အခန်း (၄၃၃)
Vol. 29 Ch. 433
လင်းတိုင်၏ စကားမဆုံးခင် ယာဉ်တန်း၏ တခြားတစ်ဖက်မှ မိန်းကလေးတစ်ဦး၏ အံ့အားသင့်နေသော စကားသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ အိုး…”
“ နောက်ဆုံးတော့ ရှင် နိုးလာပြီပဲ…”
ရွှမ်ယီ အသံလာရာဘက်သို့ လှမ်းကြည့်လိုက်လျှင် ငွေ့ရောင်၀တ်စုံနှင့် အရပ်ရှည်ကာ သွယ်လျပြီး လခြမ်းကွေးသဏ္ဌာန်မျက်ခုံးများဖြင့် လှပသော မိန်းကလေးတစ်ဦးအား တွေ့လိုက်ရ၏။
သူမ၏ ဝိုင်းစက်လှပသော မျက်လုံးလေးများအတွင်း ၀မ်းမြောက်မှုများရှိနေခဲ့သည်။
ရှင်းလင်းစွာပြောရမည်ဆိုလျှင် ရွှမ်ယီအား ကယ်တင်နိုင်ခဲ့ခြင်းအပေါ် ပျော်ရွှင်နေခြင်းပင်။
သူမ၏ စကားအား ရွှမ်ယီ ပြန်မဖြေရသေးမီ အနက်ရောင်၀တ်စုံ၀တ်ထားပြီး ခါး၌ ခရမ်းရောင် ကျောက်စိမ်းဓားတစ်ချောင်း ထိုးထားသည့် အမျိုးသမီးထံမှ အေးစက်သော စကားသံထွက်ပေါ်လာခဲ့၏။
“ ဒီမယ် ဧည့်သည်ကောင်လေး… မင်းနိုးလာပြီဆိုတော့ ဒီကထွက်သွားလို့ရပြီ… ငါတို့မှာ အရေးကြီးကိစ္စတွေရှိသေးတယ်… ဒါကြောင့် အပြင်လူနဲ့အတူ ခရီးသွားဖို့ အဆင်မပြေဘူး…”
ထို အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီးက ဤအဖွဲ့အစည်းထဲတွင် အလွန်အဆင့်မြင့်ကြောင်း မြင်နိုင်၏။ သူမ စကားပြောလိုက်သည်နှင့် ပတ်ဝန်းကျင်မှ အစောင့်များအားလုံး ဆောင်းတွင်းသို့ရောက်သွားသည့် ပုစဉ်းရင်ကွဲများအလား တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြသည်။
အစောပိုင်းက ရွှမ်ယီနှင့် ရင်းနှီးစွာ စကားပြောခဲ့သော လင်းတိုင် ပင်လျှင် သူဘာမှမတတ်နိုင်ကြောင်း ခွန်အားမဲ့စွာဖြင့် ရွှမ်ယီအား ခေါင်းယမ်းပြလိုက်၏။
သို့သော် အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီး၏ စကားကြောင့် သူမနံဘေးရှိ ငွေရောင်ဝတ်စုံနှင့် မိန်းကလေး အလွန်မကျေမနပ်ဖြစ်သွားဟန် ရသည်။
“ ရှုချီ… သူ့ကို ကျွန်မတို့နဲ့အတူ ခေါ်ခဲ့ဖို့ ကျွန်မပြောခဲ့ပြီးသွားပြီ မဟုတ်ဘူးလား… ဒီနေရာက ပျက်စီးခြင်းနယ်မြေကြီးလေ… သူက သာမန်သေမျိုးတစ်ယောက်ပဲ… ကျွန်မတို့မကူညီပဲနဲ့ ဒီနေရာကနေ ဘယ်လိုလုပ်ပြီး ထွက်သွားနိုင်မှာလဲ…”
