ကြယ်တာရာ နယ်မြေအသစ် တစ်ခု စတင်ခြင်း (၂)
Vol. 104 Ch. 1456
ဝေ့ဝူယင်မှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်း ဂိုဏ်းများ၊ နန်းတော်များနှင့် မျိုးနွယ်စုများကိုလည်း လွတ်လပ်စွာ တည်ထောင်ခွင့် ပြုထားသည်။ ထိုအတွက် စည်းမျဉ်း၊ စည်းကမ်းများ ချမှတ်ထားသော်လည်း ၎င်းတို့ ဝင်ငွေ၏ မဆိုသလောက် ရာခိုင်နှုန်းခန့်ကို အခွန်အဖြစ် ပေးဆောင်ရခြင်းနှင့် ရံဖန်ရံခါ အာဏာရှင် အင်ပါယာဝေ့၏ ကိုယ်စားလှယ်များထံမှ စစ်ဆေးမှု ခံယူရခြင်းတို့မှ တစ်ပါး အခြား တင်းကြပ်မှုများ မရှိသလောက်ပင်။
အင်အားကြီးသူများကသာ အရာရာကို အုပ်စိုးပြီး နို့ထက်စီးနင်း အုပ်ချုပ်လေ့ ရှိသည့် နေရာများမှ လာကြသူများ အတွက်တော့ ၎င်းက အစစ်အမှန် လွတ်လပ်မှုပင် ဖြစ်လေသည်။ အာရုဏ်ဦး ကြယ်ကွင်းပြင် ၏ အနာဂတ်မှာ တလက်လက် တောက်ပနေခဲ့ပြီ ဖြစ်သည်။
တစ်ချိန်တည်း၌... အာရုဏ်ဦး ကြယ်တာရာ နယ်မြေအစပ်တွင် စောင့်ဆိုင်းနေကြသော မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ ဟင်းလင်းပြင် သင်္ဘောများမှာ သူတို့၏ နိုင်ငံသားများ ပြန်လာတော့မည် မဟုတ်ကြောင်း သိရှိလာခဲ့ကြသည်။ ပြန်လာခဲ့ကြသူများ ရှိသော်လည်း မဆိုသလောက်မျှသာ ဖြစ်သည်။
ထာဝရ အစည်းအရုံး၏ ဟင်းလင်းပြင် သင်္ဘောမှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ နယ်နိမိတ်တွင် ဆက်လက် ရှိနေခဲ့၏။ သီးသန့်ခန်း တစ်ခုအတွင်းတွင်တော့ စန်းယွန်းလီမှာ တင်ပလ္လင်ခွေကာ ထိုင်နေခဲ့၏။ အစစ်အမှန် ရှန့်ထို အသိအမှတ်ပြုခြင်း နှစ်ခုမှ ရရှိခဲ့သည့် ထိုးထွင်းသိမြင်မှုများကို ဆင်ခြင်ရင်း သူမက မျက်လုံးများကို မှိတ်ထားခဲ့သည်။
နောက်ဆုံး၌ သူမက ခပ်လေးလေး သက်ပြင်းချလိုက်ရင်း တောက်ပလှပသည့် ပတ္တမြား ရတနာ အလား မျက်ဝန်းများကို ဖွင့်လိုက်သည်။ သူမသည် မျက်နှာပေါ်ကျနေသည့် ဆံနွယ်စ တစ်ချို့ကို သပ်တင်ကာ ဖယ်ရှားလိုက်၏။
"အခု ဝေ့ဝူယင်ရဲ့ အောင်မြင်မှုတွေက အရမ်းကို ကြီးမားနေပြီ... သူက ကြိုသိထားတဲ့ အနာဂတ်ကို အစောဆုံး အသုံးချခဲ့ပြီး ငါက နောက်ကျမှ စတင်ခဲ့ရတော့ ကံမကောင်းဘူး..."
