← Chapters

အခန်း (၇၀)

Vol. 5 Ch. 70

အခန်း (၇၀)

Vol. 5 Ch. 70

ထိုရက်တွေမှာ ပိုင်လင်းက မော့ပေ ထျန်းနင် ထျန်းချင် ရှန်ယု လျှိုချင်းဖုန်း နဲ့ကျိလင်တို့ကို ကျင့်ကြံရေးမှာ အပြည့်အဝ ကူညီနေခဲ့တယ်။

ဒါက ကျောက်တွင်းပြဿနာထက် နောင်မှာသူတို့ကိုသူတို့ ကာကွယ်နိုင်အောင် ကူညီစေတဲ့အပြင် လိုအပ်တဲ့အချိန်မှာ သူ့ရဲ့ တစိတ်တပိုင်းအနေနဲ့ အသုံးချဖို့ စိတ်ကူးရှိနေခဲ့တာပါ။

“လက်သီးရဲ့ တခုတည်းသောလမ်းစဥ်က တိုက်ခိုက်တာပဲ”

“တိုက်စစ်က အကောင်းဆုံး ခံစစ်ပဲ အဲ့ဒါကိုစွဲနေအောင် မှတ်ထားကြ”

“ဟုတ်ပြီ ခြေလှမ်းကို ထိန်းသိမ်းထားမယ် ပြီးတော့ အကွာအဝေး မော့ပေ မင်းအရမ်းကပ်နေပြီ ငါပြောနေတာမကြားလိုက်ဘူးလား”

“ထျန်းနင် အားနည်းနည်းထပ်စိုက် လေ့ကျင့်တယ်ဆိုပေမဲ့ အချင်းချင်းကိုညှာမနေနဲ့လေ မဟုတ်ရင် မင်းတို့ ဒီအဆင့်ကိုမကျော်နိုင်ဘူး”

“အစ်မ စိတ်ကိုလျှော့ထား”

ပိုင်လင်းက နေ့တပိုင်းခန့်ကို လေ့ကျင့်ပေးပြီး ကျန်တပိုင်းကိုတော့ လျှပ်စီးခြေလှမ်းကို ကျွမ်းကျင်အဆင့်ထိရောက်အောင် လေ့ကျင့်ရင်း အချိန်ဖြုန်းနေခဲ့တယ်။ ကျင့်ကြံဆင့်အတွက်ကတော့ လီလီက ချီဓာတ်အချို့ ဖြည့်သွင်းပေးနေပြီး အသက်ရှုလေ့ကျင့်ခန်းကြောင့် အထူးအထွေ ကျင့်ကြံစရာမလိုပဲ ခွန်အားက တရိပ်ရိပ် တိုးနေခဲ့တယ်။

တဖက်မှာ ချန်ဟယ်နဲ့ ယန်ရှုတို့ ယူလာတဲ့ အရင်းအမြစ်ကိုသုံးပြီး ချန်အိမ်တော်က ကျင့်ကြံဆင့်ကို မြင့်တင်ဖို့ကြိုးစားနေကြတယ် ကျောက်တွင်းပေါ်လာခါနီးလေ ရုတ်ရုတ်သဲသဲ ဖြစ်စဥ်တွေ ပိုဖြစ်လာလေပဲ။

နှစ်တထောင်တောအုပ်အတွင်းက အမွေနှစ်ပြဿနာကိုတော့ လူတွေက ဒီတိုင်း အချိန်မတန်သေးလို့ ပျောက်ကွယ်သွားတယ်လို့ မှတ်ယူပြီး မေ့လျော့လိုက်ကြတယ်။ ဒါပေမဲ့ ထူးခြားဖြစ်စဥ်တွေက နေရာအများစုမှာ ပေါနေတုန်းပဲ။

“၃ရက်အတွင်း ကျောက်တွင်းပေါ်ပြီ ငါတို့စီမံ ထားတာတွေ အသင့်ပဲလား”

