ့…”
အင်ပါယာအဆင့် ကောင်းကင်အတိဒုက္ခက ကြောက်မက်ဖွယ်ကောင်းသလော…?
မှန်ပေသည်။ ယင်းက အလွန်ကြောက်မက်ဖွယ်ကောင်းလှ၏။
အင်ပါယာတစ်ယောက်ပင် ချွင်းချက်မရှိချေ။
အဘယ်ကြောင့်ဆိုသော် ၎င်းက အင်ပါအဆင့်တစ်ယောက်ကိုပင် သတ်နိုင်စွမ်းရှိသောကြောင့်ဖြစ်၏။
သို့သော် ရွှမ်ယီ ဘိုးဘေး ဝိညာဉ်နှင့် တိုက်ခိုက်ခဲ့စဉ် အစွမ်းကုန် မသုံးရသေးကြောင်း သိထားရန်လိုအပ်သည်။
ခုနှစ်သွယ်သတ်ဖြတ်ခြင်း ဓားအစီအရင်အား အသုံးမပြုရသေးပေ။ ဖန်ဂျီဓား တစ်ချောင်းတည်းကိုသာ သုံးထားခြင်းဖြစ်၏။
ယခုဖြစ်ပေါ်လာသည့် ကောင်းကင်အတိဒုက္ခက ဘိုးဘေးဝိညာဉ်အတွက် ရည်ရွယ်၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
၎င်းက ဘိုးဘေးဝိညာဉ်အား သတ်ဖြတ်ရန် ဖြစ်နိုင်သော်လည်း…
ရွှမ်ယီအား သတ်ဖြတ်လျှင်မူ……!
အုန်း..ဒုန်း.. ဘုန်း…
အစီအရင်ကြီးအတွင်း၌ ခရမ်းရောင်အလင်းများ ပြည့်နှက်သွားပြီး လျှပ်စီးပင်လယ်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။
ကောင်းကင်ထက်မှ မိုးကြိုးများ အဆင်မပြတ်ကျဆင်းနေခဲ့ပြီး ကမ္ဘာကြီးအား ဖျက်ဆီးပစ်တော့မည့်အလားပင်။
ရွှမ်ယီက ဦးခေါင်း အထက်တည့်တည့်တွင် ခုနှစ်သွယ် သတ်ဖြတ်ခြင်း ဓားအစီအရင်က အနီရောင် အလင်းများတောက်ပနေခဲ့ပြီး ကျဆင်းလာသည့် မိုးကြိုးစွမ်းအားတိုင်းကို သန့်စင်နေခဲ့၏။
သူပိုင်ဆိုင်ထားသည့် ခုနှစ်သွယ် သတ်ဖြတ်ခြင်း ဓားအစီအရင်အား ဥပဒေသစွမ်းအားများဖြင့် သန့်စင်ကာ အဆင့်မြှင့်တင်ရန် လိုအပ်သည်။
ယခင် လျှပ်စီးရေကန်က သူ၏ ဖန်ဂျီဓားတစ်ချောင်းတည်းကိုသာ တာအိုတစ်၀က်အဆင့်သို့ မြှင့်တင်ပေးနိုင်ခဲ့သည်။
ယနေ့တွက် ဘိုးဘေး ဝိညာဉ်က မိုးကြိုးကပ်ဘေးအား ဆင့်ခေါ်ခဲ့သည်ဖြစ်ရာ ရွှမ်ယီ အနေဖြင့် အခွင့်အရေးအား အလဟသ မဖြစ်စေဘဲ ခုနှစ်သွယ်သတ်ဖြတ်ခြင်း ဓားအစီအရင်အား အဆင့်မြှင့်တင်ရမည်။
မိုးကြိုးများအား ခံယူနေစဉ် သတ်ဖြတ်ခြင်းဓား (၇)ချောင်းအထက်မှာ တာအိုအမှတ်အသားများက ရပ်တန့်နေရာမှ ဆက်လက်၍ ကြီးထွားလာနေခဲ့သည်။
ရွှမ်ယီ ကိုယ်တိုင်လည်း အနားမနေခဲ့ချေ။ သူက စိတ်ဝိညာဉ် ယွမ်စွမ်းအင်များကို အသုံးပြုပြီး ကောင်းကင်မှ မိုးကြိုးများအား ခံယူနေခဲ့သည်။
ခုနှစ်သွယ် သတ်ဖြတ်ခြင်းဓါး အစီအရင်ဖြင့် ဤမိုးကြိုးကပ်ဘေးအား ကြောက်ရွံ့စရာမလိုသော်လည်း ရွှမ်ယီအနေဖြင့် မိမိ၏ခန္ဓာကိုယ်အား သန့်စင်နိုင်မည့်ရှားပါးအခွင့်အရေးကို မည်သို့ လက်လွှတ်နိုင်လိမ့်မည်နည်း။
သို့ရာတွင် ခုနှစ်သွယ် သတ်ဖြတ်ခြင်းဓါးအစီအရင်က မိုးကြိုးစွမ်းအားများကို တိုက်ရိုက်ဝါးမြိုနိုင်သည့် ထူးခြားသော လက်နက်ဖြစ်နေသော်လည်း သူ၏ခန္ဓာကိုယ်ကမူ ထိုသို့ စွမ်းရည်မရှိချေ။
