← Chapters

ရှန်းယွမ်

Vol. 017 Ch. 1637

ရှန်းယွမ်

Vol. 017 Ch. 1637

ရှန်းဟောက်သည် သတ္တမဝရိန် ကို ဖိနှိပ်၍ ဗဟိုအင်ပါယာဘုံအတွက် နေရာတစ်နေရာကို ရယူခဲ့သည်။ ဗဟိုအင်ပါယာဘုံက နေရာနှစ်ခု ပိုင်ဆိုင်သွားပြီ ဖြ​စ်လေသည်။

သို့သော် ထိုသည်က ပုံမှန်ပင် ဖြစ်သည်။ ဗဟိုအင်ပါယာဘုံသည် မဟာလမ်းစဥ်ဘုံသုံးထောင်အကြား၌ အားအကောင်းဆုံး ဖြစ်လေသည်။ ထိပ်သီးအင်အားစုများမှ အရည်အချင်းရှိ တန်ခိုးရှင်အရေအတွက်မှာ ဗဟိုအင်ပါယာဘုံက အခြားဘုံများထက် ပိုသာလေသည်။

ရှန်းကလန်သည် ဗဟိုအင်ပါယာဘုံတွင် အစွမ်းထက်ဆုံး အင်အားစုများထဲမှ တစ်ခု ဖြစ်သည်။ ရှန်းဟောက်က သူတို့၏ မျိုးဆက်တန်ခိုးရှင်များအကြား အားအကောင်းဆုံး တစ်ယောက်လည်း ဖြစ်သည်။ သူက ရှန်းကလန်၏ မျိုးဆက်တူများအကြားတွင် ထိပ်ဆုံး၌ ရပ်တည်နိုင်သည်။ သူသည် ချို့ယွင်းချက်မဲ့ မဟာလမ်းစဥ် နတ်ဝင်ရိုးကိုလည်း ဖွဲ့စည်းထားနိုင်သည်။ ထို့ကြောင့် သတ္တမဝရိန် က သူ့ကို ယှဥ်မတိုက်နိုင်သည်မှာ ပုံမှန်ပင် ဖြစ်၏။

ထို့ပြင် ဤသည်မှာ အစသာ ရှိသေးသည်။ ထို့နောက် ဗဟိုအင်ပါယာဘုံမှ အခြားသောတန်ခိုးရှင်များသည် အခြားသူများ၏ နေရာကို လုယူရန် ဆက်လက်ကြိုးစားကြသည်။

ဘုံများအကြား ကြီးမားသည့် အကွာအဝေးကြောင့် အထက်ကိုးဘုံမှ တန်ခိုးရှင်များသည် အချင်းချင်း အနည်းငယ်သာ သိရှိကြသည်။ သူတို့သည် ထိပ်သီးအင်အားစုများမှ ထိပ်သီးပုဂ္ဂိုလ်များကိုသာ သတိပြုမိပြီး ငယ်ရွယ်သည့် တန်ခိုးရှင်များကို သေချာမသိရှိကြပေ။ နတ်ဘုရားအမွေအနှစ် နယ်မြေ ဤခရီး၌ အားလုံး လာရောက် စုံစည်းကြပေသည်။

နတ်ဝင်ရိုးပေါ်မူတည်ပြီး တစ်စုံတစ်ယောက်၏ စွမ်းရည်ကို ဆုံးဖြတ်ခြင်းအပြင် နောက်ထပ်နည်းလမ်းမှာ သူတို့လာခဲ့သည့် အင်အားစုနှင့် ဇစ်မြစ်ကို ကြည့်ခြင်း ​ဖြစ်သည်။

လူတိုင်းသည် ဘုံအသီးသီးရှိ ထိပ်သီးအင်အားစုများအကြောင်း အနည်းနှင့်အများ သိရှိကြပေသည်။

ဥပမာအနေနှင့် ရှန်းကလန်နှင့် ထျန်းရှန်ကျောင်းတော်ကဲ့သို့ ထိပ်သီးအင်အားစုမျိုးကို မသိနိုင်စရာအကြောင်းမရှိပေ။

