ဝေ့ဝူယင်
Vol. 104 Ch. 1443
အရိပ်မှာ တဖြည်းဖြည်း ပိုမို၍ ရှင်းလင်းလာ၏။ မရေမတွက်နိုင်အောင် များပြားလှသော လူများမှာ အသိစိတ်ထဲမှ နေ၍ အနီးကပ် ချိတ်ဆက်မှုကို အမြင့်ဆုံး အကန့်အသတ်ထိ ရောက်အောင် မြှင့်တင် လိုက်ကြသည်။
ငွေရောင်မြူခိုးများ လုံးဝ ပျောက်ကွယ်သွားခဲ့သော အခိုက်တွင်တော့ ကြီးကျယ် ခမ်းနားသော ခေတ်သစ်တစ်ခုကို ဦးဆောင်နေသည့် လူငယ်၏ ပုံရိပ်မှာ အားလုံး၏ ရှေ့တွင် ထင်ရှားစွာ ပေါ်လွင်လာခဲ့တော့သည်။
ဝေ့ဝူယင်...
အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်၊ ဖီဆန် အာရုဏ်ဦး၏ အာဏာရှင် အင်ပါယာ၊ တစ်လောကလုံးက အသိအမှတ်ပြုထားသည့် ရှန့်ထို ဖန်ဆင်းရှင်...
သူတို့အားလုံး သူ့ကို မျက်မြင် တွေ့လိုက်ရပြီ ဖြစ်လေသည်။ ချက်ချင်းပင် အားလုံး၏ မျက်လုံးများမှာ အံ့အားသင့်စွာ ပြူးကျယ်သွားခဲ့လေ၏။
ဝေ့ဝူယင်မှာ ချောမောသည်။ ယောက်ျားဆန်မှု၊ ထူးခြားသည့် ဆွဲဆောင်နိုင်မှုတို့နှင့် ပြည့်စုံသည်။ ယခင်ကလည်း ဝေ့ဝူယင်မှာ ချောမောသည် ဟု သူတို့ ကြားဖူးခဲ့ကြသည်။
သို့သော်လည်း ဤသည်က...။
ဝေ့ဝူယင်မှာ နှုတ်ခမ်းထက်၌ အပြုံးဖျော့ဖျော့ကို ဆင်မြန်းထား၏။ မဟူရာ ကိုယ်ကြပ် အောက်ခံ ဝတ်စုံထက်တွင် ငွေရောင် အဂ္ဂိရတ် ဝတ်စုံကို ထပ်၍ ဝတ်ဆင်ထားသည်။
"အားလုံးကို ကြိုဆိုပါတယ်...”
ထိုအခိုက်၌ သူ၏ လှုပ်ရှားမှုတိုင်း၊ စကားလုံးတိုင်းက လောက၏ ဥပဒေသများကို သယ်ဆောင်ထားပုံ ရလေသည်။ အချို့က ဝေ့ဝူယင်ကို အာဏာရှင်ဆန်သည့် ဘုရင် တစ်ပါး အသွင်ဖြင့် တွေ့မြင်ကာ အချို့ကလည်း ရိုးသား၍ နှိမ့်ချတတ်သည့် ပညာရှိ တစ်ဦး အသွင်ဖြင့်မြင်၏။ အချို့ကလည်း သူ့ကို နွေးထွေးပြီး လွတ်လပ်သည့် သို့မဟုတ် ဆွဲဆောင်မှုပြည့်ဝသည့် ပုံရိပ်ဖြင့် မြင်ကြသည်။
လင်းရှန်းရှဲ့၏ နှလုံးခုန်နှုန်းမှာ ပုံမှန်ထက် နှစ်ဆနီးပါး မြင့်တက်လာကာ၊ သွေးများမှာ ဦးခေါင်းဆီသို့ စီးဝင်သည်နှင့်အမျှ လှပသော မျက်နှာလေးမျာ အနည်းငယ် နီရဲလာခဲ့၏။ သူမနှင့် ဝေ့ဝူယင်မှာ မကြာခဏ စကားပြောခဲ့ ဖူးပြီး၊ လွန်ခဲ့သည့် နှစ်များ အတွင်း ဝေ့ဝူယင်မှာ သူမ၏ အိမ်သို့ ဝိညာဉ်ကိုယ်ပွား တစ်ခုဖြင့် လာရောက် လည်ပတ်ခဲ့သည်အထိ ရင်းနှီးမှုရှိခဲ့သည်။ သို့သော်လည်း... သူ့ကို အပြင်တွင် တိုက်ရိုက်မြင်ရခြင်းက ခြားနားပေသည်။
