အခန်း (၄၃၂)
Vol. 29 Ch. 432
သို့သော် သူက လက်ဗလာနှင့် ပြန်ရောက်လာခဲ့ခြင်းတော့မဟုတ်ချေ။
နောက်ဆုံးတွင် လေဟာနယ်ဖိအားများကို မခံနိုင်သောကြောင့် သူ သတိလစ်သွားခဲ့၏။
ထိုအချိန်တွင် နီဗားနားကျမ်းစာက ဆက်လက်လည်ပတ်နေခဲ့ပြီး ခန္ဓာကိုယ်အတွင်း ၀င်ရောက်လာသည့် လေဟာနယ်စွမ်းအားများကို သန့်စင်ပေးခဲ့သည်။
ဤသို့ဖြင့် ရွှမ်ယီ၏ ခန္ဓာကိုယ်က အင်ပါယာတစ်၀က်အဆင့်များအား ခန္ဓာကိုယ် ခွန်အားချည်းသက်သက် သတ်နိုင်သော အနေအထားအထိ ရောက်သွားခဲ့၏။
သူ့ ဒဏ်ရာများလုံး၀မပျောက်ကင်းသေးသော်လည်း ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သောစွမ်းအားများကို ခံစားနိုင်သည်။
ထိုစွမ်းအားများဖြင့် ဒဏ်ရာများရှိနေလျက်ပင် ကောင်းကင်ဘုရင်များအား ခန္ဓာကိုယ်ခွန်အားသက်သက်ဖြင့် သတ်နိုင်စွမ်းရှိ၏။
အကယ်၍ သူသာ အရှင်းပျောက်ကင်းသွားပါက ပထမ အတိဒုက္ခအဆင့် အင်ပါယာများကိုပင် လက်ဗလာဖြင့် သတ်ဖြတ်နိုင်ပေလိမ့်မည်။
[ Note- ခန္ဓာကိုယ်ခွန်အားသက်သက်ဆိုတာကို နားလည်မှာပါ စိတ်ဝိညာဉ်စွမ်းအင်သုံးစရာမလိုတာပေါ့ ။ လက်ဗလာကကြတော့ ဓားဘာညာမပါပဲ ပြောတာပါ ]
ရွှမ်ယီ၏ မျက်၀န်းများထဲ၌ အလင်းတစ်ချက်လက်သွားပြီး ပတ်၀န်းကျင်အား နတ်အသိဖြင့် စစ်ဆေးကြည့်လိုက်သည်။
လက်ရှိတွင် သူ မည်သည့်နေရာသို့ ရောက်နေမှန်းမသိသော်လည်းပတ်၀န်းကျင်ရှိ လှိုင်းလုံးများကဲ့သို့ စိတ်ဝိညာဉ်စွမ်းအင်များအရ ဒဏ်ရာများပျောက်ကင်းရန် အချိန်တစ်ခုသာ လိုအပ်ပေလိမ့်မည်။
သူဘေးကင်းကြောင်း အတည်ပြုပြီးနောက် အဆင့်မြင့်သွားသော စနစ်အား အာရုံစိုက်လိုက်၏။
“ အမ်… အဓိကတာ၀န် ပြောင်းသွားတာလား…?”
