← Chapters

အမျိုးမျိုးသော အတွေးများ

Vol. 104 Ch. 1446

အမျိုးမျိုးသော အတွေးများ

Vol. 104 Ch. 1446

“ဘာဖြစ်လို့ မထူးဆန်းတာလဲ...”

ရောင်စဉ်လှိုင်း အဂ္ဂိရတ် ရှန့်ထိုက စန်းလော့ယန်ကို မေးလိုက်၏။ ချက်ချင်းပင် အားလုံး၏ အကြည့်များကလည်း သူ့ဘက်သို့ လှည့်လာခဲ့ကာ အဖြေကို ရှာဖွေဖို့ ကြိုးစား လိုက်ကြလေသည်။ သုံးလွှာ အဂ္ဂိရတ် ရှန့်ထိုက အဘယ်ကြောင့် မထူးဆန်းဟု ဆိုရသနည်း။

စန်းလော့ယန်မှာ အားလုံးထံမှ အကြည့်များကို ချက်ချင်းပင် သတိပြုမိလိုက်၏။ ထိုအခါ ထိပ်သီး ကျင့်ကြံသူများပင်လျှင် သူ့ထံမှ ရှင်းပြချက်ကို မျှော်လင့်နေကြောင်း တွေ့လိုက်ရသည်။ အားလုံးထံမှ အာရုံ စူးစိုက်မှုများကို ရရှိနေခဲ့သည့်တိုင် အဂ္ဂိရတ် ရှန့်ထို တစ်ဦး အနေဖြင့် စန်းလော့ယန်ကတော့ မည်သည့် ဖိအားကိုမှ မခံစားရပါချေ။

သူက တည်ငြိမ်စွာပင် စတင်ကာ ရှင်းပြလိုက်၏။

"ထာဝရ ဧကရာဇ် ပေါ်ထွန်းခဲ့တဲ့ အစောပိုင်း နှစ်တွေတုန်းက ကျုပ်တို့ရဲ့ ထာဝရ နယ်မြေမှာ အထွတ်အမြတ် အယ်ဗန် ဧကရီလို့ ခေါ်တဲ့ ကျင့်ကြံသူတစ်ဦး ပေါ်ထွန်းခဲ့ဖူးတယ်… သူက ဝိညာဉ်ခွဲ မျိုးနွယ်ရဲ့ ပြိုင်စံရှား နည်းလမ်းကို ကျင့်ကြံပြီး ကျင့်ကြံခြင်း ဝိညာဉ်သုံးမျိုးကို မွေးဖွားနိုင်ခဲ့တယ်… ဝေ့ဝူယင်ကလည်း အဲဒီ နည်းလမ်းကို ကျင့်ကြံခဲ့တဲ့ သဘော ရှိတယ်… ဒါကြောင့်မလို့ သူ့မှာ ကျင့်ကြံခြင်း ဝိညာဉ် သုံးခု ရှိနေတာ မထူးဆန်းဘူးလို့ ပြောတာ”

"..."

ပရိသတ်များမှာ စန်းလော့ယန်၏ ရှင်းပြမှုကို နားထောင်ရင်း လက်ခံစွာ ခေါင်းညိတ် လိုက်မိကြ၏။

"မှန်ပါတယ်… ဝိညာဉ် ခွဲထုတ်ခြင်း နည်းလမ်းက ကျွန်မတို့ ရှာဖွေနေတဲ့ မေးခွန်း အားလုံးရဲ့ အဖြေပဲ…”

ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာကာ စန်းလော့ယန်၏ စကားကို ထောက်ခံ လိုက်၏။ ချက်ချင်းပင် အားလုံး၏ အာရုံများက စကားပြောသူထံ ရောက်ရှိ သွားကြသည်။

