အခန်း (၄၃၀)
Vol. 29 Ch. 430
မိုးတိမ်အင်ပါယာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့၏။ သူ ဆန့်ထုတ်လိုက်သည့် တိမ်ကြိုးအရှည်ကြီးက သူ၏ အသက်ဓာတ်နှင့် ဆက်စပ်နေသောကြောင့်ပင်။
၎င်းက အဖျက်စွမ်းအားအောက်၌ ပျက်စီးသွားပြီး အဆပေါင်းများစွာ သေးငယ်သွားခဲ့သည်။
“ ဝေါ့…”
မိုးတိမ်အင်ပါယာ သွေးတစ်လုပ်အန်လိုက်ရပြီး နောက်သွား ယိုင်ကျသွားခဲ့၏။
နံဘေးတွင် ကုယွမ် နှင့် ကောင်းကင်ဓားအင်ပါယာတို့က မိုးကြိုးတိမ်ပင်လယ်ကြီးအား မှင်သက်စွာ ငေးကြည့်နေခဲ့ကြသည်။
သူတို့ နှလုံးသားထဲမှ ၀မ်းနည်းမှုအား စကားလုံးများဖြင့် ထုတ်ဖော်ပြသ၍ပင် မရတော့ချေ။
ဘိုးဘေး ဝိညာဉ်၏ လှုပ်ရှားမှုက လျင်မြန်လွန်းလှသည်။
အကယ်၍ ဘိုးဘေးဝိညာဉ်က အနည်းငယ်နှောင့်နှေးနေလျှင်တောင် သူတို့အနေဖြင့် ဘာမှမလုပ်နိုင်ချေ။
အင်ပါယာအဆင့်ကျင့်ကြံသူအချင်းချင်း မိမိကိုယ်ကိုဖောက်ခွဲမှုအား မတားဆီးနိုင်သောကြောင့်ပင်။
ဘိုးဘေးဝိညာဉ်က မိမိကိုယ်ကိုဖောက်ခွဲပြီး လျှပ်စီးရေကန်အား ဆွပေးခြင်းကို ရပ်ကြည့်နေရုံသာ တတ်နိုင်၏။
မိုးကောင်းကင်ထက်မှ အဖျက်စွမ်းအားအရှိန်အ၀ါများက မီတာသန်း(၁၀၀)ကျော်အထိ တိုးသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း ပင်လယ်သားရဲမျိုးနွယ်၏ မြင့်မြတ်ခန်းမ အသစ်ကြီးအား ဖုံးလွှမ်းသွားပြီး တောင်ပိုင်းတိုက်ကြီး မြောက်ဘက်အခြမ်းမှ အဆုံးမဲ့ပင်လယ်ကြီးက အငွေ့ပျံသွားခဲ့၏။
အလွန်ရုန့်ရင်းကြမ်းတမ်းသော မိုးကြိုးများက ပင်လယ်ကြမ်းပြင်အား အချိန်အတန်ကြာသည်ထိ ဖျက်ဆီးနေခဲ့သည်။
နောက်ဆုံးတွင် ၎င်းက တဖြည်းဖြည်း ရပ်တန့်သွားတော့၏။
ပတ်၀န်းကျင်တစ်ခုလုံး ဖုန်မှုန့်များ ဖုံးလွှမ်းနေပြီး တိုက်ပွဲကွင်းပြင်း၌ ဗလာကြီးသာ ကျန်ရစ်ခဲ့သည်။
ရွှမ်ယီလည်း ရှိမနေတော့ချေ။
လူသားကျင့်ကြံသူများ အားလုံး မှင်သက်နေကြဆဲပင်။
အင်ပါယာများပင် စကားတစ်ခွန်းမျှ ပြောနိုင်စွမ်းမရှိကြချေ။
