← Chapters

ဆိတ်ငြိမ်မှု

Vol. 104 Ch. 1447

ဆိတ်ငြိမ်မှု

Vol. 104 Ch. 1447

"အမှန်ပဲ..."

အကန့်အသတ်မဲ့သိုင်း ဧကရာဇ်က အံ့ဩမှုများကို သက်ပြင်းတစ်ချက်နှင့် အတူ မှုတ်ထုတ်ရင်း ဆိုလိုက်၏။ ထိုအခိုက်၌ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးမှ ထိပ်သီး ကျင့်ကြံသူများမှာ အနီးကပ် ချိပ်ဆက်မှုကို အသုံးပြု၍ အတူတကွ စုဝေး နေခဲ့ကြပြီ ဖြစ်သည်။ သူတို့ အကြား၌ မည်သည့် အရာကမှ ကာဆီးထားခြင်း မရှိပါတော့ချေ။

ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်ကလည်း ချောမွေ့စွာပင် ဆောင်ရွက်ပြီးစီး သွားခဲ့ကာ အမတေနှင့် စွမ်းအင် ရှစ်ဆယ့်တစ်မျိုးလုံးမှာ မညီညွတ်မှု အနည်းငယ်မျှပင် မရှိဘဲ သဟဇာတ ဖြစ်စွာ ပေါင်းစည်းသွားခဲ့သည်။ များသောအားဖြင့် ထိုအဆင့်မှာ အန္တရာယ်အရှိဆုံး ဖြစ်သည်။

အဘယ်ကြောင့်နည်း။

ဒုတိယ အဆင့် ဖြစ်သည့် ကြီးထွားမှု အဆင့်မှာ အမတေများနှင့် စွမ်းအင်များ၏ မတည်ငြိမ်မှုကို တိုးမြှင့်စေလေရာ တတိယမြောက် အဆင့်တွင် ၎င်းတို့ကို ပေါင်းစပ်လိုက်ခြင်းဖြင့် ပဋိပက္ခများ ဖြစ်ပေါ်လာပြီး အကြီးအကျယ် ထပေါက်ကွဲတတ်သောကြောင့်ပင် ဖြစ်သည်။ ၎င်းက အပျော်တမ်း အဂ္ဂိရတ် ပညာရှင် များစွာကို သတ်ဖြတ်ခဲ့သော အဆင့်လည်း ဖြစ်ပေသည်။

ဆယ့်တစ်ရက်မြောက်နေ့တွင် ဝေ့ဝူယင်မှာ စတုတ္ထမြောက် လုပ်ငန်းစဉ်ဖြစ်သည့် သန့်စင်ခြင်းကို စတင်ခဲ့လေသည်။

"သူက ထူးခြားတယ် ဆိုတာ ငါ အစောကြီးတည်းက သိတယ်"

ဦးချိုတစ်ချောင်း ပါရှိသည့် ဧရာမ အဇူရာ နဂါးကြီး တစ်ကောင်က စိတ်ချင်း ဆက်သွယ်ကာ ဆိုလိုက်၏။ ၎င်း၏ နဖူးထက်တွင်တော့ သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ချစ်စဖွယ် ပုံရိပ်တစ်ခု ထိုင်နေခဲ့သည်။ သူမ၏ မျက်ဝန်းအိမ်များက ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုတို့ဖြင့် တဖျပ်ဖျပ် တောက်ပနေခဲ့လေ၏။

သူတို့က အခြားလူများ မဟုတ်။ အန်နုနှင့် ရွှယ်ရီဖေးတို့ပင် ဖြစ်သည်။ သူတို့နှင့် မလှမ်းမကမ်း နေရာများတွင်တော့ ဉာဏ်ရည်ထက်မြက်သော သားရဲများစွာမှာ နာခံမှုရှိစွာ တိတ်ဆိတ်နေကြကာ ဝေ့ဝူယင်၏ ရွေ့လျားမှုများကို လေ့လာနေကြသည်။ အာရုဏ်ဦး အာဏာရှင် အင်ပါယာမှာ စိတ်ကို ညှို့ယူဖမ်းစားနိုင်သည့် ရွေ့လျားမှုများကို လုပ်ဆောင်နေကာ အဂ္ဂိရတ် စွမ်းအား ပမာဏ များပြားစွာကို မဟာပညာရှင်တစ်ဦး၏ ကျွမ်းကျင်မှုမျိုးဖြင့် ထိန်းချုပ်နေခဲ့သည်။

