← Chapters

အခန်း (၆၉)

Vol. 5 Ch. 69

အခန်း (၆၉)

Vol. 5 Ch. 69

နောက်တနေ့မနက်ရောက်တော့ ပိုင်လင်းတစ်ယောက် လန်းဆန်းစွာနဲ့ နိုးထလာခဲ့တယ်။

သူ့ဘေးမှာတော့ ကျိလင်ကဝက်ဝံလေးတစ်ကောင်လို သူ့ကိုဖက်တွယ်ထားခဲ့ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလေရဲ့။

ကုတင်ပေါ်မှ အသာထလိုက်ပြီး အဝတ်စားလဲလိုက်တယ်။ ပြီးတော့ အိပ်မောကျနေတဲ့ ကျိလင်ရဲ့ ပြုံးပြီး တချက်ကြည့်လိုက်မိတယ်။ ဒါကသူ့ရဲ့ဇနီး ဖြစ်ပြီး သူ့မှာ သူမတို့သားအမိကို ကာကွယ်ရမယ့် တာဝန်တစ်ခု ရှိနေခဲ့တယ်။

ထိုချိန် ချီယောင်ရဲ့ စကားသံထွက်ပေါ်လာတယ်။

“အထဲဝင်လာခဲ့”

ပိုင်လင်းတယောက် လက်စွပ်ထဲက လေဟာနယ်ထဲကို ရောက်သွားတော့ ချီယောင်က ဖျော့တော့နေတဲ့ ပုံစံနဲ့ လေဟာနယ်ထဲမှာ ကုတင်တလုံးဖန်တီးပြီး လဲလျောင်းနေတယ်။ သူမရဲ့ လှပတဲ့ကိုယ်ဟန် ကိုအတိုင်းသား မြင်နေစေပြီး ဆွဲဆောင်မှုပြင်းတဲ့ ကောက်ကြောင်းတွေက ပိုင်လင်းကိုတိတ်တဆိတ် တံတွေးမြိုချမိသွားစေတယ်။

“ဟမ့် နင့်ခရီးစဥ်အကြောင်း ပြောပြဦး”

သူမက ပိုင်လင်းရဲ့ညစ်ညမ်းအတွေးကို သတိပြုမိဟန်ရှိပြီး အေးစက်စက်နဲ့ နှာမှုတ်လိုက်တယ်။

ပိုင်လင်းက သက်ပြင်းချလိုက်ပြီး ခရီးစဥ်အစ အဆုံးကို ပြောပြလိုက်တော့တယ်။

အချိန်တရွေ့ရွေ့ ကုန်ဆုံးသွားနေပြီး ပိုင်လင်း ပြောပြနေတဲ့ အချိန်တလျှောက်လုံး သူမက တည်ငြိမ်စွာနဲ့ ရှိနေခဲ့တယ်။ သူမဘာတွေးနေလဲ ပိုင်လင်းမခန့်မှန်းနိုင်ပါဘူး။

“ဟင်း…..”

ဇာတ်ကြောင်းဆုံးသွားချိန်မှာ သူမက လဲလျောင်းနေရာက ထရပ်လိုက်ပြီး အဝေးတနေရာကို ငေးနေခဲ့တယ်။ ပိုင်လင်းက

“အဲ့ဒီနှစ်တထောင်အဖိုးအိုက ခင်ဗျားလက်အောက်က လူလား”

“အဖိုးအို ဟုတ်လား. ဟမ့်”

ဘာလဲ ငါကငါမြင်သလိုပြောတာလာလေ။ ဘာမှားလို့လဲ။ ဟိုအဖိုးကြီးက အသွင်ပြောင်းထားလို့လား။ မဟုတ်သေးဘူး။ ဘုရင်မနဲ့ အဖိုးအိုကြားမှာ ပက်သက်မှုရှိနေတာလား။ နှမြောစရာပဲ။

“နင့်ရဲ့ပေါက်ကရ အတွေးတွေကို ထုတ်ပစ်လိုက်စမ်း”

ချီယောင်က ပိုင်လင်းရဲ့အတွေးကို ခန့်မှန်းမိနေ ခဲ့တယ်။

“သူက ငါအယုံကြည်ရဆုံး စစ်သူကြီးတွေထဲက တဦးပဲ ငါ့မှာသူ့လိုယုံကြည်ရတဲ့ လူယုံဆိုလို့ ၂ဦးပဲရှိခဲ့တာ အဲ့ထဲကတဦးပဲ”