သူမ အပါအဝင် လူတိုင်းမှာ ဧဒင်ကမ္ဘာ အတွင်းတွင် ဝိညာဉ် ကိုယ်ပွားများနှင့်သာ ရှိနေကြသော်လည်း ဝေ့ဝူယင်ကတော့ သူ၏ အစစ်အမှန် ခန္ဓာကိုယ်ဖြင့် စင်မြင့်ထက်တွင် ရှိနေခြင်း ဖြစ်သည်။ ၎င်းက မိမိတို့၏ နေအိမ် ပြတင်းပေါက်များမှ သူ့ကို လှမ်းကြည့်နေရသည်နှင့် ဆင်တူသည်။
ဝေ့ဝူယင်ကို ငေးမောရင်း စကားလုံး အချို့မှာ လင်းရှန်းရှဲ့၏ နားစည် အတွင်း ပဲ့တင်ထပ်၍ ပြန်လည်၍ ဝင်ရောက်လာခဲ့၏။
"သူက ညည်း ရှာဖွေနေတဲ့ အရာအားလုံးပဲ... ငတုံးမလေး... နင့်အိပ်မက်တွေ အစစ်အမှန် ဖြစ်လာလိမ့်မယ်... နင့် ရည်မှန်းချက်တွေ ပြည့်မှာပဲ... သူနဲ့ဆိုရင် နင့်ရဲ့ အနာဂတ်ဟာ ပျော်ရွှင်စရာတွေနဲ့ပဲ ပြည့်နေလိမ့်မယ်... နင့် အတွက် မဖြစ်နိုင်ဘူး ဆိုတာ ဘာမှ မရှိတော့ဘူး... ဒါပေမယ့်..."
ထိုနေ့၌ ရွှေရောင် ဂိတ်တံခါး နန်းတော်၏ မဟာ ပုရောဟိတ်က ဝေ့ဝူယင်သည်သာလျှင် သူမ ဘဝ အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထိုစဉ်က သူမ ထိုစကားများကို ဂရုမထားခဲ့ပေ။ သို့သော်လည်း များမကြာမီမှာပင် အစစ်အမှန် ဒြပ်စင်ဂိုဏ်းအတွင်း သူမ နှင့် လင်းမင်၏ အသက်ကို ကယ်တင်ရန် ဝေ့ဝူယင်၏ နာမည်ကို အလွဲသုံးစား လုပ်ခဲ့ရသည်။ ထိုကာလမှာ တိုတောင်းသော်လည်း... လူပေါင်းများစွာ၏ မတူညီသည့် မျက်ဝန်းများနှင့် ဆက်ဆံပုံများက သူမကို အံ့အားသင့်စေခဲ့သည်။
ထိုအချိန်က စလို့ မဟာပုရောဟိတ်၏ စကားလုံးများမှာ ပျောက်ကင်းနိုင်ခြင်းမရှိသော ဗိုင်းရပ်စ်ပိုးကဲ့သို့ သူမ၏စိတ်ထဲတွင် စွဲကပ်နေခဲ့သည်။
တဖြည်းဖြည်းနှင့် အချိန်များ ကုန်လွန်လာရင်း ဆယ်စုနှစ်များစွာ ကြာမြင့်လာခဲ့ပြီးသည့် နောက်တွင်တော့ ထိုစကားလုံးများက အမှန်တကယ် ရိုးသားနိုင်ကြောင်း သူမ သဘောပေါက်လာခဲ့သည်။ ဝေ့ဝူယင်၏ အံ့မခန်း အောင်မြင်မှုများက ထိုအချက်ကို သက်သေခံ နေပေသည်။
