သေးငယ်သည့် အပြောင်းအလဲလေးများ
Vol. 104 Ch. 1453
“အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲရဲ့ ပိတ်ပွဲ အခမ်းအနားကို တစ်နာရီအတွင်းမှာ စတင်တော့မှာ ဖြစ်တဲ့ အတွက် အားလုံး ဧဒင်ကမ္ဘာထဲကို ပြန်ဝင်ပေးကြပါရှင်…”
ထျန်းရှောင်ချွမ်း၏ သာယာနာပျော်ဖွယ် ကြေညာသံမှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ တစ်ခွင်လုံး ပျံ့လွင့်သွား၏။
ထိုအချိန် မတိုင်ခင် အချိန် အထိ ဆွေးနွေးသံများမှာ နေရာတိုင်းတွင် ပွက်ပွက်ညံ နေခဲ့ခြင်း ဖြစ်သည်။
အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်… မဟုတ်သေး။ အာရုဏ်ဦး လောက အဂ္ဂိတ် ရှန့်ထိုမှာ အဂ္ဂိရတ် ဝိညာဉ်ကို ပိုင်ဆိုင်ထားကြောင်း ထုတ်ဖော်ခဲ့သည့် အပြင် ကြယ်တာရာ အမြုတေ၏ နောက်ဆုံးအဆင့်တွင် ကြယ်တာရာ ဝိညာဉ် သုံးခုကို ပိုင်ဆိုင်ထားကြောင်း ပြသခြင်းဖြင့် လူတိုင်း၏ ရိုးရာယုံကြည်မှုများကို ဖျက်ဆီးပစ်ခဲ့သည်။
အကယ်၍ ဝေ့ဝူယင်သာ မဟာစက်ဝန်း ကြယ်ကွင်းပြင်ထံ စတင် ရောက်ရှိလာသည့် နေ့ကတည်းက စလို့ ရိုးရာအစဉ်အလာများအား အကြိမ်ကြိမ် ချိုးဖျက် မပြခဲ့ပါက… ထိုမျှလောက်သော ထိတ်လန့်တုန်လှုပ်မှုနှင့် မယုံကြည်နိုင်စရာ အဖြစ်ကို မည်သူမျှ အလွယ်တကူ လက်ခံနိုင်လိမ့်မည် မဟုတ်ပါချေ။
ပထမ တစ်ကြိမ်က ကမ္ဘာကြီးကို လှုပ်ခတ် စေခဲ့သည် ဆိုလျှင် ဒုတိယ တစ်ကြိမ်မှာ အံ့အားသင့်စရာ ဖြစ်ပေလိမ့်မည်။ တတိယအကြိမ်ကတော့ အများ မျှော်လင့်ထားသည့်အတိုင်း ဖြစ်ပေလိမ့်မည်။
တစ်ချိန်တည်းတွင်ပင် လော့နင်၏ အဆင့်တက်ခဲ့မှုမှာ မကြာခင် ရောက်ရှိ လာတော့မည့် ခေတ်သစ်တစ်ခုကို ကြိုတင် နိမိတ်ပြနေသည့် လက္ခဏာ တစ်ခု ဖြစ်ကာ၊ ဝေ့ဝူယင်၏ ကောင်းချီးများမှာလည်း ဧကရာဇ် ရွေးချယ်ခံ တစ်ယောက် ပေါ်ထွက်လာတော့မည် ဖြစ်ကြောင်း ပြသနေသည့် လက္ခဏာပင် ဖြစ်သည်။ အားလုံး၏ အနာဂတ်အတွက် မျှော်လင့်ချက်များမှာ အချိန်နှင့်အမျှ ပိုမို ကြီးထွားလာ နေခဲ့၏။
ထို့အပြင်… အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ တစ်လျှောက်၌ ဝေ့ဝူယင်၏ ရက်ရောမှုများမှာလည်း စာတင်လောက်သည်။ သူက လူတိုင်း အပေါ် အဆင့်အတန်း ခွဲခြားမှုများ မရှိပဲ သာတူညီမျှစွာပင် နားချိန် တစ်ခု ရောက်ရှိတိုင်း စိတ်ကူးပင် မယဉ်ခဲ့ဖူးသည့် ရင်းမြစ်များကို ခွဲဝေ ပေးခဲ့သည်။