ချူကျန်းရှန်က တစ္ဆေဂိုဏ်းချုပ်ကို မေးလိုက်တယ်။ တစ္ဆေဂိုဏ်းချုပ်က ခေါင်းညိတ်ပြလိုက်ပြီး

“အကုန်အသင့်ပဲ ကျောက်တွင်းကို ဖုံးကွယ်ထားတဲ့ အစီရင်ကိုဖြေရှင်းပြီးရင် ငါတို့ဝင်နိုင်ပြီ တခုပဲ ဘယ်သူအရင်ဝင်မလဲ”

ပန်းတရာဂိုဏ်းချုပ်က

“ဟမ့် ငါတို့အရင်ဝင်ရမှာပေါ့ ငါတို့ကပဲ ကျောက်တွင်းရဲ့ အကောင်းဆုံးအစိတ်ပိုင်းကို အရင်ယူခွင့်ရှိတယ်”

ပန်းတရာဂိုဏ်းချုပ်ရဲ့စကားကိုကြားတော့ ချူကျန်းရှန်က ကျယ်လောင်စွာရယ်မောလိုက်ပြီး

“အမှန်ပဲ ဒီတကြိမ်မှာ ငါတို့အားလုံးဘိုးဘေး တွေကို ဖိတ်ခေါ်ထားတယ်မဟုတ်လား ချန်ထန်းအနေနဲ့ သိုင်းသခင်အဆင့် ဆိုရင်တောင် ပြဿနာမရှိတော့ဘူး”

စုလဲ့ကလည်း

“ကျွန်မလည်း ဘိုးဘေးစုမင်ကို ဖိတ်ထားတယ်”

“ကျုပ်ကောပဲ”

“ကျုပ်လည်း ပါတယ်”

ထန်းမိသားစုခေါင်းဆောင်နဲ့ မြို့မသခင်တို့က ဝင်ရောက်ပြောလာတယ်။

“သိပ်ကောင်းတယ် ဒါဆိုအလုပ်ဖြစ်ပြီး ကျောက်တွင်းထဲရောက်မှ ချန်ထန်းကိုကိုင်တွယ်ကြတာပေါ့”

အကုန်လုံးက အစီစဥ်နဲ့ပက်သက်ပြီး အားရဝမ်းသာဖြစ်နေချိန် ချန်အိမ်တော်မှာတော့ ချန်ထန်းက ကျင့်ကြံရာမှ ထွက်လာခဲ့တယ်။

“သိုင်းသခင်အဆင့်ကို ရောက်သွားလို့ ဂုဏ်ပြုပါတယ် ယောက်ကျား”

“သိုင်းသခင်အဆင့် ရောက်သွားလို့ ဂုဏ်ပြုပါတယ်”

အကုန်လုံးက ချန်ထန်းကို ဂုဏ်ပြုစကားပြောနေကြပြီး ချန်ထန်းက ကျေနပ်စွာနဲ့ လက်ကာပြလိုက်တယ်။

“မင်းတို့လည်း သိုင်းသခင်တဝက်အဆင့်ကို ရောက်ခဲ့တာပဲ မဟုတ်လား ငါ့ကိုဂုဏ်ပြုမနေနဲ့တော့ ဒါနဲ့ သမီး သခင်လေးပိုင်နဲ့ပက်သက်ပြီး ဘာထူးသေးလဲ”

ချန်ထန်းက ပိုင်လင်းအကြောင်းကို မေးလာတယ်။ ချန်ဟယ်က

“သူက အခွင့်ရေးကောင်းတွေ မရလိုက်ဘူး အခုတော့အိမ်တော်မှာပဲ လေ့ကျင့်နေတယ်လို့ ကြားတယ်”

“အင်း.. ကောင်လေးက ကံမကောင်းပေမယ့် အရည်အချင်းရှိတယ် ငါတို့စွန့်ပစ်လို့မရဘူး ချန်ဟယ် မိန်းမ မင်းတို့တွေ ကောင်လေးကိုဂရုစိုက်ကြ ယန်ရှု ကျန်းထျန်း အပြင်ထွက်ပြီး ခြေနေကိုစုံစမ်းတော့”