ထို့အပြင် ယခုကျဆင်းနေသည့် မိုးကြိုးပြစ်ဒဏ်ကလည်း ယခင် သူရင်ဆိုင်ခဲ့ရသည့် မိုးကြိုးပြစ်ဒဏ်နှင့် မတူညီချေ။ ဤမိုးကြိုး ပြစ်ဒဏ်အတွင်း၌ ပါဝင်သော မိုးကြိုးတစ်ချက်ချင်းစီတိုင်းက ပထမအတိဒုက္ခအဆင့် အင်ပါယာတစ်ယောက်အား အပြင်းအထန် ဒဏ်ရာရသွားစေနိုင်စွမ်းရှိသည်။
သူက အဆင့် (၆) အထွတ်အထိပ်ဓါးရည်ရွယ်ချက် စွမ်းအားများဖြင့် ဘိုးဘေးဝိညာဉ်အား ဖိနှိပ်နိုင်စွမ်းရှိနေသော်လည်း သူ၏ ခန္ဓာကိုယ်ကမူ ကောင်းကင်ဘုရင်အဆင့်၌သာ ရှိနေပြီး အားနည်းနေဆဲပင်။
သို့သော် ကံကောင်းထောက်မစွာဖြင့် မိုးကြိုးများက ခုနှစ်သွယ်သတ်ဖြတ်ခြင်း ဓါးအစီအရင်အား ဖြတ်သန်းပြီးနောက် အတန်ငယ် အားနည်းသွားခဲ့သည်ဖြစ်ရာ ရွှမ်ယီအနေဖြင့် ၎င်းအား ခံယူနိုင်ခဲ့သည်။
မိုးကြိုး လျှပ်စီးများအကြား၌ ရွှမ်ယီက မိမိခန္ဓာကိုယ်အား ပုံသွင်းနေခဲ့ပြီး မိုးကြိုးလျှပ်စီး တစ်ချက်လက်သွားသည့်အချိန်တိုင်း သူ့ခန္ဓာကိုယ်က တုန်ယင်လာခဲ့၏။
တစ်ဖက်တွင် နီဗားနားကျမ်းစာကလည်း ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည့် မိုးကြိုးများအား ချက်ချင်းသန့်စင်ပေးပြီး ရွှမ်ယီ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် အားဖြည့်ပေးနေခဲ့သည်။
ရွှမ်ယီ၏ နောက်ကျောဘက်တွင် နယ်မြေစွမ်းအားနှစ်ခု ဝုန်းကနဲ ပွင့်လာခဲ့ပြီး ရွှေရောင်စိတ်ဝိညာဉ်ဒြပ်စင် (၁၈) ခုကလည်း ကောင်းကင်ထက်သို့ မြင့်တက်လာခဲ့သည်။
မိုးကြိုးစွမ်းအားများ၏ ထုဆစ်ပေးမှုအောက်တွင် စိတ်ဝိညာဉ်ဒြပ်စင် အသစ်တစ်ခု ထပ်မံ၍ ဖြစ်ပေါ်လာလေ၏။
အဆုံးမဲ့ပင်လယ်အတွင်းမှ လျှပ်စီးကြောင်းကြီးများက အလွန်ကြီးမား ကျယ်ပြန့်ကာ ကြောက်မက်ဖွယ် ကောင်းလှပြီး တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးမှ သတိပြုမိနိုင်သည်။
သို့သော် မည်သူမှ ဤကြောက်မက်ဖွယ်မြင်ကွင်းအား ဂရုစိုက်ရန် မအားကြပေ။ သူတို့ မျက်ဝန်းများက မိုးကြိုးပင်လယ်ကြီး၏ အလယ်ဗဟို၌သာ ရှိနေခဲ့၏။
ထိုနေရာတွင် ရွှမ်ယီ၏ အရှိန်အဝါက မှိန်ဖျော့နေခဲ့သော်လည်း ထွက်ပေါ်နေသည့် အသက်ဓာတ်များကြောင့် အသက်ရှင်နေသေးကြောင်း ထင်ရှားသည်။
လူသားအင်ပါယာ (၃) ယောက်ပင်လျှင် မိုးကြိုး ကပ်ဘေး၏ အရှိန်အဝါများအောက်တွင် ရွှမ်ယီ မည်သို့အခြေအနေရှိကြောင်း မြင်နိုင်စွမ်းမရှိကြချေ။
“ ရွှမ်ယီ အဆင်ပြေပါ့မလား…”
တစ်ဖက်တွင် ဘိုးဘေးဝိညာဉ်၏ မျက်ခမ်းများလည်း တဆတ်ဆတ် တုန်ယင်လာခဲ့သည်။ သူက ဤမိုးကြိုးကပ်ဘေး၏ အဓိကလူ ဖြစ်လေရာ ၎င်းက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူ့ထက်ပိုသိသည့်လူ မရှိချေ။
မိုးကြိုးပစ်ဒဏ် စတင်ပေါ်ပေါက်လာကတည်းကပဲ သေမင်း အငွေ့အသက်များ ခံစားခဲ့ရ၏။
သို့မဟုတ်ပါက အစီအရင်ကြီးအား ချက်ချင်းအသုံးပြုပြီး ရွှမ်ယီအား မိုးကြိုးကပ်ဘေး၏ အဓိကပစ်မှတ်ဖြစ်လာအောင် လုပ်ခဲ့မည်မဟုတ်ပေ။
သို့သော် အနှီ ရွှမ်ယီက ယခုချိန်အထိ ခုခံနိုင်ဆဲလော…?