အင်ပါယာ အကြံပေး…

အဂ္ဂိရတ် ကုန်စည်ပြပွဲကို သူမ တက်ရောက်လာခဲ့ကြောင်း မည်သူမှ သတိမထားမိခဲ့ချေ။ သူမက အရပ်ရှည်၍ သက်လတ်ပိုင်း အရွယ် ရှိကာ ရင့်ကျက် တည်ငြိမ်သည့် အမျိုးသမီး တစ်ယောက်၏ ပုံသဏ္ဌာန် ရှိသည်။ ရှည်လျားသည့် မီးခိုးရောင် ဆံပင်များကိုတော့ နောက်တွင် သပ်ရပ်စွာ စုချည် ထားတာ မနုပျိုတော့သည့် အသက်အရွယ်ကို မီးမောင်း ထိုးပြထား၏။ တစ်ချိန်တည်း၌... မှေးစင်းထားသည့် မျက်လုံးများကလည်း တစ်မျိုးတစ်ဖုံ ထူးခြားလှကာ စိတ်ကို ဖတ်ရန် လုံးဝ မဖြစ်နိုင်သူ တစ်ယောက်ဟု ခံစားရစေသည်။

မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထို ကဲ့သို့ပင် သူမမှာ အဂ္ဂိရတ် ကုန်စည်ပြပွဲ ကျင်းပနေစဉ် တစ်လျှောက်လုံး အင်ပါယာ မျိုးနွယ်နှင့် ခပ်ဝေးဝေးတွင် နေထိုင်ခဲ့သည်။ အဂ္ဂိရတ် ကုန်စည်ပြပွဲ၏ နောက်ဆုံးနှင့် အရှိန် အမြင့်ဆုံး အပိုင်းကို ရောက်ရှိမှသာ လူလုံးထွက်ပြဖို့ ဆုံးဖြတ်လိုက်ဟန် ရသည်။

စန်းလော့ယန်၊ အင်ပါယာ အကြံပေးတို့၏ အစပြုမှုနှင့် အတူ မကြာခင်မှာပင် တိတ်ဆိတ်နေသည့် ဧဒင်ကမ္ဘာကြီးမှာ ဆွေးနွေးသံများနှင့် ပြန်လည်၍ လွှမ်းခြုံ လာခဲ့၏။

သည်လို တွေးတောလည်း မှန်ပေသည်။ ဝိညာဉ်ခွဲ နည်းလမ်းကို ပိုင်ဆိုင်ထားသည်က ဝေ့ဝူယင် တစ်ယောက်တည်း မဟုတ်ပါချေ။ မဟာ စက်ဝိုင်း ကြယ်ကွင်းပြင်၏ ရွေးချယ်ခံ သမိုင်းကြောင်းတွင် ဝိညာဉ် တစ်ခုထက် ပိုသည့် ကျင့်ကြံသူ အတော်များများ ရှိခဲ့ဖူးသည်။

သို့သော်လည်း… ကြယ်တာရာ သခင် အဆင့်သို့ တက်လှမ်းချိန်တွင် သေမျိုး ကြယ်တာရာ ရောင်ခြည်ဖြာ ကပ်ဘေး၏ သဘော သဘာဝကြောင့် ၎င်းတို့ကို ပြန်လည် ပေါင်းစည်းရသည်။

သို့သော်လည်း… ဝေ့ဝူယင်မှာ ထူးဆန်းသည့် နည်းလမ်းများစွာကို ပိုင်ဆိုင်ထားသည့် အဂ္ဂိရတ် ပညာရှင် တစ်ယောက် ဖြစ်သည်။ ထို့ကြောင့်ပင်... ခွဲထုတ်ထားသည့် ဝိညာဉ်များကို ဆက်လက် ထိန်းသိမ်းထားနိုင်ခြင်းက အလွန် အံ့အားသင့်စရာတော့ မဟုတ်ပေ။

ဤနေရာတွင် အရေးကြီးသည်က ဝေ့ဝူယင်ထံ၌ ကြယ်တာရာ ဝိညာဉ်သုံးခု ပိုင်ဆိုင်ထားခြင်း မဟုတ်ချေ။ ၎င်းတို့အနက်မှ တစ်ခုက အဂ္ဂိရတ် ဝိညာဉ် ဖြစ်နေခြင်းပင် ဖြစ်လေသည်။

...