စစ်သူကြီးနှစ်ဦး ပြီးတော့ အယုံကြည်ရဆုံး။ ပိုင်လင်းတယောက် နားရှုပ်သွားတယ်။ ချီယောင်က ဆက်ပြီးရှင်းပြလာတယ်။

“ငါနင်နဲ့မတွေ့ခင် နှစ်ပေါင်း၅၀၀ ထိကြာမြင့် သွားတာကို ပြီးခဲ့တဲ့ရက်ကမှ သတိထားမိခဲ့တာ ငါစိတ်ဝိဉာဥ်ဘဝနဲ့ မျောပါပြီး လောကတွေကို ဖြတ်သန်းနေခဲ့တာပေါ့ နင်ပြောတဲ့ အဖိုးအိုအမည်က တုလန် တုမိသားစုရဲ့ ထိပ်တန်းပါရမီရှင် သူ့ခေတ်တုန်းက ငါပြီးရင် သူက အတော်ဆုံးကျင့်ကြံသူပဲ ငါချီဘုရင်မနေရာကို ယူပြီးချိန်မှာ သူလည်းအနားမှာ ရှိနေခဲ့တယ် ငါတို့သေရေးရှင်ရေးပေါင်း မြောက်မြားစွာကို ရင်ဆိုင်ခဲ့ကြတာ ဆိုးတာက တုလန်နဲ့ နောက်ထပ်စစ်သူကြီးတဦးက ငါ့ကိုနှစ်သက် သဘောကျနေခဲ့ပြီး သူတို့ကြားပြိုင်ဆိုင်မှုက ငါထင်ထားတာထက် ပြင်းထန်နေခဲ့တယ်”

သြော်.. တဖက်သတ်အချစ်ပဲ။ ငါသဘောပေါက်ပြီ။

“နင်တွေ့တဲ့ အဖိုးအိုက သူဒဏ်ရာကြောင့် ကျင့်ကြံဆင့်နိမ့်ကျသွားတဲ့ လက္ခဏာပဲ ဘယ်သူလုပ်တာလဲ ငါသိချင်မိတယ်”

ပိုင်လင်းက အတန်ကြာစဥ်းစားပြီးတော့

“အချစ်ပြိုင်ဘက် လုပ်တာကောမဖြစ်နိုင်ဘူးလား”

“ငါလည်းအဲ့လိုတွေးမိတယ် နတ်ဆိုးလောက ဝင်ရောက်ပြီးနောက်ပိုင်း နတ်ဆိုးတွေမရှိသေးတဲ့ တခုတည်းသော တိုက်ကြီးက ဒီကျားလော်ကုန်းမြေကြီးပဲ ဒါကြောင့်ငါက တုလန်ကိုစေလွှတ်ပြီး ဒီကုန်းမြေတိုက်ကြီးက အင်အားစုတွေကို ထိန်းချုပ်ဖို့ စေလွှတ်ခဲ့တာ ငါ့ကိုအမတ်ချုပ်ကြီးတို့အဖွဲ့ သစ္စာဖောက်ချိန် အထိသူပြန်ရောက်မလာခဲ့တာ ထူးဆန်းတယ် လို့ငါထင်နေခဲ့မိသေးတယ် နင်ပြောတာနဲ့ဆက်စပ်မှ ဒါကနောက်ကွယ်မှာ မရိုးရှင်းတော့ဘူး”

ပိုင်လင်းက

“အဖိုးတုပြောတာက သူပြန်ရောက်လာချိန် ခင်ဗျားသေဆုံးသွားပြီတဲ့ သူကအမတ်လင်းတို့ အဖွဲ့ကိုတိုက်ခိုက်ခဲ့ပြီး သေဆုံးသွားခဲ့ရတာ နေမှာပေါ့”

ချီယောင်က ပိုင်လင်းရဲ့စကားကို သဘောမတူဟန်နဲ့

“သူက သိုင်းဘိုးဘေးအဆင့်ပဲ အမတ်လင်းတို့ ဆီကလွတ်မြောက်အောင် ပြေးနိုင်တယ် ငါထင်မိတာက အဲ့မတိုင်ခင်တည်းက သူဒဏ်ရာရနေခဲ့တာပဲ ဒါကြောင့်နင်သူ့ရဲ့အိုမင်း နေတဲ့အသွင်ပြင်ကို မြင်ခဲ့ရတာပေါ့”

“နောက်စစ်သူကြီးတဦးက ဘယ်သူလဲ”

