အခန်း (၆၅)
Vol. 5 Ch. 65
ပိုင်လင်းတယောက် ကလေးမလေးကိုကြည့်ပြီး တွေဝေသွားတယ်။ ကလေးမလေးက ချစ်ရာ ကောင်းလွန်းနေပြီး အဓိက ကတန်တန်လေးနဲ့ တူညီတဲ့မျက်လုံးဝိုင်းတွေ ပိုင်ဆိုင်ထားတာပဲ။
ပိုင်လင်းတယောက် တိတ်ဆိတ်နေတာကိုမြင် လိုက်ရတော့ ကလေးမလေးက ချက်ချင်းပဲ ပြောလာတယ်။
“ဦးဦးကို တခြားဆေးပင်တွေနဲ့ ရတနာတွေရှိတဲ့ နေရာပြောပြမယ်လေ သမီးကိုမစားပါနဲ့နော်”
ကလေးမလေးရဲ့အသံက တိုးညင်းပြီး သနားချင်စရာ ကောင်းလောက်အောင် ဖြစ်နေတာကြောင့် ပိုင်လင်းလည်း မစားတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ အနည်းဆုံးတော့ သူက အသက်တချောင်းကို ကယ်လိုက်တာပဲလေ။
“ကောင်းပြီ ဒါဆို သမီးက ဦးဦးကိုကူညီပါဦး”
ပိုင်လင်းရဲ့စကားသံကိုကြားတော့ ကလေးမလေးလည်း ဝမ်းသာသွားပြီး ချက်ချင်းပဲ ပိုင်လင်းရဲ့လက်ကို ဆွဲဖက်လိုက်တယ်။ ပြီးနောက်
“ဦးဦးကို ဘယ်သူမှမသိတဲ့ နေရာတွေခေါ်သွား ပေးမယ် ဒါနဲ့ ခဏ”
ကလေးမလေးက ရိုးရှင်းတဲ့လက်ဟန်တခု ပြုလုပ်လိုက်တယ်။ မိနစ်အနည်းငယ်ကြာတော့ သန့်စင်တဲ့အလင်းရောင်အချို့ ထွက်ပေါ်လာပြီး ပိုင်လင်းကို ဖုံးလွှမ်းတယ်။
“ဒါက သမီးရဲ့အစွမ်းတခုပဲ ဒီဟာနဲ့ဆို ဆေးပင် တွေကဦးဦးဆီ ပြေးဝင်လာကြလိမ့်မယ်”
“ဟမ်”
ပိုင်လင်းတယောက် မှင်သက်သွားတယ်။ ဒါပေမယ့် တိတ်တဆိတ်သာနေလိုက်ပြီး ကလေးမလေး ဆွဲခေါ်ရာနောက် လိုက်သွားတော့တယ်။
ကလေးမလေးက တကယ်ကိုပဲ လူသူကင်းရှင်း ပြီးဆေးပင်တွေ ရှိတဲ့နေရာကို ခေါ်သွားခဲ့တာပါ ထူးခြားတာက ကလေးမလေးပေးထားတဲ့ အလင်းရောင်အစွမ်းကြောင့် ဆေးပင်တွေ ရှားပါးတဲ့သစ်သီးတွေက ပိုင်လင်းကိုတွေ့တာနဲ့ လှုပ်ယမ်းနေကြပြီး သူတို့ကိုခေါ်သွားပါ လို့ပြောနေသယောင် ထင်မှတ်ရတယ်။
ပိုင်လင်းလည်း ဝမ်းသာအားရနဲ့ ဆေးပင်တွေကို ရသေလာက်ရိတ်သိမ်းတယ်။ ဒါတွေအားလုံးက နောင်မှာသူ့အတွက် အရင်းအမြစ်တွေဖြစ်လာပြီး ကျိလင်တို့သားအမိနဲ့ ရင်းနီးတဲ့မိတ်ဆွေအချို့ ကိုမျှဝေရမယ်လို့ တွေးတယ်။
အချိန်တဖြေးဖြေး ကုန်ခမ်းသွားချိန်မှာတော့ ကလေးမလေးရဲ့ ပုံရိပ်ကလည်း ဖျော့တော့လာ တာကိုသတိထားမိလိုက်တယ်။
“ဘာဖြစ်လို့လဲ”
ပိုင်လင်းရဲ့အမေးကို ကလေးမလေးက
“သမီးက လူပုံစံကိုအချိန်အကြာကြီး မပြောင်းထားနိုင်ဘူးလေ စွမ်းရည်အရမ်းကုန်တယ်”
ပိုင်လင်းလည်း သက်ပြင်းချလိုက်ပြီး
“ဒါဆို ကြာပန်းပုံစံပြန်ပြောင်းလိုက်လေ”
ပိုင်လင်းရဲ့စိုးရိမ်နေတဲ့ စကားကိုကြားတော့ ကလေးမလေးက ချစ်စရာကောင်းအောင် ပြုံးလိုက်ပြီး ဖျတ်ခနဲပျောက်သွားတယ်။