ဧဒင်ကမ္ဘာ အတွင်းရှိ တစ်နေရာ၌...

"အရှင်ဝေ့က နောက်ဆုံးတော့ ထိန်ချန်မထားတော့ဖို့ ဆုံးဖြတ်လိုက်ပြီ ထင်တယ်"

ကျူးကျွင်းက ဆိုလိုက်၏။ ထိုနတ်ဆိုးနှင့် ပတ်သက်ပါက ဆောင့်ကြွားကြွား အပြုံးနှင့် ထိပ်ပြောင်ပြောင် ဦးခေါင်းတို့မှာ ချက်ချင်း သတိထားမိစေမည့် အသွင်အပြင် နှစ်ခု ဖြစ်သည်။

"မင်း မပျော်ဘူးလား"

ပေယွင်ဟန်က မေးလိုက်၏။

“ပျော်တာပေါ့ကွ… အရှင်ဝေ့ ဘယ်လောက် အံ့သြစရာကောင်းသလဲဆိုတာ ကမ္ဘာက နားလည်ဖို့ အချိန်တန်နေပြီ"

ကျူးကျွင်းက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

"အသက် တစ်ရာမပြည့်သေးခင်မှာ သေမျိုးတစ်ပိုင်း အရှင်ကို သတ်နိုင်တဲ့ အဂ္ဂိရတ် ပညာရှင် ဆိုလို့ လောကကြီးထဲမှာ တို့ရဲ့ အရှင်ဝေ့ တစ်ယောက်တည်းပဲ ရှိလိမ့်မယ်…”

သူတို့ နှစ်ယောက်၏ နံဘေးတွင်တော့ ဟုန်ချွင်းဟွာ ရှိနေခဲ့၏။ သူမ၏ မျက်ဝန်းများက လေးစားမှုများနှင့် တဖျပ်ဖျပ် လင်းလက် နေခဲ့သည်။

ကျူးကျွင်း၊ ပေ့ယွင်ဟန်နှင့် ဟုန်ချွင်းဟွာတို့ သုံးယောက်မှာ အာဏာရှင်များ အဖွဲ့၏ အစောပိုင်း ကာလများကတည်းက အတူတကွ လက်တွဲခဲ့ကြသူများ ဖြစ်သည်။ လက်ရှိ အချိန်၌ သူတို့မှာ ကိုယ်ပိုင် အဖွဲ့များကို ခေါင်းဆောင် နေခဲ့ကြသော်လည်း ခွဲခြား၍ မရနိုင်သည့် မိတ်ဆွေများ အဖြစ် ဆက်လက် ရှိနေကြဆဲပင် ဖြစ်သည်။

အခြားလူများနှင့် ခြားနားစွာပင်… အာဏာရှင် အဖွဲ့ဝင်များမှာ ထိုနေ့၌ ဟွမ်ရီကောင်း အမှန်တကယ် သေဆုံးခဲ့သည်ဟု အပြည့်အဝ ယုံကြည် နေခဲ့ကြသည်။ အချိန်သခင် တစ်ယောက် အနေဖြင့်ပင် ဝေ့ဝူယင်ထံတွင် သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်ကို တစ်ချက်တည်း သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။ ထို့အပြင် သူ့ထံတွင် အဂ္ဂိရတ် ဝိညာဉ်လည်း ရှိနေခဲ့သည်။

သူတို့၏ အာဏာရှင် အင်ပါယာမှာ မည်သည့် အရည်အချင်းပိုင်း တွင်မှ လျော့နည်းသည် ဟူ၍ မရှိခဲ့ချေ။ ကျင့်ကြံခြင်း အမြန်နှုန်း ဖြစ်စေ၊ အခြေခံ ခိုင်မာမှု ဖြစ်စေ၊ အဂ္ဂိရတ် နယ်ပယ်တွင် ဖြစ်စေ… ထိပ်ဆုံး၌ ရပ်တည်နေသည်ချည်းသာ ဖြစ်သည်။

