← Chapters

တက်လှမ်းခြင်း

Vol. 104 Ch. 1449

တက်လှမ်းခြင်း

Vol. 104 Ch. 1449

ဝိညာဉ်ငလျင်မှာ အစစ်အမှန် ရှန့်ထိုတစ်ပါး၏ လောက နိုးထမှု အစသာ ဖြစ်သည်။ အစစ်အမှန် မြေကြီး အသိအမှတ်ပြုမှု ကဲ့သို့ပင် အစစ်အမှန် လောက အသိအမှတ်ပြုမှုမှာ မျက်မြင် ကြုံတွေ့ခွင့် ရရှိသူ အားလုံးအတွက် အံ့မခန်း အကျိုးကျေးဇူးများရှိသည့် လျှို့ဝှက် ဆန်းကြယ်သော ဖြစ်ရပ် တစ်ခု ဖြစ်ပေသည်။

ဝမ်... ဝမ်...

ဖီဆန် နေကြယ် အပါအဝင် သူတော်စင် ခုနစ်ပါး ထောက်တိုင် ကြယ်ကွင်းပြင် တစ်ခွင်လုံးတွင် လျှို့ဝှက် သင်္ကေတများမှာ စတင် ပေါ်ထွက်လာကာ နေရာယူ လာခဲ့သည်။ အဆိုပါ သင်္ကေတများမှာ အရောင်အမျိုးမျိုး ကွဲပြားကြ၏။ အချို့မှာ အပြာရောင်ဖြစ်ပြီး အချို့မှာ ကြက်သွေးရောင်၊ မည်းနက်ရောင် ရှိကြသည်။ ကြည်လင် သန့်စင်သည့် လျှို့ဝှက် သင်္ကေတများပင် ရှိခဲ့၏။

ဝူယု အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း၏ အမြင့်ဆုံး တောင်ထိပ်ထက်တွင် တင်ပျဉ်ခွေလျှက် ထိုင်နေခဲ့ကာ အမှောင် ဟင်းလင်းပြင်ကို လေ့လာနေခဲ့သည်။ သူ၏ နံဘေးတွင်တော့ ပြည်ထောင်စု ရင်းမြစ် အစစ်အမှန် ဧကရီ ရှိနေခဲ့၏။ သူတို့မှာ ဧဒင်ကမ္ဘာနှင့် ချိတ်ဆက်ထားကြသော်လည်းပဲ ဝေ့ဝူယင် ညွှန်ကြားထားသည့် အတိုင်း ပါဝင် ပတ်သက်ခြင်း၊ မှတ်ချက်ပေးခြင်း တစ်ခုမှ မပြုလုပ်ပဲ တစ်ချိန်လုံး တိတ်ဆိတ်စွာသာ လေ့လာနေခဲ့ကြသည်။

ဝမ်...

ရုတ်တရက်... ဝူယု၏ တည့်တည့်ရှေ့တွင် သွေးနီရောင် လောက သင်္ကေတ တစ်ခု ပေါ်ထွက်လာခဲ့၏။ ထိုတောက်ပသည့် ရောင်ခြည်စကလေး အတွင်း၌ လောက တစ်ခုလုံး ပါဝင် နေသကဲ့သို့ ခံစားရကာ ထူထဲသည့် သွေးအော်ရာမှာ ပျံ့လွင့် နေခဲ့၏။ ဝူယု၏ မျက်လုံးများက ရုတ်ချည်း ပွင့်လာကာ အရှေ့ရှိ သင်္ကေတကို အာရုံစိုက်လိုက်သည်။

ဧကရာဇ် လျှို့ဝှက် ဝိညာဉ် အတွင်းမှ သွေးမူလ နည်းလမ်း နိုးထလာသည်နှင့် တစ်ပြိုင်နက် သွေးနီရောင် လောက သင်္ကေတက ပိုမို၍ တောက်ပလာခဲ့သည်။ ၎င်းတို့ နှစ်ခုမှာ ထူးခြားစွာ ပနံတင့်၍ ပဲ့တင်ထပ်နေပုံရသည်။

"လောက နိုးထမှု..."