သူမက လက်စွပ်ပုံစံ ဖြစ်သွားပြီး ပိုင်လင်းရဲ့ အရှေ့မှာ မျောနေတယ်။
“ဦးဦးလက်မှာစွပ်လိုက် ဒါဆိုသမီးဦးဦးနောက် လိုက်လို့ရပြီ”
ဒီလိုလည်း ပြောင်းနိုင်တာလား။ ဘာပဲဖြစ်ဖြစ် လက်စွပ်ဆိုတော့ အသာယာဝတ်ထားနိုင်တယ်လေ။ ကလေးမလေးက ဆက်ပြီးပြောလာတယ်။
“သမီးရဲ့ကိုယ်ထဲမှာ လေဟာနယ်နေရာလွတ် တခုရှိနေတယ် ဦးဦးရဲ့ရတနာတွေ သိမ်းလို့ရပါတယ် နောက်ပြီးလူသားမဟုတ်တဲ့ သက်ရှိတွေတောင် နေလို့ရသေးတယ်”
ကလေးမလေးရဲ့စကားကိုကြားတော့ ပိုင်လင်း လည်းသူခူးထားတဲ့ အရင်းအမြစ်တွေအားလုံး လက်စွပ်ထဲသိမ်းလိုက်ပြီး ကြာပန်းပုံစံလက်စွပ် လေးကိုအသာပွတ်သပ်လိုက်တယ်။
“ကောင်းပြီ ဦးဦးမှာသမီးနဲ့ရွယ်တူ သမီးလေး တယောက်ရှိတယ် သမီးအတွက် အဖော်ရမှာပါ ဒါနဲ့ သမီးမှာနာမည်မရှိသေးဘူးမဟုတ်လား သမီးကိုဦးဦးက လီလီလို့ခေါ်မယ်”
“ခစ်ခစ်ခစ်”
လက်စွပ်လေးထဲက ရယ်သံလေးထွက်လာပြီး လက်စွပ်က အလင်းရောင်တချို့ ပေါ်လာတယ်။
နောက်ပိုင်းမှာတော့ လီလီက နေရာအချို့ကို ညွန်ပြခဲ့ပြီး ပိုင်လင်းတယောက် ရှားပါးအရင်း အမြစ်အတော်များများကို ရလိုက်တယ်။
အမွေအနှစ်ကဘယ်မှာလဲ…
ပိုင်လင်းအဓိကလိုချင်တာက အမွေအနှစ်ပါ။ သူ့ထက်အားကောင်းတဲ့ ကျင့်ကြံသူတွေရှိပေမဲ့ ပိုင်လင်းကတော့ ကံစမ်းကြည့်ချင်နေသေးတယ်လေ။
ပိုင်လင်းရဲ့တီးတိုးရေရွတ်သံကြားတော့ ကလေးမလေးက
“အမေွအနှစ်ကဘာလဲတော့ သမီးမသိဘူး ဒါပေမယ့် နေရာတခုတော့ရှိတယ် ဦးဦးပြောတဲ့ အမွေအနှစ်ဆိုတာက အဲ့မှာဖြစ်မလားပဲ”
ပိုင်လင်းလည်း အားတက်သွားတယ်။
“ဦးဦးကို တခြားသူတွေ သတိမထားမိစေတဲ့ လမ်းကြောင်းကနေ ခေါ်သွားပေးနိုင်မလား”
“သိပ်ရတာပေါ့”
ခဏကြာတော့ ပိုင်လင်းတယောက် နေရာကျယ် တခုဆီရောက်သွားတယ်။ ကလေးမလေးက ပိုင်လင်းရဲ့ ပုံရိပ်ကိုဖုံးကွယ်ထားပေးပြီး တဖက်မှာလည်း အခြားသူတွေမသိတဲ့ လမ်းကြောင်းကနေ ခေါ်သွားတာကြောင့် သူ့ကို ဘယ်သူမှ သတိမထားမိဘူး။
ပိုင်လင်းရဲ့ အကြည့်က တနေရာကိုရောက်သွား တယ်။ အဲ့ဒါက ပန်းခင်းတခုဖြစ်ပြီး ဝက်ပါပုံစံ တည်ဆောက်ထားတယ်။ ပန်းခင်းကိုဝင်ဖို့ ဝင်ပေါက်၁ခုပဲ ဖွင့်ထားတာကို တွေ့လိုက်ရတယ်။ ဝင်ပေါက်အရှေ့မှာတော့ ဟုန် ယွမ် နဲ့ချူသခင်လေးတို့အဖွဲ့ ရောက်နေကြ ပြီး ပိုင်လင်းတယောက် စောင့်ကြည့်နေစဥ်မှာပဲ သတ္တမြောက်မင်းသား ချင်ရုံတို့အဖွဲ့ရောက်လာ တယ်။