စနစ် မျက်နှာပြင်အားကြည့်ပြီးနောက် ရွှမ်ယီ အံ့အားသင့်သွားခဲ့သည်။
ယခင် အဓိကတာ၀န်က ပါရမီရမှတ်(၅၀၀)ကျော်သည့် တပည့်တစ်ဦးလက်ခံရန်ဖြစ်၏။
၎င်းက မူလအတိုင်းသာရှိနေဆဲဖြစ်ကာ ဆုလာဘ်ကလည်း သိပ်ပြီး ပြောင်းလဲမသွားခဲ့ပေ။
သို့သော် သူတောင်ပိုင်းတိုက်ကြီးတွင်ရှိနေခဲ့စဉ် သိပ်ပြီးနားမလည်ခဲ့သော တိုင်ရှုဓားခန္ဓာနှင့် ပတ်သက်ပြီး ရှင်းလင်းချက် အသစ်များရှိနေခဲ့၏။
[ တိုင်ရှုဓားခန္ဓာ( မဟာဟင်းလင်းပြင်ဓားခန္ဓာ)… ချို့ယွင်းချက်မဲ့ ခန္ဓာဟုလည်းခေါ်သည်… ၎င်းက ဓားပေါင်း(၁)သောင်းကို ထုတ်လွှတ်နိုင်၏… ကောင်းကင်ဘုံ(၉)ခုအား ဓားတစ်စင်းဖြင့် ဖြတ်သန်းနိုင်သည်… ၎င်းက ဓားလက်နက်တိုင်းနှင့် အလွန်နီးကပ်သော ဆက်ဆံရေးရှိပြီး ဓားတာအို၏ ချို့ယွင်းချက်မဲ့သော ခန္ဓာဖြစ်ပေသည်…]
ချို့ယွင်းချက်မဲ့ ခန္ဓာတဲ့လား…?
…
ရွှမ်ယီ အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွား၏။ သူ့စိတ်ထဲတွင် တစ်စုံတစ်ရာအား ဝိုးတဝါးမှန်းဆထားပြီးဖြစ်သည်။
‘ ငါ တောင်ပိုင်းတိုက်ကြီးမှာ မရှိတော့တာများလား…’
သိပ်မတွေးတော့ဘဲ အောက်သို့ ဆက်ကြည့်လိုက်၏။
အဓိကတာ၀န်၏ အောက်ဘက်တွင် စာကြောင်းအချို့ ရှိနေခဲ့သည်။
[ ဒုတိယ အဓိကတာ၀န် - ဂိုဏ်းတစ်ခု တည်ထောင်ရန်…]
[ ပါရမီရမှတ် (၅၀၀)ကျော်သည့် တပည့်တစ်ဦးနှင့် ရမှတ်(၄၀၀)ကျော်သည့် တပည့်(၁၀)ဦးအား အခြေခံထားရမည်…]
[ ဆုလာဘ် - တာအိုလမ်းကြောင်း(၁)ထောင် ၊ အန္တိမ ကံကြမ္မာရတနာ…]
[ အန္တိမ ကံကြမ္မာရတနာ - အဆင့်(၈) သူတော်စင်အဆင့် မှော်ရတနာ ၊ ၎င်းအား ဂိုဏ်းတစ်ခု၏ ကံတရားနှင့် ချည်နှောင်ထား၍ရပြီး ၊ ဂိုဏ်း၏ ကံတရားကို တိုးပွားစေနိုင်သည်… ဂိုဏ်းမြင့်တက်လာသည်နှင့်အမျှ ၎င်း၏ စွမ်းအားလည်း လိုက်ပါ မြင့်တက်လာလိမ့်မည်…]
အန်တိမ ကံကွမ်မာရတနာ…?
