← Chapters

ကမ္မကုန်လုနီးပါး ကောင်းချီးခံ

Vol. 104 Ch. 1452

ကမ္မကုန်လုနီးပါး ကောင်းချီးခံ

Vol. 104 Ch. 1452

အခြားတစ်ဖက်တွင်တော့…

ကျင့်ကြံခြင်း ဈာန်ဝင်စားမှု အတွင်းမှ ထွက်ခွာလာပြီးနောက်တွင်ပင် ယန်ချောင်ယွီ၏ မျက်လုံးများက တဖျပ်ဖျပ် အလင်းရောင်များနှင့် တောက်ပနေဆဲ ဖြစ်သည်။

ဗလာကျင်းနေသည့် စင်မြင့်ကို စိုက်ကြည့်ရင်း တုန့်ဆိုင်းခြင်း မပြုပဲ ဝေ့ဝူယင် သူမထံ ပေးထားသည့် အာကာသလက်စွပ် မှတစ်ဆင့် စာပို့လိုက်သည်။

ခရက်… ခရက်…

မကြာခင်မှာပင် အပြင်လောက၌ သူမ၏ အရှေ့တွင် ဟင်းလင်းပြင်ပေါ်တယ်တစ်ခု ပေါ်လာခဲ့သည်။ သူမက လှပစွာ ပြုံးလိုက်ရင်း ဟင်းလင်းပြင် ပေါ်တယ်ထဲသို့ လျှောက်လှမ်း ဝင်ရောက် သွားခဲ့လေ၏။

အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၊ ဖီဆန် ပေါက်စလေး၏ အလင်းရောင်အောက်တွင် ထူးဆန်းသော သတ္တဝါကြီးပင်လျှင် ဝေ့ဝူယင်၏ ဟင်းလင်းပြင် ပေါ်တယ်များကို အာရုံခံနိုင်စွမ်း မရှိပါချေ။

ထို့ကြောင့်ပင် ဝေ့ဝူယင်မှာ မည်သည်ကိုမှ ထိတ်လန့် ကြောက်ရွံ့စရာ မလိုပဲ ပေါ်တယ်များကို လွတ်လပ်စွာ ဖန်တီးနိုင်သည်။

"..."

ထျန်းမူယန်၊ ထျန်းလင်းယု၊ ထျန်းရှန်းယန်၊ ကောင်းကင် ဧကရာဇ်ပိုင်နှင့် တော်ဝင် မင်းသားငယ်၊ မင်းသမီးငယ် အားလုံးမှာ လွန်ခဲ့သည့် တစ်ရက်ခန့်ကတည်းက နိုးထနေကြပြီး ဖြစ်လေရာ ဟင်းလင်းပြင်ပေါ်တယ်ကို အံ့အားသင့်စွာ စိုက်ကြည့်နေမိကြသည်။

ယန်ချောင်ယွီမှာ ထွက်သွားခဲ့ပြီ ဖြစ်လေသည်။ သို့သော်လည်း ဟင်းလင်းပြင် ပေါ်တယ်မှာ ပွင့်လျက်ပင် ရှိနေပေသေးသည်။

ထျန်းလင်းယု၏ မျက်လုံးများက အရောင် ပြောင်းလဲသွားကာ သူမ၏ အသက်ရှူနှုန်းမှာလည်း အနည်းငယ် မြန်လာခဲ့သည်။ သူမ တွန့်ဆုတ်နေစဉ်မှာပင် ပခုံးပေါ်သို့ လက်တစ်ဖက်က ညင်သာစွာ ဖိလာခဲ့၏။

ထျန်းလင်းယု လှည့်ကြည့်လိုက်ရာ ပြုံးနေသည့် ထျန်းမူယန်ကို တွေ့လိုက်ရသည်။

"ငါတို့ လောက အဂ္ဂိရတ် ရှန့်ထိုဝေ့နဲ့ စစ်မဖြစ်သေးပါဘူး"

လူအိုကြီးက ညင်သာစွာ သတိပေးလိုက်သည်။ ထျန်းလင်းယု၏ နှလုံးသားက တုန်ယင်သွားခဲ့၏။

"ဟူး…"