ဝေ့ဝူယင်မှာ အချိန်စီးဆင်းမှုကို ဖီဆန်၍ ပြန်လည်ရောက်ရှိလာသော ခွေးအိုကြီး တစ်ဦးဖြစ်သည်ဟု စန်းယွန်းလီ ယခုတိုင် ယုံကြည်နေဆဲ ဖြစ်သည်။ အထူးသဖြင့် သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်မှ လောက အဂ္ဂိရတ် ရှန့်ထို အဆင့်အထိ ကျော်ခွ ရောက်ရှိသွားခဲ့ခြင်းက ထိုအချက်ကို သက်သေခံနေသည်။ မြေကြီး အဂ္ဂိရတ် ရှန့်ထို တစ်ဦး အနေဖြင့် အတွေ့အကြုံများ မရှိပါက ထိုကဲ့သို့ ဘယ်တော့မှ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပါချေ။
အတိတ်မှ ဖြစ်ရပ်များမှာ စန်းယွန်းလီ၏ စိတ်အတွင်း တစ်ခုပြီး တစ်ခု ပြန်လည် ပေါ်လာခဲ့၏။ အထူးသဖြင့် ကြယ်တာရာ ဝါးမြိုသူ ထန်ဂူ... သူမ၏ အတိတ်ဘဝမှာတုန်းက ထိုသတ္တဝါကြီးမှာ လုံးဝ ကွယ်ပျောက်နေခဲ့သည်။ ထာဝရ ကြယ်တာရာ နယ်မြေမှာလည်း တစ်နည်းနည်းဖြင့် ဆက်လက် ထွန်းကားခဲ့သည်။
"အဲဒီကောင်ကြီးကို ဝေ့ဝူယင် က တစ်နည်းနည်းနဲ့ ဆွဲဆောင်ခဲ့တာ ဖြစ်ရမယ်... သူ့ တည်ထောင်ထားတဲ့ အင်အားစုတွေကို ပိုကြီးမားတဲ့ နေရာတွေဆီ ခေါ်ဆောင်သွားဖို့ စီစဉ်ခဲ့တာပဲ... သေးသိမ်ပေမဲ့ အရမ်း ပါးနပ်တယ်..."
"အဲဒီနောက်မှာ သူက ခေတ်ကို အရှိန်မြှင့်တင်ပေးမယ့် အာရုဏ်ဦး နေမီးတောက် ဆေးလုံး ကို စျေးကွက်ထဲ မိတ်ဆက်ရင်း ဂုဏ်သတင်းကို တဖြည်းဖြည်းချင်း တည်ဆောက်ခဲ့တယ်... ဒါတွေအားလုံးရဲ့ ရည်ရွယ်ချက်က ကိုယ်ပိုင် ကြယ်တာရာ နယ်မြေ တစ်ခု ထူထောင်ဖို့လား..."
စန်းယွန်းလီမှာ သူမထံတွင် အရည်အချင်းနှင့် ကျောထောက်နောက်ခံများ ရှိသော်လည်း နှစ်ပေါင်းများစွာ အချိန်ဖြုန်းခဲ့ခြင်း အတွက် နောင်တရနေမိခဲ့သည်။ သူမသာ တွန့်ဆုတ်မနေခဲ့ပါက အကျိုးအမြတ်များ အားလုံးကို လျင်မြန်စွာ ထုတ်ယူကာ ကျင့်ကြံခြင်း အရှိန်ကို မြှင့်တင်နိုင်ခဲ့ပေလိမ့်မည်။
"ဟမ်..."
ရုတ်တရက်... သူမ၏ မျက်ခုံးကြားမှ မှိန်ပြပြ ရွှေရောင် အလင်းတစ်ခု ထွက်ပေါ်လာခဲ့၏။ စန်းယွန်းလီ ချက်ချင်းပင် ကောင်းကင်လမ်းစဉ် စာအုပ်ကို ဖွင့်ဖတ်လိုက်သည်။ ထိုအခါ စာမျက်နှာများမှ နာမည်အချို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ရသည်။
"ဒီစာအုပ်က ပြောင်းလဲနေတာလား... ဟင်... အစစ်အမှန် ဒြပ်စင် ဧကရာဇ် ရဲ့ နာမည်က ပျောက်သွားပြီ..."