ရွှမ်ယီ မျက်မှောင်ကြုတ်လိုက်မိ၏။
အဆင့်(၇) တာအိုလက်နက်များတွင် တာအိုစွမ်းအားများပါ၀င်ပြီး အင်ပါယာတစ်၀က်အဆင့်များပင် ၎င်း၏ စွမ်းအားကို အပြည့်အ၀ အသုံးပြုနိုင်ခြင်းမရှိချေ။ အင်ပါယာအဆင့် ကျင့်ကြံသူများသာ အပြည့်အ၀ထုတ်ဖော်နိုင်၏။
၎င်းထက်ပို၍မြင့်သော အဆင့်(၈) သူတော်စင်အဆင့် မှော်ရတနာ၏ စွမ်းအားက စိတ်ကူးမယဉ်နိုင်လောက်အောင် အစွမ်းထက်သည်။
တောင်းပိုင်းတိုက်ကြီး ရွှေခေတ်မှ မှတ်တမ်းများအရ အဓိပတိဂိုဏ်းကြီးများထဲတွင်ပင် ဂိုဏ်းတစ်ခု နှစ်ခုမျှသာ တစ်ခုစီပိုင်ဆိုင်ပြီး ပြင်ပသို့ ထုတ်ဖော်ပြသခဲသည်။
၎င်းက အဓိပတိဂိုဏ်းကြီးများအတွက်ပင် အခြေခံအုတ်မြစ်ဖြစ်၏။
အဆင့်(၈) သူတော်စင်အဆင့် မှော်ရတနာများထဲတွင်ပင် တန်ဖိုးအရှိဆုံးက အန္တိမ ကံကြမ္မာရတနာ ဖြစ်သည်။
တခြားအကြောင်းကြောင့် မဟုတ်ပေ။ ၎င်းက ဂိုဏ်းတစ်ခု၏ ကံတရားကို တည်ငြိမ်စေသောကြောင့်ဖြစ်ပေသည်။
ဤနေရာတွင် ‘ ကံတရားအား တည်ငြိမ်စေခြင်း ‘ ဟူသော စကားက ရွှမ်ယီ ယခင်ဘ၀တုန်းက ဖတ်ခဲ့ဖူးသည့် အွန်လိုင်း ရှန်းရှ၀တ္ထုများထဲကကဲ့သို့မဟုတ်ပေ။ ၎င်း၌ နက်ရှိုင်းသော အဓိပ္ပါယ်များ ပါ၀င်၏။
ရိုးရှင်းစွာပြောရမည်ဆိုလျှင် ၎င်းက ဂိုဏ်းမြင့်တက်လာသည်နှင့်အမျှ လိုက်ပါ မြင့်တက်လာလိမ့်မည်။
၎င်းက အဆင့်(၈) မှော်ရတနာဆိုသည့် ကန့်သတ်ချက်ကို ချိုးဖျက်ပြီး ဒဏ္ဍာရီများထဲမှ ဒဏ္ဍာရီလာ အင်ပါရီယာ မှော်ရတနာအဆင့်သို့ ရောက်ရှိနိုင်စွမ်းရှိသည်။
အင်ပါရီယာလက်နက်ရှေ့တွင် တာအို အရှင်သခင်များမဆိုထားနှင့် သူတော်စင်များပင် နောက်ဆုတ်ရပေလိမ့်မည်။
အင်ပါရီယာအဆင့်ရောက်သွားသော အန္တိမ ကံကြမ္မာမှော်ရတနာရှိသည့် ဂိုဏ်းက ထာ၀ရပျက်စီးလိမ့်မည်မဟုတ်ဟု ဒဏ္ဍာရီများထဲ၌ ဖော်ပြထား၏။
အန္တိမ ကံကြမ္မာရတနာက အလွန်အစွမ်းထက်သည့်အားလျော်စွာ ၎င်းအား ရရှိနိုင်ရန် လိုအပ်ချက်များကလည်း ပြင်းထန်လွန်းလှသည်။
ရွှမ်ယီအနေဖြင့် ယခုအချိန်အထိ ပါရမီရမှတ်(၄၀၀)ကျော်သည့်လူ (၅)ယောက်မျှသာ တွေ့ဖူးသေး၏။
