ထူးချွန်သည့် ယောက်ျား
Vol. 104 Ch. 1451
“အကြီးမားဆုံး ကံကောင်းမှု... အဆိုးရွားဆုံး ကံဆိုးခြင်း...”
ဝေ့ဝူယင် လိုက်လံ၍ ရေရွတ်လိုက်မိ၏။ သိပ်နားလည်နိုင်ပုံ မရသည့် ဝေ့ဝူယင်၏ အမူအရာကို သတိထားမိလေရာ ကောင်းကင် စစ်ဝိညာဉ်က ရှင်းပြလိုက်သည်။
"နင့်ရဲ့ လမ်းကြောင်းက မရေရာမှုတွေနဲ့ ပြည့်နှက်နေတယ်… ဟိုးအရင် ကောင်းကင်စစ်ဝိညာဉ်တွေကို ရခဲ့ဖူးတဲ့ လူတွေ အားလုံးနီးပါးက ထိပ်ဆုံး အဆင့်အတန်းကို ရောက်အောင် တက်လှမ်း နေကြတဲ့ သူတွေချည်းပဲ… သူတို့ရဲ့ အနာဂတ် လမ်းကြောင်းတွေက ရှင်းလင်းပြတ်သားတယ်… နောက်ပြီး လောကတစ်ခုလုံးကို ကိုင်လှုပ်နိုင်တဲ့ နောက်ခံတွေလည်း ရှိတယ်… ဒါပေမဲ့ နင်ကကျတော့ သူတို့နဲ့ မတူဘူး”
"နင် ပိုင်ဆိုင်ထားသမျှ အရာအားလုံးက မင်းကိုယ်တိုင် တည်ဆောက်ထားတာတွေချည်းပဲ… နင် ဝင်ခဲ့တဲ့ ဂိုဏ်းတွေ ဆိုတာကလည်း သေမျိုး ကစားကွင်းသာသာပဲ ရှိတယ်… နင့်မှာ တကယ့် နောက်ခံဆိုတာ မရှိဘူး… အဲဒါက ငါတို့ ကောင်းကင် စစ်ဝိညာဉ်တွေရဲ့ ကမ္ဘာဆီကို အသစ်အဆန်းတွေ ဝင်လာတာ ဖြစ်နိုင်သလို နင့်ရဲ့ အကြီးမားဆုံး အားနည်းချက်လည်း ဖြစ်နိုင်တယ်… သာမန် စမ်းသပ်မှုတွေကနေ ရလာတဲ့ ကံကြမ္မာက ကဏ္ဍအားလုံးမှာ မွေးရာပါ ကောင်းချီးပေးခံထားရတဲ့ လူတွေနဲ့ ယှဉ်နိုင်မယ်လို့ ထင်ရင် နင် မှားသွားလိမ့်မယ်”
ဝေ့ဝူယင်မှာ တိတ်ဆိတ်နေခဲ့၏။
"ဆက်စပ်မှု စစ်အလံဆိုတာက လူလုပ်ပစ္စည်းတစ်ခုပဲ… စမ်းသပ်ပွဲ အောင်မြင်တဲ့ လူတိုင်းကို ပေါ့ပေါ့ပါးပါး ပေးထားတာ… နင့်ကို ပွင့်ပွင့်လင်းလင်း ပြောပြမယ်… တာအို ဝိညာဉ် တစ်ယောက် ဆိုပေမဲ့ ငါ့ရဲ့ အစစ်အမှန် တန်ဖိုးက ထိပ်သီး ကျင့်ကြံသူတွေ အတွက် ဘာမှမဟုတ်ဘူး… ဒါကြောင့်ပဲ သူတို့က လွယ်လွယ်ကူကူ ပေးလိုက်တာပေါ့…"
စကားလုံးများ၏ အဆုံးသတ်တွင် ကောင်းကင်စစ် ဝိညာဉ်က ဖော်ပြ၍ မရနိုင်သော စိတ်ခံစားမှုများဖြင့် လေးလံစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမမှာ စကားလုံးပေါင်း တစ်ထောင် ပြောချင်သကဲ့သို့ ထင်ရသော်လည်း အနည်းငယ်မျှသာ ပြောနိုင်ခဲ့သည်။
သို့သော်လည်း ဝေ့ဝူယင်မှာ သူမ ပြောလိုသမျှ အရာရာတိုင်းကို နားလည်ခဲ့သည်။ သူမက ‘ဤသည်မှာ အစမျှသာဖြစ်ကြောင်း၊ တစ်ယောက်တည်း တည်ဆောက်ထားသော လမ်းကြောင်းတွင် ရှေ့ဆက်သွားရန် ခက်ခဲလိမ့်မည် ဖြစ်ကြောင်း’ သတိပေးလိုခြင်း ဖြစ်သည်။ သူ ပိုင်ဆိုင်ထားသည့် ထူးခြားသော အရည်အချင်းများမှာ အများသူငါ၏ စိတ်ကို တုန်လှုပ်အောင် လုပ်နိုင်သော်လည်း ကြောက်မက်ဖွယ် ကပ်ဘေးဆိုး အမျိုးမျိုးကိုလည်း ဆွဲဆောင်နိုင်စွမ်း ရှိပေသည်။