သိပ်မကျော်ကြားသည့် နာမည်များ ပျောက်ကွယ်သွားခဲ့သည်မှာ အရေးမကြီးသော်လည်း အစစ်အမှန် ဒြပ်စင် ဧကရာဇ်ကတော့ သူမကို အကြိမ်ပေါင်းများစွာ ကံကောင်းစေခဲ့သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ထိုအထဲတွင် သူမ၏ အသိစိတ် ပင်လယ်ထဲမှ ဝိညာဉ် ကျောက်စိမ်းနှင့် ရှေးဟောင်း ဝိညာဉ်လည်း အပါအဝင် ဖြစ်သည်။ တကယ်တော့ ထိုအရာမှာ အစစ်အမှန် ဒြပ်စင် ဧကရာဇ် ရှာဖွေတွေ့ရှိရမည့် ရတနာ တစ်ခု ဖြစ်သည်။
စန်းယွန်းလီ မျက်မှောင်ကြုတ်လိုက်၏။
"အစစ်အမှန် ဒြပ်စင် ဧကရာဇ် ရဲ့ နာမည် ဘာလို့ ပျောက်သွားတာလဲ... ငါ့ ကြောင့်လား"
အစစ်အမှန် ဒြပ်စင် ဧကရာဇ်မှာ မည်သူ ဖြစ်ကြောင်း သူမ အစောကတည်းက ရိပ်မိပြီး ဖြစ်သည်။ ကောင်းကင် လမ်းစဉ် စာအုပ်၏ ကံကြမ္မာများနှင့် ကိုက်ညီသော အတိတ်ဖြစ်ရပ်များအရ ဆိုလျှင် ထိုပုဂ္ဂိုလ်မှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်းမှ ရှေးဟောင်း ရွေးချယ်ခံ လင်းမင် ဖြစ်သင့်သည်။
"ဘာဖြစ်လို့လဲ"
ရှေးဟောင်း ဝိညာဉ်၏ အသံက စိတ်ထဲတွင် ပဲ့တင်ထပ်လာလေရာ စန်းယွန်းလီ သက်ပြင်းချလိုက်မိသည်။
"လင်းမင် ဆိုတဲ့ နာမည်နဲ့ ပတ်သက်ပြီး အကြီးအကဲ သိထားတာ တစ်ခုခု ရှိလား..."
သူမက သိလိုစိတ်ဖြင့် မေးလိုက်၏။
"လင်းမင်... ဘယ်သူလဲ"
ရှေးဟောင်း ဝိညာဉ်မှာ အံ့အားသင့် သွားခဲ့သည်။ စန်းယွန်းလီ စိတ်လျှော့လိုက်သည်။ သူမပင်လျှင် မသိသော လူတစ်ဦးအကြောင်း ရှေးဟောင်း ဝိညာဉ်အား မေးမြန်းခြင်းမှာ အဓိပ္ပာယ်မဲ့သော ကြိုးပမ်းမှုဖြစ်သည်။ ထိုအခိုက်အတန့်တွင်ပင် ရုတ်တရက် သူမ စိတ်ကူးစိတ်သန်းတစ်ခုကို ရရှိလိုက်၏။
"ဒါနဲ့ အကြီးအကဲက အစစ်အမှန် ဒြပ်စင်ဂိုဏ်း နဲ့ ဆက်စပ်မှု ရှိလား... ဒါမှမဟုတ် ကျောက်စိမ်းဒြပ်စင်ဂိုဏ်း နဲ့ပဲ ဖြစ်ဖြစ်"
"အစစ်အမှန် ဒြပ်စင်ဂိုဏ်း... ကျောက်စိမ်း ဒြပ်စင်ဂိုဏ်း... ဘာတွေလဲ"
ရှေးဟောင်း ဝိညာဉ်မှာ သူမ မသိသော ကျပန်းမေးခွန်းများကြောင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်လာခဲ့သည်။ ချိပ်ပိတ်နယ်မြေ အတွင်းရှိ အင်အားစု သေးသေးလေးများ အကြောင်း သူမက မည်ကဲ့သို့ သိမည်နည်း။
စန်းယွန်းလီ၏ မျှော်လင့်ချက်များက ပြန်လည်၍ ငုပ်လျှိုးသွားခဲ့သည်။ သူမက သက်ပြင်းချလိုက်ရင်း ကျင့်ကြံခြင်း ဈာန်ဝင်စားမှုကို ပြန်လည် ရယူရန် ကြိုးပမ်းလိုက်သည်။ အစစ်အမှန် ဒြပ်စင် ဧကရာဇ်မှာ ဧကရာဇ် အဆင့် နာမည်များစွာထဲမှ တစ်ခုသာဖြစ်လေရာ ထိုဆုံးရှုံးမှုကို သူမ သိပ်စိတ်မပူမိပေ။
သူမနှင့် ဝေ့ဝူယင်တို့၏ အချိန်မျဉ်းများကို ပြောင်းလဲခဲ့သော လုပ်ရပ်များကြောင့် နာမည်များ ပျောက်ကွယ်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ဖြစ်ရပ်များမှာ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်နေသည်။ ဤသည်မှာ ကောင်းကင်လမ်းစဉ် စာအုပ်ထဲမှ ဧကရာဇ် အဆင့် ဇာတ်ကောင် တစ်ကောင် ပထမဆုံးအကြိမ် လုံးဝ ပျောက်ကွယ်သွားခြင်း ဖြစ်သောကြောင့်သာ သူမ၏ မျက်စိနှင့် အာရုံကို ဖမ်းစားခဲ့ခြင်း ဖြစ်သည်။
“နေဦး..."