ကျင့်ကြံခြင်း လောကမှာ မကြာခဏဆိုသလို မမျှတမှုများနှင့် ပြည့်နှက် နေလေ့ရှိသည်။ ကျင့်ကြံသူ များစွာမှာ သူတို့၏ ဘဝတစ်လျှောက်လုံး ကမ္ဘာကြီး၏ သေးငယ်သည့် ထောင့်ကျဉ်း နေရာလေးများတွင်သာ နေထိုင်ကြရကာ ကောင်းကင်ကို မော့ကြည့်၍ အိပ်မက်မက်ခြင်းမှ တစ်ပါး အခြား မည်သည့် အရာကိုမျှ မလုပ်နိုင်ခဲ့ကြချေ။ ယခုတွင်တော့ ဝေ့ဝူယင်က သူတို့ကို လောကကြီးမှာ ကျယ်ပြန့်ကြောင်း သူတို့အား ပြသခဲ့သည်။ တစ်ချို့သော အိပ်မက်များကို ပြီးပြည့်စုံ စေခဲ့သည်။
သို့သော်လည်း… အားလုံးနှင့် ဆန့်ကျင်ဘက်ပင် ထာဝရ အစည်းအရုံးကတော့ အနှုတ်သဘောဆောင်သည့် သက်ရောက်မှုများကို ခံစားခဲ့ရသည်။ ထာဝရဧကရာဇ် ကိုယ်တိုင် တည်ဆောက်ထားခဲ့သော ဂုဏ်သတင်းကို ယခုအခါ မည်သူကမျှ ကြီးမားလွန်းလှသည်ဟု မခံစားကြရတော့ချေ။ အမှန်တကယ်တွင် ထာဝရ ဧကရာဇ်မှာ ဝေ့ဝူယင် နှင့် နှိုင်းယှဉ်ပါက အတော်လေး ကိုယ်ကျိုးရှာသူ ဖြစ်သည်။
ထာဝရ ဧကရာဇ်မှာ အလွန်တရာ ချမ်းသာကြွယ်ဝသော အဂ္ဂိရတ်ပညာရှင် တစ်ယောက် ဖြစ်သော်လည်း သူ၏ အဂ္ဂိရတ် ကုန်စည်ပြပွဲကို ချမ်းသာကြွယ်ဝသူများ၊ ပါရမီရှင်များ၊ အင်အားကြီးသူများနှင့် မြင့်မြတ်သော မျိုးရိုး ရှိသူများအတွက်သာ သီးသန့်ထားရှိခဲ့သည်။ သူက သာမန်လူများကို ဘယ်တော့မှ အာရုံမစိုက်ခဲ့ချေ။ ထိုအချက်က ထာဝရ အစည်းအရုံး၏ လုပ်ငန်းဆောင်ရွက်မှု မူဝါဒနှင့်လည်း ကိုက်ညီခဲ့သည်။
ဈေးကွက် အတွင်းရှိ ထာဝရ အစည်းအရုံး၏ ထုတ်ကုန်များမှာ တန်ဖိုးအားဖြင့် ကြီးမားလှကာ အထူးသဖြင့် ချမ်းသာ ကြွယ်ဝ၍ နောက်ခံ တောင့်တင်းသူများ အတွက်သာ ရည်ရွယ်ခဲ့သည်။ သူတို့က ထိုနည်းဖြင့် မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးကို စိုးမိုး ခြယ်လှယ်ကာ အမြတ်ထုတ်ခဲ့သည်။
သို့သော်လည်း ယခုတွင်တော့ ထာဝရ အစည်းအရုံး၏ နာမည်မှာ ဖြည်းညင်းစွာ ပြန်လည် ပြိုကျ နေခဲ့ပြီ ဖြစ်သည်။ သူတော်စင် အာရုဏ်ဦး အဂ္ဂိရတ် အဖွဲ့ ဟူသည့် နာမည်သစ်တစ်ခုက စတင်ကာ ပျံ့နှံ့လာခဲ့သည်။
ထာဝရ အစည်းအရုံး၏ တစ်ခုတည်းသော အားသာချက်ဖြစ်သည့် မြေကြီး အဂ္ဂိရတ် ရှန့်ထို နှစ်ဦးရှိခြင်းကလည်း လော့နင်၏ အဆင့်တက်ခြင်း၊ ဝေ့ဝူယင်၏ အစစ်အမှန် လောက အသိအမှတ်ပြုခြင်းတို့ကြောင့် ချက်ချင်း ပြိုလဲကျ သွားခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်၏ နာမည်သည် အားလုံး၏ နှလုံးသားထဲတွင် စတင်ကာ စွဲထင် လာခဲ့သည်။
