← Chapters

မျှော်လင့်မထားသော ဆုံးဖြတ်ချက်

Vol. 104 Ch. 1454

မျှော်လင့်မထားသော ဆုံးဖြတ်ချက်

Vol. 104 Ch. 1454

တစ်နာရီခန့် ကြာမြင့်ပြီးနောက် ထရီလျံပေါင်း ထောင်သောင်းချီသည့် လူများမှာ ဧဒင်ကမ္ဘာ အတွင်းသို့ ပြန်လည် ဝင်ရောက်လာခဲ့ကြပြီး ဖြစ်သည်။ သူတို့ အားလုံးမှာ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ ၏ နိဂုံးချုပ် နှုတ်ဆက်စကားများကို နားထောင်ရန် အသင့်ဖြစ်နေကြသည်။

သို့သော်လည်း အားလုံး၏ စိတ်နှလုံးများက လေးလံအုံ့မှိုင်းခြင်းများနှင့် ပြည့်နှက်နေသည်။ သူတို့၏ ဘဝတစ်လျှောက်လုံး ကြုံဆုံဖူးခဲ့သမျှထဲ၌ အကြီးမားဆုံး အဖြစ်အပျက်ကြီးမှာ မကြာခင်မှာပင် အဆုံးသတ်ပေတော့မည်။

ဤခရီး၌ သူတို့မှာ နောက်အခါ ပြန်လည် တွေ့ဆုံနိုင်ဖွယ်မရှိသော လူများနှင့် တွေ့ဆုံခဲ့ကြရသည်။ သူတို့ မိတ်ဆွေများ ဖြစ်ခဲ့ကြသည်။ အတူ စားသောက်၊ ပြောဆို၊ ဆွေးနွေးခဲ့ကြသည်။ အိပ်မက်များထဲတွင်သာ ရှိနိုင်သည်ဟု ထင်မြင်ခဲ့သော အရာများကို ကြုံတွေ့ ခံစားခဲ့ကြရသည်။ မျိုးဆက်ဟောင်းများအား ဒေါသဖြင့် သွေးအန်စေနိုင်သည့် အကျိုးအမြတ်များကို ရရှိခဲ့ကြသည်။

ထျန်းရှောင်ချွမ်း ဗဟိုစင်မြင့်ထက်သို့ တက်ရောက်လာသော အခိုက်၌ ဆူညံနေသော ပရိသတ်များမှာ တဖြည်းဖြည်း ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။ ထိုအခိုက်၌ အားလုံး၏ စိတ်ထဲတွင် ဖြစ်ပေါ်လာနေသည့် ကြေကွဲဆို့နင့်ဖွယ် ခံစားချက်များမှာ လျစ်လျူရှုရန် ခက်ခဲလှပေသည်။ ထျန်းရှောင်ချွမ်း ပင်လျှင် ၎င်းကို ခံစားမိခဲ့သည်။ သို့သော်လည်း ထူးခြားသော အမှတ်တရများနှင့် နေ့စွဲတစ်ခု၏ အဆုံးသတ်မှာ အမြဲတမ်းလိုလို ခါးသီးလေ့ ရှိကြောင်း သူမ သိပေသည်။

"အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲကို တက်ရောက်လာကြတဲ့ လူတစ်ဦး တစ်ယောက်ချင်းစီကို ကျွန်မ ထျန်းရှောင်ချွမ်းက ကျေးဇူးတင်ပါတယ်ရှင်... ရှင်တို့ အတွက် အစီအစဉ် တင်ဆက်သူ တစ်ယောက် အဖြစ် ဆောင်ရွက်ခွင့်ရခဲ့တာ၊ ရှင်တို့ရဲ့ တိုးတက်မှုတွေကို မြင်တွေ့ခွင့်ခဲ့ရတာ၊ ရှင်တို့ အားလုံးရဲ့ ပျော်ရွှင်မှုကို ခံစားခွင့် ရခဲ့တာဟာ ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ... ကျေးဇူးတင်ပါတယ်... တကယ်ကို ကျေးဇူးတင်ပါတယ်..."

ထျန်းရှောင်ချွမ်းမှာ မူလက အလိုမတူပဲ ဤရာထူးကို ရယူ ခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း အနိမ့်အမြင့် အတက်အကျ များစွာကို ဖြတ်ကျော်ရင်း နောက်ဆုံးတွင် သူမ ၎င်းကို နှစ်သက်သွားခဲ့သည်။ လက်ရှိ သူမ ခံစားနေရသည့် ခံစားချက်များကို ဖော်ပြရန်မှာ ခက်ခဲလှပေသည်။

"အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို ကိုယ်စား"

ထျန်းရှောင်ချွမ်း စကားဆက်ပြောဖို့ ဆုံးဖြတ်လိုက်သော်လည်း ထိုကြောက်မက်ဖွယ် ကောင်းသည့် တည်ရှိမှုကို တွေးမိသည်နှင့် သူမ၏ နှလုံးသားက တုန်လှုပ်လာခဲ့သည်။

“ကျွန်မက နိဂုံးချုပ် စကားကို...”