ထိုအခါ အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီးက ခေါင်းယမ်းလိုက်ပြီး
“ သခင်မလေး… မင်းက ကလေးမဟုတ်တော့ဘူး… ဒီလောကကြီးမှာ လူတွေက ကြောက်ဖို့အကောင်းဆုံးဆိုတာ သိသင့်နေပြီ… ပြီးတော့ ကျွန်မတို့တာဝန်က အရမ်းအရေးကြီးတယ်… ကျွန်မတို့အမြတ်တွေရခဲ့ပြီဆိုပေမယ့် အပြန်လမ်းမှာ ရင်ဆိုင်ရမယ့် အန္တရယယ်တွေအများကြီး ရှိသေးတယ်…”
သူမက တစ်ခဏမျှ ရပ်လိုက်ပြီး ရွှမ်ယီဘက်သို့ လှည့်ကြည့်လိုက်ကာ
“ လေနဲ့တိမ်မျိုးနွယ်မှာ ရှိတုန်းက ငါတို့ကို တိုက်ခိုက်ချင်တဲ့လူတွေ အများကြီးရှိနေကြောင်း သတင်းရခဲ့တယ်… ဒါကြောင့် ခြေလှမ်းတိုင်းကို သတိထားမှ ဖြစ်မယ်…”
“ သူသာ ကျင့်ကြံသူတစ်ယောက်ဆိုရင် ကိစ္စမရှိဘူး… ဒါပေမယ့် သူက သာမန်လူတစ်ယောက်ပဲ… သူ့ကို ခေါ်သွားလို့ ကျွန်မတို့အတွက် နှောင့်နှေးစေရုံကလွဲရင် ဘာအကျိုးမှ မရှိဘူး…”
ငွေရောင်ဝတ်စုံနှင့် မိန်းကလေး နှာခေါင်းရှုံ့လိုက်ပြီး စကားပြောတော့မည့်အချိန်တွင် ရုတ်တရက် ရွှမ်ယီက မတ်တပ်ရပ်လိုက်ပြီး
“ ကျုပ် အခုထွက်သွားပေးပါ့မယ်… ခင်ဗျားတို့ အချင်းများနေစရာမလိုပါဘူး…”
လက်ရှိအချိန်တွင် သူက စိတ်ဝိညာဉ်စွမ်းအားများကို အသုံးပြု၍မရသော်လည်း သူ၏ ခန္ဓာကိုယ်ကမူ ကောင်းကင်ဘုရင်အဆင့်ထက်မြင့်နေခဲ့ချေပြီ။
အစောပိုင်း နတ်အသိအား ဖြန့်ကျက်ကာ ကြည့်ခဲ့စဉ်က ကီလိုမီတာ (၁) ထောင်ကျော်အတွင်း အသန်မာဆုံး ကျင့်ကြံသူမှာ သူ့ရှေ့မှ ထို အနက်ရောင်ဝတ်စုံဖြင့် ထိုအမျိုးသမီးသာ ဖြစ်၏။ ထို့အပြင် သူမက လူသားဘုရင်အဆင့် ကျင့်ကြံသူမျှသာ ရှိသေးသည်။
ထို့ကြောင့် သူ့အနေဖြင့် ဤကီလိုမီတာ (၁)ထောင်ဝန်းကျင်အတွင်း အန္တရာယ်မရှိလောက်ပေ။
ထို့အပြင် လင်းတိုင်ဆီက ကြားခဲ့သော သတင်းများအရ ဤနေရာက အလွန်လူနေကျဲပါးသော်လည်း ဤနေရာတွင် နေထိုင်သော လူသားမျိုးနွယ် အစုအဖွဲ့လေးများ ရှိနေဆဲဖြစ်သည်။