ထာဝရ ဧကရာဇ်မှာ အလွန် ထူးချွန်သည့် ပုဂ္ဂိုလ် တစ်ယောက် ဖြစ်သည်။ သို့သော်လည်း မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွက်တော့ အကိုင်းအခက် သိပ်မရှိသည့် အဖိုးတန် သစ်ပင် တစ်ပင်လိုပင် ဖြစ်သည်။
ခြားနားစွာပင်… ဝေ့ဝူယင်ကတော့ အကိုင်း အခက် အရွက် အရိပ် များစွာဖြင့် ဝေဆာနေသော ဧရာမ အပင်ကြီးတစ်ပင် ဖြစ်သည်။ သူတို့သည်ပင် သူ့ အမြစ်များမှ ထွက်ပေါ်လာသည့် လေကို ရှူရှိုက်နေနိုင်ကြပြီ ဖြစ်သည်။
"ငါတို့သာ ဒီနေရာမှာ နေခွင့်ရမယ် ဆိုရင်…"
ဆယ်ကျော်သက် လူငယ် တစ်ဦးက စိတ်ပျက်အားငယ်စွာဖြင့် ကျောက်တုံး တစ်လုံးကို ကန်ရင်း ပြောလိုက်သည်။
ထိုကဲ့သို့ ခံစားနေရသည်က သူ တစ်ယောက်တည်း မဟုတ်ပါချေ။ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အနှံ့အပြားရှိ သန်းပေါင်းများစွာသော၊ ဘီလီယံပေါင်း များစွာသော၊ ထရီလီယံပေါင်း များစွာသော ကျင့်ကြံသူ များမှာ အလားတူ ခံစားနေရခြင်း ဖြစ်သည်။
အာရုဏ်ဦး ကြယ်တာရာ နယ်မြေမှာ ချိပ်ပိတ်နယ်မြေ အတွင်း အကြီးမားဆုံးသော နေကြယ် တည်ရှိရာ နေရာ ဖြစ်ရုံသာမက၊ သဘာဝပတ်ဝန်းကျင်ကလည်း အသစ် စတင်ဖြစ်ပေါ်စ ဖြစ်သောကြောင့် ကြိုက်နှစ်သက်ရာ ပုံစံအတိုင်း ပုံဖော်ရန် အသင့်တော်ဆုံး ဖြစ်သည်။
ထို့အပြင်… ဤနေရာတွင် လူဦးရေ အလွန်နည်းပါးသဖြင့် နေရာ ကျယ်ဝန်းစွာ ရရှိနိုင်သည်။ မြေကြီးရှန့်ထိုများကလည်း ဒါဇင်နှင့်ချီ၍ ကာကွယ် ပေးထားသည်။ အလားအလာ အကန့်အသတ်မရှိဟု ထင်မှတ်ရသည့် အစစ်အမှန် လောက အဂ္ဂိရတ် ရှန့်ထို တစ်ဦးက ဦးဆောင်နေသည်။
ထို့အပြင်… ဖန်တီးခြင်း လမ်းစဉ်ကို လျှောက်လှမ်းနေသည့် အဂ္ဂိရတ် ပညာရှင်များ၊ ပန်းပဲ ဆရာများနှင့် ဗိသုကာပညာရှင်များအား ပြုစုပျိုးထောင်ပေးနေသည့် ဖီဆန် ဖန်တီးခြင်း အစည်းအရုံးလည်း ရှိနေလေရာ ထိုအရာမှာ များစွာသော ပညာရှင်များ အတွက် ဆွဲဆောင်မှုတစ်ခု သဖွယ် ဖြစ်သည်။
အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၌ ဆိုလျှင် အနာဂတ်က မျှော်လင့်စရာ များစွာ ရှိပေသည်။ ကျင့်ကြံခြင်း ဖြစ်စေ... ဖန်တီးခြင်း ဖြစ်စေ... ပိုမို ကောင်းမွန်သည့် အဆင့်အတန်းများကို သူတို့ တက်လှမ်းနိုင်ချေ ရှိသည်။ နှိုင်းယှဉ်ကြည့်လျှင် သူတို့၏ နေအိမ်များမှာ တဲကုပ်များ သဖွယ် ဖြစ်သည်။
သို့သော်လည်း... အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ ပြီးသည်နှင့် သူတို့ နေရပ်ကို ပြန်ကြရတော့မည် ဖြစ်သည်။ လှုပ်ရှားရုန်းကန်ရမှုများဆီသို့ ပြန်လည် ဝင်ရောက် ရတော့မည် ဖြစ်သည်။ မိသားစုကို ကျွေးမွေးရန် နောက်တစ်ဖန် ကြိုးစားပမ်းစား အလုပ်လုပ်ရပေဦးမည်။ မြေကွက်သေးသေးလေးများတွင် အမြတ်ငွေကို ရသလောက် ရှာဖွေရပေဦးမည်။
သူတို့ထဲမှ အများစု နေထိုင်ခဲ့သည့် နေရာများမှာ စိတ်ပျက်ဖွယ် ကောင်းကာ လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ် ပါရှိသည့် နေကြယ်များပင် ကင်းမဲ့နေသည်။ အချို့ ဆိုလျှင် သီးခြားတည်ရှိနေသည့် လောကနယ်မြေများတွင် နေထိုင်ကြရပြီး၊ မိမိဝမ်းစာကို ဖြည့်တင်းရန် အတွက်ပင် နေ့ရောညပါ ကြိုးစား အလုပ်လုပ်ကြရသည်။
အကယ်၍ ဝေ့ဝူယင်၏ ကြေညာချက်များ၊ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ တက်ရောက်ရန် ဖိတ်ခေါ်မှုများ၊ အမှန်တကယ် တက်ရောက်နိုင်ရေး အတွက်လည်း ပံ့ပိုး ကူညီမှုများ ပြုလုပ် မပေးခဲ့ပါက သူတို့ ဘဝ တစ်လျှောက် အပြင်လောကကိုပင် တစ်ခါမျှ မမြင်ဖူးဘဲ သေဆုံးသွားကြပေလိမ့်မည်။
အာရုဏ်ဦး ကြယ်တာရာ နယ်မြေသို့ အရောက်တွင်လည်း အထူး ဧည့်သည်တော်များ အဖြစ် သူတို့ နေအိမ်များကိုလည်း ရရှိခဲ့ကြသည်။ ပတ်ဝန်းကျင်ရှိ ရင်းမြစ်များကို ပေါကြွယ်ဝစွာ အသုံးပြု နိုင်ခဲ့ကြသည်။ သေမျိုးအဆင့် ကျင့်ကြံသူများစွာ ဆိုလျှင် အဆင့်များကိုပင် ချိုးဖျက်နိုင်ခဲ့ကြသည်။ သို့ဖြစ်လေရာ... သူတို့ မည်ကဲ့သို့ ပြန်သွားလိုကြမည်နည်း။
သို့သော်လည်း... အာရုဏ်ဦး ကြယ်တာရာ နယ်မြေတွင် အတင်းအကြပ် ဖြစ်စေ၊ ခိုးဝှက်၍ ဖြစ်စေ နေထိုင်ရန် ကြိုးပမ်းခြင်းမှာ ခွင့်ပြုချက်မရှိဘဲ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုထံမှ သွေးစုပ်ရန် ကြိုးပမ်းနေသည့် ယင်တစ်ကောင်လို ရွံစရာ ကောင်းလှသည်။
ထို့အပြင်... ဤနယ်မြေ အတွင်း၌ ဝေ့ဝူယင်၏ ခွင့်ပြုချက် မရှိပဲ၊ သို့မဟုတ်... ဝေ့ဝူယင် မသိပဲ နေထိုင်နိုင်လိမ့်မည်ဟုလည်း သူတို့ မထင်ပါချေ။ မည်သို့ပင် ဆိုစေ... ဝေ့ဝူယင် လက်အောက်၌ လူသိရှင်ကြား မြေကြီး ရှန့်ထိုသည်ပင် ရှစ်ဆယ်ကျော် ရှိနေသည် မဟုတ်ပါလား။