"အော်... ခုမှ ထူးခြားတယ်လား... စတွေ့တုန်းက ရှင် သူ့ကို စားပစ်ဖို့တောင် စဉ်းစားခဲ့သေးတယ်ဆို... အဲ့စကားတွေ ကျွန်မ ခုထိ မမေ့သေးဘူးနော်"

ရွှယ်ရီဖေးက အန်နုကို စနောက်လိုက်ရင်း ခင်ပွန်းဖြစ်သူကို ပိုမို ထင်ရှားစွာ တွေ့မြင်ခွင့် ရရန် အတွက် အနီးကပ် ချိပ်ဆက်မှုကို အသက်သွင်းလိုက်သည်။ ထိုအခိုက်၌ သူမ၏ မျက်ဝန်းအိမ်များထဲတွင် ယိုဖိတ်နေသည့် မေတ္တာစိတ်များကို မျက်စိကန်းနေသူ တစ်ယောက်ပင် သတိထားမိလိမ့်မည် ဖြစ်သည်။

“မှားနေတယ် အဘွားလေး... ငါ ပြောတာက သူ အရမ်းကို တန်ဖိုးရှိလို့ ထမင်းဖိတ်ကျွေးဖို့ စဉ်းစားခဲ့မိသေးတယ်လို့ ပြောတာ... "

အန်နုက မျက်နှာပြောင်တိုက်ကာ ငြင်းလိုက်၏။ လူသားများနှင့် အနေကြာပြီးနောက် အတတ်ကောင်းများ တတ်လာသည့် နဂါးကြီးနှင့် ဖက်ငြင်းဖို့ ရွှယ်ရီဖေး တစ်ယောက် စိတ်ကူး မရှိတော့ချေ။ သူမက တိတ်ဆိတ်စွာပင် ဝေ့ဝူယင်ကိုသာ ငေးမော နေခဲ့တော့၏။

စက္ကန့်များက ဖြည်းညင်းစွာပင် ဖြတ်ကျော် နေခဲ့သည်။ ဧဒင်ကမ္ဘာ အတွင်းရှိ ပရိသတ်များမှာ ဝေ့ဝူယင် အသုံးပြုနေသည့် နည်းစနစ်များ၏ အလှတရားအောက်တွင် လုံးဝ နစ်မြုပ်နေခဲ့ကြ၏။

မှော်သန့်စင် ဆေးအိုး အတွင်းရှိ အမတေနှင့် စွမ်းအင်ကို တစ်ကြိမ် သန့်စင်လိုက်တိုင်း ဖြာထွက်လာသည့် လှပသော ရောင်စဉ်တန်းများကို ကြည့်ရင်း...

ဂီတသံနှင့် ဆင်တူသည့် သဟဇာတဖြစ်သံများကို နားစွင့်ရင်း...

ကမ္ဘာတစ်ခုလုံးမှာ တိတ်ဆိတ်နေကြလေ၏။

မကြာခဏ ဆိုသလို လျှို့ဝှက် သင်္ကေတ အပိုင်းအစများမှာ မှော်သန့်စင် ဆေးအိုးထဲမှ ထွက်လာကာ မငြိမ်မသက်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်နေသည့်တိုင် ဝေ့ဝူယင်မှာ တစ်ခုချင်းစီကို ကောင်းစွာ ကိုင်တွယ် ထိန်းချုပ်ကာ အတွင်းပိုင်းသို့ ပြန်လည် တွန်းပို့နိုင်ခဲ့သည်ချည်း ဖြစ်သည်။ သူ့အတွက် များစွာပင် ကြိုးပမ်း အားထုတ်စရာ မလိုသည့်ပုံ ပေါ်သည်။

သုံးဆယ့် သုံးရက်မြောက်နေ့တွင်တွင် သန့်စင်ခြင်း လုပ်ငန်းစဉ် ပြီးစီးသွားခဲ့သည်။ တစ်လကျော် ကြာမြင့်ခဲ့သည့်တိုင်အောင် လူတိုင်း အတွက်တော့ မျက်တောင်တစ်ခတ်အတွင်း ကျော်လွန်သွားခဲ့သကဲ့သို့ ဖြစ်သည်။