ထို့ကြောင့် သူ့အနေဖြင့် ထိုနေရာများသို့ သွားရောက်၍ သတင်းမေးမြန်းစုံစမ်းရင်း စိတ်ဝိညာဉ်စွမ်းအင်များအား စုပ်ယူစုဆောင်းကာ ဒဏ်ရာပျောက်ကင်းစေရန် ကြိုးစား၍ရသည်။
ဤနေရာတွင် သူများအကူအညီဖြင့် နေထိုင်ရန် မလိုအပ်ချေ။
ရွှမ်ယီ၏ စကားကိုကြားလျှင် ငွေရောင်ဝတ်စုံဖြင့် မိန်းကလေးက အတန်အနည်းငယ် စိတ်ပူသွားဟန်ဖြင့်
“ ရှင်ဟန်ဆောင်မနေပါနဲ့… ရှင့်ရဲ့ဒဏ်ရာတွေက မပျောက်သေးဘူး… ရှုချီ ပြောတဲ့စကားတွေကို ခေါင်းထဲထားမနေနဲ့… ကျွန်မက ဒီကုန်သည်အုပ်စုရဲ့ ခေါင်းဆောင်ပဲ… ရှင်နေချင်သလောက်နေလို့ရတယ်…”
ထိုစကားအားကြားလျှင် အနက်ရောင်ဝတ်စုံဖြင့်အမျိုးသမီး ကူကယ်ရာမဲ့သွားသလို ခံစားခဲ့ရသည်။
သူမက ထိုငွေရောင်ဝတ်စုံဖြင့် မိန်းကလေး ငယ်စဉ်ကတည်းကပဲ ပြုစုစောင့်ရှောက်ခဲ့သူဖြစ်ပြီး သူမကြီးပြင်းလာပုံအား တစ်ဆင့်ခြင်းမြင်တွေ့ခဲ့ရသည်။
ထို ကောင်မလေးက ကြင်နာလွန်းခြင်းကလွဲလျှင် အရာရာတိုင်းတွင် ပြစ်ချက်မရှိပေ။
သာမန်မျိုးနွယ်တစ်ခု၌ဆိုပါက ဤမျှ အပြစ်ကင်းပြီး ကြင်နာတတ်သောသူအတွက် မည်သည့်ပြသနာမှ ရှိမည်မဟုတ်ချေ။
သို့သော် သူမအတွက် အိမ်ဟုခေါ်ဆိုသောနေရာက သူမ၏အသက်ကို နှုတ်ယူနိုင်စွမ်းရှိနေသည်။
အစပိုင်းတွင် ဤခရီးစဉ်၌ သူမအား သင်ခန်းစာတစ်ခုပေးပြီး သူမ၏ပင်ကိုယ်စရိုက်ကို ပြောင်းလဲပစ်ချင်ခဲ့သည်။ သို့သော် ကြည့်ရသည်မှာ အချည်းနှီးသာဖြစ်၏။
“ သခင်မလေး…”
အနက်ရောင်ဝတ်စုံဖြင့်အမျိုးသမီး မနေနိုင်ပဲ အော်ပြောလိုက်၏။
ထိုအခါ ငွေရောင်ဝတ်စုံဖြင့် ကောင်မလေးက မျက်လုံးဝိုင်းကြီးများဖြင့် သနားစရာကောင်းအောင် လှည့်ကြည့်လိုက်ပြီး
“ ရှုချီနော်…”
အနက်ရောင်ဝတ်စုံဖြင့် အမျိုးသမီး သက်ပြင်းအရှည်ကြီးချလိုက်၏။
“ ဒီတစ်ကြိမ်တော့ သည်းခံလိုက်မယ်… နောက်တစ်ကြိမ်တော့မရဘူး…”
ထိုစကားအားကြားလျှင် ငွေရောင်ဝတ်စုံဖြင့်ကောင်မလေး အလွန်ပျော်သွားဟန်ရပြီး ရွှမ်ယီအနားသို့ပြေးသွားကာ ရထားလုံးပေါ်သို့ တွန်းလှဲပစ်လိုက်သည်။
