အခန်း (၆၃)
Vol. 5 Ch. 63
နေ့တဝက်ခန့် သွားပြီးချိန်မှာတော့ လူအုပ်ကြီး တခုလုံးက ထူးဆန်းပြီး ခြောက်ခြားစရာကောင်းတဲ့ အိမ်အိုကြီးတခုနား ရပ်တန့်သွားတယ်။
တောနက်ထဲမှာ ဘယ်လိုလုပ် အိမ်ကြီးရှိနေရတာလဲ။ ပိုင်လင်းလည်း အတွေးများသွားတယ်။ ဘယ်လိုလူက တောနက်ထဲမှာ အိမ်ဆောက်ပြီး နေမှာလဲပေါ့။
“နှစ်တထောင်ဘိုးဘေးရဲ့ နေအိမ်ပဲ ဘယ်လိုလုပ်ပြီး ပြန်ပေါ်လာတာလဲ”
ကျင့်ကြံသူတဦးက ဆိုတယ်။ တခြားကျင့်ကြံ သူတွေကလည်း ငြင်းခုန်နေကြပြီး အမွေနှစ်က အိမ်ကြီးထဲမှာ ဖြစ်နိုင်တယ်လို့ တွေးနေကြတယ်။
ထိပ်တန်းအင်အားစု တွက်ချက်သူအသီးသီးက အဆုံးမှာတော့ အမွေအနှစ်နေရာကို အတည်ပြု လိုက်ကြတယ်။ ဒါပေမဲ့ အမွေနှစ်က မပွင့်သေး ဘူး။
“အိမ်ကြီးပွင့်ရင် ငါတိူ့ဟုန်မိသားစုက အရင်ဝင်မယ် ဘယ်သူကန့်ကွက်ချင်လဲ”
ဟုန်တောင်ရဲ့ မထေ့မဲ့မြင်စကားသံ ထွက်ပေါ် လာတယ်။ ဒါကိုကြားတော့ လင်းတုန်က
“ဟမ့် မင်းတို့ဟုန်မိသားစုက ဘာအတွက်အရင် ဝင်ခွင့်ရှိသွားတာလဲ ငါတို့လင်းမိသားစုကပဲ အရင်ဝင်မယ် မင်းကော ကန့်ကွက်ချင်လား”
လင်းတုန်က တန်ပြန်ရန်စကားဆိုလိုက်တယ်။ ပိုင်လင်းတို့ကတော့ လေလွင့်ကျင့်ကြံသူကြား ရောနောပြီး အခြေနေကိုစောင့်ကြည့်နေတယ်။
“မင်းမှာဘာအရည်ချင်းရှိလို့ ငါ့ကိုမေးခွန်းပြန် ထုတ်ရတာလဲ လင်းတုန် ပထမတခေါက်က ပညာပေးခံထားရတာ မမှတ်သေးဘူးထင်ပါရဲ့”
ဟုန်လောင်ရဲ့စကားက လင်းတုန်ရဲ့အရှိုက်ကို ထိသွားတာကြောင့် လင်းတုန်မျက်နှာကြီးရှုံ့မဲ့ သွားတယ်။
“မင်း….”