"နေပါ..."

ရုတ်တရက် ထျန်းရှောင်ချွမ်း၏ စကားများက ရပ်တန့်သွားခဲ့ကာ၊ ခြားနားသည့် အသံတစ်ခုမှာ ဧဒင်ကမ္ဘာ တစ်ခွင် ပျံ့လွင့် လာခဲ့၏။ ထိုအသံကြောင့် မရေမတွက်နိုင်သည့် ဦးခေါင်းများမှာ အံ့အားသင့်စွာ၊ မယုံကြည်နိုင်စွာ မော့ကြည့်မိကြသည်။ ထိုအသံကား ဝေ့ဝူယင် ၏ အသံပင် ဖြစ်သည်။

"အခု ခင်ဗျားတို့အားလုံး ကျွန်တော်နဲ့အတူ မမေ့နိုင်စရာ ဖြစ်ရပ်တွေကို ကြုံတွေ့ခဲ့ကြရပြီးပါပြီ... အာရုဏ်ဦး အာဏာရှင် အင်ပါယာ ဘွဲ့ကို ရရှိဖို့ လုံလောက်တဲ့ အထိ ကျွန်တော့်ရဲ့ တိုးတက် ပြောင်းလဲမှုတွေကို မြင်တွေ့ခဲ့ကြရ ပြီးပါပြီ...”

“ခင်ဗျားတို့ မြင်နိုင်သလို ကျုပ်ဟာလည်း မကန်းပါဘူး... ခင်ဗျားတို့ရဲ့ မျှော်လင့်ချက်တွေကို ကျုပ် တွေ့နိုင်ပါတယ်... ဒီကြယ်တာရာ နယ်မြေ အတွင်းမှာ နေထိုင်ချင်တဲ့ ဆန္ဒကို မြင်နိုင်ပါတယ်... ကျုပ်တို့ရဲ့ ခရီးက အခုမှ စတင်မှာပါ... ဒါကြောင့် ကျုပ် ဖိတ်ခေါ်ပါတယ်...”

“အနိမ့်အမြင့် အတက်အကျ မှန်သမျှကို အတူတူ လက်တွဲ ဖြတ်ကျော်ဖို့ ဆန္ဒရှိသူတိုင်း... ဒီအာရုဏ်ဦး ကြယ်တာရာ နယ်မြေကို ကိုယ့်အိမ်ကိုယ့်ရာ အဖြစ် သတ်မှတ်ချင်သူတိုင်း နေပါ... နေခဲ့ကြပါ... ခင်ဗျားတို့ ဆန္ဒအတိုင်း ဆုပ်ကိုင်ကြပါ"

"..."

ဧဒင်ကမ္ဘာ တစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။

"ခင်ဗျားတို့ သိကြတဲ့ အတိုင်း ဒီကြယ်တာရာ နယ်မြေက ကျွန်တော် တစ်ယောက်တည်း ပျော်မွေ့ဖို့ အတွက် ကြီးလွန်းနေတယ်... ဟုတ်တယ် မလား... ဟား ဟား..."

ဝေ့ဝူယင်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်၏။

"ဧကရီ အနေနဲ့ နိဂုံးချုပ်စကားကို ပြောဖို့ မလိုတော့ပါဘူး... ဒါဟာ အဆုံးသတ် တစ်ခု မဟုတ်ဘူး... အစပြုခြင်းပါပဲ... ကျုပ်တို့တွေ အားလုံးရဲ့ အနာဂတ်သစ် တစ်ခု အစပြုခြင်းပါပဲ"

ထိုကဲ့သို့ ပြောပြီးနောက် ဝေ့ဝူယင်၏ အသံမှာ တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ် သွားခဲ့၏။

"..."

"..."

"...”