ဝူယုက လက်ကို ဆန့်ထုတ်လိုက်ရင်း တိုးညှင်းစွာ ရေရွတ်လိုက်၏။ သို့သော်လည်း သင်္ကေတ၏ အစွန်အဖျားအား ထိလုထိခင်မှာပင် ဧကရာဇ် လျှို့ဝှက်ဝိညာဉ်မှာ တိုးညှင်းစွာ ဟိန်းဟောက်လိုက်သည်။‌ ဝူယု၏ မျက်လုံးများက ထက်ရှသွားကာ ဗီဇအတိုင်းပင် တတိယမြောက် မဟာ အသွင်ပြောင်းခြင်းကို ဖော်ထုတ်လိုက်သည်။ ထိုအခါ မဟာ အသွင်ပြောင်းခြင်း ကဲ့သို့ ရောင်စုံ အဆုံးမဲ့ ကြယ်တာရာများကို ထည့်သွင်းထားသော သင်္ကေတ တစ်ခု ဖြည်းညင်းစွာ ထွန်းလင်း လာခဲ့သည်။

“ကောင်းကင် လောက သင်္ကေတ..."

ဝူယု၏ လက်က သွေးရောင် သင်္ကေတကို ကျော်ဖြတ်သွားကာ ရောင်စုံ ကြယ်တာရာ သင်္ကေတကို ထိတွေ့ လိုက်သည်။ ၎င်းက လျှင်မြန်စွာပင် ဖောင်းကားလာကာ ပေါက်ကွဲသွားပြီးနောက် ပိုးခြည်မျှင်များအဖြစ် မျက်ခုံးနှစ်ခုကြား၊ နဖူးအလယ်သို့ စီးဆင်း ဝင်ရောက်သွားခဲ့တော့သည်။ ဝူယု၏ မျက်လုံးများက ဖြည်းညင်းစွာပင် မှေးမှိန်သွားခဲ့၏။ သူက ဉာဏ်အလင်းပွင့်ခြင်း အခြေအနေ တစ်ခု အတွင်း အတင်းအကျပ် တွန်းပို့ခံလိုက်ရပြီ ဖြစ်လေသည်။

ပြည်ထောင်စု ရင်းမြစ် ဧကရီမှာလည်း လျှို့ဝှက် သင်္ကေတတစ်ခုကို မြင်တွေ့ခဲ့ရသည်။ ၎င်းမှာ သူမ၏ ဘဝတစ်လျှောက်လုံး တစ်ခါမှ မမြင်ဖူးခဲ့သော သင်္ကေတတစ်ခု ဖြစ်သည်။ သူမက စူးစမ်းလိုစိတ်ဖြင့် လက်လှမ်းလိုက်ရာ ဝူယုလို ဖြစ်စဉ်မျိုးနှင့် ကြုံတွေ့လိုက်ရ၏။

ပြည်ထောင်စု ရင်းမြစ် ဧကရီမှာ တစ်ဦးတည်းသော ပုဂ္ဂိုလ် တစ်ဟုတ်ပါချေ။ ချိပ်ပိတ် နယ်မြေ တစ်ခွင်ရှိ ကံကောင်းသော ကျင့်ကြံသူများစွာမှာ အလားတူ အံ့ဖွယ် ကောင်းချီးများကို ရရှိခဲ့ကြသည်။ အချို့ဆိုလျှင် လျှို့ဝှက် အာဏာရှင်အဆင့်ရှစ်၊ လျှို့ဝှက်လောက၏ အကန့်အသတ် အဆုံးအထိ တည်ရှိနေနိုင်မည့် မယုံကြည်နိုင်လောက်သော အကျိုးကျေးဇူးများကို ရရှိခဲ့ကြလေသည်။

...

ဝေ့ဝူယင်၏ လက်များမှာ ဆေးလုံးကို တင်းကြပ်စွာ ဆုပ်ကိုင်ထား၏။ သူ၏ ငွေရောင်မျက်လုံးများကတော့ ထူးကဲသော အဂ္ဂိရတ် ကြယ်တာရာများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ၎င်းတို့မှာ ကောင်းကင်အောက်တွင် ရှိရှိသမျှ အရာအားလုံး၏ အကန့်အသတ်မဲ့ အသွင်ပြောင်းလဲမှု စွမ်းအင် အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။

ဝေ့ဝူယင်မှာ အဂ္ဂိရတ်တာအိုထံမှ သတင်းအချက်အလက်များကို ရရှိနေခဲ့သည်။ ဤသည်မှာ အဂ္ဂိရတ် တာအို၏ လက်ခံမှုဖြစ်သည်။ ဝေ့ဝူယင်မှာ ၎င်း၏ သတိပြုမှုကို ခံထိုက်ကြောင်း ပြသနေသည့် လက္ခဏာဖြစ်သည်။