ထို့အပြင် စနစ်အဆင့်တက်သွားပြီးနောက် ဤစာရင်းထဲ၌ ယုလင်းလုံအပါအ၀င် ယခင်လက်ခံခဲ့သည့် တပည့်တိုင်းအား ထည့်တွက်ခြင်းမရှိတော့ချေ။
ဆိုလိုသည်မှာ ရွှမ်ယီအနေဖြင့် ပါရမီရမှတ်(၄၀၀)ကျော်ရှိသည့် တပည့်(၁၀)ယောက်လုံး ရှာဖွေရတော့မည်။
မှန်ပေသည်။ အန္တိမ ကံကြမ္မာရတနာ ရရှိရန်မှာ မည်သို့လွယ်ကူနိုင်မည်နည်း။
ရွှမ်ယီ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းယမ်းလိုက်ပြီး စနစ်မျက်နှာပြင်အား ပိတ်ထားလိုက်တော့သည်။
ယခုအချိန်တွင် သူ့အတွက် အရေးကြီးဆုံးမှာ လက်ရှိ မည်သည့်နေရာသို့ ရောက်နေကြောင်း သိရှိရန်ပင်။
ဒုတိယဦးစားပေးအနေနှင့် ဒဏ်ရာများ ပြန်လည်ကောင်းမွန်ရန်ဖြစ်၏။
အနည်းဆုံး အင်ပါယာတစ်၀က်အဆင့်များအား သတ်နိုင်သော အဆင့်သို့ရောက်မှဖြစ်မည်။
ထိုအချိန်တွင် ခုနှစ်သွယ်သတ်ဖြတ်ခြင်း ဓားအစီအရင်နှင့် ပေါင်းစပ်လိုက်ပါက အင်ပါယာတစ်ယောက်နှင့် တွေ့လျှင်ပင် ကြောက်စရာမလိုတော့ချေ။
ရုတ်တရက် ရထား၏ ကန့်လန့်ကာများ မြောက်တက်သွားပြီး စူးရှသော အလင်းရောင်များ ရထားလုံးအတွင်း ၀င်ရောက်လာခဲ့သည်။
ရွှမ်ယီ၏ မြင်ကွင်းထဲသို့ တောင့်တင်းခိုင်မာသော ကြွက်သားများနှင့် သက်လတ်ပိုင်း အမျိုးသားတစ်ယောက် ၀င်ရောက်လာ၏။
ရွှမ်ယီ နိုးနေသည်အားမြင်လျှင် ထိုလူက အံ့ဩသွားခဲ့ပြီ နောက်သို့လှည့်ကာ အော်ပြောလိုက်သည်။
“ ဟေး… သခင်မလေးနဲ့ အကြီးအကဲရှုကို ပြောလိုက်… ညီလေးနိုးလာပြီလို့…”
ထို့နောက် ရွှမ်ယီအား ရိုးရှင်းစွာပြုံးပြလိုက်၏။
“ ညီလေး… ဘယ်လိုနေသေးလဲ.. တစ်နေရာရာက အဆင်မပြေဖြစ်နေသေးလား…”
ထို လူအပေါ်သို့ ရွှမ်ယီ၏ နတ်အသိလွှမ်းခြုံသွားခဲ့သည်။
လက်ရှိတွင် သူ၏ ခန္ဓာကိုယ်က ဆိုးဆိုးရွားရွား ဒဏ်ရာရထားသော်လည်း နတ်အသိကမူ အကောင်းအတိုင်းရှိနေ၏။ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ထိုလူ၏ စွမ်းအားအဆင့်ကို မြင်နိုင်သည်။
ထိုလူက ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။
ထိုအဆင့်က တောင်ပိုင်းတိုက်ကြီးမှ ဒေသအများအပြားတွင် အုပ်ထိန်းသူအဆင့်ဖြစ်ပေသည်။