ဝေ့ဝူယင်သည်လည်းပဲ ထိုအရာကို သဘောပေါက်ပေသည်။ ဆက်စပ်မှု စစ်အလံကဲ့သို့ အရာများမှာ သူ့ကို ချိပ်ပိတ်နယ်မြေ အတွင်း ပြိုင်ဘက်ကင်းစေနိုင်သော်လည်း နောင်အနာဂတ်တွင် သူ၏ ဘေးကင်းရေးနှင့် အသက်ကိုတော့ အာမခံနိုင်ရန် မလုံလောက်ပါချေ။ သို့သော်လည်း ဝေ့ဝူယင် လမ်းကြောင်း တစ်ခုကို ရွေးချယ်ခဲ့ပြီး ဖြစ်သည်။ ၎င်းကို ရပ်တန့်လို့ မရတော့ချေ။
ဝေ့ဝူယင်၏ ဘဝတွင် အကြီးမားဆုံး ရည်ရွယ်ချက်မှာ သာမန် သေမျိုးတစ်ဦးအနေဖြင့် ငရဲ၏ ကပ်ဘေးများကို ခုခံရန် အမြင့်မားဆုံးသော လမ်းကြောင်းပေါ်၌ လျှောက်လှမ်းရန် ဖြစ်သည်။ ထိုရည်ရွယ်ချက် အောင်မြင်စေဖို့ အတွက် သူ မည်သည့်အရာကို မဆို လုပ်ဆောင်ပေလိမ့်မည်။
"ငါက မင်း အတွက် အကြီးမားဆုံး ကပ်ဘေး ဖြစ်လာရင် ငါတို့တွေ အတူတူ ရှောင်တိမ်းကြမယ်… ငါက မင်း အတွက် အကြီးမားဆုံး ကံကြမ္မာ ဖြစ်လာမယ် ဆိုရင်တော့ ငါတို့ နှစ်ယောက် အသေးအမွှားလေးကအစ အကုန်လုံးကို ရယူနိုင်အောင် သေချာလုပ်ကြမယ်… အရိုးတစ်ချောင်းတောင် မချန်ဘူး"
ဝေ့ဝူယင်က ခိုင်မာသည့် လေသံဖြင့် ကောင်းကင်စစ်ဝိညာဉ်ကို ကတိပေးလိုက်၏။
အချိန်များက တရွေ့ရွေ့ ရွေ့လျားနေကာ ခုနစ်မိနစ် တိတိ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ အစစ်အမှန် လောက အသိအမှတ်ပြုခြင်းမှာ ပျောက်ကွယ်စပြုလာကာ ကမ္ဘာလောကကြီမှောလည်း တစ်ဖန်ပြန်လည် အိပ်စက် သွားခဲ့သည်။
"နင် ကတိတည်ပါစေ"
ကောင်းကင်စစ် ဝိညာဉ်က ညင်သာစွာ ဆိုလိုက်၏။ သတိမထားမိခင်မှာပင် သူမမှာ စတင် ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။ နောင်အနာဂတ် လမ်းကြောင်းနှင့် ပတ်သက်၍ မည်မျှ ပြင်းထန်ပုံရနေပါစေ သူမ၏ စိတ်သန္တန်၌ လျှောက်လှမ်းရန် ခိုင်မာသည့် ဆုံးဖြတ်ချက် တစ်ခု ပေါ်လာနေခဲ့ပြီ ဖြစ်သည်။
အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ၏ ကန့်လန့်ကာများမှာလည်း ပိတ်စပြုလာလေပြီ။ ၎င်း၏ နောက်ဆုံးသော အပိုင်းမှာ လူတိုင်း နီးပါး ရယူနိုင်သည့် အံ့မခန်း ကောင်းချီးများကို ချန်ရစ်ထားခဲ့ပေသည်။
ဝေ့ဝူယင် ပြုံးလိုက်ရင်း စင်မြင့်ပေါ်မှ ထွက်ခွာလာခဲ့၏။
....