ဝေ့ဝူယင်မှာ ရက်ရောသူ တစ်ယောက် ဖြစ်သော်လည်း ကြောက်မက်ဖွယ် အင်အားကို ကိုင်စွဲထားသူလည်း ဖြစ်သည်။ သူတို့မှာ သာမန် သေမျိုးများသာ ဖြစ်ကြလေရာ... တစ်ချက်တွေးရုံဖြင့်ပင် သူတို့ နောက်ဘဝသို့ ကူးပြောင်း သွားရလိမ့်မည် ဖြစ်သည်။ ထို့ကြောင့်ပင် အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၌ တရားဝင် နေထိုင်ခွင့် တောင်းရန် မည်သူမျှ မဝံ့ရဲကြချေ။
များစွာသော လူများမှာ စိတ်နှလုံး မသာမယာဖြင့် ဧဒင်ကမ္ဘာ ထဲသို့ ပြန်လည် ဝင်ရောက်လာခဲ့ကြ၏။ ထိုလောကကြီးက ယခင်ကအတိုင်း ထူးပြား ဆန်းကြယ်ကာ လှပနေဆဲ ဖြစ်သည်။ နဂါးများကို ပြန်လည် မြင်တွေ့ခွင့်ရခြင်းမှာ ဝမ်းမြောက်ဖွယ်ရာ ဖြစ်ပြီး၊ ၎င်းတို့ ပေးအပ်ခဲ့သည့် အကူအညီများကို ပြန်လည် တွေးတောရင်း သူတို့ ပြုံးလိုက်မိကြသည်။ အံ့အားသင့်စရာ ကောင်းစွာပင် နဂါးကြီးများမှာ သူတို့၏ အကြည့်များကို သတိပြုမိကြဟန် ရကာ အသိအမှတ်ပြုသည့် အမူအရာများဖြင့် ပြန်လည်၍ တုံ့ပြန်ခဲ့ကြလေသည်။
ကျင့်ကြံခြင်း ခရီးလမ်းတွင် နှစ်ပေါင်း နှစ်ရာနီးပါး ချီပျစ်ခဲခြင်း အဆင့်ငါး ယန်ဖွံ့ဖြိုးခြင်း အဆင့်တွင် ပိတ်မိနေခဲ့ပြီး၊ မကြာသေးမီကမှ ဆက်တိုက် တိုးတက်မှုများ ရရှိကာ ချီပျစ်ခဲခြင်း အဆင့်ကိုးကို ဝင်ရောက် နိုင်ခဲ့သည့် အဘိုးအိုတစ်ဦးမှာ ဧရာမ နဂါးတစ်ကောင်က သူ့အား သတိထားမိသည်ကို တွေ့မြင်ပြီးနောက် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ ထိုနဂါးကြီးမှာ ခဏတာ ရပ်တန့်ကာ နှုတ်ဆက်သည့် အနေဖြင့် လက်သည်းများကိုပင် ဝှေ့ယမ်းပြသွားခဲ့သေးသည်။
"အဘိုး... ဘာလို့ ငိုနေတာလဲ"
ဘေးနားရှိ ကလေးမလေးတစ်ဦးက အဘိုးအို၏ ဝတ်ရုံစကို ဆွဲရင်း မေးလိုက်သည်။ သူမက သူ၏ မြေးမလေး မဟုတ်ပေ။ ဧဒင်ကမ္ဘာထဲကို ရောက်မှ ရင်းနှီးခဲ့သည့် ကလေးမလေးတစ်ဦးသာ ဖြစ်သည်။ လူအိုကြီး တစ်ယောက်တည်း အထီးကျန်နေသည်ကို သတိထားမိပြီးနောက် သူမက ချဉ်းကပ်လာခဲ့ကာ တစ်ဖက်သတ် ဆုံးဖြတ်ချက်ဖြင့် 'အဘိုး' ဟု ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်သည်။
"ငါ ငိုနေတာလား…"
