← Chapters

စတင်ခြင်း

Vol. 104 Ch. 1445

စတင်ခြင်း

Vol. 104 Ch. 1445

အားလုံး တီးတိုး ပြောဆို နေကြသည့် အခိုက်တွင်ပင် ဝေ့ဝူယင်မှာ ဆေးဖော်စပ်ရန် လိုအပ်သည့် ပစ္စည်းများအားလုံးကို စုစည်းပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ ထိုအထဲတွင် လျှို့ဝှက် လောက အဆင့် အမတေ ကျောက်တုံး တစ်တုံး အပါအဝင် လျှို့ဝှက် မြေကြီး အဆင့် ရင်းမြစ်များစွာ ပါဝင်ကာ အားလုံးမှာလည်း မရှိမဖြစ် လိုအပ်သော ပစ္စည်းများ ဖြစ်ကြသည်။

ဝေ့ဝူယင် မိမိကိုယ်ကို အသင့် ပြင်ဆင်ရင်း အသက်ကို ဖြည်းညှင်းမှန်မှန် သွင်းလိုက်သည်။ ပြင်ပ လွှမ်းမိုးမှု အားလုံးကို ပိတ်ဆို့ပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ စိတ်အစဉ်မှာ ယခင်က တစ်ခါမှ မကြုံတွေ့ဖူးသည့် ဆိတ်ငြိမ်ခြင်း အခြေအနေ တစ်ခုထဲသို့ ဝင်ရောက်သွားခဲ့သည်။

လငပုပ်ဖမ်းသည့် အရိပ် တစ်ခု သဖွယ် သူ့ဘဝကို တစ်သက်တာလုံး လွှမ်းမိုးထားခဲ့သည့် ပုံရိပ်ကား စိတ်ကူးဖြင့် ပုံဖော်ကြည့်လိုက်သည်။ သူ လှမ်းခဲ့သည့် ခြေလှမ်းတိုင်း၌… ဝန်ခံသည်ဖြစ်စေ၊ ဝန်မခံသည်ဖြစ်စေ ထိုပုံရိပ်နှင့် အမြဲတစေ နှိုင်းယှဉ်ခြင်း ခံခဲ့ရကာ ဘယ်သောအခါမျှ ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ဝေ့ဝူယင်မှာ ငယ်ငယ်ရွယ်ရွယ်နှင့် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ပါး ဖြစ်လာခဲ့သော်လည်း ထာဝရ ဧကရာဇ်မှာ ချီပျစ်ခဲခြင်း အဆင့်မှာတည်းက အဆင့်ကိုး ဆေးလုံးကို ဖော်စပ် အောင်မြင်ခဲ့သည်။

ဝေ့ဝူယင်မှာ ကောင်းကင်ဘုံကို စိန်ခေါ်သည့် ဆေးလုံးများ ဖန်တီးခဲ့သော်လည်း လက်ရှိ အချိန်အထိ ထာဝရ ခြေချခြင်း ဆေးလုံးမှာ ကောင်းကင်ဘုံကို စိန်အခေါ်နိုင်ဆုံး ဆေးလုံး ဖြစ်နေဆဲ ဖြစ်သည်။

ထာဝရ အစည်းအရုံး၏ မြေအောက် ဘဏ္ဍာတိုက်ထဲမှ ထာဝရ ဧကရာဇ်၏ အမွေအနှစ်များကို ရရှိခဲ့လေရာ ထိုပုဂ္ဂိုလ်ကြီးမှာ လုံးဝ သာမန် မဟုတ်ကြောင်း ဝေ့ဝူယင် သဘောပေါက်သည်။

ထိုပုဂ္ဂိုလ်ကြီးမှာ လျှို့ဝှက် အာဏာရှင်အဆင့်ကို မတက်ရောက်ခင် ထိုအတွက် အထောက်အကူပြု ဆေးလုံးတစ်မျိုးကို ဖော်စပ်ခဲ့ကြောင်း သည်ကို သိသူ အလွန်နည်းသည်။

ထာဝရ သေမျိုး တန်ခိုးရှင် ဆေးလုံး...