လွန်ခဲ့သော နှစ်များစွာ... အနန္တ ကုန်းမြေတိုက်ကြီးတွင် ဝေ့ဝူယင်နှင့် စတင် ဆုံတွေ့စဉ် အချိန်ကို သူမ ပြန်လည်၍ သတိရလိုက်မိသည်။ ထိုစဉ်အခါက ဝေ့ဝူယင်မှာ လင်းမင်နှင့် နှိုင်းယှဉ်ရလျှင်... ထူးခြားမှု မရှိခဲ့သလောက်ပင်။ သူတို့ အကြားတွင် ကျင့်ကြံခြင်း အခြေခံ ကွာခြားမှု တစ်ချို့ ရှိခဲ့သော်လည်း လင်းမင်မှာ ဝေ့ဝူယင်ထက် အသက် ပိုငယ်လေရာ ထိုအရာက မပြောပလောက်ချေ။ မွေးရာပါ ပါရမီအားဖြင့်တော့ လင်းမင်က ဝေ့ဝူယင်ထက် အနည်းငယ်သာလွန်ခဲ့သည်။
သို့သော်လည်း... ဆယ်စုနှစ်များစွာ ကြာညောင်းပြီးချိန်တွင်တော့ သူတို့ နှစ်ဦးကို နှိုင်းယှဉ်လို့ မရနိုင်တော့ချေ။ ဝေ့ဝူယင်မှာ ခေတ်သစ်တစ်ခုကို ဦးဆောင်နေစဉ်၊ လင်းမင်ကတော့ ပျက်စီးနေသော ဂုဏ်သတင်းများကို ပြန်လည် ထူထောင်ရန် ရုန်းကန်နေရသည်။ ထို့အပြင်... ဝေ့ဝူယင်သည် တဖြည်းဖြည်းချင်းနှင့် ရည်ရွယ်ချက် ရှိရှိ လင်းမင်၏ အားသာချက်အားလုံးကို လုယူနေခဲ့သည်။
"ဒါပေမယ့်... နင့် ရှေ့မှာ ရှိနေတဲ့ တစ်ယောက်ကတော့ နင့်ကို ဒုက္ခတွေပဲ ပေးလိမ့်မယ်... ရွေးချယ်မှုသာ မှားယွင်းခဲ့မယ် ဆိုရင် နင့်အိပ်မက်တွေက ပါးစပ်ထဲက မှုတ်ထုတ်လိုက်တဲ့ မီးခိုးတွေလိုပဲ လွင့်ပြယ် သွားရလိမ့်မယ်... နင့်ရဲ့ ရည်မှန်းချက်တွေ အားလုံး ပျက်စီးသွားလိမ့်မယ်... နောက်ပြီး နင့်ရဲ့ အနာဂတ်ဟာလည်း မှောင်မည်းပြီး မရေရာတဲ့ လမ်းကြောင်း တစ်ခုဆီ ဦးတည်သွားရလိမ့်မယ်..."
"မီးခိုးတွေလို..."
လင်းရှန်းရှဲ့ တစ်ယောက်၏ ဒဏ္ဍာရီလာ နတ်ဘုရားငယ် တစ်ပါးလို ချောမောလှသည့် ဝေ့ဝူယင်၏ ပုံရိပ်ကို ငေးမောရင်း ထိုစကားလုံးကို ပါးစပ်မှ မပြတ်မသား ရေရွတ် လိုက်မိသည်။ ယခင်တုန်းက သူမ ဝေ့ဝူယင်ကို ဘယ်အဖွဲ့အစည်းထံ သစ္စာခံသလဲ ဟု မေးခဲ့ဖူးသည်။ ဝေ့ဝူယင်ထံတွင် အင်အားကြီး နောက်ခံ တစ်ခု ရှိလိမ့်မည်ဟု သူမ ထင်မြင် ယူဆခဲ့သည်။
သူမ၏ မေးခွန်းကို ကြားလျှင်ကြားချင်း ဝေ့ဝူယင်မှာ အနည်းငယ် အံ့အားသင့်သွားဟန် ရကာ ထို့နောက်တွင်တော့ ရယ်မောတော့သည်။ ထိုအရာက ရိုင်းပြသည့် အပြုအမူ တစ်ခုနှင့် တူသော်လည်း ဝေ့ဝူယင်က ချက်ချင်းပင် ရှင်းပြခဲ့သည်။ နေသွေးနီနီဂိုဏ်းနှင့် အနန္တ ဧကရာဇ်ဂိုဏ်းတို့က လွဲလို့ သူက ဘယ်အဖွဲ့အစည်းကိုမှ မဝင်ရောက်ခဲ့ဟု ဆိုသည်။