အဘိုးအိုမှာ မျက်လုံးများကို အင်္ကျီလက်ဖြင့် သုတ်လိုက်ရာ မျက်ရည်များ စိုစွတ်နေသည်ကို တွေ့ရှိလိုက်ရသည်။ တစ်စုံတစ်ရာက လှုံ့ဆော်လိုက်သလိုမျိုး သူ့နှလုံးသားထဲတွင် မွမ်းကြပ်လှသည့် စိတ်ခံစားမှု လှိုင်းလုံးကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
လူအိုကြီးမှာ ဘဝတွင် ကျင့်ကြံခြင်း လမ်းစဉ်ကို စွန့်ပယ်ထားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူက ပါရမီအားဖြင့် နိမ့်ပါးလှသည့် အပြင် အရည်အချင်းကလည်း အောက်ဆုံးတွင်သာ ရှိသည်။ ထို့အပြင်… သူ့ထံတွင် အားကိုးလောက်စရာ ကျောထောက် နောက်ခံလည်း မရှိချေ။ ထိုကဲ့သို့ အဖက်ဖက်မှ နိမ့်ကျမှုများ ကြောင့်ပင် သူ၏ ဘဝတစ်လျှောက်လုံး မျှော်လင့် တောင့်တခဲ့ရသော ဇနီးသည်တစ်ဦးကိုပင် ရှာဖွေနိုင်ခြင်း မရှိခဲ့ပါချေ။
သို့သော်လည်း… ဧဒင်ကမ္ဘာကို အုပ်စိုးသည့် နဂါးကြီးကတော့ သူ့ကို ရပ်တန့်ကာ အသိအမှတ်ပြုခဲ့သည်။ သူ၏ ဖြစ်တည်မှုကို သတိထားမိကြောင်း ပြသခဲ့သည်။ သို့ဖြစ်လေရာ သူ မည်ကဲ့သို့ မခံစားရပဲ နေပါမည်နည်း။ ၎င်းက ကြယ်တာရာ နယ်မြေ တစ်ခုလုံးအား အုပ်စိုးနေသည့် အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုကိုယ်တိုင် သူ့ဘက်ကို လှည့်ကာ ပြုံးပြရင်း "မင်းကို ငါ မြင်တယ်" ဟု ပြောလိုက်သလိုမျိုးပင်။
စိတ်ကူးယဉ်မှုလား… အမှန်တရားလား…
လူအိုကြီး မသိပါချေ။ စိတ်ကူးယဉ်မှု ပိုမို၍ ဖြစ်နိုင်သည့်တိုင် ထိုအရာက သူ့အတွက် အရေးမကြီးပါချေ။ အရေးကြီးဆုံးက သူခံစားခဲ့ရသည့် ခံစားချက်သာ ဖြစ်ပေသည်။
လူအိုကြီးမှာ အလားတူ ခံစားနေရသည့် မရေမတွက်နိုင်သော လူများထဲမှ တစ်ဦးမျှသာ ဖြစ်ပေသည်။ သမိုင်းတွင် နာမည်မရှိဘဲ သေဆုံးသွားမည့်၊ သို့မဟုတ် ဘဝတွင် မပျော်ရွှင်ခဲ့ရသည့် လူပေါင်း များစွာမှာ ဧဒင်ကမ္ဘာ အတွင်း၌ နဂါးကြီးများ၏ အသိအမှတ် ပြုမှုများကို ခံယူရင်း ပျော်ရွှင် နေကြသည်။ ၎င်းတို့မှာ သေးငယ်သည့် ဖြစ်ရပ်လေးများ ဖြစ်သော်လည်း ဘဝ အပေါ် သူတို့၏ ရှုမြင်ပုံများကို ပြောင်းလဲ စေခဲ့သည်။ နစ်မြုပ်နေခဲ့သည့် မျှော်လင့်ချက်များကို ပြန်လည်၍ အသက်ဝင်စေခဲ့သည်။
ဤသည်ကပင် နောင်အနာဂတ်တွင် သူတို့ အတွက် ခြားနားသည့် ဘဝ လမ်းကြောင်း တစ်ခုကို ဖော်ဆောင် ဖန်တီးပေးလိမ့်မည် ဖြစ်လေတော့သည်။
***