မိန်းကလေးက အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်လိုက်ရင်း မတ်တပ် ထရပ်လိုက်၏။ ထို့နောက် ရင်ဘတ်ကို ကော့ကာ ဟင်းလင်းပြင် ပေါ်တယ်ထဲသို့ ရဲဝံ့စွာ လျှောက်လှမ်း ဝင်ရောက်သွားခဲ့တော့သည်။

ဤမြင်ကွင်းကို ကြည့်ရင်း ဉာဏ်ကောင်းသည့် မင်းသမီးငယ် တစ်ပါးမှာ ဟင်းလင်းပြင် ပေါ်တယ်၏ ဦးတည်ရာကို ရိပ်မိသွားခဲ့သည်။ ချက်ချင်းပင် သူမ၏နှလုံးသား အတွင်း မျှော်လင့်ချက်များ နိုးထလာခဲ့၏။ သူမက ချက်ချင်းပင် မတ်တပ်ထရပ်၍ ပေါ်တယ်ဆီသို့ ရွေ့သွားလိုက်ရာ အခြား သူများ အားလုံး အံ့အားသင့် သွားခဲ့ကြသည်။

သို့သော်လည်း မင်းသမီးငယ် ရောက်လုနီးနီး တွင်ပင် ပေါ်တယ်မှာ အနည်းငယ် တုန်ယင်သွားကာ ပြန်လည် ပိတ်သိမ်း သွားခဲ့လေ၏။

"..."

"..."

"..."

…

အခြားတစ်ဖက်၌... လင်မင်း တစ်ယောက် နောက်ဆုံးတွင် ကျင့်ကြံမှု အခြေအနေမှ ဖြည်းဖြည်းချင်း ပြန်လည် နိုးထလာခဲ့ပြီ ဖြစ်သည်။

မျက်လုံးများကို ဖွင့်လိုက်သော အခိုက်၌ သူက အစစ်အမှန် ကမ္ဘာတွင် ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။ သူ့ဘေးတွင်တော့ လင်းရှန်းရှဲ့ ရှိနေခဲ့ကာ သူမ၏ အော်ရာက အနည်းငယ် မတည်မငြိမ် ဖြစ်နေပုံရ၏။

"အစ်မလင်း…"

လင်းမင် ခေါ်လိုက်သော်လည်း တုံ့ပြန်မှု မရှိခဲ့ပေ။

"အစ်မလင်း…"

လင်းမင် အသံကို မြှင့်၍ ထပ်မံ ခေါ်လိုက်သော်လည်း အလားတူပင် တုံ့ပြန်မှု မရှိခဲ့ပေ။

ဝေ့ဝူယင်၏ အဂ္ဂိရတ် ကုန်စည်ပြပွဲမှာ လူများစွာ အပေါ် နက်ရှိုင်းသော သက်ရောက်မှုများ ရှိခဲ့ပေသည်။ တချို့က ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြပြီး တချို့ကမူ ရှုပ်ထွေး ပွေလီသည့် ခံစားချက်များ အတွင်း ရုန်းကန်နေရဆဲပင်။ ဤအဖြစ်အပျက်များက နောင် အနာဂတ်တွင် ခြားနားသော သက်ရောက်မှုများကို ဖြစ်ပေါ် လာစေလိမ့်မည် ဖြစ်သည်။

လင်မင်းက လက်လှမ်းလိုက်ကာ လင်းရှန်းရှဲ့၏ ဝတ်ရုံစကို ဆွဲဖို့ ဟန်ပြင်လိုက်သည်။ ထိုအခါတွင်မှ လင်းရှန်းရှဲ့မှာ တုန့်ပြန်လာကာ ရှောင်တိမ်းရင်း အနည်းငယ် နောက်ဆုတ်သွားခဲ့သည်။

"ဘာဖြစ်လို့လဲ…"

လင်းရှန်းရှဲ့က လင်းမင်ကို လှမ်းကြည့်ရင်း မေးလိုက်၏။ မသိလိုက်ခင်မှာပင် သူမ၏ လေသံက အနည်းငယ် အေးစက်စက်နိုင် နေခဲ့ပြီ ဖြစ်သည်။

တစ်ချိန်တစ်ခါက မဟာ ပုရောဟိတ် စိုက်ပျိုးခဲ့သော မျိုးစေ့မှာ ယခုအခါ သူမ၏ နှလုံးသား အတွင်း အပင်တစ်ခု အဖြစ် စတင် ကြီးထွား နေခဲ့ပြီ ဖြစ်သည်။

