တက်လှမ်းခြင်း (၂)
Vol. 104 Ch. 1450
“အာရုဏ်ဦး နေမီးတောက် လောက ဆေးလုံး..."
ဝေ့ဝူယင်၏ ကြေညာသံမှာ လျှို့ဝှက် ဆန်းကြယ်သည့် စွမ်းအား တစ်ခုနှင့် အတူ ကြားလိုက်ရသူတိုင်း၏ နှလုံးသားများ၊ ဝိညာဉ်များထဲသို့ ဝင်ရောက် သွားခဲ့လေသည်။ ခေတ်ကာလ မည်မျှပင် ကြာညောင်းသွားခဲ့သည် ဖြစ်စေ... ၎င်းမှာ မေ့ဖျောက်ရန် မဖြစ်နိုင်သည့် အသံမျိုး ဖြစ်သည်။
တစ်ချိန်တည်းတွင်ပင် အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ၏ အကြီးမြတ်ဆုံးသော ကောင်းချီးမှာ ကျင့်ကြံသူ အားလုံးသော အတွက် ထူးခြားသော အခွင့်အရေးဖြင့် ပေါ်ထွန်းလာခဲ့ပြီ ဖြစ်သည်။
သို့သော် ထာဝရ အစည်းအရုံး၏ ဟင်းလင်းပြင် သင်္ဘော အခြေအနေကတော့ အတော်လေး ထူးဆန်းနေခဲ့သည်။ ဧဒင်ကမ္ဘာ အတွင်းရှိ သူတို့၏ အခြေအနေမှာ ဝိညာဉ်ကွန်ရက် ကမ္ဘာနှင့် ချိတ်ဆက်ထားသော အာရုံများမှ ချန်လှပ် ခံထားရသည်။ အစစ်အမှန် ကမ္ဘာတွင်တော့ သူတို့မှာ လူပေါင်းများစွာကို စိတ်ပိုင်းဆိုင်ရာ ဗလာဟင်းလင်း ဖြစ်စေနိုင်သည့် အလွန်အကျွံ ဝိညာဉ် စီးဆင်းမှု အလယ် ဗဟိုတွင် ရှိနေခဲ့သည်။
ထာဝရ နတ်ဘုရားမှာ သူ ကိုယ်တိုင် ဖန်တီးထားသော သီးခြား ကမ္ဘာအတွင်းရှိ ဝိညာဉ် စီးဆင်းမှုများကြောင့် မထိခိုက်ခဲ့သော်လည်း သတ္တမမြောက် ကောင်းချီးကိုတော့ ခံစားရခြင်း မရှိဘဲ လုံးဝ ကင်းလွတ်နေခဲ့သည်။ သူက အဆိုပါ သီးခြား ကမ္ဘာ အတွင်းမှ ရုန်းထွက်ဖို့ ကြိုးစားလိုက်သော်လည်း ထူးဆန်းသည့် ဝိညာဉ် စီးဆင်းမှု တစ်ခုမှာ အစစ်အမှန် ရှန့်ထို လောက နိုးထမှုမှ ဖြစ်ပေါ်လာကာ သူ့ကို အတွင်း၌ ပိတ်လှောင်ထားကြောင်း တွေ့ရှိခဲ့ရသည်။
အစပိုင်း၌ ထိုအရာက ဝေ့ဝူယင်၏ လက်ချက်ဟု ထင်ကာ သူ ဒေါသများ ပေါက်ကွဲထွက်လုမတတ် ဖြစ်ခဲ့သေးသည်။ သို့သော်လည်း ထိုနယ်ပယ်ကို သေသေချာချာ စစ်ဆေးကြည့်သောအခါ လုံးဝ သဘာအတိုင်း ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ကိုယ့်ကိုယ်ကို ဖုံးကွယ်ထားခဲ့သည့် ဆုံးဖြတ်ချက်က ထာဝရ နတ်ဘုရားကို ကောင်းချီး ခံစားခွင့်မှ ဖယ်ထုတ်ပစ်ခဲ့ခြင်း ဖြစ်သည်။
"မဟုတ်ဘူး… မဟုတ်ဘူး…"
ထာဝရ အစည်းအရုံး၏ ဟင်းလင်းပြင် သင်္ဘော အတွင်းမှ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့၏။ အသံတစ်ခုချင်းစီမှာ ရူးသွပ်မတတ် နာကျင်မှုများနှင့် ပြည့်နှက် နေခဲ့သည်။ ကံမကောင်းစွာပင်… ကောင်းကင်တာအို၏ ထူးဆန်းသော လွှမ်းမိုးမှုကို ပယ်ဖျက်ရန် ထာဝရ နတ်ဘုရားထံတွင် နည်းလမ်း မရှိပါချေ။ အကယ်၍ သူ အတင်းအကြပ် ကြိုးပမ်းလျှင်ပင် သင်္ဘောထက်ရှိ လူများ အားလုံး သေဆုံးခြင်းမှ တစ်ပါး အောင်မြင်မှု ရရှိလိမ့်မည် မဟုတ်ပါချေ။