အစစ်အမှန် ရှန့်ထိုတစ်ပါး၏ လောက နိုးထမှု ဖြစ်ပေါ်ပြီးနောက် နှစ်ပတ် ကြာမြင့် ခဲ့ချေပြီ ဖြစ်သည်။ အစစ်အမှန် လောက အသိအမှတ်ပြုခြင်း၏ သက်ရောက်မှုများမှာ အစစ်အမှန် မြေကြီး အသိအမှတ်ပြုခြင်းထက် များစွာ ကြီးမားလှလေရာ ရယူပိုင်ဆိုင်နိုင်ဖို့လည်း ခက်ခဲလှပေသည်။ များစွာသော လူတို့မှာ ကံကြမ္မာကို အရယူနိုင်ခဲ့သော်လည်း ၎င်းတို့ကို နားလည်ရန် အတွက်မူ တံခါးပိတ် ကျင့်ကြံ၍ နက်ရှိုင်းစွာ ဆင်ခြင် သုံးသပ်ဖို့ လိုအပ်ပေသည်။ အချိန်ကာလအားဖြင့် နှစ်နှင့် ချီ၍ပင် ကြာမြင့်ကောင်း ကြာမြင့်နိုင်ပေသည်။
ထို့ကြောင့်ပင်… ဧဒင်ကမ္ဘာ အတွင်းရှိ ကျင့်ကြံသူများကို ဉာဏ်အလင်းပွင့်ခြင်း အခြေအနေမှ အသာအယာ နိုးထစေခဲ့ကာ သူတို့ သတိပြန်လည်လာသည်နှင့်အမျှ ဖြည်းဖြည်းချင်း ထွက်ခွာစေခဲ့သည်။
"ဘယ်လောက် ကံကောင်းလိုက်သလဲ..."
လင်းရှန်းရှဲ့ တစ်ယောက် တင်ပျဉ်ချိတ်ကာ ထိုင်ရင်း ပါးစပ်မှ ဝိညာဉ်လေပူများကို မှုတ်ထုတ် လိုက်သည်။ သူမ၏ ရွှေရောင် မျက်ဝန်းများမှာ လှပစွာ တောက်ပနေခဲ့၏။
လွန်ခဲ့သည့် နှစ်ပေါင်း ခုနှစ်ဆယ်ခန့်… လင်းမင်နှင့် စတင် တွေ့ဆုံခဲ့သည့် အချိန် ကတည်းက စလို့ သူမမှာ ကြယ်တာရာ အမြုတေ အဆင့်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။
ဂိုဏ်းချုပ်၏ နောက်ခံကို ပိုင်ဆိုင်ထားသည့် နတ်မိမယ် စာရင်းဝင် တစ်ဦး အနေဖြင့် သူမမှာ လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းရန် အတွက် လျှို့ဝှက် သင်္ကေတ မျိုးစေ့များကို အချိန် ကြာမြင့်စွာကတည်းက စုဆောင်း နေခဲ့သည်။
ယခုတွင်တော့ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ၏ ကောင်းချီးများနှင့် အတူ သူမမှာ အနည်းဆုံး သင်္ကေတ ရှစ်ခု၊ ကံကောင်းပါက ကိုးခု အထိကိုပင် ရယူနိုင်ရန် ယုံကြည်မှု ရှိ နေခဲ့ပြီ ဖြစ်သည်။