အခြားဥပမာအနေနှင့် အထက်ကောင်းကင်ဘုံမှ နတ်နန်းတော်​ဖြစ်သည်။ ထိုနေရာသည် ကျင့်ကြံရာနေရာတစ်ခု အဖြစ် ကျော်ကြားသည်။ စွမ်းရည်နှင့် သင်ကြားခြင်းတို့က အထက်ကောင်းကင်ဘုံ၌ ထိပ်ဆုံးအဆင့်တွင် ရှိပေသည်။

သူရိန်ဘုံမှ နေနတ်နန်းတော် နှင့် သဏ္ဌာန်မဲ့ဘုံ၏ ယိုယွဲ့နတ်နန်းတော်တို့သည်လည်း သက်ဆိုင်ရာဘုံများတွင် အားအကောင်းဆုံးအင်အားစုများ ဖြစ်ကြသည်။ အင်အားစုတစ်ခုက ယန်စွမ်းအင်ကို အာရုံစိုက်ကျင့်ကြံပြီး နောက်ထပ် အင်အားစု တစ်ခုက ယင်စွမ်းအင်ကို ကျင့်ကြံကြသည်။ သူတို့၏ သင်ကြားခြင်းနည်းလမ်းက အလွန် အစွမ်းထက်လှသည်။

တောင်တန်းဘုံမှ ထျန်းရှန်းနန်းတော်သည် ဗုဒ္ဓမြင့်မြတ်နယ်မြေ ဖြစ်သည်။ ၎င်းသည် ဗုဒ္ဓတောင်တန်းတွင် တည်ရှိပြီး တောင်တန်းဘုံ၏ အခမ်းနားဆုံးနန်းတော် ဖြစ်သည်။

ထိုအင်အားစုများကို နှိုင်းယှဥ်ရလျှင် အသင်္ချေဘုံမှ သတ်ဖြတ်ခြင်းလောက နှင့် လျှို့ဝှက်နယ်မြေဘုံမှ နတ်တစ္ဆေကလန်တို့၏ အဆင့်အတန်းက ညွှန်းဆိုရန်ပင် မဖြစ်နိုင်ပေ။ သူတို့သည် ပိရမစ်ထိပ်ဖျားတွင် ကျိန်းသေမတည်ရှိနိုင်ပေ။

ထို့​ကြောင့် သတ်ဖြတ်ခြင်းလောက မှ ချင်းလင်နှင့် နတ်တစ္ဆေကလန်မှ လျန့်ကျိုယိုးက ပစ်မှတ်ဖြစ်လာခဲ့သည်။

သူတို့အပြင် ကောင်းကင်အာဏာစက်ဘုံမှ ရီဖူရှင်းသည်လည်း ပစ်မှတ်ဖြစ်လာပေသည်။ လူအများကြီးသည် ရီဖူရှင်းအား အလွယ်ကူဆုံး ပစ်မှတ်အဖြစ် တွေးကြသည်။

သို့သော် ကျန်ချင်းကျူ၏ အဖွဲ့သားများအပြင် ရှောင်းကလန်မှ ရှောင်းမုယွီကဲ့သို့ ရီဖူရှင်းနှင့် ယှဥ်တိုက်ဖူးသူတို့မှာ ထိုသို့မတွေးကြပေ။

ထိုသူက ကျိန်းသေ လွယ်ကူသည့် ပစ်မှတ်မဟုတ်ပေ။

ထိုအချိန်တွင် အခြားသော အရိပ်တစ်ခုက လျှောက်လာခဲ့သည်။ သူမ လူအုပ်ထဲမှ ထွက်လာသည်ကို မြင်သည့်အခါ မရေတွက်နိုင်သော မျက်လုံးများက သူမထံ ကျရောက်လာသည်။ နတ်သမီးကဲ့သို့ ရောင်ဝါက သူတို့ကို လွှမ်းခြုံလာ၏။