“ရှန့်ကွမ်းချင်”

ပိုင်လင်းထိုအမည်ကို မသိပါဘူး။ ဒါပေမယ့် သူ့ဆရာတဖြစ်လဲ တုလန်ကိုဒုက္ခပေးခဲ့ရိုးမှန်ရင် သူ့အနေနဲ့ ရှန့်ကွမ်းချင်ကို တုန့်ပြန်ရတော့မှာပါ ဒါကြောင့် အမည်ကိုစွဲနေအောင် မှတ်ထားလိုက် တယ်။

“နင်သူ့ကို မယှဥ်နိုင်ဘူး”

“ဟမ့် အခုတော့ဘယ်ဟုတ်မလဲ နောင်တချိန် ဒါမှမဟုတ် အခွင့်အရေးရခဲ့ရင်ပေါ့”

ချီယောင်က ခေါင်းညိတ်ပြလိုက်ပြီး တိတ်ဆိတ် နေခဲ့တယ်။ အတန်ကြာတော့ ပိုင်လင်းက

“ကေျာက်တွင်းကိစ္စ ပြောပါဦး”

ပိုင်လင်းရဲ့စကားကိုကြားတော့ ချီယောင်က

“ကေျာက်တွင်းက မြို့ရဲ့တောင်ဘက် မိုင်၂၀ အကွာက တောအုပ်အစပ်မှာ ပေါ်လာလိမ့်မယ် တခုရှိတယ် အဲ့ကျောက်တွင်းနဲ့ ပက်သက်ပြီး မထင်မှတ်ထားတာတချို့ ဖြစ်နိုင်တယ်လို့ ငါတွက်ချက်မိထားတယ် လက်ရှိနင့်ကျင့်ကြံမှု အဆင့်ကြောင့် မောက်မာနေဖို့မတွေးနဲ့”

“မထင်ထားတဲ့အဖြစ်ပျက်က ဘာလဲ”

“မသိဘူး ငါတွက်မရဘူး စိုးရိမ်မိတာက နတ်ဆိုးတွေက ဒီလောကရဲ့ ရွှေခေတ်ကို သိနေတယ် ဒါကသူတိူ့လှုပ်ရှားဖို့ လမ်းစဖြစ်နေ ခဲ့မှာကိုတောင် ငါကြောက်မိတယ်”

ချီယောင်လို အင်မော်တယ်အဆင့်တောင် ကြောက်ရွံစေတဲ့ နတ်ဆိုးလောကရဲ့ အားအင် အစစ်မှန်က ဘယ်လောက်တောင်ရှိနေတာလဲ။ ပိုင်လင်းတယောက် အတွေးနက်သွားတယ်။ သိုင်းသခင်အဆင့်ဆိုတာ တကယ်ကို လမ်းတခုရဲ့ အစပဲရှိသေးတာပါလား။

ချီယောင်က ကျောက်စိမ်းစလစ်တခု ထုတ်ပေးရင်း ပြောလာတယ်။

“ဒါက နင့်ရဲ့ကျင့်ကြံဆင့်ကို ထိန်းချုပ်ထားနိုင်တယ် နောက်ပြီး နောက်နှစ်နှစ်အတွင်း တုလန်ပြောတဲ့ မိုးကောင်းကင်ဂိုဏ်းကို အရောက်သွားပါ”

ချီယောင်က ထိုသို့ပြောပြီး​နောက် ကုတင်ပေါ် ပြန်လှဲချလိုက်တယ်။ ပြီးတော့

“သွားတော့ ငါအနားယူ​တော့မယ် ဟိုကလေးမလေး ​အမြဲတမ်းလူပုံစံနေနိုင်အောင် ငါကူညီပေးထားတယ် ငါ့ကိုလာမနှောင့်ယှက်နဲ့”

ပိုင်လင်းတယောက် ဝမ်းသာသွားတယ်။

“ကေျးဇူးတင်ပါတယ် ဘုရင်မချီယောင်”

“ဟမ့်”

အနည်းဆုံး တန်တန်လေးအတွက် အဖော်တဦး ရလာခဲ့ပြီမဟုတ်လား။ ပြီးတော့သူမလေးက ပိုင်လင်းရဲ့ ကျင့်ကြံမှုကို အထောက်ကူပြုပါသေးတယ်။ ကျောက်စိမ်းစလစ်ပြားကို ယူပြီးပြန်ထွက်လာခဲ့တယ်။ အပြင်ရောက်တော့ မနက်လင်းနေခဲ့ပြီ။ စလစ်ပြားကို စစ်ဆေးပြီး အထဲကပါတဲ့နည်းအတိုင်း သူ့ကျင့်ကြံဆင့်ကို အဆင့်၃ နှောင်းပိုင်းမှာ ရပ်ထားလိုက်တယ်။