သူမသာလျှင် မက အဂ္ဂိရတ် ကုန်စည်ပြပွဲကို တက်ရောက်လာသည့် လူတိုင်း နီးပါးပါ ထိုကဲ့သို့ ကြီးမားလှသည့် အကျိုးကျေးဇူးများကို ရရှိခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင်သည် အလွန် ရက်ရောလွန်း ရုံမျှသာ မက… သူနှင့် ပတ်သက် ဆက်နွယ်ခြင်း မရှိသူများကိုပင် အံ့မခန်း အကျိုးကျေးဇူးများ ခံစားခွင့်ပြုခဲ့လေရာ အလွန် ရှာမှရှားသည့် အဂ္ဂိရတ် ရှန့်ထို တစ်ဦး ဖြစ်ကြောင်း ထင်ရှားစေခဲ့သည်။
အကယ်၍ ဝေ့ဝူယင်သာ စိတ်ယုတ်စိတ်ပုပ် မွေးခဲ့မည် ဆိုပါက… အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်းရှိ ကျင့်ကြံသူတိုင်းကို လွယ်ကူစွာ သီးခြားခွဲထုတ်နိုင်ကာ သူတို့ ခံစားရမည့် အခွင့်အရေးများကို ပိတ်ပင်နိုင်ခဲ့ပေသည်။ သို့သော်လည်း လူငယ်မှာ မလုပ်ခဲ့ပါချေ။
တစ်ခါ မြင်ရုံဖြင့်ပင် မမေ့နိုင်လောက်အောင် ခန့်ညား ချောမောလှသော မျက်နှာသွင်ပြင်မှ စ၍ လောက အဂ္ဂိရတ် ရှန့်ထို အဆင့်ကို တက်လှမ်း နိုင်ခဲ့သော အောင်မြင်မှုများ အဆုံး… ဝေ့ဝူယင်၏ အကြောင်းများကို ပြန်လည် တွေးတောရင်း လင်းရှန်းရှဲ့၏ နှလုံးသားက ပြင်းထန်စွာ ခုန်လာကာ ပါးပြင်များ ပင်လျှင် အနည်းငယ် နီရဲလာခဲ့၏။
ထူးချွန်သော ယောက်ျား တစ်ယောက်ဆိုသည်မှာ အဘယ်နည်း။
နံပတ်တစ်… အားနည်းချက် မရှိသော ယောက်ျား
ဝေ့ဝူယင်မှာ အချိန်သခင်တစ်ဦး အနေဖြင့်ပင် သေမျိုးတစ်ပိုင်း အရှင်၏ ကိုယ်ပွားကို ဆေဘာ တစ်ချက်တည်းဖြင့် သတ်ဖြတ် သုတ်သင်ပစ်နိုင်ခဲ့သည်။
နံပတ်နှစ်… စွမ်းရည် တစ်ခုခု ရှိသည့် ယောက်ျား
ဝေ့ဝူယင်မှာ အသက် ကိုးဆယ့်ငါးနှစ်အရွယ်တွင်ပင် လောက အဂ္ဂိရတ် ရှန့်ထို တစ်ယောက် ဖြစ်လာခဲ့သည်။
နံပတ်သုံး… မြင့်မားသည့် ပါရမီ ရှိသော ယောက်ျား
အသက် ကိုးဆယ့်ငါးနှစ် နုနယ်သော အရွယ်တွင်ပင် ဝေ့ဝူယင်မှာ လောက အဂ္ဂိရတ် ရှန့်ထို တစ်ယောက် ဖြစ်လာကာ သေမျိုး ကန့်သတ်ချက်များကိုပင် ကျော်လွန် တိုက်ခိုက်နိုင်သော ကြယ်တာရာ သခင် အဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့သည်။
ကိုယ်ပိုင် အင်အားစု ရှိသော ယောက်ျား…
