← Chapters

အခန်း (၄၃၁)

Vol. 29 Ch. 431

အခန်း (၄၃၁)

Vol. 29 Ch. 431

အဆုံးမဲ့ပင်လယ်..

ပင်လယ်သားရဲများနှင့် လူသားများအကြား နောက်ဆုံးတိုက်ပွဲနေရာ…

ပင်လယ်ရေများ ဖုံးလွှမ်းနေသည့် အနက်ရှိုင်းဆုံးသော နေရာ၌..

ထူးဆန်းသော တုန်ခါမှုလှိုင်းလေးတစ်ခု ဖြစ်ပေါ်လာပြီး အနက်ရောင်ရေဝဲတစ်ခု ညင်သာစွာထွက်ပေါ်လာခဲ့သည်။

ထိုရေဝဲက ဖြည်းညှင်းစွာ လှည့်ပတ်နေခဲ့ပြီး ၎င်းပတ်၀န်းကျင် လေဟာနယ်တွင် အနက်ရောင် အက်ကြောင်းများ ရှိနေခဲ့၏။

အနီးကပ်ကြည့်မည်ဆိုပါက ၎င်းတည်ရှိရာ နေရာက အလွန်လျှို့ဝှက်ဆန်းကျယ်ကြောင်း မြင်နိုင်ပေလိမ့်မည်။

မှိန်ဖျော့သော တာအိုအလင်းများ အနီးပတ်၀န်းကျင်းတစ်ဝိုက် လွှမ်းခြုံထား၏။

ထို အနက်ရောက်အက်ကွဲကြောင်းလေးများက သဘာ၀အတိုင်းဖြစ်ပေါ်နေသည့် ဖုံးကွယ်ခြင်း အစီအရင်ကြီးတစ်ခုအလားပင်။

တောင်ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူများ အပူတပြင်း ပိုက်စိပ်တိုက်ရှာခဲ့ကြသည့်တိုင် ၎င်းအား မတွေ့ခဲ့ကြချေ။

ထိုအနက်ရောင်ရေဝဲထဲတွင် ရွှမ်ယီ တင်ပလင်ခွေ ထိုင်နေခဲ့သည်။

သူ့ပတ်၀န်းကျင်တွင် စွမ်းအင်များ တစ်ဟုန်းဟုန်းတောက်နေခဲ့ပြီး ပျက်စီးသွားသော မရီဒန်များအား ပြန်လည်ပြင်နေခဲ့၏။

သူ၏ မျက်နှာချင်းဆိုင်တွင် လက်မအရွယ် ခရမ်းရောင် သလင်းကျောက် ပုံဆောင်ခဲလေးတစ်ခုရှိနေပြီး လေထဲ၌ မျောလွင့်ကာ တိတ်တဆိတ် လည်ပတ်နေသည်။

၎င်း တစ်ပတ်လည်သွားတိုင်း ပျက်စီးခြင်းစွမ်းအင်များ ပတ်၀န်းကျင်သို့ ဖြာထွက်သွား၏။

တောင်ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူများသာ ဤနေရာ၌ ရှိနေပါက တစ်ချက်ကြည့်ရုံမျှနှင့် ၎င်းအား မှိတ်မိကြပေလိမ့်မည်။

၎င်းမှ ထွက်ပေါ်နေသည့် ပျက်စီးခြင်းစွမ်းအင်များက ဘိုးဘေးဝိညာဉ် မိမိကိုယ်ကိုဖောက်ခွဲပြီး လျှပ်စီးရေကန်အားဆွဲဆောင်ခဲ့စဉ် ကောင်းကင်ထက်မှ ထွက်ပေါ်လာသည့် ပျက်စီးခြင်းစွမ်းအင်ကြီးနှင့် တစ်ထပ်တည်း တူညီနေ၏။

သို့ရာတွင် ၎င်းက မိုးကြိုးကပ်ဘေးအတွင်း ထွက်ပေါ်ခဲ့သည်ထက် နူးညံ့နေပေသည်။

“ အန္တရာယ်ကနေ အကျိုးအမြတ်ရရှိတယ်ပဲဆိုရမလား… ဒါမှမဟုတ် ကံကြမ္မာက လှည့်စားသွားတယ်လို့ ဆိုရမလားပဲ…”