“ဟားးး အဆင့်မမီတဲ့ကောင်တွေ ဘေးဖယ်နေ လိုက်စမ်း”
ဟုန်တောင်ရဲ့ရန်စကားကို ချူသခင်လေးကစ မတုန့်ပြန်ရဲဘူး။ တခြားကျင့်ကြံသူတွေကလဲ ဟုန်မိသားစု ခွန်အားကိုသိတော့ ငြိမ်ပြီးတိတ် ဆိတ်နေကြတယ်။
ထိုချိန်မှာပဲ အသံတခုထွက်ပေါ်လာတယ်။
“ဒါဆို ဒီတော်ဝင်မင်းသားကကော ဝင်ပြောဖို့ အဆင့်မီရဲ့လား ဟုန်တောင်”
စကားသံနဲ့အတူ ထည်ဝါတဲ့လှည်းတခု ရောက်ရှိလာပြီး အသံကတော့ လှည်းထဲကနေ ထွက်ပေါ်လာတာပါ။
“ဒါ သတ္တမြောက်မင်းသားရဲ့လှည်းပဲ သူရောက် လာတာလား”
“ချင်ရုံ မင်းပါရောက်လာတာကိုး”
ဟုန်လောင်က အလေးနက်ထားတဲ့အမူအရာနဲ့ လှည်းကိုကြည့်ပြီး ပြန်ပြောလိုက်တယ်။
(မဟာချန်ပြည်နယ်အစား မဟာချင်ပြည်နယ် လို့ပြောင်းလဲရေးသားပါမည်)
“ဟားးး ငါကိုယ်တိုင်လာရတာပေါ့ကွာ မဟုတ်ရင်မင်းတို့ညီအစ်ကိုတွေ ဘယ်လောက်တောင် လူပါးဝနေလိုက်မလဲဟမ့် ငါမသိတာကျလို့”
ချင်ရုံက ခွန်းတုံ့ပြန်လိုက်ပြီးနောက် ချက်ချင်းပဲ ယွမ်မိသားစုဖက်ကို နှုတ်ဆက်စကားဆိုလိုက် တယ်။
“ညီအစ်ကိုယွမ်ရှီ မင်းလည်းရောက်နေတာလား နောက်ပြီး ညီမလေးယွမ်ချင်းလည်း ပါတာပဲ ကောင်းတယ် ကောင်းတယ် ငါကမင်းတို့မောင်နှမနဲ့ ဆုံချင်နေခဲ့တာ”
ချင်ရုံရဲ့စကားကိုကြားတော့ အကုန်လုံးရဲ့အကြည့်တွေက ယွမ်ရှီဆီရောက် သွားကြတယ်။ ချင်ရုံက ယွမ်ချင်းကိုတောင်းဆို ထားတဲ့ကိစ္စ တလောကလုံးသိထားပြီး ယွမ်ရှီက အသည်းအသန်ငြင်းဆိုထားတာကိုလည်း သူတို့ သိထားကြတယ်လေ။
“မင်းလိုလူတောင် လာသေးတာပဲ ငါကဘာလို့ မလာနိုင်ရမှာလဲ”
ယွမ်ရှီရဲ့တုန့်ပြန်ပုံကို ချင်ရုံကစိတ်ဆိုးဟန်မပြ ပဲလှည်းထဲကနေ အသာထွက်လာတယ်။ မြင့်မြတ်ပြီး တည်ငြိမ်တဲ့ရောင်ဝါတချို့ ဖုံးလွှမ်းထားတဲ့ လူငယ်တဦးဖြစ်ပြီး ကျင့်ကြံဆင့်ကလည်း အဆင့်၁ နှောင်းပိုင်းကို ရောက်နေလေပြီ။
ချင်ရုံထွက်လာတာမြင်တော့ လူအုပ်ကြီးလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။ ပိုင်လင်းက ချင်ရုံကိကြည့်ပြီး ဒီကောင်သာဘုရင်ဖြစ်ရင် ချင်ပြည်နယ်တော့မလွယ်ဘူးလို့ တွေးနေမိတယ်။ သူက ချင်ရုံရဲ့အတွင်းစိတ်ကို ခံစားမိနေတယ်လေ။
ပြီးတော့ မောက်မာရိုင်းစိုင်းတဲ့ ဟုန်ညီအစ်ကိုနဲ့ ချူသခင်လေး ဒါတွေက သူ့ကိုအနှောင့်ယှက် ပေးမယ့် ဆူးတွေမှန်း ပိုင်လင်းသိထားတယ်။
“ဒီကောင်တွေက ငါ့အတွက်တော့ ခြေနင်းတုံး သာသာပဲ ဟမ့်”
ဒါက ဇာတ်လမ်းတွေရဲ့ ဇာတ်ဆောင်တွေပြော နေကျစကားပါ။ ပိုင်လင်းတယောက် အသာပြုံး လိုက်မိပြီး တခဏမျှသူ့ကိုယ်သူ ဇာတ်ဆောင် နေရာမှာ ထားလိုက်မိတဲ့အပေါ် လှောင်ရီမိသွား ခဲ့တယ်။
လူအုပ်ကြီးက အိမ်အိုကြီးကို စောင့်ကြည့်ရင်းနဲ့ အချိန်နှစ်ရက် ကုန်သွားပြီး တတိယမြောက်နေ့ မှာတော့ အိမ်အိုကြီးရဲ့ပင်မတံခါးက ထူးဆန်း စွာနဲ့ ပွင့်လာတယ်။
“တံခါးပွင့်ပီဟေ့ ဝင်ကြတော့”
ကျင့်ကြံသူတွေလည်း အသက်ဝင်လာကြပြီး သူ့ထက်ငါ အပြိုင်အဆိုင်ဝင်ရောက်သွားခဲ့ကြ တယ်။ ထိုအထဲမှာသက်တမ်းကုန်တော့မယ် သိုင်းသခင်အဆင့် လူအိုကြီးတွေလည်း ပါဝင် နေခဲ့တယ်။
ပိုင်လင်းတို့ကတော့ အခြေနေကိုစောင့်ကြည့်နေ ကြပြီး သူတို့နည်းတူ ဟုန် လင်း ယွမ်နဲ့ တော်ဝင် မိသားစုကလည်း တည်တည်ငြိမ်ငြိမ်ပဲ စောင့် နေကြတယ်။
အား….