အမှန်တွင် ထိုအချိန်အတွင်း လူအများက သူမ၏ တည်ရှိမှုကို သတိပြုမိကြသည်။ ထိုသည်မှာ သူမ၏ အသက်ရှုမှားလောက်အောင် လှပသော သွင်ပြင်ကြောင့် ဖြစ်လေသည်။ ယိုယွဲ့နတ်နန်းတော်မှ ချန်ရှီးသည်ပင် အလွန် လှပသူအဖြစ် သတ်မှတ်နိုင်ပြီးဖြစ်သည်။ သို့သော် ဤမိန်းမပျိုက ချန်ရှီးထက် ပို၍သာလွန်ပေသည်။ သူမ၏ ခန္ဓာမှ နတ်သမီးရောင်ဝါတို့ ထုတ်လွှတ်နေပြီး သဏ္ဌာန်မဲ့အလင်းတို့က လူတိုင်းကို သိမ်ငယ်သွားစေပေသည်။

သူမသည် ရန်ဟောင်အမျိုးသမီး ဖြစ်သည်။ ထို့​ကြောင့် သူမ၌ ထိုသို့ ထူး​ခြားသာလွန်သော အရှိန်အဝါတို့ ရှိနေခြင်း ဖြစ်သည်။

ဗဟိုအင်ပါယာဘုံမှ ထိပ်သီးပုဂ္ဂိုလ်များ အကြည့်၌ပင် သူမကို နှစ်သက်သည့် အရိပ်အယောင်တို့ ဖြစ်ပေါ်လာသည်။ အင်ပါယာနန်သည် ဘုံတစ်ခွင်၌ ထင်ရှားပြီး ဗဟိုအင်ပါယာဘုံ၏ ဒဏ္ဍာရီပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သည်။

ဤအမျိုးသမီးသည် အင်ပါယာနန်၏ တစ်ဦးတည်းသော သမီးဖြစ်သည်။ သူမသည် နန်ထျန်းနတ်ပြည်ထောင်မှ မင်းသမီး နန်လော့ရှန်း ဖြစ်လေသည်။

အင်ပါယာရှန်း၏ အမျိုးသမီး မိသားစုအမည်မှာ လော့ဖြစ်သည်။ ထို့ကြောင့် သူက သူ၏ သမီးတော်ကို လော့ရှန်းဟု ပေးခဲ့ခြင်း ဖြစ်သည်။

ထိုသည်မှာ နန်လော့ရှန်းအမည်၏ မူလရင်းမြစ် ဖြစ်၏။

ကျန်ချင်းကျူသည်လည်း နန်လော့ရှန်းကို ကြည့်လိုက်သည်။ နန်ထျန်းနတ်ပြည်ထောင် မင်းသမီး နန်လော့ရှန်းသည်လည်း နေရာတစ်ခုကို ရယူနိုင်လိမ့်မည် ဖြစ်သည်။

နန်လော့ရှန်း လျှောက်လာသည့်အခါ နတ်အလင်းများက သူမအနီးတွင် ဖြာလင်းနေသည်။ သူမ၏ နတ်ဝင်ရိုးကို ခပ်ရေးရေး မြင်နိုင်ကြသည်။ ပြိုင်ဘက်ကင်း နတ်အလင်းတို့က ကောင်းကင်နှင့် မြေကြီးအကြား ရစ်သိုင်းနေ၏။ ထိုအချိန်တွင် သူမသည် မည်သူမှ ဖက်မပြိုင်နိုင်သည့် နတ်ဘုရားမတစ်ပါးသဖွယ် ဖြစ်နေသည်။

ချို့ယွင်းချက်မဲ့။ ရီဖူရှင်းသည် သူမ၏ နတ်ဝင်ရိုးကို အာရုံခံကြည့်ရင်း စိတ်ထဲမှ ရေရွတ်လိုက်သည်။ သူ သိသလောက် ပြီးပြည့်စုံခြင်း နတ်ဝင်ရိုးက အလွန် ရှားပါးပေသည်။ ကောင်းကင်၏ကောင်းချီးပေးခံရသော ပါရမီရှင်များ ကြားမှာပင် မြင်ရခဲသည်။ သို့သော် ယနေ့တွင် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာနေသည်။

ထိုသည်မှာ သူ့ကို ချို့ယွင်းချက်မဲ့ နတ်ဝင်ရိုးများကို နေရာအနှံ့ မြင်တွေ့နိုင်သည်ဟူသော ခံစားချက်အား ဖြစ်ပေါ်လာစေသည်။