တစ်ခဏ ကြာပြီးနောက် ရှေးဟောင်း ဝိညာဉ်က စဉ်းစားဟန်ဖြင့် ပြောလိုက်၏။
"ကျောက်စိမ်း ဒြပ်စင်ဂိုဏ်း ဟုတ်လား... အဲ့ဒါနဲ့ ပတ်သက်ပြီး ငါ သိပ်မသိဘူး... ဒါပေမဲ့ အဓိပတိ ကျောက်စိမ်းဂိုဏ်းနဲ့ ကောင်းကင်တိုင်းပြည်က လင်းမျိုးနွယ်ကိုတော့ သိတယ်"
စန်းယွန်းလီ၏ ကျင့်ကြံခြင်း ဈာန်ဝင်စားမှု အခြေအနေက ချက်ချင်းဆိုသလိုပင် ပျက်စီးသွားခဲ့ကာ သူမ၏ စိတ်ဝင်စားမှုများက အဆမတန် တိုးပွားလာခဲ့သည်။ အထူးသဖြင့် ကောင်းကင်တိုင်းပြည် အကြောင်းကို ကြားလိုက်ရသော အခါတွင် ပို၍ ဖြစ်သည်။ ထိုနေရာမှာ အလွှာ အပြင်က လောကတွင် တည်ရှိနေကြောင်း ရှေးဟောင်း မှတ်တမ်း အချို့တွင် သူမ ဖတ်ဖူးခဲ့သည်။ သို့ဖြစ်လေရာ မည်ကဲ့သို့ စိတ်မဝင်စားဘဲ နေနိုင်မည်နည်း။
"အထွတ်အထိပ် ကျောက်စိမ်းဂိုဏ်းက တိုက်တန် ဦးဆောင်တဲ့ အင်အားစုပဲ... အရင်တုန်းက မြေကြီးရှန့်ထို အဆင့် ဝိညာဉ်သခင် တစ်ဦးက အုပ်ချုပ်ခဲ့တယ်... သူတို့က မဟာစက်ဝန်း ကြယ်ကွင်းပြင်ရဲ့ တိုက်တန် ဧကရာဇ်ကို သစ္စာစောင့်သိခဲ့ကြတယ်... ဒါပေမဲ့ အဲဒီဖြစ်ရပ်ကြီး အပြီးမှာ ဝိညာဉ်သခင်က ဆုံးသွားခဲ့တာ ဖြစ်နိုင်တယ်... ဘာဖြစ်လို့လဲ ဆိုတော့ မဟာစက်ဝန်း ကြယ်ကွင်းပြင်ဟာ 'အဲဒီဖြစ်ရပ်ကြီး' ရဲ့ ဗဟိုချက် ဖြစ်နေခဲ့လို့ပဲ..."
"လင်းမျိုးနွယ်ကတော့ ကောင်းကင်တိုင်းပြည်ရဲ့ ထင်ရှားတဲ့ အရှင်သခင် မျိုးနွယ်စု တစ်ခုပဲ... ငါ မှတ်မိသလောက်ဆိုရင် လင်း မျိုးနွယ်ကို အုပ်ချုပ်တဲ့ လျှို့ဝှက်အရှင်က အဲ့ဒီ 'ဖြစ်ရပ်' ကြီး အတွင်းမှာ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ပါ ပြိုလဲသွားခဲ့တာ... သူက အစတုန်းက စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် တစ်ယောက် ဖြစ်ခဲ့ဖူးတယ်... ဒါပေမဲ့ အဲဒီ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် အများစုက သေဆုံးသွားခဲ့ကြတာချည်းပဲ... နှစ်တွေ ဒီလောက် ကြာပြီးနောက် သူတို့ ဘယ်လိုတွေ ဖြစ်နေကြမလဲ..."