"သူ ဘယ်လို ထုတ်ကုန်မျိုးကို ဖော်စပ်နေတာလဲ"

ပရိသတ်များမှာ စတင်ကာ တွေးတော လာခဲ့မိ၏။ မှော်သန့်စင် ဆေးအိုး အတွင်းရှိ သန့်စင်ထားသော ရင်းမြစ်များမှာ ထိတ်လန့်ဖွယ်ရာ စွမ်းအင်ကို ထုတ်လွှတ်နေခဲ့သည်။ ၎င်းက မြင်ရုံဖြင့်ပင် တော်ရုံတန်ရုံ ထုတ်ကုန် တစ်ခု မဟုတ်ကြောင်း သိသာလှသည်။

"..."

ထာဝရ နတ်ဘုရားမှာ ခန္ဓာကိုယ် တစ်ခုလုံး ပုရွက်ဆိတ်များ တရွရွ တက်နေသကဲ့သို့ ကဏှာမငြိမ်မှုကို ခံစားနေရ၏။ ဝေ့ဝူယင် အဂ္ဂိရတ် ဝိညာဉ်ကို စတင် ဖော်ထုတ် ပြသခဲ့သည့်အချိန်မှစ၍ သူ၏ နှလုံးသားက အနုတ်လက္ခဏာ ဆောင်သည့် စိတ်ခံစားမှုများဖြင့် ဆူပွက်နေခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက အလားတူ ငွေရောင်မျက်လုံးများ ရှိသည့် လူယုတ်မာ၏ ပုံရိပ်မှာ ဖိနှိပ်ထားသော မှတ်ဉာဏ်များနှင့်အတူ သူ၏ စိတ်အတွင်း အဆုံးမရှိ ပေါ်လာခဲ့သည်။

နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် သံသရာ တစ်ပတ်လည်သည့် အလား နောက်ထပ် ငွေရောင် မျက်လုံးပိုင်ရှင် လူယုတ်မာ တစ်ယောက် ထပ်ပေါ်လာခဲ့ပြန်ပြီ ဖြစ်သည်။ မည်သည့်အချိန်က စတင်ခဲ့ကြောင်း မသိသော်လည်း ထာဝရ နတ်ဘုရားမှာ ရိုင်းစိုင်းသော အမူအရာဖြင့် အံသွားများကို ကျိတ်နေခဲ့မိသည်။ နှလုံးသား အတွင်းရှိ လူသတ်လိုသည့် ဆန္ဒက အော်ရာများ အဖြစ် စတင်၍ ထွက်ပေါ်လာလေရာ ပတ်ဝန်းကျင်ရှိ လူများမှာ ကြောက်ရွံ့သော မျက်ဝန်းများဖြင့် မသိစိတ်မှ နောက်ဆုတ်လာမိကြသည်။

ထျန်းတိန့်ကျန့်မှာ ထာဝရ နတ်ဘုရား၏ ပေါက်ကွဲလုနီးပါး အခြေအနေကို ချက်ချင်းပင် သတိထားမိလိုက်၏။ သို့သော်လည်း သူမက မည်သည့် မှတ်ချက်မပေးခဲ့ပေ။ ထို့အစား သူမက ပရိသတ် တစ်ယောက် မေးခဲ့သည့် မေးခွန်းကိုသာ ပြန်ဖြေလိုက်၏။

“လျှို့ဝှက် အဆင့် ဆေးလုံး တစ်ခုဆိုတာတော့ သံသယ ရှိစရာ မလိုဘူး... ဒါပေမဲ့ ထူးဆန်းတယ်”

“ခင်ဗျားလည်း သတိထားမိတာလား"

စန်းလော့ယန်က တအံ့တဩဖြင့် မေးလိုက်သည်။

"ဘာဖြစ်လို့ ထူးဆန်းတာလဲ..."