“ဒီအမျိုးသမီးကို ဘယ်လိုထင်လဲ။” သောကျောက်က ရီဖူရှင်း၏ အကြည့်ကို မြင်သည့်အခါ ပြုံးလိုက်ပြီး စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။

“သူမက ဘယ်သူလဲ။” ရီဖူရှင်းက မေးလိုက်၏။

သောကျောက်ထံ၌ ကိုးယို့ကားယားနိုင်သော အကြည့်တို့ ဖြစ်ပေါ်လာသည်။ ဤသူက အမှန်တကယ် ဗဟိုအင်ပါယာဘုံအကြောင်း အနည်းငယ်မျှပင် မသိရှိသည်လား။

“သူမက အင်ပါယာနန်ရဲ့ တစ်ဦးတည်းသော သမီး နန်လော့ရှန်း။ နန်ထျန်းနတ်ပြည်ထောင်ရဲ့ မင်းသမီး။ ငါ့ရဲ့ အဘိုးကြီး ပြောပုံအရဆိုရင် အင်ပါယာနန်ရဲ့ စွမ်းရည်က မဟာလမ်းစဥ်ဘုံထောင်မှာတောင် ထိပ်ဆုံးအဆင့်ထဲ ရှိတယ်တဲ့။” သောကျောက်က စိတ်ချင်းဆက်သွယ်၍ ပြန်ဖြေလိုက်သည်။

ရီဖူရှင်းက မျက်တောင်ခတ်လိုက်သည်။ ဤအမျိုးသမီးတွင် ထိုသို့သော နောက်ခံရှိနေသည်လား။

ကြည့်ရသည်မှာ သူမတို့ အင်အားစုက ရှန်းကလန်ကို ယှဥ်နိုင်စွမ်းရှိပုံရသည်။

“ဘာတွေကြံစည်နေတာလဲ” သောကျောက်က ရီဖူရှင်း၏ မျက်လုံးများ တောက်ပလာသည်ကို မြင်သည့်အခါ မေးလိုက်သည်။ ဤအရှက်မရှိသည့်ကောင်က တစ်ခုခု ကြံစည်နေခြင်း ဖြစ်နိုင်ပေသည်။

“ကျုပ်က အဲဒီလို လူမျိုးလား။” ရီဖူရှင်းက သောကျောက်ကို ဆွံ့အစွာ ကြည့်လိုက်မိသည်။ သောကျောက်က သူ့ကို မည်သို့သော လူမျိုးအဖြစ် ပုံဖော်ထားသနည်း။

“ငါ ဘာမှမပြောရသေး ယဘူးနော်။ မင်းဘာသာမင်း ငါ ပြောတာကို အဓိပ္ပါယ်ပေါက်နေတာလား။” သောကျောက်က တအံ့တသြ မေးလိုက်သည်။

“...” ရီဖူရှင်းက စွပ်စွဲခံရသလို ခံစားလိုက်ရသည်။

“ငါ နားလည်ပါတယ်။ အင်ပါယာနန်ရဲ့ သမီးက ဗဟိုအင်ပါယာဘုံက မရေတွက်နိုင်တဲ့ ပါရမီရှင်တွေရဲ့ အိပ်မက်ထဲက လက်တွဲဖော်ပဲ။ သူမက လူအများရဲ့ ထိပ်ဆုံးရွေးချယ်မှုဖြစ်လိမ့်မယ်။” သောကျောက်က မထိတထိပြုံးရင်း ပြောလိုက်သည်။ “မင်းအတွက် အများကြီးတော့ မျှော်လင့်မထားနဲ့ပေါ့။ ကျန်ချင်းကျူ နဲ့ ရှန်းဟောက်ရဲ့ နောက်ခံကိုတော့ တစ်ချက်ပြန်ကြည့်။ ဗဟိုအင်ပါယာဘုံက ​တခြားအင်အားစုတွေကတော့ သိပ်ပြီး အစွမ်းမထက်ကြပါဘူး။ ဒါပေမယ့် ထိပ်သီးအင်အားစုတွေရဲ့ အားအကောင်းဆုံး တန်ခိုးရှင်တွေကြောင့်သာ အားနည်းနေသလို ထင်ရတာလေ။”