“ ရှင်ဒီမှာ ပြန်လည်သက်သာလာတဲ့အထိ အနားယူလို့ရတယ်… ပြီးတော့ ဒီရက်ပိုင်းခရီးထွက်ဖို့အတွက် ကျွန်မတို့ သိပ်ပြီးအလျင်မလိုဘူး… ဒီတော့ ရှင့်ကိုထားခဲ့မှာကို တွေးပြီးတော့ စိတ်ပူနေစရာမလိုဘူး…”
သူမ၏အမြင်တွင် ရွှမ်ယီက သေမျိုးတစ်ယောက်ဖြစ်ပြီး ဤပျက်ဆီးခြင်းနယ်မြေ၌ စိတ်ဝိညာဉ်ဆေးပင်တစ်ချို့ လာရောက်ရှာဖွေခြင်းဖြစ်ရမည်။
၎င်းက သူ၏မိသားစုအတွင်းမှ တစ်စုံတစ်ယောက်အား ကယ်တင်ရန် သို့မဟုတ် ကျင့်ကြံခြင်းလမ်းကြောင်းအပေါ် စတင်လျှောက်လှမ်းခွင့်ရရန်အတွက် ဖြစ်ကောင်းဖြစ်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ သူမက ရွှမ်ယီအား အလွန်သနားနေမိခဲ့သည်။
ရွှမ်ယီကမူ ထိုမိန်းကလေး၏ အံ့ဩဖွယ်ကောင်းလောက်သည့် မှန်းဆချက်အား မသိသော်လည်း သူမ၏ စိတ်ရင်းအမှန်ကို ခံစားမိပေသည်။
ထို့ကြောင့် တစ်ခဏမျှ စဉ်းစားပြီးနောက် ရွှမ်ယီ စိတ်လျော့လိုက်တော့၏။
မည်သို့ပင်ဖြစ်စေကာမူ ဤကုန်သည်အဖွဲ့က သူ၏အသက်အား တစ်ကြိမ်ကယ်တင်ခဲ့သည်မှာ အမှန်ပင်။
အစပိုင်းတွင် ဆန့်ကျင်နေသော အနက်ရောင်ဝတ်စုံဖြင့် အမျိုးသမီးပင် သခင်မလေးဆိုသူက ဇွတ်တရွတ်ပြုလုပ်လာသောအချိန်တွင် အတင်းအကြပ်တားဆီးခဲ့ခြင်းမရှိချေ။
ယခုမြင်တွေ့ရသလောက်ဆိုလျှင် ဤကုန်သည်အဖွဲ့ထဲ၌ ရှုချီဆိုသူအမျိုးသမီးက အလွန်အရေးပါသူဖြစ်ရမည်။ အကယ်၍ သူမသာဆုံးဖြတ်လိုက်ပါက ငွေရောင်ဝတ်စုံဖြင့် မိန်းကလေး မည်မျှပင် တင်းခံနေစေကာမူ ရမည်မဟုတ်ချေ။
‘ ကောင်းပြီလေ… ဒါဆိုလည်း သူတို့နဲ့ ခဏလောက်လိုက်သွားကြည့်တာပေါ့… အခွင့်အရေးရရင် ကျေးဇူးပြန်ဆပ်ရမယ်…’
ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ရွှမ်ယီ၏ စိတ်များ ပိုမိုပေါ့ပါးသွားခဲ့သည်။
ကျင့်ကြံခြင်းလမ်းကြောင်းအစတွင် သူ၏စိတ်များ ကျန်လူများကဲ့သို့ပင် နောက်ကျိနေခဲ့သော်လည်း ဓါးတာအိုအား ပိုမိုလေ့ကျင့်လာသည်နှင့်အမျှ သူ၏နှလုံးသားက တဖြည်းဖြည်းသန့်စင်လာခဲ့သည်။
ဤသို့ဖြင့် ကုန်သည်အဖွဲ့အတွင်း၌ အေးချမ်းစွာဖြင့် မိမိကိုယ်ကိုယ်ပြန်လည်ကုသနေခဲ့ပြီး လမ်းတစ်လျောက် အစောင့်များထံမှ အသုံးဝင်သော အချက်အလက်များစွာကိုလည်း ရရှိခဲ့၏။