၎င်းက လျှို့ဝှက် လောက အဆင့် ဆေးလုံး တစ်လုံးပင် ဖြစ်လေသည်။

ထိုအရာက ဘာကို ဆိုလိုသနည်း။

ထာဝရ ဧကရာဇ်မှာ ချီပျစ်ခဲခြင်း အဆင့်တွင် အဆင့်ကိုး ဆေးလုံး တစ်လုံးကို ဖော်စပ်ခဲ့ရုံ မျှသာ မက… ကြယ်တာရာ သခင် အဆင့်တွင်လည်း လျှို့ဝှက် လောကအဆင့် ဆေးလုံး တစ်လုံးကို ဖော်စပ်ခဲ့သည်ဟု အဓိပ္ပာယ် ရပေသည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာ အတွင်း၌… ထာဝရ ဧကရာဇ်မှာ သူ၏ လောက နိုးထမှုကို အသက်သွင်းရန် အဘယ်ကြောင့် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရကြောင်း ဝေ့ဝူယင် အမြဲတမ်း သံသယ ရှိခဲ့သည်။ သို့သော်လည်း ယခု သုံးသပ်ရသလောက်… သူက ထိုဖြစ်ရပ်ကို ရိုးရှင်းစွာ ထိန်းချုပ်ထားခြင်း ဖြစ်နိုင်သည်။ လောက နိုးထမှုကို ဖိနှိပ်ရန်မှာ မဖြစ်နိုင်သည့် အရာ တစ်ခု မဟုတ်ဘဲ ထိုကဲ့သို့ပြုလုပ်ရန် နည်းလမ်းများစွာ ရှိသည်။

ဝေ့ဝူယင်သည် ဝန်ခံသည်။ လူပုဂ္ဂိုလ်ကြီးမှာ ဧကရာဇ်ဘွဲ့နှင့် ထိုက်တန်ပါသည်။ အကြွင်းမဲ့သော လေးစားမှုများကို ရထိုက်သည်။ သူက သူ၏ ဘိုးဘေးများထဲမှ တစ်ဦးပင် ဖြစ်နိုင်သည်။ သူကိုယ်တိုင်လည်း ထိုပုဂ္ဂိုလ်ကြီးကို များစွာ လေးစားသည်။

သို့သော်လည်း… ဝေ့ဝူယင် သူ၏ အရိပ်အောက်တွင် ဆက်လက် ထိုင်နေဖို့ ဆန္ဒမရှိပါတော့ချေ။ တရားမျှတစွာပင် လွတ်မြောက်ဖို့ ကြိုးစားလိုသည်။ ထိုအရိပ်အောက်မှ ထွက်ခွာကာ ကိုယ်ပိုင် အရိပ်ကို ဖန်တီးချင်သည်။

ထိုအရာက ထာဝရ ဧကရာဇ်နှင့် ပခုံးချင်းယှဉ်လိုချင်း မဟုတ်ပဲ ခြားနားသည့် လမ်းကြောင်း တစ်ခုကို ခွဲထွက် လျှောက်လှမ်းလိုခြင်းသာ ဖြစ်သည်။

ထို့အပြင်... ဝေ့ဝူယင် သူ၏ အရည်အချင်း တစ်ချို့ကို ဆက်လက် ဖုံးကွယ်ထားလိုခြင်း မရှိတော့ချေ။

"အဆင်သင့်ဖြစ်ပြီလား"

သူ တည်ငြိမ်စွာ မေးလိုက်၏။

"ဒါပေါ့..."

ဧဒင်က တက်ကြွစွာဖြင့် ပြန်ဖြေလိုက်သည်။ ဝေ့ဝူယင်၏ အသိစိတ် ပင်လယ် အတွင်းတွင် ၎င်း၏ ကြယ်တာရာ အမြုတေမှာ အဂ္ဂိရတ် တာအို၏ စွမ်းအင် အရှိန်အဝါကို စတင်ထုတ်လွှတ်လာကာ တောက်ပသော သက်တံရောင် အလင်းတန်းများမှာ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံ သွားခဲ့တော့သည်။

တစ်ချိန်တည်း၌ ဝေ့ဝူယင်၏ ထျန်းတျန် အတွင်းတွင် ကြယ်တာရာ ဝိညာဉ် နှစ်ခုမှာ အသက်ဝင်လာကာ စတင် ဟိန်းဟောက်လာကြသည်။

ဘုန်း... ဘုန်း...