အကယ်၍ အဂ္ဂိရတ် ကြယ်တာရာများကို အဆင့်သတ်မှတ်ရမည် ဆိုလျှင်... ဝေ့ဝူယင် မူလက ပိုင်ဆိုင်ထားသည့် အဂ္ဂိရတ် ကြယ်တာရာများကို ‘အဂ္ဂိရတ် ကြယ်တာရာ ဒုတိယ အဆင့်၊ သေမျိုး ဝိညာဉ် အဂ္ဂိရတ် ကြယ်တာရာများ’ ဟု ခေါ်ဆိုရပေလိမ့်မည်။

သို့သော်လည်း ယခုတွင်မူ... သူ၏ အဂ္ဂိရတ် ကြယ်တာရာများမှာ ‘သာမန် နိုးထခြင်း အဆင့် ရည်ရွယ်ချက် တစ်ခု လောက နှလုံးသား အဆင့်ကို ရောက်ရှိသွားခြင်း’ နှင့် မခြားနားသော တိုးတက်မှုများကို ရရှိခဲ့ပြီ ဖြစ်လေသည်။

အဂ္ဂိရတ် ကြယ်တာရာ အဆင့် သုံး...

သာလွန်သန့်စင် အဂ္ဂိရတ် ကြယ်တာရာ...

နာမည် တစ်လုံးတည်းသာ ကွာခြားသည့်တိုင် ကွဲပြားခြားနားမှုကတော့ မြေကြီးနှင့် ကောင်းကင်လို အလှမ်းကွာဝေး လွန်းလှပေသည်။

အချက်အလက်များစွာမှာ ဝေ့ဝူယင်၏ စိတ်အတွင်း စီးဝင်လာခဲ့၏။ သို့သော်လည်း ထိုကဲ့သို့ စီးဝင်လာသည်နှင့် အမျှ ဦးခေါင်းနောက်ပိုင်းမှ အဆက်မပြတ် ထိုးနှက်မှု တစ်ခုကို ဝေ့ဝူယင် ခံစားလိုက်ရ၏။ သူ မသိစိတ်၏ စေ့ဆော်မှုဖြင့် လက်မောင်းကို ကြည့်လိုက်မိသည်။

ပထမ ကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇

ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... ၁/၁

တတိယ ကပ်ဘေး အောင်မြင်ခြင်း... ၃/၃

စတုတ္ထ ကပ်ဘေး တားဆီးခြင်း... ၂၁ နှစ်

ကမ္မ တန်ဖိုး... ၂၁၇,၆၆၃.၃  ၁၉၅,၇၅၄.၀

အပြစ်သား တက်တူးမှ ကမ္မတန်ဖိုး နှစ်သောင်းကျော် ကျဆင်းသွားသည်ကို ဝေ့ဝူယင် တွေ့မြင်လိုက်ရ၏။ လေထု အတွင်း၌ ကောင်းကင်တာအို၏ အော်ရာက ပိုမို၍ ခက်ထန်လာခဲ့၏။ ယခင် ကမ္မတန်ဖိုး ထောင်ချီ ဖြတ်တောက်မှုမှာ ရေကန်ငယ်ထဲမှ ပွက်ရာ တစ်ခု ဆိုလျှင် ယခုတစ်ကြိမ်မှာ ဆူနာမီလှိုင်း တစ်ခု လာနေသည်ကို ကြည့်နေရသည့် ခံစားချက်မျိုး ဖြစ်သည်။

ကောင်းကင်တာအိုမှာ သူ၏ ကံကြမ္မာကို ထိန်းချုပ်၍ အစစ်အမှန် ရှန့်ထို တစ်ပါး၏ လောက နိုးထခြင်း ကောင်းချီးကို အသက်သွင်းနေပြီ ဖြစ်ကြောင်း ဝေ့ဝူယင် ခန့်မှန်းနိုင်ပေသည်။ ထို့အပြင်... သူနှင့် ရေစက်ကြိုးချင်း တွဲချည်ထားသည့် လူများအပေါ် သက်ရောက်မှုများကိုလည်း သူ ခံစားနိုင်ပေသည်။

နာ့ရှင်းရီ၏ ရှေ့တွင် အေးစက်စက် ယင်အငွေ့အသက်များ ထုတ်လွှတ်နေသည့် သင်္ကေတ တစ်ခု ဖွဲ့စည်းလာခဲ့သည်။