လင်မင်း၏ နှလုံးသားမှာ ဆူးတစ်ချောင်းဖြင့် ထိုးခံလိုက်သကဲ့သို့ နာကျင် သွားခဲ့၏။ သူနှင့် လင်းရှန်းရှဲ့တို့ အကြားတွင် သံယောဇဉ်ကို ကျော်လွန်သည့် ဆက်ဆံရေးမျိုး မရှိခဲ့သော်လည်း ပိုမို နက်ရှိုင်းသည့် ဆက်ဆံရေး တစ်ခု ဖြစ်လာနိုင်ခြေကတော့ အမြဲရှိခဲ့သည်။ သို့သော်လည်း… သူတို့ နှစ်ဦး စတင် တွေ့ဆုံခဲ့ကြသည့် အချိန်မှစ၍ ပထမဆုံး အကြိမ်အဖြစ် ထိုအရာမှာ ဘယ်တော့မှ ဖြစ်လာနိုင်တော့မည်မဟုတ်ဟု လင်းမင် ခံစားလိုက်ရသည်။

"ဘာမှမဟုတ်ပါဘူး..."

လင်းမင် ဝမ်းနည်းစွာဖြင့် ခေါင်းခါ လိုက်သည်။ ကောင်းချီးမှ သူ ရရှိခဲ့သည့် လေဒြပ်စင် လောက သင်္ကေတ အကြောင်းကိုပင် သူမအား ပြောပြလိုစိတ်မရှိတော့ချေ။ သူ တိတ်ဆိတ်စွာပင် နေလိုက်၏။

လင်းရှန်းရှဲ့ လင်မင်းကို ကြည့်ရင်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ သူတို့ နှစ်ယောက် အကြားတွင် သံယောဇဉ်များ ရှိခဲ့သော်လည်း သံယောဇဉ်ရှိတိုင်း သူ့ကို ရွေးချယ်ရမည်ဟု မဆိုလိုပေ။

လင်းမင်၏ အတွေးများကို သူမ မည်သို့ မသိဘဲ နေပါမည်နည်း။ လင်းမင်၏ ဆန္ဒများကို သူမ မည်သို့ မရိပ်မိပဲ နေပါမည်နည်း။

ဟိုးယခင် နှစ်ပေါင်း များစွာက လင်းမင် အတားအဆီးများအား တစ်ခုပြီးတစ်ခု ကျော်လွှားနေသည်ကို ကြည့်ရင်း သူမသည်ပင် ဖြစ်နိုင်ခြေကိုပင် စိတ်ကူးခဲ့ဖူးသည်။ သို့သော်လည်း ယခု အချိန်မှ စလို့ ထိုဖြစ်နိုင်ခြေကို ဖြတ်တောက်ရန် သူမ ဆုံးဖြတ်လိုက်သည်။

ဝေ့ဝူယင်မှာ သူမ အတွက် ရွေးချယ်စရာ ဟုတ်သာ် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ… လင်မင်းမှာ သူမအတွက် ရွေးချယ်စရာ မဟုတ်တော့ပေ။

ချက်ချင်းပင်… သူတို့ နှစ်ဦးကြားမှ လေထုမှာ ထူးဆန်းသွားခဲ့သည်။

"ဒီကောင်မလေးရဲ့ နှလုံးသားကို ပြန်ပြီး အပိုင်သိမ်းဖို့ နည်းလမ်းရှိတယ်ဆိုတာ မင်းသိပါတယ်… ကျင့်ကြံခြင်း လမ်းစဉ်မှာ ဝေ့ဝူယင်ထက် သာလွန်အောင်လုပ်ပြီး သူ့ရဲ့ တောက်ပမှုတွေ အားလုံးကို ကျော်လွှားလိုက်ရုံပဲ…"

လင်မင်း၏ခေါင်းထဲမှ အသံက ခပ်တိုးတိုးလေး ပြောလိုက်၏။

"ဟမ်…"

လင်မင်းမှာ ထိုအသံကြောင့် အံ့အားသင့် သွားခဲ့၏။

"ဘယ်လိုလဲ…"