"အရှင်ဝေ့နဲ့ ပတ်သက်ရင် ဘာမှ အံ့အားသင့်စရာ မရှိပါဘူး…”

ဘေးနားရှိ လီယွင်ကူးက နေကြာစေ့အချို့ကို ဝါးရင်း မှတ်ချက်ချလိုက်၏။ မြင်တွေ့နေရသမျှ အရာအားလုံးက သူ့အတွက် ဘာမှ မထူးခြားခဲ့သလိုပင်။

ဆယ့်ခြောက်ရက် အတွင်းမှာပင် ဝေ့ဝူယင်မှာ ရှစ်ဆယ့်တစ်ခုသော ပါဝင်ပစ္စည်းများထဲမှ အမတေများ၊ စွမ်းအင်များကို အောင်မြင်စွာ ထုတ်ယူ ပြီးစီး သွားခဲ့ပြီ ဖြစ်သည်။

တစ်လျှောက်လုံး၌ သူအသုံးပြုသွားခဲ့သည့် နည်းစနစ်များမှာ ပြီးပြည့်စုံလွန်းလှလေရာ အဂ္ဂိရတ် ပညာရှင် အားလုံးမှာ ငေးမောရင်း အသက်ရှူဖို့ပင် မေ့လျော့ နေကြသည်။ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်း၌ ဝေ့ဝူယင်မှာ ထစ်ငေါ့မှု အနည်းငယ်ပင် မရှိပဲ ပုံစံမဲ့ လုပ်ငန်းစဉ်ကို ချို့ယွင်းချက်မရှိ လုပ်ဆောင်နေခဲ့သည်။ သူ အသုံးပြုသွားခဲ့သည့် ထုတ်ယူခြင်း နည်းလမ်းများထဲမှ အချို့မှာ လူသိများသော အဂ္ဂိရတ် ပညာရှင်များ၏ နည်းလမ်းများ ဖြစ်ကာ၊ လက်ရှိ အသက်ရှင်လျှက် ရှိနေသူများထဲတွင်ပင် ပါဝင်ပေသည်။

ထုတ်ယူခြင်း အဆင့်ကို ပြီးဆုံးပြီးနောက် ဝေ့ဝူယင်မှာ ရပ်နားခြင်းမရှိဘဲ ဒုတိယမြောက် ကြီးထွားခြင်း အဆင့်ကို စတင်ခဲ့လေသည်။

ဝှစ်... ဝှစ်...

သူက လက်ဟန်ချိပ်စည်း အချို့ကို ဖော်ထုတ်လိုက်လေရာ အဂ္ဂိရတ် စွမ်းအား စီးကြောင်းများ ထွက်ပေါ်လာကာ ခွက် ရှစ်ဆယ့်တစ်လုံးစီထဲသို့ စီးဝင် သွားခဲ့သည်။ ခွက်တချို့အတွင်းတွင် အလင်းရောင်များမှာ ပိုမို တောက်ပလာခဲ့သော်လည်း တချို့ကတော့ ဆန့်ကျင်ဘက်ပင် မှေးမှိန်သွားခဲ့သည်။

"တစ်ပြိုင်နက်တည်း ကြီးထွားခြင်း နည်းလမ်းလား…"

ပုံမှန်အားဖြင့် အစုလိုက် အပြုံလိုက် ထုတ်ကုန်များ ထုတ်လုပ်ရာတွင် အသုံးပြုလေ့ရှိသည့် နည်းလမ်းတစ်ခုကို ဝေ့ဝူယင်က ထုတ်ဖော် ပြသလိုက်လေရာ အားလုံး၏ မျက်လုံးများမှာ ပြူးကျယ်ကုန်ကြလေသည်။