ရီဖူရှင်းသည် ချို့ယွင်းချက်မဲ့ နတ်ဝင်ရိုးဖွဲ့စည်းထားနိုင်သူကို တိုက်ခိုက်ရန်မှာ ကံကောင်းမှုလည်း လိုကြောင်း သိရှိပေသည်။

သို့သော် သူက ဤတစ်ကြိမ်၌ ထိပ်သီးပုဂ္ဂိုလ်များစွာကို ဆုံတွေ့ခဲ့ရသည်။

“နင်တို့နှစ်ယောက် ဘာတွေ တိုးတိုးပြောနေတာလဲ။” ရီဖူရှင်း ဘေးမီ အသံထွက်ပေါ်လာသည်။ ရီဖူရှင်းက သူ့ဘေးမှ ရှားရှင်းယွန်ကို ကြည့်ကာ ပြောလိုက်သည်။ “ဘာမှမဟုတ်ပါဘူး။”

“အဲဒီမိန်းကလေးက တကယ်လှတယ်။” ရှားရှင်းယွန်က နန်လော့ရှန်းကို ကြည့်ကာ ပြောလိုက်သည်။ သူမက မိန်းကလေးပင် ဖြစ်သော်လည်း ရှားရှင်းယွန်သည် နန်လော့ရှန်း အလှကြောင့် မိန်းမောသွားလေသည်။

“အင်း” ရီဖူရှင်းက သဘောတူစွာ ခေါင်းညိတ်လိုက်သည်။

ရှားရှင်းယွန်က သူ့ကို လှည့်ကြည့်လိုက်သည်။ သူက အမှန်တကယ်ပင် ဟန်မဆောင်နိုင်သည်လား။

နန်လော့ရှန်း၏ အကြည့်က လျှို့ဝှက်နယ်မြေဘုံ နတ်တစ္ဆေကလန်မှ လျန့်ကျိုယိုးထံ ရောက်ရှိသွားသည်။ သူမက ပြောလိုက်၏။ “နေရာအတွက် ငါတို့ တိုက်ခိုက်ဖို့ လိုသေးလား။”

လျန့်ကျိုယိုးသည် တစ်ဖက်လူ၏ နတ်ဝင်ရိုးမှ ဖိအားကို ခံစားမိပြီး တောင့်တင်းသွားခဲ့သည်။

ချို့ယွင်းချက်မဲ့ နတ်ဝင်ရိုး။ သူသည် ယခင်က သူ၏ စီနီယာများထံမှ ကြားဖူးခဲ့သည်။ ချို့ယွင်းချက်မဲ့ နတ်ဝင်ရိုးသည် အခြားသော နတ်ဝင်ရိုးများကို ဖိနှိပ်လွှမ်းမိုးနိုင်သည်ဟူ၍ ဖြစ်သည်။ လျန့်ကျိုယိုးက နတ်ဘုရားအမွေအနှစ် နယ်မြေသို့ လာရန် ကြီးစွာသော အားထုတ်မှုပြုခဲ့ပြီး ရန်ဟောင်အဆင့်သို့ ချိုးဖျက်နိုင်ခဲ့သော်လည်း သူက အချိန်တိုအတွင်း မအောင်မြင်နိုင်သေးပေ။

သူသည် ပြိုင်ဘက်အမျိုးသမီးကို သိထားခဲ့သည်။ အထက်ကိုးဘုံ၌ ထိုသို့သော အသွင်အပြင် အရှိန်အဝါနှင့် အမျိုးသမီးအနည်းငယ်သာ ရှိသည်။ အင်ပါယာနန်၏ သမီးသည် ရန်ဟောင်အဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်၏။ သူမဖခင်၏ တည်ရှိမှုကြောင့် အပြင် သူမ၏ အလှအပနှင့် ထူးချွန်လှသည့် အရည်အချင်းကလည်း လူအများကို လွယ်ကူစွာ မမေ့နိုင်အောင် ပြုလုပ်နေသည်။