ဝေ့ဝူယင်၏ အမိန့်ပေးမှု အောက်တွင် အနည်းဆုံး မြေကြီးရှန့်ထို ရှစ်ဆယ်ကျော် ရှိသည်။ ထိပ်သီး မြေကြီး ရှန့်ထိုများကိုပင် ခြိမ်းခြောက်နိုင်သည့် ရှေးဟောင်း မီးဖီးနစ်တစ်ကောင်လည်း ပါဝင်သည်။
ရည်မှန်းချက် ရှိသည့် ယောက်ျား…
ဝေ့ဝူယင်မှာ သူ၏ ကိုယ်ပိုင် ကြယ်တာရာ နယ်မြေကို တည်ထောင်ခဲ့ကာ ချိပ်ပိတ်နယ်မြေ အတွင်း အကြီးမားဆုံးသော နေကြယ်ကိုလည်း ပိုင်ဆိုင်ထားခဲ့သည်။
ဆွဲဆောင်မှု မရှိသော ယောက်ျား…
စိတ်နေစိတ်ထားအရဖြစ်စေ၊ ဉာဏ်ရည်အရ ဖြစ်စေ ဝေ့ဝူယင်မှာ မယုံကြည် နိုင်လောက်အောင် ဆွဲဆောင်မှု ရှိသည့် အမျိုးသား တစ်ယောက် ဖြစ်သည်။ ရုပ်ရည်ပိုင်းကို ဆိုလျှင် ထည့်တွက်စရာ မလိုတော့ချေ။
စည်းစိမ်ဥစ္စာ ရှိသော ယောက်ျား…
လောက အဂ္ဂိရတ် ရှန့်ထို တစ်ယောက် အနေဖြင့်ပင် သူ၏ တည်ရှိမှုမှာ ထူးခြားနေပြီ ဖြစ်သော်လည်း ထိုအချိန် မတိုင်မီ ကတည်းကပင် ဝေ့ဝူယင်မှာ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲအား တက်ရောက်လာသည့် ကျင့်ကြံသူ သန်းပေါင်း များစွာကို ပြဿနာ တစ်စုံတစ်ရာ မရှိဘဲ ပေါ့ပေါ့ပါးပါး ထောက်ပံ့ ပေးနိုင်ခဲ့သည်။
ထူးချွန်သော ယောက်ျားဆိုသည်မှာ အဘယ်နည်း။
လင်းရှန်းရှဲ့တစ်ယောက် ဝေ့ဝူယင်ကိုသာ 'ထူးချွန်သော ယောက်ျား' တစ်ယောက် အဖြစ် သတ်မှတ်နေမိပြီ ဖြစ်သည်။
သူမ၏ နှလုံးသားမှာ အဆက်မပြတ်ခုန်နေကာ ဝေ့ဝူယင်နှင့် ပတ်သက်သမျှ အရာအားလုံး… အထူးသဖြင့် သူ့ အပိုင်ဖြစ်ရန် ကမ်းလှမ်းမှုများထဲမှ ရုန်းမထွက်နိုင်အောင် ဖြစ်နေမိသည်။
ယခင်က ဝေ့ဝူယင်၏ ဇနီးနေရာကို ရယူရန် 'ကြိုးစားရမည်' ဟူသည့် အယူအဆကို သူမ ပြောင်လှောင်ခဲ့ဖူးသော်လည်း ယခုမူ... သူမလိုမျိုး လှပပြီး ထက်မြက်သည့်၊ သူမထက်ပင် သာလွန်သည့် မိန်းကလေး များစွာမှာ ဝေ့ဝူယင် အနားကို ချဉ်းကပ်ရန် အပြိုင်အဆိုင် ကြိုးပမ်း နေကြလောက်ပြီ ဖြစ်သည်။
ဖြစ်ပေါ်လာနိုင်ချေ ရှိသည့် ပြိုင်ဘက်ပေါင်း များစွာကို တွေးတောရင်း သူမ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုနှင့် နောင်တ တရားများက လွှမ်းမိုးလာခဲ့လေ၏။
***