နီဗားနားကျင့်စဉ်အား လှည့်ပတ်လိုက်ပြီးနောက် ရွှမ်ယီ သက်ပြင်းအရှည်ကြီးချရင်း ရေရွတ်လိုက်၏။

စတင်ရရှိခဲ့စဉ်ကထက် များစွာသေးငယ်သွားသော ခရမ်းရောင် သလင်းကျောက်လေးအားကြည့်ရင်း မချိပြုံး ပြုံးလိုက်မိသည်။

…

ဘိုးဘေးဝိညာဉ် မိမိကိုယ်ကိုဖောက်ခွဲခဲ့စဉ် ရဲ့ချင်းစုန်အား ဆင့်ခေါ်ရန် ရွှမ်ယီ ကြိုးစားခဲ့သေး၏။

သို့သော် ရဲ့ချင်းစုန်အား လုံး၀ ဆင့်ခေါ်၍ မရခဲ့ချေ။

ကံကောင်းစွာထောက်မစွာနှင့် အချိန်အတော်ကြာ ငြိမ်သက်နေသော စနစ်က ထွက်ပေါ်လာခဲ့၏။

[ ဒင်..! ကောင်းကင်စွမ်းအင်ကို ရှာတွေ့ပါတယ်…။ စုပ်ယူလိုပါသလား…? ]

ထိုအချိန်က ကောင်းကင်စွမ်းအင်ဆိုတာ ဘာဖြစ်ကြောင်း ရွှမ်ယီ နားလည်ခဲ့ခြင်းမရှိချေ။

သို့သော် အန္တရာယ်တွင်းထဲရောက်နေသဖြင့် ချင်းခြင်း စုပ်ယူရန်ရွေးချယ်ခဲ့လိုက်၏။

ထို့နောက် ကောင်းကင်နှင့် မြေကြီးတစ်ခုလုံး စကြာလည်သွားသည့်အလား ခံစားလိုက်ရပြီး သတိပြန်ရလာချိန်တွင် ဤရေဝဲအတွင်း ရောက်နေကြောင်း တွေ့လိုက်ရသည်။

ကောင်းကင်စွမ်းအင်ဖြင့် ထောက်ပံ့ထားသည့် လျှပ်စီးရေကန်အား စနစ်က ထို နီဗားနားသလင်းကျောက်လေးအဖြစ် ပြောင်းလဲပစ်ခဲ့၏။

စနစ်က ရွှမ်ယီ စုပ်ယူရ လွယ်ကူစေရန် ဖန်တီးပေးထားခြင်းပင်။

အမှန်တွင် ရွှမ်ယီက စနစ်ထံမှ အကူအညီအား အများကြီး ‌မမျှော်လင့်ခဲ့သလို အကူအညီယူလိုခြင်းလည်း မရှိခဲ့ပေ။

သို့သော် စနစ်၏ အကူအညီဖြင့် ဘိုးဘေးဝိညာဉ်၏ အဆုံးအစွန်သော ယုတ်မာမှုအား အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။

သို့တိုင် သူ့အနေဖြင့် မိုးကြိုးကပ်ဘေးကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သေး၏။

ဤတစ်လလုံး အနားယူနေခဲ့ပြီးနောက် ဒဏ်ရာတချို့ ပြန်ကောင်းနေချေပြီ။

နောက်ဆုံးတွင် ဖြစ်ပျက်ခဲ့သည့် အရာများအား စနစ်၏ ရှင်းပြမှုဖြင့် ရွှမ်ယီ နားလည်သွားခဲ့၏။

ဘိုးဘေးဝိညာဉ်၏ ဖောက်ခွဲမှုကြောင့် ဖြစ်ပေါ်လာသည့် မိုးကြိုးကပ်ဘေးက တတိယ အတိဒုက္ခ အင်ပါယာအဆင့်သို့ ရောက်သွားခဲ့သည်။