“မင်းသမီးက နေရာလိုချင်တယ်ဆိုတော့ ယူလိုက်ပါတော့။” လျန့်ကျိုယိုးက ပြန်ဖြေလိုက်သည်။ သူက နန်လော့ရှန်းကို ချက်ချင်းပေးပစ်လိုက်လေသည်။

တိုက်ပွဲဖြစ်ခဲ့လျှင်လည်း သူ့တွင် မျှော်လင့်ချက် မရှိသည်ကို သေချာသိပေသည်။

သူက အင်အားကို ချွေတာထားရပေမည်။ နန်လော့ရှန်းက သူ့ကို ပစ်မှတ်အဖြစ်ထားလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။

ယခု လျှို့ဝှက်နယ်မြေဘုံ၏ နေရာကလည်း လုယူခံလိုက်ရပြီ ဖြစ်၏။ ထို့ကြောင့် ဗဟိုအင်ပါယာဘုံက သုံးနေရာရရှိသွားပြီ ဖြစ်သည်။

“ကျန်ချင်းကျူ အခု မင်းက အင်အားစုတစ်ခုကို စိန်ခေါ်ခွင့် တစ်ကြိမ်ရှိတယ်လို့ ပြောခဲ့တယ်။ အနိုင်ရသူက နေပြီး ရှုံးတဲ့သူ ဖယ်ထုတ်ခံရမယ်။”  ရုတ်တရက် ရှန်းဟောက်က ပြောလိုက်သည်။ “ဒါပေမယ့် ငါတို့က ရုပ်တုတွေကို ဖြိုခွဲနိုင်မယ့် အကောင်းဆုံး လူကိုးယောက်ကို ရွေးချယ်မှတော့ အင်အားစုတွေက တစ်နေရာထက် ပိုပြီး ရနိုင်စွမ်းရှိမယ်လို့ ထင်တယ်။ မင်းရော အဲဒီလိုမထင်ဘူးလား။”

ကျန်ချင်းကျူက ရှန်း​ဟောက်ကို ကြည့်ရင်း မေးလိုက်သည်။ “ဘာကိုဆိုလိုချင်တာလဲ။”

“ငါ ထင်တာက အင်အားစုတစ်ခုက စွမ်းဆောင်နိုင်စွမ်းရှိရင် သူတို့ရဲ့ တန်ခိုးရှင်တွေက နေရာပိုရသင့်တယ်။ ဒီနေရာမှာ စွမ်းအားက ဥပဒေပဲ။ အားနည်းတဲ့သူတွေအတွက် ဂရုစိုက်နေစရာမလိုဘူး။” ရှန်းဟောက်က ပြောလိုက်သည်။ ထိုအချိန်၌ ကျန်ချင်းကျူက လူအုပ်ကို ကြည့်ကာ ပြောလိုက်၏။ “ရှန်းဟောက်ရဲ့ စကားက မှားတော့မမှားဘူး။ ခင်ဗျားတို့ရော ဘယ်လိုထင်ကြလဲ။”

သူတို့အားလုံးသည် ရုပ်တုကို ဖြိုခွဲချင်ကြသည့်အတွက် အားအကောင်းဆုံး တန်ခိုးရှင်ကို ရွေးချယ်ကြခြင်း ဖြစ်သည်။ မည်သည့်အင်အားစုကမဆို အစွမ်းထက်သည့် တန်ခိုးရှင်များ တစ်ဦးထက်ပိုရှိနေနိုင်လျှင် အခွင့်အရေး ရသင့်သည်မှာ ပြဿနာမဟုတ်ပေ။

လူတိုင်းသည် ရှန်းဟောက်၏ စကားကြောင့် အံ့အားသင့်သွားခဲ့၏။ ရှန်းကလန်မှ တန်ခိုးရှင်များသည် သူတို့၏ လောဘကို ဟန်ဆောင်၍ပင် ဖုံးကွယ်မထားနိုင်ပေ။ သူတို့က ကိုယ်စားပြုသူတစ်ယောက်သာ ရှိရမည်ကို မကျေနပ်ကြပေ။