ရွှမ်ယီက ဘိုးဘေးဝိညာဉ်၏ လျှပ်စီးရေကန်အား ဆွဲဆောင်မှုကြောင့် ပြင်းထန်သော မိုးကြိုးလျှပ်စီးများအကြား သဲလွန်စ မကျန်အောင် ပျောက်ဆုံးသွားခဲ့သည်။
အင်ပါယာများကမူ မိုးတိမ်အင်ပါယာ ရွှမ်ယီအား ကယ်တင်ရန် ကြိုးစားခြင်းမအောင်မြင်ကတည်းက ရလဒ်အား ခန့်မှန်းပြီးချေပြီ။
ရွှမ်ယီက ဘိုးဘေးဝိညာဉ်နှင့်အတူ သေဆုံးသွားရန် ဖြစ်နိုင်ချေများ၏။
မိုးတိမ်အင်ပါယာက အံ့ကြိတ်ပြီး အေးစက်စွာ အော်ဟစ်လိုက်သည်။
“ ရွှမ်ယီမှာ အကာအကွယ်ပေးနေတဲ့ အင်ပါယာချင်းစုန့်တစ်ယောက်လုံးရှိတယ်.. ဒီတော့ အသက်အန္တရာယ်ရှိခဲ့ရင်တောင် လွတ်မြောက်သွားမှာ အသေအချာပဲ…”
ကုယွမ်နှင့် ကောင်းကင်ဓားအင်ပါယာတို့ကလည်း ခေါင်းညိတ် ထောက်ခံလိုက်ကြ၏။
မိုးတိမ်အင်ပါယာကပဲ ဆက်လက်ပြီး
“ အားလုံးပဲ… ငါ့အမိန့်ကို နာခံကြ… ဒီနေရာပတ်၀န်းကျင် မီတာ သန်း(၁၀၀)ကျော်အထိ ရွှမ်ယီကို မြေလှန်ပြီး ရှာရမယ်…”
“ နားလည်ပါပြီ..”
ကောင်းကင်ဘုရင်များအားလုံး ဦးညွှတ်လိုက်ကြ၏။
မိုးတိမ်အင်ပါယာ၏ စူးစမ်းလေ့လာရေးအဖွဲ့မှလူများက ကျန်လူများထက်ပို၍ အားသွန်ခွန်စိုက် အသည်းအသန်ရှာဖွေနေခဲ့ကြသည်။
….
အချိန်များ တစ်ရက်ပြီး တစ်ရက် ကုန်လွန်သွားခဲ့ကာ မျက်စိတစ်မှိတ်အတွင်း အချိန်တစ်လ ကုန်ဆုံးသွားခဲ့၏။
ရှာဖွေမှုများလည်း တဖြည်းဖြည်းရပ်တန့်သွားခဲ့ကြသည်။
တောင်းပိုင်းတိုက်ကြီးတစ်ခုလုံး လက်ခံလိုသည်ဖြစ်စေ လက်မခံလိုသည်ဖြစ်စေ ရွှမ်ယီ၏ သေဆုံးခြင်းအား လက်ခံရတော့မည်။
တောင်းပိုင်းတိုက်ကြီးမှ လူသားတို့အတွက် မဟာရန်သူတော်ကြီးဖြစ်သည့် ပင်လယ်သားရဲမျိုးနွယ်က အမြစ်ပြတ်သွားခဲ့ပြီးဖြစ်သော်လည်း တောင်ပိုင်းတိုက်ကြီး၏ အနာဂါတ်ကလည်း ဘိုးဘေးဝိညာဉ်နှင့်အတူ သေဆုံးသွားခဲ့ချေပြီ။
ရှင်သန်နေခြင်း နှင့် သေဆုံးသွားခြင်းအား တိတိကျကျမသိရသော်လည်း သေဆုံးသွားရန် ရာခိုင်နှုန်းများပေသည်။
ရွှမ်မိသားစု…
ရွှမ်ဘိုးဘေးက မိသားစု ခေါင်းဆောင်ထိုင်ခုံတွင် လေလျော့နေသည့် ပူဖောင်းအလား ထိုင်နေခဲ့သည်။ သူ၏ ရုပ်အသွင်က ဤတစ်လအတွင်း နှစ်ပေါင်းများစွာ အိုစာသွားခဲ့ဟန်ရ၏။