ရွှယ်ရီဖေး၏ ရှေ့တွင်တော့ အနက်ရောင်နှင့် အဖြူရောင်ကို ထူးဆန်းစွာ ပေါင်းစည်းထားသည့် အမွှာ သင်္ကေတ ထွန်းလင်း လာခဲ့သည်။ အံ့အားသင့်ဖို့ ကောင်းသည့် အရာက ၎င်း၏ အမြီးတွင် တစ်နေရာရာမှ မှားယွင်း၍ ဆွဲထုတ် လိုက်မိသလိုမျိုး သွေးနီရောင် သင်္ကေတ တစ်ခု ရှိနေခြင်း ဖြစ်သည်။

ဝူပိုင်ကျိုး၏ ရှေ့တွင် ကြယ်တာရာ သင်္ကေတ တစ်ခု ထွန်းလင်းလာ၏။

ယွီစွန်းလီ၏ ရှေ့တွင် ခရမ်းရောင် သင်္ကေတ တစ်ခု ထွန်းလင်းလာ၏။

မာ့ကျန်း၏ ရှေ့တွင် ငွေရောင် သင်္ကေတ တစ်ခု ထွန်းလင်းလာ၏။ ၎င်းက အာကာသ အလွှာ သုံးခုလုံးကို ဖြတ်သန်း၍ လှိုင်းများကို ထုတ်လွှတ် လိုက်လေသည်။

အိယင်၏ ရှေ့တွင် ဂြိုဟ်များ၏ လေးပင်မှုကို ထိန်းသိမ်းထားဟန် ရသည့် မြေကြီးညိုရောင် သင်္ကေတ တစ်ခု ထွန်းလင်းလာ၏။

စီတ၏ ရှေ့တွင်တော့ အရာအားလုံးကို စုပ်ယူလိုသည့် ဆန္ဒနှင့် ပျက်သုဉ်းခြင်း စွမ်းအင်များကို ထုတ်လွှတ်သော မီးခိုးရောင် သင်္ကေတတစ်ခု ရှိနေခဲ့သည်။

ဝေ့ဝူယင်မှာ လောကတစ်ခုလုံးအား လွှမ်းခြုံနေသည့် ကောင်းကင်တာအို၏ ဆန္ဒများကို ခံစားမိသည့်တိုင် လုံးဝ တည်ငြိမ်စွာ ရှိနေသေးဆဲ ဖြစ်သည်။ သူက ခေါင်းကို ငုံ့ကာ လက်ထဲရှိ ဆေးလုံးကို ငုံ့ကြည့်ရင်း ပြုံးလိုက်၏။

"ဒီနေ့ကစလို့ ကျုပ် တစ်စုံတစ်ယောက်ရဲ့ အရိပ်နဲ့ လွှမ်းမိုးမှုအောက်မှာ ဆက်မလျှောက်တော့ဘူး... ကိုယ်ပိုင် ဒဏ္ဍာရီ တစ်ခုကို တည်ဆောက်ပြီး ကိုယ့်လမ်းစဉ်ကို ဖန်တီးမယ်”

ဝေ့ဝူယင်က တိုးညင်းစွာ ရေရွတ်လိုက်၏။ သို့သော်လည်း သူ၏ အသံက ဧဒင်ကမ္ဘာ တစ်ခုလုံးကို ပဲ့တင်ထပ် ပျံ့နှံ့သွားကာ တစ်လောကလုံးကို ကြေညာလိုက်လေသည်။

“ဒီနေ့ ကျုပ် အာရုဏ်ဦး အဂ္ဂိရတ် ပညာရှင်ဟာ လောကရှန့်ထို တစ်ယောက် ဖြစ်လာခဲ့ပြီ”

“တစ်ချိန်တစ်ခါတုန်းက ကျုပ်ဟာ ထာဝရ ဧကရာဇ်ရဲ့ ဖန်တီးမှုကို သုံးပြီး သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်ကို ဝင်ရောက်ခဲ့တယ်...”

“ဒါပေမဲ့ နောက်တစ်ဆင့်ကို တက်လှမ်းဖို့ အတွက်တော့ ကိုယ်ပိုင် ဖန်တီးမှုကို သုံးဖို့ ဆုံးဖြတ်ခဲ့တယ်...”

“ဒီနေ့ ကျုပ်ကိုယ်တိုင် ဖန်တီးခဲ့တဲ့ လျှို့ဝှက် လောက အဆင့်နိမ့် အာရုဏ်ဦး နေမီးတောက် လောကဆေးလုံးကို ထုတ်ဖော်ပြသလိုက်တယ်”

***

All Chapters