ဝေ့ဝူယင် ဖန်တီးခဲ့သည့် ကောင်းချီးမှာ မဟာမိတ်များအတွက် အကျိုးရလဒ် ရရှိရန် အတွက်သာ ရည်ရွယ်ခြင်းမျိုး မဟုတ်ဘဲ ရန်သူများကို ထိခိုက်စေရန် အတွက်လည်း အသုံးဝင်ခဲ့ပေသည်။
ထာဝရ အစည်းအရုံး၏ အဖွဲ့အတွင်း၌ တစ်ခုတည်းသော ချွင်းချက်က စန်းယွန်းလီနှင့် သူမ၏ မွေးစားဖခင်တို့ ဖြစ်သည်။ သူတို့ နှစ်ယောက်စလုံးမှာ ကောင်းကင်တာအို၏ လွှမ်းမိုး သက်ရောက်မှုများကို ကြိုတင် သတိပြုမိပုံရကာ ထာဝရ အစည်းအရုံး၏ သင်္ဘောမှ အချိန်မီ ထွက်ခွာရင်း အလွန်အကျွံ ဝိညာဉ် စီးဆင်းမှုများနှင့် အာကာသ ချုပ်နှောင်မှုများကို ရှောင်ရှားနိုင်ခဲ့သည်။
"ဟူး..."
စန်းလော့ယန် သက်ပြင်းချလိုက်၏။ စန်းယွန်းလီကတော့ စန်းလော့ယန်၏ အကာအကွယ်အောက်တွင် ရှိနေခဲ့ကာ အမျိုးမျိုးသော လျှို့ဝှက် သင်္ကေတများ၏ လွှမ်းမိုးမှု အလယ်၌ တရားထိုင်နေခဲ့သည်။ ထိုသင်္ကေတများမှာ သူမ၏ ပတ်လည်တွင် အရောင်အသွေး စုံလင်သော ကြယ်တံခွန်များကဲ့သို့ လျင်မြန်စွာ ရွေ့လျားနေကြသည်။
"အစစ်အမှန် ရှန့်ထိုတစ်ပါးရဲ့ လောက နိုးထမှုက ကမ္ဘာကြီးကိုပါ နိုးထစေတယ်… လောက သင်္ကေတတွေ အားလုံးထဲက နင့်အတွက် အကောင်းဆုံးဖြစ်မယ့် တစ်ခုကို ရှာဖွေရမယ်… တကယ်လို့ အဲဒါတွေက နင့်ကို သဘာဝအတိုင်း ရွေးချယ်ခြင်း မရှိဘူး ဆိုရင် တစ်ကြိမ်တည်းပဲ အခွင့်အရေး ရလိမ့်မယ်… ဒါကြောင့် မဖြုန်းတီးနဲ့"
ရှေးဟောင်းဝိညာဉ်က စန်းယွန်းလီကို တည်ငြိမ်စွာ သင်ကြားပြသ ပေးနေခဲ့၏။ သူမ၏ အသံက စိတ်လှုပ်ရှားခြင်းများနှင့် ပြည့်နှက် နေခဲ့သည်။
"ဒီလောက သင်္ကေတတွေက မရိုးရှင်းဘူး… တစ်ခုကို ရနိုင်ခဲ့မယ် ဆိုရင်တောင် လောက ရှန့်ထို တစ်ယောက် ဖြစ်လာဖို့ ကံကြမ္မာ လမ်းကြောင်းကို ချမှတ်ပြီးသွားပြီ… ပထမဆုံး လောက နိုးထမှုတွေမှာသာ ဒီလို ဖြစ်စဉ်မျိုး ပေါ်တတ်တဲ့ အတွက် အကျိုးကျေးဇူးတွေလို ခံစားနိုင်တဲ့သူ အရမ်းနည်းတယ်”
စန်းယွန်းလီမှာ ငြိမ်သက်စွာ နားထောင်ရင်း ကျင့်ကြံနေခဲ့၏။ သို့သော်လည်း… သူမ၏ စိတ်ထဲတွင် သံသယ တစ်ခု ရှိနေခဲ့လေသည်။ သူမ မဟာ စက်ဝန်းကြယ်ကွင်းပြင်၏ သမိုင်းကြောင်း အတော်များများကို ဖတ်ဖူးခဲ့သည်။ သို့သော်လည်း ထိုအထဲ၌ ထာဝရ ဧကရာဇ် လောက အဂ္ဂိရတ် ရှန့်ထို အဆင့်ကို တက်လှမ်းချိန်တွင် ယခုလို အစစ်အမှန် ရှန့်ထို တစ်ပါး၏ လောက နိုးထခြင်း ဖြစ်စဉ်မျိုး ဖြစ်ပေါ်လာသည်ဟု ဖော်ပြထားခဲ့ခြင်း မရှိချေ။ ထို့အစား ဝိညာဉ်ငလျင်ကိုသာ ဖော်ပြထားသည်။