သို့သော် ၎င်းက အဓိကမဟုတ်ချေ။

မိုးကြိုးကပ်ဘေးနှင့်အတူ လိုက်ပါကျဆင်းလာသည့် ကောင်းကင်စွမ်းအင်က အဓိကဖြစ်၏။

၎င်းက လူတိုင်းခံစားခဲ့ရသော ပျက်စီးခြင်းစွမ်းအင်ပင်။

စနစ်၏အဆိုအရ ထိုပျက်စီးခြင်းစွမ်းအင်က တာအိုကို ကျော်လွန်ပြီး ကောင်းကင်တာအိုအဆင့်သို့ ရောက်ရှိနေသည်။

၎င်းက ဤကမ္ဘာကြီး၌ အမြင့်ဆုံးသော စွမ်းအင်ဆိုလျှင်လည်း မမှားချေ။

အနည်းအကျဉ်းလေးမျှသာဖြစ်သော်လည်း ဤကမ္ဘာကြီးပေါ်မှ တည်ရှိမှုတိုင်းအား ဖျက်ဆီးရန် လုံလောက်၏။

ထို့နောက် စနစ်၏ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း စတင်ခဲ့သည်။

ဤထူးဆန်းသော အနက်ရောင်ရေဝဲကလည်း စနစ် အဆင့်မြှင့်တင်နေချိန်အတွင်း ရွှမ်ယီအတွက် ပြုလုပ်ပေးခဲ့သော အကာအကွယ်ဖြစ်၏။

အင်ပါယာအဆင့်မဆိုထားနှင့် တာအိုအရှင်သခင်အဆင့်များပင် ရွှမ်ယီအား ရှာတွေ့နိုင်မည်မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် အနက်ရောင်ရေဝဲက အဆုံးမဲ့ပင်လယ်၏ အောက်ခြေ၌ ရှိနေဟန်ရသော်လည်း ထိုသို့မဟုတ်ပေ။

အမှန်တွင် အနက်ရောင်ရေဝဲက အာကာသထဲ၌ မျောလွင့်နေခြင်းဖြစ်ပြီး အဆုံးမဲ့ပင်လည်၌ ရှိနေသည့်အရာက ကမ္ဘာကြီး၏ တည်နေရာအား ပြန်လည်ရှာဖွေရန်အတွက် စနစ်ချန်ထားခဲ့သည့် အမှတ်အသားဖြစ်၏။

ရွှမ်ယီ သူ၏ အသိစိတ်အတွင်းမှ အဆင့်မြှင့်တင်နေသော စနစ်၏ မျက်နှာပြင်အား ကြည့်လိုက်သည်။

ထိုနေရာတွင် စနစ်၏ အဆင့်မြှင့်တင်ခြင်းမှာ ရုတ်တရက် ဖြစ်လာခဲ့သဖြင့် ကမ္ဘာကြီးပေါ်သို့ ပြန်ချိန်၌ တည်နေရာမှားယွင်းမှု ဖြစ်‌နိုင်ကြောင်း သတိပေးဖော်ပြထား၏။

ရွှမ်ယီ သက်ပြင်းချလိုက်ပြီး နီဗားနားကျမ်းစာအား ဆက်လက် လှည့်ပတ်ရန် ပြင်လိုက်သည်။

ဤအနက်ရောင် ဝဲကြီးအတွင်း၌ စိတ်ဝိညာဉ်စွမ်းအင် လုံး၀မရှိပေ။ ဤသို့ဖြင့် နီဗားနားကျင့်စဉ်အား အသုံးပြုကာ စိတ်ဝိညာဉ်ဒြပ်စင်များအား အဆက်မပြတ်သန့်စင်နေရန်သာ တတ်နိုင်၏။

ယခင်တိုက်ပွဲတွင် သူ၏ စိတ်ဝိညာဉ်ဒြပ်စင်အားလုံးနီးပါ ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး လက်ရှိတွင် (၃)ခုသာ အကောင်းအတိုင်း ပြန်ဖြစ်သေးသည်။