ဒီလောက်ဆိုလုံလောက်ပြီ။ ဒါနဲ့ ချီယောင်ပြောတဲ့ ကိစ္စက မရိုးရှင်းဘူး။ ငါကြိုတင်ပြင်ဆင်ထားရမယ်။

ပိုင်လင်းတစ်ယောက် အတွေးနက်နေစဥ်မှာပဲ ကျိလင်နိုးထလာတယ်။ ပြီးတော့ သူ့ကိုနှစ်လိုဖွယ် ပြုံးပြလာပြီး နှုတ်ဆက်တယ်။

“အစောကြီးနိုးနေတာလား ယောက်ျား”

“အင်း ဒါက ကျတော့်အကျင့်ပဲလေ”

သူမက ချက်ချင်းထပြီး အဝတ်အစားလဲဝတ် လိုက်တယ်။ ပြီးတော့ ပိုင်လင်းကိုခပ်ဖွဖွနမ်း လိုက်ပြီးမနက်စာပြင်ဖို့ မီးဖိုချောင်ထဲ ဝင်သွား​တော့တယ်။

မနက်စာစားနေချိန်မှာပဲ ထျန်းနင်တို့ရောက်လာ ခဲ့ပြီး လီလီနဲ့တန်တန်ကတော့ ညီအမတွေလို မခွဲမခွာရင်းနီးနေခဲ့ပြီ။ သူမလေးတို့က မနက်စာ စားတာကိုတောင် တပူးတွဲတွဲ ရှိနေပြီး မနက်စာ ခပ်သွက်သွက်စားပြီးနောက် ချက်ချင်းပဲ ခြံထဲပြေးဆင်းသွားကြတယ်။

“လာကြကွာ ဒါနဲ့ ဒီတကြိမ်က ဘာအတွက်လဲ”

ပိုင်လင်းက ထျန်းနင်တို့အတွက် လက်ဖက်ရည် ငှဲ့ပေးရင်း မေးလိုက်တယ်။ ကျိလင်က ကလေးတွေရှိတဲ့ ခြံဝန်းထဲ လိုက်သွားခဲ့လေပြီ။ ထျန်းနင်က လက်ဖက်ရည်ကို တငုံသောက်ပြီး

“ဘာဖြစ်ရမှာလဲ ကျောက်တွင်းပဲပေါ့ ဂိုဏ်းချုပ် အစီမံနဲ့ အဆင့်၅ အထက်က ဂိုဏ်းသားတွေအကုန် လိုက်ပါလာရတယ်လေ ငါတို့နှစ်ယောက်လည်း အကြောင်းပြပြီး မင်းဆီလစ်ထွက်လာတာ”

ထျန်းချင်က

“မင်းကော ဘာအစီစဥ်ရှိလဲ သခင်လေးအနေနဲ့ မင်းဝင်ပါရမယ်မဟုတ်လား”

“ဟုတ်တယ် ဒါပေမယ့် ပြဿနာမရှိပါဘူး”

ပိုင်လင်းက ခပ်အေးအေးပဲ ပြန်ပြောလိုက်တယ် ပြီးနောက်

“မင်းတို့ ဒီရက်ပိုင်းငါ့အိမ်မှာနေကြ ဂိုဏ်းကမေးလာရင် ငါခေါ်ထားတယ်လို့သာ ပြောလိုက်ကြကွာ မင်းတို့ကိုလက်ဝေ့နည်းစနစ် ကျွမ်းကျင်အဆင့်ရောက်အောင် ငါကူညီမယ်”

ထျန်းနင်တို့လည်း ဝမ်းသာသွားကြတယ်။ သူတို့ကနည်းစနစ်ကို လေ့လာခဲ့ပေမယ် ဒါက မတူညီတဲ့လောကနှစ်ခုက တိုက်ခိုက်ရေးပညာ ဖြစ်နေတာကတကြောင်း ပါရမီနည်းတာကပါ ဖြစ်နေတော့ သင်ယူရာမှာနှေးကွန်းနေခဲ့တယ်။

……………………………………………….

All Chapters