အိုရီနှင့် ဘုရင်တို့ နှစ်ယောက် စွမ်းအင် အော်ရာများကို ထုတ်လွှတ် လိုက်ကြသော အခိုက်၌ စင်မြင့်တစ်ခုလုံးမှာ မိုးကြိုးထစ်ချုန်း သကဲ့သို့ တဟုန်းဟုန်း တုန်ခါသွားခဲ့သည်။ ဝေ့ဝူယင်၏ ဆံနွယ်များနှင့် ဝတ်ရုံတို့မှာ ပြင်းထန်သော လေမုန်တိုင်း အလယ်တွင် ရှိနေသကဲ့သို့ ရူးသွပ်စွာ လှုပ်ရှား ခတ်သွားသည်။

"..."

ပရိသတ်များမှာ နေရာတွင် မှင်တက်စွာ ရပ်ကြည့်နေကြ၏။

"ဘာလဲ..."

အကန့်အသတ်မဲ့ သိုင်းဧကရာဇ်၏ မျက်လုံးများမှာ အဆုံးအစ မရှိ ပြူးကျယ်သွားကာ ပညာရှိ ရုပ်သွင်မှာ ထိတ်လန့် တုန်လှုပ်မှုတို့ကြောင့် ပျက်စီးသွားသည်။

ဝိညာဉ် ရှန့်ထို ဧကရာဇ်၏ နှလုံးခုန်နှုန်းမှာလည်း ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့၏။

အင်ပါယာ ကလန်သား အားလုံးမှာလည်း အေးခဲသွားကြသည်။

ကြယ်ကွင်းပြင်၏ ထိပ်တန်းပုဂ္ဂိုလ်များ အားလုံးမှာ သူတို့၏ ဝိညာဉ်များထံ မိုးကြိုးပစ်ချလိုက်သလို ခံစား နေကြရ၏။

သုံးခု...

ဝေ့ဝူယင်ထံမှ ကြယ်တာရာ ဝိညာဉ် သုံးခု၏ စွမ်းအင် အရှိန်အဝါများ ထွက်ပေါ် နေခဲ့သည်။

၎င်းတို့ အနက်မှ တစ်ခုသည်ကား...။

ဟူး... ဟူး...

ဝေ့ဝူယင် သူ၏ အဂ္ဂိရတ် အင်အားများကို ဆင့်ခေါ်လိုက်၏။ ၎င်းတို့မှာ မြေကြီးရှန့်ထိုများနှင့်ပင် ယှဉ်ပြိုင်နိုင်ကာ အသန့်စင်ဆုံးသော စွမ်းအားကို ထိန်းသိမ်းထားသည်။ ဝေ့ဝူယင် ပါဝင် ပစ္စည်း တစ်ခုကို ဆွဲယူလိုက်ရင်း ကိုယ်ပိုင် ထုတ်ယူခြင်း နည်းစနစ်ကို စတင် အသက်သွင်း လိုက်သည်။

ယနေ့...

အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ၏ ပဉ္စမမြောက် ဆေးလုံးကို စတင် ဖော်စပ်ရင်း ဝေ့ဝူယင်သည် သူ၏ အဂ္ဂိရတ် ဝိညာဉ်ကို ကမ္ဘာလောကထံ ထုတ်ဖော်ပြသခဲ့လေသည်။

....

“...”