ထို့အပြင် ဝေ့ဝူယင်မှာ မတူ ကွဲပြားသည့် လျှို့ဝှက် အဆင့် ရင်းမြစ် ရှစ်ဆယ့်တစ်မျိုးကို အသုံးပြု၍ ထိုကဲ့သို့ လုပ်ဆောင်နေခြင်း ဖြစ်သည်။ အဂ္ဂိရတ် စွမ်းအင် စီးကြောင်း တစ်ခုချင်းစီတိုင်းတွင် သူ၏ ကိုယ်ပိုင် ကြီးထွားမှု နည်းလမ်း ပါဝင်သည်။ ထိုကဲ့သို့ စွမ်းဆောင်နိုင်ရန် လိုအပ်သည့် အာရုံစူးစိုက်မှုနှင့် ကျွမ်းကျင်မှု ပမာဏက ပေါ့သေးသေး မဟုတ်ပါချေ။

"ငါ ပိုကြိုးစားရတော့မယ် ထင်တယ်…"

အမှောင်ယင် နန်းတော် အုပ်စု အတွင်းတွင် န့ာရှင်းယီမှာ တိတ်ဆိတ်စွာ ရပ်နေခဲ့၏။ သူမ၏ နှုတ်ခမ်းထက်တွင်တော့ ဖြူရော်သည့် အပြုံးတစ်ခုက နေရာယူ နေခဲ့သည်။

မည်သို့ပင် ဆိုစေ… သူမမှာ ဝေ့ဝူယင်ထက် တစ်စက်မျှ မနိမ့်ကျသည့် ကိုယ်ပိုင် ဒဏ္ဍာရီ တစ်ခုကို တည်ထောင်ရန် ရည်ရွယ်နေဆဲပင် ဖြစ်သည်။ ထိုအတွက်လည်း လင်ယောက်ျား ဖြစ်သူမှာ သူမကို အစွမ်းကုန် ပံ့ပိုး ပေးလိမ့်မည်ဟု သူမ ယုံကြည်ချက် ရှိပေသည်။

ယခုပင်လျှင် သူမမှာ အစစ်အမှန် ပါရမီနှင့် အရည်အချင်းများကို ဖုံးကွယ်ထားခဲ့သည် မဟုတ်ပါလား။ ၎င်းတို့ကို အပြည့်အဝ ဖော်ထုတ်ပြသလိုက်သည်နှင့် တစ်ကမ္ဘာလုံး နာ့ရှင်းရီ ဆိုသည့် နာမည်ကို သိရှိလာကြလိမ့်မည် ဖြစ်သည်။

သုံးရက်ကြာပြီးနောက်… ဝေ့ဝူယင်မှာ ကြီးထွားခြင်း လုပ်ငန်းစဉ်ကို ပြီးစီး သွားခဲ့ပြန်၏။

"သူ့ရဲ့ အဂ္ဂိရတ် စွမ်းအင်တွေက အံ့မခန်း အစွမ်းထက်တာပဲ…"

အဂ္ဂိရတ် အာဏာရှင်တစ်ဦးက မယုံကြည်နိုင်စွာဖြင့် မှတ်ချက် ပြုလိုက်၏။ ဝေ့ဝူယင်မှာ ကြယ်တာရာ သခင် တစ်ယောက်သာ ဖြစ်သည့်တိုင် သူ ပိုင်ဆိုင်ထားသည့် အဂ္ဂိရတ် စွမ်းအင်များ၏ သန့်စင်မှုက မြေကြီးရှန့်ထိုများထက်ပင် နိမ့်ကျခြင်း မရှိခဲ့ပေ။

ဤသည်မှာ အဂ္ဂိရတ် ဝိညာဉ် ပိုင်ဆိုင်ထားခြင်း၏ အကျိုးကျေးဇူး ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း အဂ္ဂိရတ် ဝိညာဉ် တစ်ခုတည်းကို အာရုံစိုက် လေ့ကျင့်နေသည့် လော့နင်ပင်လျှင် ဝေ့ဝူယင်၏ အဆင့်ကို ရောက်ရှိရန် များစွာ အလှမ်းကွာဝေး လွန်းလှပေသည်။