မည်သို့ပေဖြစ်စေ ထိုအဆင့်က တောင်ပိုင်းတိုက်ကြီး၌ မနိမ့်ပေ။
သို့သော် ပတ်၀န်းကျင်ကို လေ့လာပြီးနောက် ရွှမ်ယီ အံ့အားသင့်သွားခဲ့၏။
ထို သက်လတ်ပိုင်းလူက ဤကုန်သည်အဖွဲ့ထဲ၌ သာမန်အုပ်စုခေါင်းဆောင်လေး ဖြစ်ဟန်တူသည်။
ရာနှင့်ချီသော ကုန်သည်အဖွဲ့သားများအကြား ထိုလူနှင့် အဆင့်တူ တစ်ဒါဇင်ကျော်ရှိနေ၏။
ကြည့်ရသည်မှာ ဤကုန်သည်အဖွဲ့၏ နောက်ခံက မဆိုးလှချေ။
“ လွန်ခဲ့တဲ့(၃)ရက်.. ငါတို့ လေနဲ့တိမ်မျိုးနွယ်စုက တိမ်မြက်တွေကို သွားရိတ်သိမ်းပြီးအပြန် လမ်းမှာ မင်းကိုတွေ့ခဲ့တာပဲ… မင်းရဲ့ ဒဏ်ရာတွေကိုကြည့်ပြီး ဘယ်တော့မှ မနိုးလာတော့ဘူးလို့တောင် ထင်ခဲ့တာ… မင်း ကြည့်ရတာ အသက်တော့ပြင်းပုံပဲ…”
ထို သက်လတ်ပိုင်း အမျိုးသားက စကားပြောနေရင်း ခေါင်းယမ်းလိုက်၏။
“ ညီလေး… မင်း တော်တော်မိုက်မဲတာပဲ … ဘာလို့ ပျက်စီးခြင်းလွင်ပြင်ကို လာခဲ့ရတာလဲ… ဒီနေရာရဲ့ ခက်ခဲကြမ်းတမ်းမှုက သာမန်လူသားတွေထား ကျင့်ကြံသူတွေအတွက်တောင် အန္တရာယ်များလွန်းတယ်…”
ထိုစကားအားကြားလျှင် ရွှမ်ယီ မချိပြုံးပြုံးမိလိုက်သည်။
သူ့ ခန္ဓာကိုယ်ထဲတွင် စိတ်ဝိညာဉ်စွမ်းအင် အရိပ်ယောင်တစ်စွန်းတစ်စမှ မကျန်သည်အထိ ကုန်ခမ်းသွားခဲ့၏။
သာမန်လူတစ်ယောက်ကဲ့သို့ ဆက်ဆံခြင်းခံနေရသည်က သိပ်ပြီး အံ့ဩစရာတော့မဟုတ်ချေ။
ရွှမ်ယီ ချက်ချင်း လက်ယှက်လိုက်ပြီး
“ အကူအညီအတွက် ကျေးဇူးတင်ပါတယ် အစ်ကို… ဒါနဲ့ ကျွန်တော့ နာမည်က ရွှမ်ယီပါ…”
ရိုးသားဟန်သော အမျိုးသားက ချက်ချင်း လက်အား ဝှေ့ယမ်းလိုက်ပြီး
“ ငါ့ကို လင်းတိုင်လို့ ခေါ်လို့ရတယ်… ဒီလောက်အထိ ယဉ်ကျေးနေစရာမလိုပါဘူး… အပြင်ကိုလျှောက်သွားတဲ့အချိန် အခက်အခဲနဲ့ရင်ဆိုင်ရတာ သသာမန်ဖြစ်ရိုးဖြစ်စဉ်ပဲလေ… ငါတို့ကလည်း တတ်နိုင်တဲ့ ကိစ္စမို့ ကူညီပေးခဲ့တာပါ…”
လင်းတိုင်က ပြောနေရင်း ခေါင်းကုတ်လိုက်ပြီး
“ တကယ်တမ်း မင်းကို ကယ်ခဲ့တာ ငါမဟုတ်ဘူးကွ… ငါတို့ရဲ့ သခင်မလေးပဲ… သခင်မလေးသာ မပြောဘူးဆိုရင် ငါတို့လို သာမန်လူတွေအနေနဲ့ ဆန္ဒရှိရင်တောင် လုပ်နိုင်စွမ်းမရှိဘူး …”