ကျယ်လောင်တဲ့ အော်သံနက်ကြီးနဲ့အတူ ပထမ ဆုံးပြေးဝင်သွားတဲ့ သိုင်းသခင်အဆင့်ကျင့်ကြံ သူလူအိုကြီးတယောက် လေထဲမှာပဲ ပြာမှုန်အ လား ပျောက်ကွယ်သွားရတယ်။
“အိုး ဒါကဘာလို့လဲ”
“ငါတို့ကိုပေးမဝင်တာလား”
“မဟုတ်ဘူး ကန့်သတ်ချက်ရှိလို့ဖြစ်မယ် ဟိုတ ယောက်ကိုမင်းကြည့်လိုက် သူကအဆင့်၅ပဲဲ ရှိသေးတယ်ဆိုပေမယ့် သူဝင်လို့ရတယ်လေ”
အကုန်လုံးရဲ့ အကြည့်တွေက အဆင့်၅ ကျင့်ကြံသူဆီ ရောက်သွားကြပြီး တစတစနဲ့ အိမ်အိုကြီးရဲ့ စည်းမျဥ်းကို နားလည်သွားကြ တယ်။
“သခင်လေး စည်းမျဥ်းအရ ကျတော်တို့ဝင်လို့ မရတော့ဘူး သခင်မလေးကိုဂရုစိုက်ပါ”
ယွမ်မိသားစု ကျင့်ကြံသူက ယွမ်ရှီကိုပြောလိုက် တယ်။ ယွမ်ရှီလည်း ခေါင်းညိတ်ပြလိုက်ပြီး
“စိတ်ချပါ ညီမလေးကိုမထိခိုက်စေရပါဘူး”
ဟုန်မိသားစုဘက်မှာလည်း ဟုန်ညီအစ်ကိုနဲ့ အခြားအဆင့်နိမ့် ကျင့်ကြံသူတစုက ဝင်ရောက် ဖို့ပြင်ဆင်ကြတယ်။
“ဒါက သိုင်းသခင်အဆင့်ကို ရောက်ဖို့အခွင့်ရေး တခုပဲ ငါတို့လက်လွတ်လို့မရဘူး ကံကောင်းရင် သိုင်းဘုရင်ဖြစ်ဖို့ လမ်းစဥ်အချို့တောင် ရနိုင်သေးတယ်”
ဟုန်တောင်က ထိုသို့ပြောပြီးနောက် ဟုန်လောင် နဲ့အတူ အစောင့်အချို့ကိုခေါ်ပြီး အိမ်အိုကြီးထဲ ဝင်ရောက်သွားတယ်။ သူ့အနောက်မှာတော့ ချူသခင်လေးတို့အဖွဲ့ ပြီးတော့ ယွမ်ရှီတို့အဖွဲ့နဲ့ ချင်ရုံတို့အဖွဲ့ ဝင်ရောက်သွားခဲ့ပြီး ပိုင်လင်းတို့ လေးယောက်က ကျင့်ကြံသူတွေကြားရောပြီး ဝင်ရောက်လိုက်တယ်။
……………………………………………….