ဤအချင်းအရာအားကြည့်လျှင် ဒဏ်ရာကုသနှုန်း မည်မျှနှေးကွေးကြောင်း မြင်နိုင်၏။

သူ၏ သိုလှောင်လက်စွပ်က တိုက်ပွဲအတွင်း ပျက်စီးသွားခဲ့သည်။

ထို့အပြင် စနစ်အဆင့်မြှင့်နေချိန်အတွင်း စနစ်၏ သိုလှောင်အိတ်ကိုလည်း အသုံးပြု၍မရချေ။

ဤသို့ဖြင့် အတွင်းမှ မှော်ဆေးများအား ထုတ်ယူ၍ မရဖြစ်နေ၏။

ရွှမ်ယီ မျက်လုံးမှိတ်ကာ ကျင့်ကြံတော့မည့်အချိန်တွင် စနစ်၏ အသံက ထွက်ပေါ်လာလေသည်။

[ ဒင်…! စနစ်အဆင့်မြှင့်တင်ခြင်း ပြီးဆုံးပါပြီ… ပိုင်ရှင်အား မူလနေရာသို့ ပြန်ပို့ပေးပါတော့မယ်… ပြင်ဆင်ထားပါ…]

စကားသံဆုံးသည်နှင့် ချက်ချင်း ကမ္ဘာကြီး ချာချာလည်သွားသလို ခံစားလိုက်၏။

….

ရွှမ်ယီ နိုးလာသည်နှင့် တစ်ကိုယ်လုံး ကိုက်ခဲနာကျင်ကာ ခေါင်းတစ်ခုလုံး မူးဝေနေလေသည်။

ခေါင်းထဲမှ နောက်ကျိမှုများအား ရှင်းလင်းပစ်လိုက်ပြီး အားတင်းကာ မျက်လုံးဖွင့်ကြည့်လိုက်လျှင် ကြမ်းတမ်းကာ မသေသပ်သော မျက်နှာကျက်တစ်ခုအား‌ တွေ့လိုက်ရ၏။

အပြင်အဆင်များအား သေချာကြည့်လိုက်ပြီးနောက် လူစီး ရထာလုံးတစ်ခုထဲ၌ ရှိနေကြောင်း နားလည်သွားသည်။

သူ ကယ်တင်ခြင်းခံခဲ့ရတာလား…?

စနစ်အဆင့်မြှင့်တင်ခြင်းပြီးဆုံးသို့ လေဟာနယ်ဖြတ်သန်းစဉ်အတွင်း အမှားအယွင်းတစ်ခုခုဖြစ်သွားဟန်ရ၏။

အကျဉ်းချုပ်ပြောရလျှင် လေဟာနယ်ဖြတ်သန်းစဉ် လေဟာနယ်လမ်းကြောင်းအတွင်း၌ ရွှမ်ယီ တော်တော်လေး ဒုက္ခများခဲ့သည်။

အစပိုင်းတွင် စနစ်ဖန်တီးထားသည့် အနက်ရောင်ရေဝဲက သူ့အား ကာကွယ်ပေးထားနိုင်ခဲ့သော်လည်း နောက်ဆုံးတွင် ၎င်းက လေဟာနယ်ဖိအားဒဏ်ကို မခံနိုင်တော့သည့်အလား ပျက်စီးသွားခဲ့၏။ အကယ်၍ သူ့ ခန္ဓာကိုယ်သာ လုံလုံလောက်လောက် သန်မာခြင်းမရှိပါက လေဟာနယ်ပို့ဆောင်ခြင်း ခရီးစဉ်အတွင်း တစ်ခါတည်း သေသွားနိုင်သည်။

ရွှမ်ယီ မချိပြုံးပြုံးရင်း မိမိခန္ဓာကိုယ်အား စစ်ဆေးကြည့်လိုက်၏။

မိုးကြိုးကပ်ဘေးအတွင်းရခဲ့သည့် ဒဏ်ရာများက ယခုတွင် အဆပေါင်းများစွာ ပိုဆိုးသွားခဲ့သည်။

ခက်ခက်ခဲခဲ ပြန်‌လည်ကောင်းမွန်လာခဲ့သည့် စိတ်ဝိညာဉ်ဒြပ်စင်(၃)ခုကလည်း ပြန်လည်၍ မှေးမှိန်သွားချေပြီ။

All Chapters