ရှေးဟောင်း ဝိညာဉ်၏ အသံထဲမှ ဝမ်းနည်းသည့် ခံစားချက်များ ထွက်ပေါ်လာ၏။ သူမက ချစ်ရသူ တစ်ယောက်၏ မှတ်ဉာဏ်ကို ပြန်လည် သတိရနေသည့်ပုံ ပေါ်လေသည်။
"လင်းမျိုးနွယ်က တိုက်တန်း မျိုးနွယ် လား"
စန်းယွန်းလီ မျက်ခုံးပင့်ကာ မေးလိုက်၏။
"မဟုတ်ဘူး... ကောင်းကင်တိုင်းပြည်က လူသားမျိုးနွယ် ဦးဆောင်တဲ့ ကြယ်စင်စု အင်ပါယာ တစ်ခုပဲ... လင်းမျိုးနွယ်ဝင်တွေ အားလုံးကလည်း လူသားတွေချည်းပဲ"
"ဪ"
စန်းယွန်းလီ ခေါင်းညိတ်လိုက်သည်။ ဤသို့ဆိုလျှင် ကျောက်စိမ်း ဒြပ်စင်ဂိုဏ်းက ကောင်းကင်တိုင်းပြည်၏ လင်းမျိုးနွယ်စုနှင့် ချိတ်ဆက်နေသည်လား။
ရှေးဟောင်း ဝိညာဉ်က ဆက်လက်၍ ရှင်းပြလိုက်၏။
"လင်းမျိုးနွယ်ဝင်တွေက လေဒြပ်စင် ကျင့်ကြံတဲ့ နေရာမှာ တစ်ဖက်ကမ်းခပ်အောင် တော်တဲ့လူတွေ... သူတို့ရဲ့ ဘိုးဘေးဖြစ်တဲ့ လျှို့ဝှက်အရှင် ဆိုရင် လေဥပဒေသကိုတောင် နားလည်ထားတဲ့သူ... သူတို့က ကောင်းကင်တိုင်းပြည်မှာတောင် ကြောက်စရာ ကောင်းတယ်... အာဏာရှင် အင်ပါယာ ကောင်းကင်မုန်တိုင်းတောင် သူတို့ကို လေးစားရတယ်... ဒါကြောင့်ပဲ သူတို့ကို ပထမဆုံး စုံစမ်းစစ်ဆေးရေး အဖွဲ့ထဲမှာ ယုံယုံကြည်ကြည်နဲ့ ထည့်ခဲ့တဲ့ပုံ ရတယ်..."
အာဏာရှင် အင်ပါယာ ကောင်းကင်မုန်တိုင်း...
စန်းယွန်းလီ၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပသွားခဲ့၏။ အင်ပါယာ အင်ပါယာ သုံးဦး အကြောင်း မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် ဖော်ပြထားသော မှတ်တမ်းတိုင်းမှာ အလွန်ညံ့ဖျင်းပြီး မရှင်းလင်းလှချေ။ ဤသည်က အာဏာရှင် အင်ပါယာ တစ်ဦး၏ နာမည်ကို သူမ ဘဝတွင် ပထမဆုံး အကြိမ် ကြားဖူးခြင်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်နှင့် ပတ်သက်၍ သိလိုစိတ်က သူမ နှလုံးသား အတွင်း ပိုမို၍ ကြီထွားလာခဲ့လေ၏။
"အာဏာရှင် အင်ပါယာ ကောင်းကင်မုန်...”
"အိုး... သေစမ်း..."
ရုတ်တရက် ရှေးဟောင်း ဝိညာဉ်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"အဲ့ဒီနာမည်ကို မပြောနဲ့..."
သူမက စန်းယွန်းလီ၏ အသိစိတ် ပင်လယ်အတွင်း လျှပ်စီးလှိုင်းတစ်ခုကို ထုတ်လွှတ်ကာ အသံကို အလျင်အမြန် ဖြတ်တောက် ပစ်လိုက်လေသည်။
***