“ကိစ္စမရှိဘူး” နန်လော့ရှန်းက မည်သို့မှ မဖြစ်သလို ပြောလိုက်သည်။ ရှန်းဟောက်မှလွဲ၍ သူမသည် ရှန်းကလန်တွင် သူမအား ခြိမ်းခြောက်နိုင်မည့်သူ မမြင်ချေ။

မည်သူကမှ ဤအကြံပြုချက်ကို မကန့်ကွက်ကြပေ။ အများစုသည် ဤပြဿနာအတွင်း ဝင်မစွက်ဖက်လိုကြချေ။ ဤအကြံပြုချက်ကြောင့် သက်ရောက်မှု ရှိမည်မှာ ရွေးချယ်ခံထားရသူများသာ ဖြစ်သည်။ သိသာစွာပင် မည်သူကမှ ရှန်းကလန်နှင့် အတိုက်အခံမပြုလိုကြပေ။

“ဒီလိုဆိုရင်တော့ ကြိုက်သလိုသာ လုပ်ကြပါတော့။” ကျန်ချင်းကျူက ထပ်မပြောတော့ပေ။ သူ၏ အမြင်အရ ရှန်းကလန်သည် သူတို့၏ လက်ရှိနေရာ ကာကွယ်နေရင်း နောက်ထပ် နေရာတစ်ခုကို ရယူရန် လွယ်မည်မဟုတ်ပေ။

“ရှန်းယွမ်.. မင်း သွားလိုက်” ရှန်းဟောက်က သူ့ဘေးမှ လူငယ်ကို ပြောလိုက်သည်။ ရှန်းကလန်မှ တန်ခိုးရှင် က ရှေ့သို့ တက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါက ထူးကဲလှ၏။

ရီဖူရှင်းသည် ထိုသူကို ယခင်က မြင်ဖူးခဲ့သည်။ ထျန်းဟယ်ဘုံကို လာစဥ်က သူသည် ရှန်းယောင်းနှင့်အတူ ပါလာခဲ့သည်။

ရှန်းယွမ်သည် ရီဖူရှင်း ရှိရာသို့ လှမ်းလာခဲ့သည်။

ထင်ထားသည့်အတိုင်းပင် ရှန်းယွမ်၏ အကြည့်တို့က ရီဖူရှင်းထံ ကျရောက်နေသည်။

ရှန်းယွမ်၏ အကြည့်များက အထက်စီးဆန်လှသည်။ သူသည် ကောင်းကင်ထက်တွင် ရပ်နေကာ အောက်မှလူများကို ငုံ့ကြည့်နေသကဲ့သို့ပင် ဖြစ်သည်။

ရှန်းကလန်သည် သမိုင်းကြောင်း ရှည်ကြာခဲ့သည်။ သူတို့သည် ဗဟိုအင်ပါယာဘုံကို တည်ထောင်ပြီး အစွမ်းထက် မျိုးဆက်များ တစ်ဆက်ပြီးတစ်ဆက် မွေးထုတ်ခဲ့သည်။ ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်သီးအင်အားစုများမှာ သူတို့၏ မျက်လုံးထဲ၌ ပုရွက်ဆိတ်များနှင့် ထူးမခြားနားပင် ဖြစ်သည်။ ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်သီးအင်အားစုများမှာ အခြားသူများထက် နောက်ခံအနည်းငယ် ကောင်းရုံသာ ရှိသည်။