အားလုံးမှာ ဆွံ့အ နေကြ၏။ ဧဒင်ကမ္ဘာတစ်ခုလုံး တိတ်ဆိတ် နေကြ၏။ အားလုံး၏ မျက်လုံးများက ဗဟိုစင်မြင့်ထက်တွင် ရှိနေသည့် ဝေ့ဝူယင်ကို ငေးမော နေကြသည်။

ကြယ်တာရာ ဝိညာဉ် သုံးခု...။ ထိုအထဲမှ တစ်ခုက အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ်...။ နောက်နှစ်ခုက ဆေဘာနှင့် မူလဒြပ်စင်တို့ ဖြစ်ကြောင်း သူတို့ ခန့်မှန်းနိုင်ပေသည်။

အားလုံး မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း လိုက်မှီဖို့ ခက်ခဲ နေကြစဉ်မှာပင် ဝေ့ဝူယင်ကတော့ အဂ္ဂိရတ် ဖော်စပ်ခြင်း၏ ပထမဆုံးသော လုပ်ငန်းစဉ်ကို စတင်ကာ အပြည့်အဝ အာရုံစိုက်နေခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်မှာ သူ့အရှေ့ရှိ ပစ္စည်းတစ်ခုထဲမှ လျှို့ဝှက် အဆင့် အမတေနှင့် စွမ်းအင်များကို တိတ်ဆိတ်စွာနှင့် ပြီးပြည့်စုံစွာ စတင် ထုတ်ယူ နေခဲ့သည်။

လူငယ်၏ လှုပ်ရှားမှုများ၌ ထစ်ငေါ့မှု မရှိသလို မဆီလျော်မှုလည်း မရှိချေ။ အရာအားလုံးက စမ်းရေ စီးဆင်းနေသလို ချောမွေ့ကာ အစီအစဉ် ကျနလှသည်။

မကြာခင်မှာပင် ထိုရင်းမြစ်မှ ထုတ်ယူထားသည့် ကောင်းကင်ပြာရောင် အလင်းများမှာ အရှေ့ရှိ ခွက်တစ်ခု အတွင်း ပြီးပြည့်စုံစွာ စီးဝင် သွားခဲ့လေ၏။

ထို့နောက် ဝေ့ဝူယင်က ဒုတိယမြောက် ပစ္စည်းကို ကောက်ယူလိုက်၏။ ချက်ချင်းပင်... သူ၏ ထုတ်ယူခြင်း နည်းလမ်းက တစ်နည်းတစ်ဖုံ ပြောင်းလဲ သွားခဲ့သည်။ သို့သော် ထိုနည်းလမ်းမှာလည်း ချို့ယွင်းချက် ကင်းမဲ့ကာ အခြားခွက် တစ်ခုမှာ ကြက်သွေးရောင် အလင်းများဖြင့် လင်းလက် သွားခဲ့ပြန်သည်။

ဝေ့ဝူယင်၏ ထုတ်ယူခြင်း လုပ်ငန်းစဉ်မှာ အလွန် ချောမွေ့ရုံ မျှသာမက၊ ပြီးစီးသည့် အရှိန်အဟုန်မှာလည်း အံ့မခန်း ဖြစ်သည်။

ထို့အပြင် ဝေ့ဝူယင် အသုံးပြုနေသည်က ပုံစံမဲ့ လုပ်ငန်းစဉ် ဖြစ်သည်။

ပုံစံမဲ့ လုပ်ငန်းစဉ်...

၎င်းမှာ သမာရိုးကျ ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်နှင့် အခြေခံ အားဖြင့် ခြားနားကာ ထုတ်ကုန်ပေါ် မူတည်၍ အပြောင်းအလဲ မျိုးစုံကို ဖော်ဆောင်နိုင်သည့် ဖော်စပ်မှု ပုံစံ ဖြစ်သည်။ ၎င်းမှာ ပိုမို၍ ခက်ခဲကာ အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် အတွက် အဂ္ဂိရတ် တာအို အပေါ် အဆုံးစွန် နားလည်မှုများကို လိုအပ်သည်။ ပုံစံမဲ့ လုပ်ငန်းစဉ်မှာ ပိုမို ကောင်းမွန်သည့် အရည်အသွေးများ ရရှိနိုင်ချေ ရှိသော်လည်း ဖော်စပ်သူ၏ အတွေးတစ်ချက် မှားယွင်းသည်နှင့် ထုတ်ကုန် ပျက်စီးသွားနိုင်ချေက တစ်ရာ ရာခိုင်နှုန်း ဖြစ်သည်။ ထို့ကြောင့်ပင် အဂ္ဂိရတ် ပညာရှင် အများစုမှာ ပုံစံမဲ့ လုပ်ငန်းစဉ်ထက် ကြိုတင် သတ်မှတ်ထားသည့် သမာရိုးကျ လုပ်ငန်းစဉ်ကိုသာ ရွေးချယ် ကြလေ့ရှိသည်။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