"အဂ္ဂိရတ် စွမ်းအင် သန့်စင်မှု တစ်ခုတည်းကို ကြည့်ရင်တောင် အဂ္ဂိရတ် အာဏာရှင်ဝေ့ရဲ့ မွေးရာပါ အဂ္ဂိရတ် ပါရမီက ဘယ်လောက် ကြောက်စရာ ကောင်းတယ် ဆိုတာ မြင်နိုင်တယ်”

စန်းလော့ယန်က နောက်တစ်ကြိမ် မှတ်ချက်ချလိုက်၏။ ထာဝရ နတ်ဘုရားကတော့ တစ်ချိန်လုံး တိတ်ဆိတ် နေခဲ့လေသည်။ ထိုအခိုက်၌ သူ မည်သည့် အရာများ တွေးတောနေသည်ကို ဘုရားသခင်သာ သိနိုင်ပေလိမ့်မည်။

နောက်ထပ် လုပ်ငန်းစဉ်ကတော့ ထိန်းသိမ်းခြင်းပင် ဖြစ်သည်။ ထိုအဆင့်က အလွန်ခက်ခဲသည်။ ၎င်းက အဂ္ဂိရတ် ပညာရှင် အများစု စတင်ကာ ကျရှုံးကြသည့် အဆင့် ဖြစ်သည်။

သို့သော်လည်း ဝေ့ဝူယင်ကတော့ ဖိအားများစွာကို ခံစားရသည့်ပုံ မပေါ်ပဲ လက်ဟန် မုဒြာများကို တစ်ခုပြီး တစ်ခု ပြောင်းလဲကာ ရင်းမြစ် ရှစ်ဆယ့်တစ်မျိုးကို မှော်သန့်စင် ဆေးအိုး အတွင်း လောင်းထည့်ရင်း စတင် သန့်စင် နေခဲ့သည်။

မှော်သန့်စင် ဆေးအိုးမှာ လျှို့ဝှက် အဆင့် ဖြစ်သော်လည်း ၎င်းမှာ သာမန် ဆေးအိုးတစ်ခုမျှသာ ဖြစ်သည်။ ရှင်းရှင်းဆိုရလျှင်... လျှို့ဝှက် အဆင့် အရည်အသွေး ရှိနေခြင်း တစ်ခုတည်းက လွဲလို့ မျက်နှာထက်ထက်တွင် ဝင်္ကပါ အနည်းငယ်ကိုသာ ရေးဆွဲထားသည့်သည့် မှော်သန့်စင် ဆေးအိုးအသစ် ဖြစ်သည်။

"အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်က သူ့ရဲ့ အောင်မြင်မှုတွေဟာ မှော်သန့်စင် ဆေးအိုးလို အထောက်အပံ့တွေကြောင့်လို့ ဘယ်သူပြောတာကိုမှ မခံချင်တဲ့ပုံ ရတယ်”

ထျန်းတိန့်ကျန့်က ညင်သာစွာ မှတ်ချက်ချလိုက်၏။ သူမသည်လည်း အဂ္ဂိရတ် ဝိညာဉ် ကျင့်ကြံသူတစ်ဦး ဖြစ်လေရာ ၎င်း၏ အားနည်းချက်များနှင့် ချို့ယွင်းချက်များကို ကောင်းစွာ သိရှိထားသည်။

ထျန်းရှောင်လော့တွင်တော့ ထိုအားနည်းချက်များကို ရှောင်ရှားရန် ထူးခြားသော ရှေးဟောင်းနည်းလမ်းတစ်ခု ရှိသည်။ တစ်ခုရှိလျှင် အခြားတစ်ခုလည်း ရှိနိုင်သည်ဟု သူမ အမြဲ တွေးခဲ့သည်။ ထျန်းတိန့်ကျန့်၏ မျက်ဝန်းများက လောက အလင်းများနှင့် လင်းလက် လာခဲ့၏။

ထျန်းရှောင်လော့၏ နည်းလမ်းမှာ သူမအတွက် မဖြစ်နိုင်သော်လည်း...။

အကယ်၍ သူမသာ ထိုဝိညာဉ်ခွဲ နည်းလမ်းကို ရရှိနိုင်ခဲ့ပါက...။

***

All Chapters