ဗဟိုအင်ပါယာဘုံ၏ အင်အားစုကြီးများအနေနှင့် သတိပြုမိရန်ပင် မထိုက်တန်ချေ။

ဂျူနီယာတစ်ယောက်အနေနှင့် ရှန်းယွမ်သည် ယခင်က အကြောင်းအရာများကို အနည်းအကျဥ်းသာ သိရှိသည်။ သို့သော် သူသည်လည်း ရှန်းကလန်၏ ထိုပြိုင်ဘက်ကင်း အမျိုးသမီးအကြောင်း သိရှိထားသည်။ သူသည် သူမက မည်သည့်အတွက် ထျန်းဟယ်မဟာအကြီးအကဲကို လက်ထပ်ခဲ့သည်အား မသိရှိပေ။ ရှန်းကလန်၏ မော်ကြွားသော သွေးဆက်နှင့် သူမသည် အဆင့်အတန်းကို နိမ့်ကျစေမည့် လူတစ်ယောက်အား လက်ထပ်ခဲ့ပြီး ထိုသူ၏ သစ္စာဖောက်ခံရမှုဖြင့်သာ အဆုံးသတ်ခဲ့သည်။  ရှန်းယွမ်၏ မျက်လုံးထဲ၌ ထျန်းဟယ်မဟာအကြီးအကဲသည် ရှန်းကလန်ကို သစ္စာဖောက်ခဲ့ခြင်း ဖြစ်သည်။

ယခု ရှန်းကလန်က ချင်ရွှမ်ကန်းကို ဖမ်းထားခဲ့သည်။ သူတို့သည် ထျန်းဟယ်မဟာအကြီးအကဲ၏ ဆက်ခံသူကို ဂရုမစိုက်တော့ဘဲ အသက်ရှင်ခွင့်ပေးထားခဲ့၏။

သို့သော် ရှန်းယွမ်သည် ရီဖူရှင်းထံသို့ လျှောက်လာနေဆဲ ဖြစ်သည်။

သူသည် အခြားရည်ရွယ်ချက်မရှိဘဲ ရှန်းကလန်၏ ဂုဏ်သိက္ခာအတွက် ထိုသို့ လုပ်ဆောင်လိုသည်။ သူသည် သူတို့၏ အမည်ကို စွန်းထင်းခွင့်မပြုနိုင်ပေ။

ရှန်းကလန်မှ အချို့သော တန်ခိုးရှင်များသည် ထျန်းဟယ်မဟာအကြီးအကဲ၏ ရန်ကို ကြောက်ရွံ့သော်လည်း ရှန်းယွမ်က ဂရုမစိုက်ပေ။ သူသည် သူတို့၏ ကလန်မှ စီနီယာများက ထျန်းဟယ်မဟာအကြီးအကဲကို မည်သည့်အတွက်ကြောင့် လေးစားကြသည်ကို နားမလည်ပေ။

ထို့ကြောင့် ရှန်းယွမ်က ရီဖူရှင်းကို ဦးတည်ခဲ့သည်။ သူ၏ ကျင့်ကြံခြင်းက ရှန့်ထိုအဆင့် ထိပ်ဆုံးတွင် ရှိနေခဲ့သည်။ နေရာကို လုယူရနအပြင် သူသည် ရီဖူရှင်းကြောင့် လာခြင်း ဖြစ်ပေသည်။

“ငါက ရှန်းကလန်က ရှန်းယွမ်”

ရှန်းယွမ်၏ အသံတွင် မောက်မာမှုအပြည့်ဖြင့် ဖြစ်သည်။ သယ၏ မျက်လုံးများတွင် အဖက်မတန်သည့် အပြည့်တို့ ရှိနေသည်။ ရှန်းယွမ်သည် ရီဖူရှင်းကို သူက ရှန်းကလန်မှ ဖြစ်ကြောင်း သတိပေးနေသည်ဟု ထင်မှတ်ရသည်။

ရီဖူရှင်းသည်လည်း ရှန်းယွမ်၏ အကြည့်မှ မောက်မာမှုများကို ခံစားမိသည်။ ရီဖူရှင်း၏ အမူအရာက တည်ငြိမ်နေပြီး ရှန်းယွမ်ကြောင့် မည်သည့်သက်ရောက်မှုမှ မဖြစ်သလိုပင် ဖြစ်၏။

“ကျုပ်က ရီဖူရှင်း။ ထျန်းဟယ်မဟာအကြီးအကဲရဲ့ တပည့်။” ရီဖူရှင်းက ပြောလိုက်သည်။

သူက နောက်ထပ် စကားတစ်ခွန်းကို ရည်ရွယ်ချက်ရှိရှိ ထည့်ပြောခဲ့သည်။ “ပြီးတော့ ကျုပ်က ချင်ရွှမ်ကန်းရဲ့ တပည့် ရီဖူရှင်းပဲ။”

***

All Chapters