သူက အလောတကြီး မေးမြန်း လိုက်သည်။

"ရိုးရှင်းတယ် ဆိုပေမဲ့ အတော်လေးတော့ ခက်ခဲတယ်… မင်းလုပ်ရမှာက ဝိညာဉ်သခင် တစ်ယောက် ဖြစ်လာအောင်ပဲ"

အသံက ယုံကြည်ချက် ရှိစွာ ပြောလိုက်၏။

"ဝိညာဉ်သခင်… ဟုတ်လား…"

လင်းမင် မျက်ခုံးပင့်လိုက်၏။

"ဟုတ်တယ်… ဝိညာဉ်သခင် လမ်းစဉ်က ကျင့်ကြံခြင်း လောကမှာ အခိုင်မာဆုံး လမ်းစဉ်ပဲ… မင်းမှာ အဲဒီ လမ်းစဉ်ကို လျှောက်လှမ်းဖို့ လိုအပ်ချက်အားလုံးနီးပါး ပြည့်မီနေပြီ… မင်းသာ အဲဒီလမ်းစဉ်ကို လျှောက်မယ် ဆိုရင် ထျန်းရီဝူနဲ့ ဝေ့ဝူယင်တို့တောင် မင်းကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး… မြေကြီးရှန့်ထို ရှစ်ဆယ် ဆိုတော့ရော ဘာအရေးလဲ… မင်းသာ အဲဒီ အဆင့်ကို ရောက်ရင် ဘယ်သူမှ မင်းရဲ့ ပြိုင်ဘက် ဖြစ်တော့မှာ မဟုတ်ဘူး”

အသံက ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။ လင်းမင် တံတွေးများကို မျိုချလိုက်မိ၏။

"တကယ်လား…"

"တကယ်ပေါ့ကွာ…"

"..."

အချိန် ကြာမြင့်စွာ တိတ်ဆိတ် နေပြီးနောက် လင်မင်း လင်းရှန်းရှဲ့ကို ကြည့်လိုက်သည်။ မိန်းကလေးမှာ အတွေးအတွင်း နစ်မြုပ်နေဟန် ရကာ အာကာသလက်စွပ်ကို တိတ်တဆိတ် ပွတ်သပ် နေခဲ့၏။ လင်းမင် နှုတ်ခမ်းကို ကိုက်ရင်း လက်သီးကို တင်းတင်းဆုပ် လိုက်မိသည်။

"ဝိညာဉ်သခင် တစ်ယောက် ဖြစ်လာအောင် ဘယ်လို လုပ်ရမလဲ"

"ကောင်းပြီလေ… ဟား ဟား… လင်းမင်… မင်း တစ်နေ့ကျရင် လောကမှာ အကြီးမြတ်ဆုံး ကျင့်ကြံသူဖြစ်လာလိမ့်မယ်… ဝေ့ဝူယင်တောင် မင်းကို လေးစားပြီး ကြောက်ရွံ့ရလိမ့်မယ်"

သို့သော်လည်း လင်းမင် မသိလိုက်သည့် အရာကား သူ၏ ကောင်းချီးခံ လမ်းကြောင်းမှာ ကမ္မ ကြမ္မာနှင့်အတူ အောက်ဆုံးသို့ ရောက်ရှိနေခဲ့ခြင်းပင်။

နောက်ဆုံးသော ကောင်းချီးတွင် လင်းမင်မှာ မူလဒြပ်စင် လောက သင်္ကေတကို ရရှိခဲ့ခြင်း မရှိပဲ လေဒြပ်စင် လောက သင်္ကေတကိုသာ ရရှိခဲ့သည်။

အကယ်၍ ဝေ့ဝူယင်သာ ထိုအကြောင်းကို သိရှိခဲ့ပါက လင်းမင်၏ ကံကြမ္မာ ကျဆင်း လာနေခဲ့ပြီကြောင်း လွယ်ကူစွာ ခန့်မှန်းနိုင်ခဲ့လိမ့်မည် ဖြစ်သည်။

ထို့အပြင် လုံလောက်သည့် ကမ္မ တန်ဖိုး မရှိခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ပြဿနာများ အကြောင်းကိုပါ သတိပေးနိုင်ခဲ့လိမ့်မည်ဖြစ်သည်။

ကံဆိုးစွာဖြင့်… မည်သူမှ သူ့ကို ပြန်ပြောပြနိုင်လိမ့်မည် မဟုတ်ပါချေ။

***

All Chapters