← Chapters

အခန်း (၇၄)

Vol. 5 Ch. 74

အခန်း (၇၄)

Vol. 5 Ch. 74

သင်းပျံ့ကောင်းကင်မြို့တောင်ဘက် တောစပ် တနေရာမှာတော့ ကျင့်ကြံသူတွေ စုဝေးနေကြတယ်။

အဓိကအားဖြင့် အင်အားစုတွေဖြစ်ပြီး ချူမိသားစု တစ္ဆေဂိုဏ်း ပန်းတရာဂိုဏ်း ကျားဖြူခန်းမ ထန်းမိသားစုနဲ့ မြို့မကုန်သွယ်ရေးတို့က တဖက်ခွဲနေပြီး ချန်အိမ်တော် ဇောင်မိသားစု မီးတောက်ဂိုဏ်း ရတနာဂိုဏ်း ဇီပန်းပဲအိမ်တော်နဲ့ အခြားမိသားစု ငယ်လေးများက တဖက်မှာရှိနေကြတယ်။

ချူကျန်းရှန်က လက်ကိုဝေ့ယမ်းလိုက်ပြီး

“ဆရာစုန်း ဖုံးကွယ်အစီရင်ကို ဖြေရှင်းဖို့ ဘာ်လောက်ကြာနိုင်လဲ”

ဆရာစုန်းသူက တချက်တွေးလိုက်ပြီး

“အနည်းဆုံး နေ့တဝက် အများဆုံးတရက်ပဲ”

“ကောင်းတယ် အချိန်သိပ်ကြာရင် အခြေနေရှုပ်ထွေးနိုင်လို့ မြန်လေကောင်းလေပဲ”

ချူကျန်းရှန်းရဲ့စကားကိုကြားတော့ ဆရာစုန်း ဆိုတဲ့အစီရင်ဆရာက အစိရင်ကို စတင်လေ့လာ တော့တယ်။

ပိုင်လင်းကတော့ ချူအိမ်တော်နဲ့အတူ ရှိနေပြီး သူ့ဘေးမှာ မော့ပေ ရှန်ယု လျှိုချင်းဖုန်းနဲ့ ချန်ရှင်းတို့ ရှိနေတယ်။ ချန်ဟယ်က ပိုင်လင်းရှိရာကို တချက်လှမ်းကြည့်ပြီးနောက် အဆင့်၃ နှောင်းပိုင်းဖြစ်နေတာကိုမြင်ပြီး သူညီမ ပြောတာမဖြစ်နိုင်ဘူးလို့ တွေးမိတယ်။

ချန်ထန်း လင်းချင်းကျူနဲ့ အစောင့်ရှောက်၅ဦး ကတော့ပတ်ဝန်းကျင်ကို သတိမပြတ်ကြည့်နေ ခဲ့ကြပြီး တဖက်လူတွေကသာ လှုပ်ရှားလာပါက ထိပ်တိုင်ရင်ဆိုင်ဖို့ တွေးနေခဲ့တယ်။

ပိုင်လင်းက မတုန်မလှုပ်ဟန်နဲ့ လက်ပိုက်ရပ်နေခဲ့ပြီး တဖက်အင်အားစုထဲက သခင်လေး၃ဦးက ပိုင်လင်းကိုအထင်မြင်သေး ဟန်နဲ့ စိုက်ကြည့်နေကြတယ်။

“ဟမ့် ဒီကျင့်ကြံဆင့်နဲ့ ငါတို့ကိုပြိုင်ချင်နေတာလား ဟာသပဲ”

မြို့မသခင်လေးက နှာခေါင်းရှုံ့တယ်။ စုလင်းကလည်း

“ဒီကောင်က အတော်သတ္တိရှိတယ်လို့ ပြောရမယ် အလှပဂေးကိုလိုချင်တာနဲ့များ ငါတို့ကို ထိပ်တိုက်တွေ့ရတယ်လို့ ဟားး”

တခြားတယောက်ဖြစ်တဲ့ ထန်းသခင်လေးက ပိုင်လင်းကို အေးစက်စက်အမူအရာနဲ့ ကြည့်ရုံကလွဲပြီး အခြားတော့ မပြောနေပါဘူး။