အင်ပါယာ အကြံပေးက ဝင်ရောက်၍ မေးလိုက်၏။ သူမက စကားဝိုင်း အတွင်း ဝင်ရောက်ရန် ရည်ရွယ်နေသည်မှာ ရှင်းလင်းပေသည်။

လျှို့ဝှက် အဆင့် ဆေးလုံးများနှင့် ပတ်သက်ပါ အဂ္ဂိရတ် ရှန့်ထို နှစ်ဦးမှာ အခြားသူများ အားလုံးထက် သာလွန်သည့် အတွေ့အကြုံများကို ပိုင်ဆိုင်ထားကြသည်။ စန်းလော့ယန်မှာ စန်းယွန်းလီ၏ ရတနာနှင့် အတူ ဖြတ်လမ်းနည်းလမ်းကို အသုံးပြု၍ အဆင့်တက်ခဲ့သည် ဆိုသော်လည်း ယခင်တည်းကပင် ထာဝရ အစည်းအရုံး၏ လျှို့ဝှက် မြေကြီး အဆင့် ဆေးလုံးများ ပူးပေါင်း ဖော်စပ်ခြင်းများ၌ ပါဝင်ခဲ့ကာ များသောအားဖြင့် လုပ်ငန်းစဉ် တစ်ခုလုံးကို ဦးဆောင်ခဲ့သည်။

"ဝေ့ဝူယင်ရဲ့ အဂ္ဂိရတ် တာအိုက အဂ္ဂိရတ် ရှန့်ထိုအဆင့်မှာ မရှိသေးဘူး... ဒါပေမယ့် သူ့ရဲ့ လှုပ်ရှားပုံကို ကြည့်ရင် လျှို့ဝှက် အမတေနဲ့ စွမ်းအင်တွေကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်နိုင်တယ် ဆိုတာကို ပြသနေတယ်... သူက အရင်တည်းက အချိန်အကြာကြီး လုပ်ခဲ့ဖူးသလိုပဲ"

ထျန်းတိန့်ကျန့်က မှတ်ချက်ချလိုက်၏။

"နောက်ပြီး သူ့ရဲ့ အခြား ကြယ်တာရာ အမြုတေနှစ်ခုကလည်း အဂ္ဂိရတ် စွမ်းအားကို ပံ့ပိုးပေးနိုင်တယ်လို့ ထင်လား..."

အင်ပါယာ အကြံပေးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ဒါပေါ့... မဟုတ်ရင် ဒီလောက်များရဲ့ အဂ္ဂိရတ် စွမ်းအင်တွေကို သူ ဘယ်လို ထုတ်ဖော်နိုင်မှာလဲ..."

ဝိညာဉ် ရှန့်ထို ဧကရာဇ်က ခိုင်မာစွာ ပြောလိုက်၏။

တစ်ချိန်တည်း၌... ဆေးလုံး၏ ပုံသဏ္ဌာန်မှာ မှော်သန့်စင် ဆေးအိုးထဲတွင် စတင်ကာ ရုပ်လုံးပေါ် နေခဲ့ပြီ ဖြစ်သည်။ မတူညီသည့် စွမ်းအင် အမျိုးအစားများ၏ ပေါင်းစပ်မှုများမှာ ဆေးလုံးကို ဖောက်ခွဲပစ်ရန် ဆက်တိုက် ခြိမ်းခြောက်နေသော်လည်း ဝေ့ဝူယင်မှာ တသမတ်တည်း ထိန်းထားနိုင်ခဲ့သည်။

ဝေ့ဝူယင်မှာ မှော်သန့်စင် ဆေးအိုးကို တစ်နေကုန် စိုက်ကြည့်နေခဲ့ကာ သူ၏ ငွေရောင်မျက်လုံးများက တဖျပ်ဖျပ် အလင်းရောင်များဖြင့် တောက်ပနေခဲ့၏။

"သူ ဘာလုပ်နေတာလဲ"

အင်ပါယာ သမီးတော် တစ်ပါးက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။ ထိုအခိုက်၌ သူမ၏ နှလုံးသားက မထိန်းချုပ်နိုင်စွာ တဒိန်းဒိန်း တုန်ရီနေသည်။

"ရှူး"

ထျန်းလင်းယုက တိုးတိုးတိတ်တိတ် နေရန် အချက်ပြလိုက်၏။ အဂ္ဂိရတ် လုပ်ငန်းစဉ်၏ နောက်ဆုံး အဆင့်နှစ်ခုဖြစ်သည့် အသွင်ပြောင်းလဲခြင်းနှင့် ပေါင်းစပ်ခြင်းတို့မှာ အလွန်အန္တရာယ်များကာ နုနယ်လှသည်။ အနည်းငယ်မျှ မှားယွင်းသည်နှင့် ယခင် ကြိုးပမ်း အားထုတ်မှုအားလုံး အလဟဿ ဖြစ်စေနိုင်သည်။ လော့နင် ပင်လျှင် ပေါင်းစပ်ခြင်း အဆင့်၌ ကျရှုံးလုနီးပါး ဖြစ်ခဲ့သည်။

ဝှစ်...