ချက်ချင်းပဲ အစီစဥ်တွေစတင်တော့တယ်။ အချိန်ကနီးကပ်နေပြီ မဟုတ်လား။

“မမက ပါလာတဲ့အရင်းအမြစ်တွေ အစ်ကိုပိုင်ကိုဘာလို့ ခွဲမပေးခဲ့တာလဲ”

ချန်ရှင်းက နှာခေါင်းလေးကို ရှုံ့လိုက်ပြီး အစ်မဖြစ်သူကို မကျေနပ်ဟန်နဲ့ မေးလိုက်တယ်။ ချန်ဟယ်လည်း တွန့်ဆုတ်သွားခဲ့ပြီး

“ဒါက… .”

လင်းချင်းကျူက ဝင်ရောက်ပြောဆိုတယ်။

“မော့ပေရှိတယ်လေ မော့ပေက သူ့ကိုပေးမှာပဲ အဲ့အတွက်သမီးစိတ်မပူသင့်ဘူး”

“ဟမ့် အစ်ကိုမော့ယူလာတာက အစ်မနဲ့ဦးလေးယန်တို့ ယူလာတာလောက် ကောင်းပါ့မလား အမေတို့က ကျေးဇူးကန်းနေတယ်လို့ သမီးဘာလို့ခံစားနေရလဲမသိဘူး”

ချန်ရှင်းက ခွန်းတုန့်ပြန်နေတုန်းပါပဲ။

“တော်စမ်းသမီး ပိုင်လင်းကအပြင်လူပဲ ပြီးတော့ဒီပြဿနာကို အဖေတို့ရင်မဆိုင်နိုင်ရင် ချန်အိမ်တော်က အဆုံးသတ်သွားတော့မှာ အရင်းအမြစ်နည်းနည်းကို ခွဲဝေနေရတာပဲ မလောက်ငှချင်ဘူး ကျောက်တွင်းကိစ္စပြီးရင် သူ့ကိုခံစားခွင့်ပိုပေးဖို့ အဖေကတိပေးတယ် ဟုတ်ပြီလား”

“ဟမ့်”

ချန်ရှင်းက နှာမှုတ်လိုက်ပြီး ခန်းမထဲက ထွက်ခွာသွားတယ်။ သူမလေးကလည်း အရင်းအမြစ်အချို့သုံးပြီး အဆင့်၅ ကိုရောက်နေခဲ့ပါပြီ။ ချန်ဟယ်ကတော့ ပိုင်လင်းကိုအရင်းအမြစ် ခွဲမပေးတာနဲ့ပက်သက်ပြီး စိတ်ထဲ ခုသွားတော့တယ်။ မူလက သူမမှာစိတ်ကူးရှိပေမဲ့ အစောင့်ရှောက် ၅ဦးစလုံး သိုင်းသခင်တဝက်အဆင့်ရောက်ဖို့နဲ့ သူမမိဘနှစ်ပါး သိုင်းသခင်အဆင့်ရောက်ဖို့ စတဲ့ကိစ္စတွေက ပိုအရေးကြီးနေတာကြောင့် ပိုင်လင်းနဲ့ပက်သက်ပြီး မေ့လျော့နေခဲ့တာပါ။

ထိုချိန်ပိုင်လင်းရဲ့အိမ်မှာတော့ လေ့ကျင့်ရေးက ပြင်းပြင်းထန်ထန် ဖြစ်နေခဲ့တယ်။ ခြံဝန်းတခုလုံး တိုက်ခိုက်လေ့ကျင့်နေကြပြီး လီလီက တန်တန်လေးကို ခြံအနောက်ဘက်မှာ ပန်းခင်းတခု ပြုလုပ်ပေးရင်း ဆော့ကစားနေခဲ့တယ်။ သူမတို့က သိနားလည်စွာပဲ ပိုင်လင်းတို့ကို မနှောင့်ယှက်ခဲ့ပါဘူး။

…………………………………………………

All Chapters