ထိုအချိန်ပိုင်လင်းက ချီယောင်နဲ့ အချေတင် ဆွေးနွေးနေခဲ့တယ်။

“ခင်ဗျား အစီရင်ကိုမြင်နိုင်လား”

“အင်း အစီရင်က သိုင်းဘုရင်အဆင့်ဆိုပေမဲ့ နိမ့်ပါတယ် ဒီအစီရင်ဆရာ ဖြေရှင်းနိုင်လိမ့်မယ် အဲ့ဒါကိုပူမနေနဲ့”

ပိုင်လင်းတယောက် တိတ်ဆိတ်သွားတယ်။ ခဏကြာတော့ ထပ်မေးပြန်တယ်။

“ကေျာက်တွင်းထဲမှာ အန္တရာယ်ရှိနိုင်လား”

“ဘာလဲ နင်ကြောက်လို့လား”

ပိုင်လင်းက ချီယောင်ရဲ့အမေးကို ပြန်မဖြေခင် ချန်ရှင်းကိုတချက်လှည့်ကြည့်တယ်။ ပြီးမှ

“မဟုတ်ဘူး ဒီကောင်မလေးကိုစိုးရိမ်လို့ ချန်သခင်ကြီးက ဒီကလေးမလေးကို ဘာအတွက်ခေါ်လာလဲ ကျုပ်တွေးမရဘူး”

“သူိူု့မှာ နင်မသိတဲ့အတွေးတွေရှိတယ်လေ နောက်ပြီး လင်မယားနှစ်ယောက်စလုံး သိုင်းသခင်အဆင့်ရောက်နေပြီ အစောင့်ရှောက် တွေကလည်း အဆင့်ဝတ်သိုင်းသခင်ပဲ မတော်တဆသာမရှိရင် သူတို့အတွက် ဘာပြဿနာမှ မဖြစ်နိုင်ဘူး”

ပိုင်လင်းလည်း ထိုအချက်ကို သတိရသွားမိခါမှ သက်ပြင်းချလိုက်တယ်။ ချန်သခင်ကြီးတို့ လင်မယားရဲ့ပါရမီအရ အဆင့်တူမှာ ပြိုင်ဘက် ကင်းမှာသေချာပါတယ်။ တဖက်အင်အားစုမှာ ချူကျန်းရှန်း တစ္ဆေဂိုဏ်းချုပ် နဲ့ပန်းတရာဂိုဏ်းချုပ်တို့သာ သိုင်းသခင်အဆင့် ဖြစ်ပြီး ကျန်သူတွေက အဆင့်သိုင်းသခင်ပဲ ရှိသေးတာပါ။

စိုးရိမ်ရမှာက သူတို့ဘက်မှာ ထိပ်တန်းကျင့်ကြံ သူအရေတွက် ပိုများနေတာပဲ။ ဥပမာ အဆင့်၁ ကျင့်ကြံသူ အကြီးအကဲက ၅၀ ကျော်ရှိနေပြီး ဒီဘက်မှာတော့ ၃၀ ခန့်ပဲ ရှိပါတယ်။

ပိုင်လင်းတစ်ယောက် ဆရာစုန်း ဆိုသူရဲ့ လုပ်ပုံ ကိုင်ပုံတွေကို လေ့လာနေပြီး ထိုသူက အစီရင် ဖွင့်ပြီး လိုက်ပါလာနိုင်တယ်လို့ သူတွေးနေတယ် တဆက်တည်းမှာလဲ ထိပ်တန်းအစီရင်သမား တယောက်ကသာ အကောက်ကြံချင်ရင် သူတို့ဒုက္ခရောက်နိုင်တယ်လို့လည်း တွေးမိသွားတယ်။

“အစီရင်ဆရာကို စိတ်မပူနဲ့ ငါကိုယ်တိုင်အစီရင် တွေကိုမဖြေရှင်းနိုင်ပေမယ့် နည်းလမ်းအချို့ နင့်ကိုပြောနိုင်သေးတယ်”

ချီယောင်က အကျိုးအကြောင်း ပြောပြလာတယ်။

လူအုပ်ကြီးက တက်ကြွနေပြီး အချိန်ကတဖြေး ဖြေးကုန်ဆုံးလာတယ်။ ညနေစောင်းရောက်လု ချိန်ဖြစ်လာတော့ အစီရင်နေရာက တောက်ပတဲ့ အလင်းတန်းတခုထွက်လာပြီး အစီရင်လည်း ကျိုးပြတ်သွားတော့တယ်။