ထို့အပြင် သူ့ထံတွင် အင်အားကြီး နောက်ခံ မရှိကြောင်းနှင့် လက်ရှိ အဆင့်ကို ရောက်ရှိရန် စိန်ခေါ်မှုများကို ကျော်ဖြတ်ပြီး ကိုယ့်အားကိုယ်ကိုးခဲ့ရကြောင်း ဝေ့ဝူယင်က ပွင့်ပွင့်လင်းလင်း ဝန်ခံသည်။
ထိုအရာက မယုံကြည်နိုင်စရာ ကောင်းလွန်းသည်။ သို့သော်လည်း သူမ ယုံကြည်လိုက်မိသည်။ ဝေ့ဝူယင်က အဘယ်ကြောင့် သူမကို လိမ်ဖို့ လိုအပ်မည်နည်း။ လိမ်ပြောလျှင် ရရှိမည့် အကျိုးကျေးဇူး မရှိချေ။ အကယ်၍ သူ့ထံတွင် လျှို့ဝှက် ကျိန်စာ ကန့်သတ်ချက်များ ရှိလျှင်ပင် ထိုကဲ့သို့သော အကြောင်းများကြောင့် ပြောမပြနိုင်ကြောင်း ဆိုလိုက်ရုံသာ ရှိပေသည်။
အကယ်၍ ဝေ့ဝူယင် ပြောခဲ့သည့် စကားများသာ အမှန်ဆိုလျှင်... သူ၏ အောင်မြင်မှုများမှာ ထာဝရ ဧကရာဇ်ကို ကျော်တက်သွားရုံမျှသာ မက... ဤကမ္ဘာ လောက၌ မွေးဖွားလာသူများထဲတွင် အကြီးမြတ်ဆုံး၊ အခမ်းနားဆုံးသော ပုဂ္ဂိုလ်ပင် ဖြစ်သွားနိုင်ပေသည်။
"..."
လင်းမင်မှာ လင်းရှန်းရှဲ့ထံမှ တီးတိုး ရေရွတ်သံကို ကြားလိုက်ရလေရာ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်မိ၏။ အကယ်၍ ဧဒင်ကမ္ဘာထဲတွင် ကိုယ်ပွား အနေဖြင့် ရှိနေခြင်းသာ မဟုတ်ပါက သူ၏ လက်များတွင် သွေးစို့ နေလောက်ချေပြီ။ သူနှင့် လင်းရှန်းရှဲ့၏ ဆက်ဆံရေးက ချောက်ကမ်းပါး တစ်ခုကို ရောက်ရှိနေသလို လင်းမင် ခံစားရသည်။ သူမနှင့် အတူရှိရဖို့ သူ တတ်နိုင်သမျှ အရာအားလုံး လုပ်ခဲ့သော်လည်း ထိုခရီးက အလှမ်းဝေးလွန်းလှသည်။
လင်းမင်၏ မီးခိုးရောင်မျက်လုံးများမှာ စင်မြင့်ထက်ရှိ ဝေ့ဝူယင်ထံသို့ ရွေ့လျား သွား၏။ ထိုအရှက်မရှိသည့်ကောင်မှာ ပြောင်ချော်ချော် အပြုံးတစ်ခုကို ဆင်မြန်းရင်း ဧဒင်ကမ္ဘာ အတွင်းရှိ လူတိုင်းကို မွေ့လျော်စွာ နှုတ်ဆက်နေသည်။ လင်းမင် လက်သီးများကို ပိုမို တင်းကြပ်စွာ ဆုပ်လိုက်မိလေတော့၏။
...
"တကယ် ထူးချွန်တဲ့ ကလေးပဲ"
စန်းယွန်းလီ၏ အသိစိတ် ပင်လယ်ထဲမှ အမျိုးသမီးက စိတ်ရင်းနှင့် ချီးကျူးလိုက်၏။ သူမမှာ ရှေးဟောင်း ဝိညာဉ် တစ်ယောက် ဖြစ်သော်လည်း ထိုမျှ ထူးချွန်သည့် သေမျိုး တစ်ယောက်ကိုတော့ တစ်ဘဝလုံး တစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ဖူးချေ။
"သူ့ကို ဘယ်လိုထင်လဲ..."