မရေမတွက်နိုင်သော လူများမှာ တစ်ဦးကိုတစ်ဦး ကြည့်နေမိကြသည်။ သူတို့၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုနှင့် ထိတ်လန့်မှုတို့ ပေါ်လွင်နေခဲ့၏။

အဘိုးအို၏ မျက်လုံးများမှာ တဖြည်းဖြည်း ပြူးကျယ်လာကာ ကောင်းကင်ယံတွင် ပျံဝဲနေသော နဂါးများကို လှမ်းကြည့်လိုက်မိသည်။ ၎င်းတို့အားလုံးမှာ ဖိတ်ခေါ်နေသည့် အမူအရာများဖြင့် လောကကြီးကို စိုက်ကြည့်နေကြသည်။

လူအိုကြီးမှာ တံတွေးကို ကျယ်လောင်စွာ မျိုချလိုက်၏။ ထိုအသံက ဧဒင်ကမ္ဘာ တစ်ခုလုံးကို တစ်နည်းနည်းဖြင့် ပဲ့တင်ထပ်သွားခဲ့ကာ၊ များစွာသော လူများမှာ လည်ချောင်းများ ခြောက်ကပ်လာသလို ခံစားလိုက်ကြရ၏။

"နေမယ်... နေခဲ့မယ်... ကျွန်တော် နေခဲ့ချင်တယ်... နေပါမယ်ဗျိုး..."

လူအိုကြီးက ကောင်းကင်ကို မော့ကြည့်ရင်း အသံကုန် အော်ဟစ်လိုက်လေ၏။

"ငါတို့ရဲ့ ဆိုးရွားတဲ့ နေ့ရက်တွေ ကုန်ဆုံးသွားပြီဟေ့..."

"မေမေ... ဒါက သမီးတို့ အတွက် အိမ်အသစ်လေး ဖြစ်လာပြီပေါ့နော်..."

"ငါ့ ဘဝ တစ်လျှောက်လုံး ကိုယ်ပိုင် လယ်ယာလေး တစ်ကွက် ပိုင်ဆိုင်ဖို့၊ ကိုယ်ပိုင်အိမ်လေး ဆောက်ပြီး ရွှေအမြီး ကြက်လေးတွေ မွေးမြူဖို့ အမြဲတမ်း အိပ်မက်မက်ခဲ့တေ... ငါ့ အသက် ရှစ်ဆယ် ရှိပြီ... အဲဒီ နှစ်ရှစ်ဆယ်လုံး ဘာဆိုဘာမှ မဖြစ်မြောက်ခဲ့ပေမဲ့...”

“အခု... အခုတော့ အောင်မြင်ခဲ့ပြီ..."

အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ၏ အံ့အားသင့်ဖွယ် နိဂုံးအပြီး နောက်ရက်များ အတွင်း ကျင့်ကြံသူများမှာ နေထိုင်လိုကြောင်း ပြောရုံမျှဖြင့် သူတို့၏ နဖူးများထက်၌ အမှတ်အသားတစ်ခု ပေါ်လာခဲ့သည်။ မကြာခင်မှာပင် အာဏာရှင် အင်ပါယာဝေ့ ၏ ကင်းလှည့် အဖွဲ့ဝင်များ ရောက်ရှိလာကာ သူတို့၏ အချက်အလက်များကို မှတ်သားရင်း ဆန္ဒများ ကိုယ်ပိုင် လယ်မြေ အိမ်ယာများကို ပေးအပ်သည်။ ဘေးကင်းရာ ဇုန်များတွင် နေရာချထား ပေးခဲ့သည်။

အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်းတွင် မြေယာများစွာ ရှိသော်လည်း အာဏာရှင် အင်ပါယာဝေ့မှာ ယှဉ်ပြိုင်မှု မရှိသော နိဗ္ဗာန်ဘုံတစ်ခုကို တည်ဆောက်လိုဟန် ရသည်။ ထို့ကြောင့်ပင် သူက သာတူညီမျှ ငြိမ်းချမ်းသော နယ်နိမိတ်စည်းများ သတ်မှတ်ပေးကာ လျှို့ဝှက် အာဏာရှင် အဆင့်များကို ထပ်ဆောင်း ကြီးကြပ်စေသည်။

သို့သော်လည်း... လူနေထိုင်ခြင်း မရှိသေးသည့် အခြား ဂြိုဟ်များ၊ လများနှင့် လောကနယ်မြေများကိုတော့ အလားတူ ကန့်သတ်ချက်များ မထားရှိခဲ့ပါချေ။ ကျင့်ကြံသူများ အနေဖြင့် သူတို့၏ လုပ်နိုင်စွမ်းရည်ကို ပြသကာ ကိုယ်ပိုင် နယ်မြေများကို ချဲ့ထွင်နိုင်ပေသည်။ တိုက်ခိုက်ခြင်းဖြင့် ကိုယ်ပိုင်မြေများကို လွတ်လပ်စွာ တည်ဆောက်နိုင်သည်။ အခွန်အချို့ ရှိသော်လည်း၊ ၎င်းမှာ သူတို့ ဝင်ငွေ၏ အလွန် သေးငယ်သော ရာခိုင်နှုန်းလေးမျှသာ ဖြစ်သည်။ ထိုမှတစ်ပါး အခြား တင်းကြပ်သော ဥပဒေများ ချမှတ်ထားခြင်း မရှိခဲ့ပေ။

အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်း ဂြိုဟ် အသစ်၊ လအသစ်၊ လောကနယ်မြေ အသစ်များ တည်ဆောက်ခြင်းနှင့် ပတ်သက်၍တော့ စည်းမျဉ်းစည်းကမ်းများ ရှိပေသည်။

အချို့ အစွမ်းထက် ကျင့်ကြံသူများမှာ သူတို့၏ ဂြိုဟ်များ၊ လများကို ယူဆောင်လာရန် ကြိုးပမ်းခဲ့ကြသော်လည်း ထိုကဲ့သို့ ပြုလုပ်ခြင်းမှာ မူလ တည်ဆောက်ထားသည့် ဖွဲ့စည်းပုံများကို သိသိသာသာ ထိခိုက်စေနိုင်လေရာ ကြယ်တာရာ နယ်မြေ အုပ်စိုးသူတိုင်း လိုလိုမှာ ၎င်းကို ခွင့်မပြုခဲ့ကြချေ။

အလားတူပင် ဝေ့ဝူယင်သည်လည်း ပြည်ပဂြိုဟ်များအား အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်း ယူဆောင်လာခြင်းကို ခွင့်မပြုခဲ့ချေ။ သို့သော်လည်း သူက အသစ်များ ဖန်တီးခြင်းကိုတော့ ခွင့်ပြုခဲ့သည်။ ဂြိုဟ်အသစ် တစ်ခုကို တည်ဆောက်ရန် အကူအညီ လိုအပ်ပါက ဆက်သွယ်နိုင်ပြီး လျှို့ဝှက် အာဏာရှင် အဆင့်မျာ်က ချက်ချင်း ကူညီပေးလိမ့်မည် ဖြစ်သည်။ သို့သော်လည်း တည်ဆောက်လိုသူမှာ ထိုဂြိုဟ်ကို မိမိကိုယ်တိုင် ကာကွယ်နိုင်သည့် ခွန်အားမျိုး ရှိရမည် ဖြစ်ပြီး၊ အခြား ဂြိုဟ်များနှင့် ဆက်သွယ်မှု ရှိစေရန်အတွက်လည်း ဂြိုဟ်ပေါ်တွင် ဟင်းလင်းပြင် ဂိတ်များ ထားရှိရမည် ဖြစ်သည်။

"ဒါက တကယ်ကို မကြုံစဖူးပဲ..."

ထျန်းမူယန်မှာ ဖြစ်ပျက်နေသမျှကို အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အစွန်အဖျားမှ စောင့်ကြည့်ရင်း မှတ်ချက်ပြုလိုက်သည်။ အင်ပါယာ မျိုးနွယ် သာမက၊ အထွတ်အထိပ် အင်အားစုများစွာ၏ ဟင်းလင်းပြင် သင်္ဘောများမှာလည်း ထိုနေရာတွင် ရှိနေကြသည်။ သူတို့ အားလုံးမှာ မည်ကဲ့သို့ တုံ့ပြန်ရမည်ကို လုံးဝ မသိခဲ့ကြချေ။ ဝေ့ဝူယင်မှာ သူတို့၏ နိုင်ငံသားများကို ပေါ်ပေါ်ထင်ထင် ခိုးယူနေခြင်းပင် ဖြစ်လေသည်။

ဝေ့ဝူယင်၏ ကြေညာချက် အဆုံးသတ်၌ စိတ်အားထက်သန်သူ ထောင်ပေါင်းများစွာသာ ရှိခဲ့သော်လည်း... ထိုထောင်ပေါင်းများစွာမှာ စိတ်ကူးပင် မယဉ်နိုင်လောက်သော အရှိန်အဟုန်ဖြင့် သန်းပေါင်းများစွာ အထိ တိုးတက် လာခဲ့သည်။ ထို့နောက် သန်းပေါင်းများစွာမှ ထရီလီယံများစွာ ချီသည် ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့သည်။

သို့တိုင်အောင် ၎င်းက ရပ်တန့်သွားခြင်း မရှိပဲ အဆက်မပြတ် တိုးတက်နေဆဲ ဖြစ်လေသည်။

***

All Chapters