“ရပြီ”

ဆရာစုန်း ဆိုသူရဲ့စကားကြားတော့ ချူကျန်းရှန်က ကောက်ကျစ်စွာပြုံးလိုက်ပြီး

“ကဲ အစီရင်လည်းပွင့်ပြီးဆိုတော့ ဒီမြေအောက် လမ်းကြောင်းထဲကို ကျုပ်တို့ဘက်က အရင်ဝင်မယ် ကန့်ကွက်ချင်ကြလား”

ချုကျန်းရှန်ရဲ့လေသံက ရန်စနေဟန်ရှိပေမယ့် ချန်ထန်းကတော့ တည်ငြိမ်စွာပဲ တုန့်ပြန်လိုက်တယ်။

“ကိစ္စမရှိဘူး မင်းတို့အရင်ဝင်နိုင်တယ်”

ချန်ထန်းရဲ့စကားအဆုံးမှာ သူ့ဘက်အင်အားစု တွေက တုန့်ပြန်လာတယ်။

“အစ်ကိုထန်း ဒါကဖြစ်ပါ့မလား သူတို့ကအရင် ဝင်ပြီး ကောင်းတာတွေယူသွားရင် ဘယ်လိုလုပ် ကြမလဲ”

“ဟုတ်တယ် ညီနောင်ချန် သူတို့ကို ပေးမဝင်သင့်ဘူး”

ချန်ထန်းက လက်ကာပြလိုက်ပြီး တိတ်ဆိတ်စေတယ်။ ချန်ထန်းတို့အဖြစ်ပျက် ကိုတွေ့တော့ ချူကျန်းရှန်က ဟက်ခနဲ ရယ်လိုက်ပြီး သူ့လူတွေနဲ့အတူ မြေအောက်ထဲ တိုးဝင်သွားကြတော့တယ်။ ခဏကြာမှ ချန်ထန်းက

“ဒီနေရာက ကျောက်တွင်းဆိုပေမယ့် အထဲမှာ အန္တရာယ်မရှိဘူးလို့ မပြောနိုင်ဘူး သူတို့အရင်ဝင်ပြီး လမ်းရှင်းပါစေ”

ထိုသို့ပြောလိုက်မှ အင်အားစုတွေလည်း ခေါင်းညိတ်ပြီး လက်ခံလာကြတယ်။ ပိုင်လင်းက အခြေနေကိုတွက်ဆနေပြီး မြေအောက်လမ်းကြောင်းက မရိုးရှင်းဘူးလို့ ခံစားမိနေတယ်။ ချီယောင်လည်း ထိုအတူပါပဲ။

“နင်အထဲဝင်ရင် ဂရုစိုက် ငါ့စိတ်ထဲအန္တရာယ် အငွေ့သက်အချို့ ခံစားနေရတယ်”

“ကောင်းပြီ ကျုပ်သတိထားလိုက်မယ်”

တဆက်တည်း ချန်ရှင်းတို့ဘက်ကိုကြည့်ပြီး

“အကုန်လုံးစုစည်းနေကြ လူမကွဲစေနဲ့ ညီမလေး နင်ကငါ့အနားမှာနေလို့ရတယ်”

လက်ရှိသူ့ခွန်အားက ချန်လင်မယားထက် ပိုအားကောင်းတာကြောင့် စေတနာကောင်းတဲ့ ဒီကောင်မလေးကို ကာကွယ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

ချန်ရှင်းက တခဏတုန့်တိုင်းပြီးနောက်

“ကောင်းပါပြီ အစ်ကိုပိုင်”

မိနစ်အနည်းငယ်ကြာတော့ ကျန်တဲ့အင်အားစု အကုန်လိုက်ဝင်ကြတယ်။ ပိုင်လင်းတို့အထဲ ရောက်တော့ မြေအောက်လမ်းကြောင်းက ရှုပ်ထွေးနေပြီး လမ်းကြောင်းတခုစီကလည်း ကျယ်ဝန်းတာကို တွေ့လိုက်ရတယ်။

“ဒီလမ်းကြောင်းတွေရဲ့ အဆုံးမှာဘာရှိတာလဲ”