မည်သည့် ကြိုတင် အရိပ်အယောင်မျှ မရှိဘဲ ဝေ့ဝူယင် လက်ကို ဆန့်ထုတ်ကာ ဆေးလုံးကို ဆုပ်ကိုင် လိုက်၏။ ထို့နောက် သူက ပြင်းထန်သော ဟိန်းဟောက်သံ တစ်ခုကို ထုတ်လွှတ်လိုက်သည်။

ဝေ့ဝူယင်မှာ အသွင်ပြောင်းလဲခြင်းနှင့် ပေါင်းစပ်ခြင်း အဆင့် နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း လုပ်ဆောင်တတ်သည့် အဂ္ဂိရတ် ပညာရှင်မျိုး ဖြစ်သည်။ ၎င်းက ပေါ့ဆသယောင် ထင်ရသော်လည်း ဝေ့ဝူယင်မှာ သူ့ဘဝ တစ်လျှောက် ဖော်စပ်ခဲ့သည့် ထုတ်ကုန်တိုင်းလိုလိုကို အလားတူ ပေါ့ဆမှုများစွာနှင့်သာ လုပ်ဆောင်ခဲ့သည်ချည်း ဖြစ်သည်။

ဥပမာအားဖြင့်... ဝေ့ဝူယင်မှာ ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် ဝိညာဉ်အာရုံကို တစ်ကြိမ်မျှ အသုံးမပြုခဲ့ပေ။

ဥပမာအားဖြင့်... ဝေ့ဝူယင်မှာ မည်သည့်အဆင့်တွင်မျှ ဆေးဖော်စပ်မှုကို ခေတ္တ ရပ်တန့်ခြင်း မရှိခဲ့ပေ။

ဥပမာအားဖြင့်... ဝေ့ဝူယင်သည် ကြီးထွားခြင်း အဆင့်ကို ရင်းမြစ် တစ်ခုချင်းစီအတွက် အချိန်မဖြုန်းဘဲ တစ်ပြိုင်နက်တည်း လုပ်ဆောင်ခဲ့သည်။

သို့သော်လည်း ထိုကဲ့သို့ လုပ်ဆောင်မှုများက ပင်လျှင် ဆေးဖော်စပ်ရန် ဆယ်စုနှစ်များစွာ ကြာနိုင်မည့် အချိန်ကို သုံးလအဖြစ် လျှော့ချပေးခဲ့သည်။

ဝေ့ဝူယင် လက်များကို တင်းကြပ်စွာ ဆုပ်ထားခဲ့၏။ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများက လက်ဖဝါးကို ထွင်းဖောက်၍ ‘ပေါင်းစပ်ရန် ငြင်းဆန်နေသည့် စွမ်းအင်များနှင့် အမတေများ’ကို မြင်တွေ့ခဲ့ရသည်။ ၎င်းတို့မှာ လွတ်မြောက်လိုကြသည်။

သို့သော်လည်း ဝေ့ဝူယင်က မည်သူနည်း။ သူက ပထမဆုံးသော သေမျိုး အဂ္ဂိရတ် ရှန့်ထို ဖြစ်သည်။ လျှို့ဝှက် အဆင့် စွမ်းအင်များကို ထိန်းချုပ်နိုင်ခြင်း မရှိသေးခင်မှာပင် အဆင့်ကိုး ဆေးလုံးကို ဖော်စပ်နိုင်ခဲ့သည်။ ယခု၌ သူက ကြယ်တာရာ သခင် တစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... သူ ပိုင်ဆိုင်ထားသည့် ကြယ်စွမ်းအားမှာလည်း လျှို့ဝှက် စွမ်းအင်များနှင့် အပြန်အလှန် ဆက်သွယ်နိုင်စွမ်း ရှိပေသည်။

ထိုရုန်းထွက်မှုလောက်ကို သူ မည်ကဲ့သို့ မနှိမ်နင်းနိုင်ပဲ ‌နေပါမည်နည်း။

***

All Chapters