ထိုအရာက ဖုံးကွယ်ထားခြင်းလော။ သို့မဟုတ် သူ၏ အစစ်အမှန် လောက အသိအမှတ်ပြုခြင်းနှင့် ပတ်သက်၍ လျှို့ဝှက်ထားသည့် အရာတစ်ခု ရှိနေသည်လော။
မသိလိုက်ခင်မှာပင် စန်းယွန်းလီ တစ်ယောက် ထာဝရ ဧကရာဇ်နှင့် ပတ်သက်၍ ထိတ်လန့်စရာကောင်းသော အမှန်တရား တစ်ခုအား ဖော်ထုတ်ပြသနိုင်မည့် အခွင့်အရေး တစ်ခုကို ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ… သူမက ထိုအကြောင်းအရာကို ဆက်လက် မစဉ်းစားတော့ဘဲ အကြီးမြတ်ဆုံး ကောင်းချီးကို ဆုပ်ကိုင်ရန်သာ အပြည့်အဝ အာရုံစိုက်လိုက်တော့သည်။
စန်းလော့ယန်မှာ သူ၏ မွေးစားသမီးကို ကြည့်ရှုရင်း လေးစားမှု၊ ဂုဏ်ယူမှုတို့ဖြင့် ညင်သာစွာ ပြုံးလိုက်မိသည်။ သမီးဖြစ်သူကို ဆက်လက် ကာကွယ်နေစဉ်မှာပင် ရုတ်တရက် သူ့ မျက်လုံးများ အတွင်းမှ သေမျိုး ဝိညာဉ် အဂ္ဂိရတ် ကြယ်တာရာများမှာ တဟုန်ထိုး လင်းလက်လာခဲ့သည်။
ထာဝရ ဧကရာဇ်နှင့် မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထိုတို့နှင့် ခြားနားစွာပင် စန်းလော့ယန်မှာ သူ့ ဘဝ တစ်လျှောက် ကိုယ်ပိုင် ကြိုးပမ်းအားထုတ်မှုဖြင့် လျှို့ဝှက်မြေကြီး အဆင့် ဆေးလုံး တစ်လုံးကိုမျှ မဖော်စပ်နိုင်ခဲ့လေရာ အဂ္ဂိရတ် ကြယ်များမှာလည်း နောက်တစ်ဆင့်သို့ မတိုးတက်နိုင်ခဲ့ချေ။
ရောင်ခြည် အလင်းတန်း ခုနစ်ခုမှာ အဝေးမှ နေ၍ သူ့ထံသို့ ရွေ့လျား ထွက်ပေါ်လာခဲ့၏။ ၎င်းတို့က မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူ့ရှေ့သို့ ရောက်ရှိလာကာ ညင်သာစွာ လွင့်မြော နေခဲ့သည်။ စန်းလော့ယန်မှာ ၎င်းတို့ကို ကြည့်ရင်း အံ့အားသင့်သွားကာ မသိစိတ်မှ လက်လှမ်းလိုက်မိ၏။ ခုနစ်ရောင်ခြည် အလင်းတန်းက ချက်ချင်းပင် ပေါက်ကွဲသွားကာ စန်းလော့ယန်၏ စိတ်မှာ ချက်ချင်းပင် အဖိုးတန် အချက်အလက်များစွာဖြင့် ပြည့်နှက်သွားခဲ့သည်။ ၎င်းတို့မှာ အဂ္ဂိရတ် ကြယ်တာရာများ ပေါင်းစည်ခြင်း ဖြစ်စဉ်နှင့် အလွန်ဆင်တူပေသည်။
…
ဝေ့ဝူယင်မှာ အာရုဏ်ဦး နေမီးတောက် လောက ဆေးလုံးကို အထူး ပြုလုပ်ထားသည့် ကျောက်စိမ်း သေတ္တာထဲတွင် ဂရုတစိုက် သိမ်းဆည်းလိုက်ရင်း ၎င်း၏ စွမ်းအင် အရှိန်အဝါကို ချိပ်ပိတ်ပစ်လိုက်သည်။ ထိုကျောက်စိမ်းသေတ္တာမှာ မူလက အဆုံးမဲ့ ခရီးသွား နယ်မြေသား လောကရှန့်ထို ရှုယု ပိုင်ဆိုင်ခဲ့သည့် ရတနာ တစ်ခု ဖြစ်ပေသည်။