ပိုင်လင်းတယောက် အလေးနက်တွေးရင်း လမ်းကြောင်းအတိုင်း လျှောက်ဝင်သွားတယ်။ နံရံတဘက်စီမှာတော့ မည်သည့်အရာမှရှိမနေပဲ မြေအောက်ရဲ့လေထုက တင်းကြပ်သလိုခံစား နေရတယ်။

ချန်ထန်းက

“အကုန်လုံးပဲ တဦးကိုတဦး ဂရုစိုက်ပြီးရှေ့ဆက်သွားကြ အဓိကလူစုမကွဲ စေနဲ့”

သူကိုယ်တိုင်လည်း လင်းချင်းကျူနဲ့ ချန်ဟယ် လက်ကိုဆွဲပြီး ဆက်သွားတယ်။ ပထမက ချန်ရှင်းကိုပါ ခေါ်ချင်ပေမယ့် ချန်ရှင်းက ပိုင်လင်းအနားကပ်နေတာကိုတွေ့တော့ ခေါင်းယမ်းလိုက်ပြီး ကျန်းထျန်းကို ပိုင်လင်းအ နားသွားစေတယ်။

ပိုင်လင်းကထိုအရာတွေကို သတိပြုမိပေမယ့် ဂရုမစိုက်ပါဘူး။ ရှေ့ကိုသာ ဆက်သွားနေပြီး အချိန်အတော်ကြာလေ လမ်းကြောင်းက နက်ရှိုင်းလေဖြစ်ပြီး လေထုကလည်း ပိုပြီးတင်း ကြပ်လာနေခဲ့တယ်။

“ဒီနေရာက မြေအောက်ဂူတခုဆီကိုသွားတဲ့ လမ်းကြောင်းတခုပဲ ဒါကသဘာဝ ကျောက်တွင်းမဟုတ်ဘူး လူလုပ်ကျောက်တွင်း ဖြစ်နိုင်တယ် နင်သတိထားတော့”

ချီယောင်က လမ်းတလျှောက် အဆက်မပြတ် သတ်ပေးနေခဲ့တယ်။

နာရီအနည်းငယ် ဆက်သွားပြီးချိန်မှာတော့ ချန်ထန်တို့တဖွဲ့လုံး လမ်းအဆုံးကိုရောက်သွား ခဲ့ပြီး အဆုံးမှာတော့ မျက်စိတဆုံးကျယ်ဝန်းတဲ့ ခန်းမကြီးကိုတခုကို တွေ့လိုက်ရတယ်။ ခန်းမထဲမှာ တဖိတ်ဖိတ်တောက်ပနေတဲ့ သလင်းကျောက်တွေက တောင်ငယ်လေးတွေ အတိုင်း စုပုံနေတယ်။

ထိုအရာကိုတွေ့တော့ ကျင့်ကြံသူတဦးက ပြေးဝင်ဖို့လုပ်တယ်။ ချန်ထန်းက ချက်ချင်း တားဆီးလိုက်ပြီး

“ခဏနေဦး ဒီနေရာကို ချူကျန်းရှန်းတို့ မရောက်သေးဘူး ပြီးတော့နေရာစိမ်းပဲ အလေးနက်ထားရမယ်”

ထိုသို့ပြောနေချိန်မှာပဲ တခြားလမ်းကြောင်း တခုကနေ ချူကျန်းရှန်တို့အဖွဲ့ ထွက်လာကြတယ်။

“ဟားး သလင်းကျောက်တွေမနည်းဘူးပဲ ငါတို့ခွဲဝေရင်တောင် တဖွဲ့စီကို မနည်းရမှာကွ”

ချူကျန်းရှန်ရဲ့ ရယ်သံကြီးက မြင်ပြင်းကပ်စရာ ကောင်းအောင်ထွက်ပေါ်လာတယ်။ ပြီးတော့ ချက်ချင်းပဲ သူ့လူတွေကို စေလွတ်​တေ့ာတယ်။

“သွားကြ တွေ့တာအကုန်ကောက်ကြ ငါတို့ရတာ ငါတို့အပိုင်ပဲ”

ချူကျန်းရှန်ရဲ့ စကားဆုံးတာနဲ့ သူ့လူတွေက သလင်းကျောက်ပုံတွေဆီ ပြေးဝင်သွားကြတယ်။

……………………………………………….

All Chapters