…
ဗဟိုသူတော်စင် အကယ်ဒမီ…
ဌာနမှူး ရုံးခန်းထဲတွင် ဌာနမှူးတစ်ယောက် ပြတင်းပေါက်အား မျက်နှာမူကာ ထိုင်လျက် လက်ထဲမှ လက်ထောက် ဌာနမှူး တံဆိပ်ပြားအား ပွတ်သပ်နေခဲ့သည်။
အချိန်အတန်ကြာပြီးနောက် သက်ပြင်းချလိုက်ကာ
“ တစ်ယောက်ယောက်လာဦး… ဒီ တံဆိပ်ပြားယူပြီး လက်ထောက် ဌာနမှူးရွှမ်ရဲ့ အခန်းကို တံဆိပ်ခတ်ထားလိုက်… အခန်းကို ဘယ်သူမှ သွားပြီး သန့်ရှင်းရေးမလုပ်ပါနဲ့…”
…
ဗဟိုသူတော်စင် အကယ်ဒမီ၏ အနက်ရှိုင်းဆုံး အတွင်းပိုင်း…
ရွှမ်ယီ အမြဲတစေ တံခါးပိတ်ကျင့်ကြံခဲ့သော ခြံ၀င်းလေးထဲတွင်…
ပင်းယု၏ ပုံရိပ် တိတ်တဆိတ်ပေါ်လာခဲ့သည်။
ထိုနေရာတွင် ရွှမ်ယီ၏ တပည့်များအားလုံး ရက်ပေါင်းများစွာ စောင့်နေခဲ့ကြ၏။
ပင်းယုရောက်လာသည်ကိုမြင်သည်နှင့် အားလုံး ရှေ့တိုးသွားလိုက်ကြပြီး
“ စီနီယာ ပင်းယု.. ဆရာဆီက အဆက်အသွယ်ရသေးလား…?”
မင်ယွဲ့ရှု၏ မျက်လုံးများက နီရဲနေခဲ့ပြီး တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။
ပင်းယုက ပတ်၀န်းကျင်မှ ၀မ်းနည်းကြေကွဲနေသော မျက်နှာလေးများအား ဝေ့ကြည့်လိုက်၏။
တခဏမျှ တိတ်ဆိတ်သွားပြီးနောက် ညင်သာစွာခေါင်းယမ်းပြလိုက်သည်။
ဤရလဒ်အား ကြိုတင်မျှော်လင့်ထားခဲ့ပြီးဖြစ်သည့်တိုင် ပင်းယုထံမှ အတည်ပြုချက်ရလိုက်ပြီးနောက် အလွန်၀မ်းနည်းသွားခဲ့ကြ၏။
အားလုံးထဲတွင် အတည်ငြိမ်ဆုံးဖြစ်သည့် ကုယီယီပင်လျှင် နှလုံးသားထဲ၌ အလွန်ကြေကွဲဆို့နင့်နေခဲ့သည်။
သူမက မျက်ရည်များပြည့်နေသော မျက်၀န်းများဖြင့် ပင်းယုအားကြည့်ကာ ဦးညွှတ်လိုက်ပြီး
“ ကျွန်မတို့အတွက် စုံစမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ…”
“ ရပါတယ်…”
ပင်းယုကခေါင်းညိတ်လိုက်ပြီးနောက်
“ ငါတို့ကြားမှာ အခုလိုလုပ်နေစရာမလိုပါဘူး…”
စကားပြောပြီးသည်နှင့် ထုံးစံတိုင်း သူမမျက်နှာက တင်းမာ အေးစက်သွား၏။