ဝေ့ဝူယင်မှာ ဆေးလုံး၏ အာနိသင်များကို လူသိရှင်ကြား ဖော်ထုတ်ခြင်း မပြုခဲ့ချေ။ ၎င်းအား ဖန်တီးခဲ့ခြင်းနှင့် အဂ္ဂိရတ် တာအို၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ခြင်းတို့ကပင်လျှင် လုံလောက်သည်။
ကောင်းကင် တာအိုက အကြံအစည် အမျိုးမျိုးဖြင့် ကောင်းချီးခံများအား အကျိုးပြုရန် ကြိုးပမ်း အားထုတ်နေသည်ကို တိတ်ဆိတ်စွာ ခွင့်ပြုလိုက်ရင်း ဝေ့ဝူယင်မှာ ရိုးရှင်းစွာပင် အနားယူနေခဲ့၏။ သူက ချို့ယွင်းချက်မရှိသည့် လုပ်ငန်းစဉ်ကို ပြသခဲ့သော်လည်း လျှို့ဝှက်လောက အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခု ဖန်တီး ဖော်စပ်ခြင်းမှာ မည်သည့်နည်းနှင့်မျှ ရိုးရှင်းသည့် လုပ်ငန်းစဉ် တစ်ခု မဟုတ်ချေ။ ဝေ့ဝူယင် စိတ်အတွင်းပိုင်း၌ အလွန် ပင်ပန်း နွမ်းနယ်နေခဲ့ပြီ ဖြစ်သည်။
အားအင် ကုန်ခမ်းလုနီးပါး ဖြစ်သည် ဆိုလျှင်ပင် ချဲ့ကား ပြောဆိုရာ ကျလိမ့်မည် မဟုတ်ချေ။ ဥပမာအားဖြင့် ဘုရင်၊ အိုရီနှင့် ဧဒင်တို့မှာ လုံးဝ အားပြတ်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ခရာတိုမှာ တစ်ခုတည်းသော ချွင်းချက်ဖြစ်သော်လည်း ဝေ့ဝူယင်မှာ သူ့ကို လောကထံ ထုတ်ဖော်ပြသခြင်း မပြုချေ။
ဘဝ၌ လျှို့ဝှက်ချက် အနည်းငယ်ကို ဆက်လက် ထိန်းသိမ်းထားသင့်သည်။ အထူးသဖြင့် ငရဲကိုပင် ကျူးကျော်ဝင်ရောက်မည်ဟု မကြာခဏ ဝင့်ကြွားစွာ ကြွားဝါလေ့ ရှိသည့် ခရာတို ကဲ့သို့ တည်ရှိမှုမျိုးကိုပင်။
“ငါ မရောက်နိုင်သော နေရာ မရှိဘူး… ငါ မလွတ်မြောက်နိုင်သော လှောင်အိမ် မရှိဘူး…”
ထိုမာနနှင့် ထုံလွှမ်းနေသော စကားလုံးများမှာ ဝေ့ဝူယင်၏ နှလုံးသားတွင် ယနေ့တိုင် ပဲ့တင်ထပ်နေဆဲ ဖြစ်ပေသည်။
"နင်က... တကယ်ကို ထူးခြားတဲ့သူပဲ"
ဝေ့ဝူယင်၏ အသိစိတ် ပင်လယ်တွင် နေထိုင်သော ကောင်းကင်စစ်ဝိညာဉ်က စစ်မှန်သော လေးစားမှုဖြင့် ပြောလိုက်၏။
"ဟ… ဟ…"
ဝေ့ဝူယင် ပြုံးလိုက်ရင်း ကိုယ်လက်များကို ညင်သာစွာ ဆန့်တန်းလိုက်သည်။ တစ်ခဏမျှ ကြာမြင့်ပြီးနောက် ကောင်းကင် စစ်ဝိညာဉ်က အလွန် လေးနက်သည့် လေသံဖြင့် စကားဆက်လိုက်လေ၏။
"နင့်ရဲ့ သတိထားတတ်တဲ့ ဘက်ခြမ်းကို ငါ မြင်ဖူးတယ်… အသေးစိတ်ကို အရမ်း ဂရုစိုက်တယ်… ဒါပေမဲ့ နင် တကယ် လှုပ်ရှားတဲ့ အခါမှာ မတုန်လှုပ်ရတဲ့သူ မရှိဘူး… နင့်ကို ရွေးချယ်ခွင့် ရခဲ့တာက ငါ့ရဲ့ အကြီးမားဆုံး ကံကောင်းမှုလား… ဒါမှမဟုတ် အဆိုးရွားဆုံး ကံဆိုးခြင်းလား"
ကောင်းကင်စစ်ဝိညာဉ်၏ စကားများက အံ့အားသင့်စရာကောင်းလှလေရာ ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိလေတော့သည်။
***