စန်းယွန်းလီက မသိမသာ မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ အကယ်၍ ဝေ့ဝူယင်ထံတွင် သူမ ကဲ့သို့ ကောင်းကင်လမ်းစဉ် စာအုပ် တစ်အုပ်ကို ပိုင်ဆိုင်ထားသည် ဆိုလျှင် သူတို့ နှစ်ယောက် အကြား၌ တိုက်ပွဲများ ဖြစ်ပေါ်လာဖို့က သေချာသလောက် ဖြစ်သည်။
"သူလား... ငါ့အမြင် ပြောရရင် သူက လျှို့ဝှက်တယ်... နောက်ပြီး သူ့ခန္ဓာကိုယ်က အရာအားလုံးနဲ့ ဟန်ချက်ညီနေတယ်... ဒီနှစ်ချက်က လွဲရင် ငါ ဘာကိုမှ မမြင်နိုင်ဘူး... လိုလည်း လိုအပ်မယ် မထင်ဘူး"
ရှေးဟောင်း ဝိညာဉ်က ပြန်ဖြေလိုက်၏။ စန်းယွန်းလီ တိတ်တဆိတ်ပင် ခေါင်းညိတ်လိုက်ရင်း ဝေ့ဝူယင်ကို ဆက်လက်၍ အကဲခပ် လိုက်သည်။
ရုပ်ပိုင်းဆိုင်ရာ အရ ဝေ့ဝူယင်မှာ အလွန် ချောမောကြောင်း သူမ မြင်နိုင်သည်။ ထျန်းရီဝူနှင့် ယှဉ်လျှင်ပင် မည်သူက ပိုချောကြောင်း ပြောဖို့ ခက်ခဲလှသည်။ သူတို့နှစ်ဦးစလုံးတွင် မတူ ကွဲပြားသည့် ဆွဲဆောင်မှု တစ်မျိုးစီ ရှိကြသည်။ ဝေ့ဝူယင်မှာ ပိုမို၍ ယောက်ျားဆန်သော်လည်း ထျန်းရီဝူက နူးညံ့ကာ ငြိမ်သက်သည်။ မည်သူက ပိုမို ဆွဲဆောင်မှု ရှိကြောင်း အတင်းအကြပ် ဆုံးဖြတ်ဖို့ ခက်လှသည်။
"နေဦး... ဒီမျက်လုံးတွေက..."
ရုတ်တရက် တစ်ယောက်က အံ့ဩတကြီး ရေရွတ်လိုက်၏။ စန်းယွန်းလီ ဝေ့ဝူယင်၏ တဖျပ်ဖျပ် တောက်ပနေသည့် ငွေရောင်မျက်လုံးများကို သတိထားမိသွားခဲ့သည်။ သူမ မသိစိတ်ထဲမှ ထျန်းရီဝူ၏ ရွှေညိုရောင် မျက်ဝန်းများနှင့် နှိုင်းယှဉ်ကြည့်လိုက်မိ၏။
၎င်းတို့က...။
"မဟုတ်ဘူး..."
သူမက တွေးတောနေရာမှ ချက်ချင်း ရပ်တန့် လိုက်သည်။
"သူ့ရဲ့ မျက်လုံးတွေကို ငါ ရင်းနှီးနေသလိုပဲ..."
ရှေးဟောင်း ဝိညာဉ်က မသေချာ မရေရာသည့် အသံနှင့် ဆိုလိုက်၏။
"ရင်းနှီးနေတာလား..."
စန်းယွန်းလီ အနည်းငယ် အံ့ဩသွားခဲ့၏။ သို့သော်လည်း ထိုစကားလုံးများနှင့် နက်နက်နဲနဲ စူးစမ်းဖို့ မတတ်နိုင်ခင်မှာပင် ဝေ့ဝူယင်က စကားစပြောလိုက်ပြီ ဖြစ်သည်။
"ကျုပ်က စကားအများကြီး ပြောတတ်တဲ့သူ မဟုတ်ဘူး... ဒါကြောင့် အတိုချုပ်ပဲ ပြောရတာကို ခွင့်လွှတ်ပေးကြပါ... ဒီကာလမှာ လူတိုင်း အတွက် အချိန်က အရမ်း တန်ဖိုးရှိပြီး ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲ နီးကပ် လာနေတာမို့ တစ်စက္ကန့်တောင်မှ အလဟဿမဖြစ်စေချင်ဘူး... ဒါကြောင့် နောက်ဆုံးအစီအစဉ်ကို နည်းနည်းလေး စောပြီးလုပ်ဖို့ ဆုံးဖြတ်လိုက်ရတာပါ..."
ဝေ့ဝူယင်က လက်ခုပ်တီးလိုက်ရာ စင်မြင့်၏ အလယ်ဗဟိုတွင် မှော်သန့်စင် ဆေးအိုး တစ်လုံးနှင့် အဂ္ဂိရတ်စားပွဲကြီးတစ်ခု ပေါ်လာခဲ့လေတော့၏။
***