သိသာစွာပဲ လေလွင့်ကျင့်ကြံသူ အရေတွက်က လျော့နည်းနေပြီး ဒီအချက်က သူတို့တွေ လုယက်ပြီး သတ်ဖြတ်ခံထားရတယ်လို့ ပြနေ တယ်။ နောက်ထပ်နာရီအနည်းငယ်ကြာတော့ ချန်ဟယ် ယန်ရှုနဲ့ မော့ပေတို့ရောက်လာကြပြီး သူမတို့ကလည်း ကံကောင်းစွာနဲ့ ဘာအန္တရာယ် တခုမှမကြုံခဲ့ပုံပါပဲ။
ချန်ဟယ်က လူအုပ်ကိုကြည့်ပြီး တစုံတဦးကို ရှာနေဟန်ရှိတယ်။ ပိုင်လင်းက အပြင်ထွက်ပြီး နှုတ်ဆက်ချင်ပေမယ့် ကလေးမလေးအားကိုးနဲ့ ဝက်ပါထဲတိတ်တဆိတ် ဝင်လိုတာကြောင့် မသိဟန်ဆောင်ဖို့ပဲ တွေးလိုက်တယ်။ အနည်းဆုံး သူ့ရဲ့တည်ရှိမှုကို ဘယ်သူမှမမြင် ထားဘူးလေ။
“ဒါက ပုံရိပ်ယောင်ဝက်ပါတခုပဲ”
ယွမ်ရှီက တီးတိုးပြောတယ်။ ချင်ရုံကလဲ
“အမှန်ပဲ ဝက်ပါအဆင့်က သိုင်းဘုရင်အဆင့် ရောက်နေပေမယ့် အချိန်ကြာလာတော့ အားနည်းချက်တွေဖြစ်နေပြီ သိပ်မကြာခင်မှာ သူ့အလိုလိုပွင့်လာလိမ့်မယ်”
ချင်ရုံရဲ့စကားကိုကြားတော့ အကုန်လုံးက စိတ်လှုပ်ရှားစွာနဲ့ ဝင်ပေါက်ပွင့်တာကိုစောင့်နေ လိုက်ကြတယ်။
“လီလီ သမီးက ဦးဦးကိုဘယ်သူမှမတွေ့အောင် ဒီထဲပို့ပေးနိုင်လား”
ပိုင်လင်းရဲ့အမေးကို လီလီက
“အင်း သမီးနောက်ထပ်ဝင်ပေါက်တခု ရှာလိုက် ဦးမယ် ဦးဦးခဏစောင့်ပေးနော်”
“ကောင်းပါပြီ”
လက်စွပ်လေးက အလင်းရောင်အချို့ ထွက်ပေါ်လာပြီး မိနစ်အနည်းငယ်ကြာတော့ ပြန်ပျောက်သွားတယ်။
“တေွ့ပြီ ဝင်ပေါက်နောက်တခုရှိတယ်”
“ဟုတ်လား ဘယ်နေရာမှာလဲ”
ပိုင်လင်းက ဝမ်းသာအားရနဲ့ မေးလိုက်တယ်။
“ဒီပန်းခင်းရဲ့အနောက်ကို ပတ်သွားရလိမ့်မယ် မြန်မြန်အခုသွားတော့ မကြာခင်အရှေ့ဝင်ပေါက်က ပွင့်တော့မှာ တခြားသူတွေထက် ဦးဦးအရင်ဝင်မှဖြစ်မယ်”
ကလေးမလေးက ချက်ချင်းပဲ အလျင်အမြန် တိုက်တွန်းလာတာကြောင့် ပိုင်လင်းတယောက် မဆိုင်းမတွတော့ပဲ ထိုနေရာကနေထွက်ခွာလိုက် ရတယ်။
ပန်းခင်းကြီးက မီတာအတော်များများကျယ်ပြီး အနောက်ဘက်ကို လှည့်ပတ်သွားရတာက အချိန်ကုန်စေတယ်။ ကံကောင်းတာက အနောက်ဘက်အပေါက်ကို ရောက်တဲ့အထိ အဓိကဝင်ပေါက်က မပွင့်သေးဘူးလို့ လီလီက အသိပေးလာတယ်။
“သမီးက ဒီပန်းခင်းထဲက ပန်းတွေနဲ့ဆက်သွယ် ပြီးမေးလိုက်တာလေ”
ပိုင်လင်းလည်း သေးငယ်တဲ့ပန်းခြုံလေးတခု ပုံစံဖြစ်နေတဲ့ ဝင်ပေါက်ထဲကို ချက်ချင်းတိုးဝင် လိုက်တယ်။ အထဲရောက်တော့ မွှေးပျံ့တဲ့ရနံ့က ပိုင်လင်းရဲ့နှာခေါင်းဆီ အဆတ်မပြတ်တိုးဝင် နေခဲ့ပြီး မျက်စိတဆုံး ပန်းပင်တွေအပြည့်ဖြစ် နေတာကိုတွေ့လိုက်ရတယ်။
ပန်းတွေက ပုံစံအစုံ အမျိုးအစားအစုံရှိကြတယ် ပိုင်လင်းတောင် မသိတဲ့ပန်းတွေပါ။
………………………………………………