“ လက်ရှိမှာ ရွှမ်ယီရဲ့ အခြေအနေကို မသိရသေးပေမယ့်.. သူတပည့်တွေဖြစ်တဲ့ မင်းတို့က ဆက်ပြီးကျင့်ကြံနေရမယ်… မင်းတို့ လုပ်ဖို့လိုအပ်တာက ၀မ်းနည်းနေဖို့ မဟုတ်ဘူး… ကြိုးစားကျင့်ကြံနေကြဖို့ပဲ…”
“ ရွှမ်ယီ ပြန်မလာခင်အထိ မင်းတို့ကို ငါတာ၀န်ယူပြီး လေ့ကျင့်သင်ကြားပေးမယ်…”
“ အားလုံး အခုချက်ချင်း ရှေးဟောင်းစစ်မြေပြင်ကိုသွားပြီး ဆက်လေ့ကျင့်ကြတာပေါ့…”
သူမက ရွှမ်ယီ၏ တပည့်အားလုံးကို ရွှေနန်းတော်ရှိရာသို့ ခေါ်ဆောင်သွားခဲ့လေသည်။
ပင်းယုက ထိုနေရာ၌ ဆက်မနေခဲ့ချေ။
သူမ၏ ပုံရိပ်က ကောင်းကင်ထက်၌ အချိန်ကြာမြင့်စွာ ရှိနေခဲ့ပြီးနောက် ဗဟိုသူတော်စင် အကယ်ဒမီမှ ရွှမ်ယီ၏ ခြံ၀င်းလေးသို့ တစ်ဖန်ပြန်ရောက်လာခဲ့သည်။
ပင်းယုက ရွှမ်ယီ၏ အိပ်ခန်းအား တိတ်တဆိပ် ငေးကြည့်နေခဲ့၏။
လက်ရှိတွင် သူမ၏ ဤကမ္ဘာကြီး၌ ထာ၀ရ နေနိုင်နေပြီဖြစ်သည်။
ရွှမ်ယီမရှိလျှင်တောင် ပျောက်ကွယ်သွားမည်မဟုတ်ပေ။
ရွှမ်ယီနှင့် သူမအကြား ချိတ်ဆက်မှုလေးတစ်ခု အမြဲတမ်းရှိနေခဲ့၏။
သို့သော် ယခုတွင် ထိုချိတ်ဆက်မှုက ပျောက်ကွယ်သွားခဲ့ချေပြီ။
ပင်းယု၏ မျက်နှာက အမြဲတစေ ရေခဲပန်းပွင့်လေးအလား အပြုံးအရယ်မရှိ အေးစက်နေခဲ့သည်။
ယခုတွင် ထိုအေးစက်မှုများ ပျောက်ကွယ်သွားခဲ့ပြီး ရွှမ်ယီ၏ အိပ်ရာသို့လျှောက်သွားခဲ့ပြီး ညင်သာစွာ လဲလျောင်းလိုက်၏။
ထို့နောက် သူမ မျက်၀န်းများအား မှိတ်လိုက်သည်။
ရွှမ်ယီနှင့် သူမအကြားမှ ဆက်သွယ်မှု ပြတ်တောက်သွားရခြင်းမှာ အကြောင်းအရင်းနှစ်ခုသာရှိ၏။
ရွှမ်ယီ သေဆုံးသွားခြင်း ဒါမှမဟုတ် သူမတို့အကြား ချိတ်ဆက်မှု လက်လှမ်းမမှီသော နေရာသို့ ရွှမ်ယီရောက်သွားခြင်းသာဖြစ်ရမည်။
“ ပင်းယု… ငါ ကျင့်ကြံနေတုံးမှာ ရွှမ်မိသားစုနှင့် ဗဟိုသူတော်စင် အကယ်ဒမီကို ဂရုစိုက်ပေးဖို့ မင်းကို တောင်းဆိုပါရစေ…”
ရွှမ်ယီ၏ စကားသံက သူမနားထဲ၌ ပဲ့တင်ထပ်ကာ ကြားယောင်လာခဲ့၏။
ပင်းယု၏ မျက်နှာထက်၌ လှပသော အပြုံးလေးတစ်ပွင့် ဖြစ်ပေါ်လာခဲ့သည်။
“ ကောင်းပြီလေ.. ဒါဆို ကျွန်မ ဒီမှာပဲနေပြီး ရှင်ပြန်လာတဲ့အထိ စောင့်နေမယ်…”