ရောင်စဉ်လှိုင်း အဂ္ဂိရတ် အာဏာရှင်နှင့် ဆည်းဆာ အဂ္ဂိရတ် အာဏာရှင်တို့ အပါအဝင် ဧဒင်ကမ္ဘာ အတွင်းရှိ အဂ္ဂိရတ် အာဏာရှင်များ အားလုံးမှာ တစ်ပြိုင်နက်တည်းနီးပါး မေးခွန်းထုတ်ခဲ့မိကြသည်။

ဝေ့ဝူယင်က မည်ကဲ့သို့ အဂ္ဂိရတ် ဝိညာဉ်ကို ပိုင်ဆိုင်ထားသနည်း။

သူတို့ တဖြည်းဖြည်းနှင့် အတွေးများကို ပြန်လည် စုစည်းမိချိန်၌ ဝေ့ဝူယင်မှာ စတုတ္ထမြောက် ပါဝင် ပစ္စည်းကို စတုတ္ထမြောက်ခွက် အတွင်း ထည့်သွင်းခဲ့ပြီး ဖြစ်သည်။

နောက်ဆုံးတွင် သူတို့ အားလုံးမှာ ရှုပ်ထွေးနေသည့် အတွေးများကို တည်ငြိမ်အောင် ကြိုးစား လိုက်ကြကာ ဝေ့ဝူယင်ကို အာရုံစိုက် ကြည့်လိုက်ကြတော့သည်။

"မထူးဆန်းတော့ဘူး... တကယ် မထူးဆန်းတော့ဘူး..."

စန်းလော့ယန်က နားလည် သဘောပေါက်ဟန်ဖြင့် အော်ဟစ်လိုက်၏။ အစပိုင်းတွင် လူအများအပြားသည် ဝေ့ဝူယင်မှာ ဆေးဖော်စပ်ရန် အတွက် အဂ္ဂိရတ် ရေစစ် သို့မဟုတ် ဖော်စပ်ခြင်း လုပ်ငန်းစဉ်အား ပိုမို ထိရောက်အောင် ကူညီနိုင်သည့် အဆင့် မြှင့်တင်ထားသော အဂ္ဂိရတ် နည်းလမ်း တစ်ခုကို အသုံးပြုနေသည်ဟု ယုံကြည်ခဲ့ကြသည်။

ထို့အပြင် သူ့ထံတွင် ထိပ်သီး မြေကြီးရှန့်ထိုများဟု ဆိုနိုင်သည့် နဂါးခေါင်းဆောင်း မြေကြီး ရှန့်ထိုနှင့် ဝူယုတို့ ရှိသည်။ အဂ္ဂိရတ် သူရဲကောင်းများ၏ တာဝန်မှာ အဂ္ဂိရတ် သခင်ကို ကာကွယ်ရန် တစ်ခုတည်း အတွက်သာ သီးသန့် ရည်ရွယ်ထားသည်မဟုတ်ဘဲ၊ ဆေးဖော်စပ်ခြင်းများ၌လည်း ကူညီရသည်။

သို့မဟုတ်ပါက လျှို့ဝှက် အာဏာရှင် အဆင့်ကို မရောက်ခင်... ဝေ့ဝူယင်မှာ မည်ကဲ့သို့ သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်လာနိုင်မည်နည်း။

သို့သော်လည်း... ယခုတွင်တော့ အရာအားလုံးက ရှင်းလင်း သွားခဲ့ပြီ ဖြစ်လေသည်။

***

All Chapters