ကြယ်တာရာနယ်မြေ အသစ် တစ်ခု စတင်ခြင်း
Vol. 104 Ch. 1455
"ငါတို့နဲ့ အတူ ပြန်လိုက်မယ့်လူရော ကျန်ပါ့ဦးမလား..."
ထျန်းရှန်းယန်က စိုးရိမ်တကြီး ရေရွတ်လိုက်၏။ ခေတ်တိုင်းခေတ်တိုင်း၌ ပြောင်းရွှေ့ အခြေချမှုများ ရှိခဲ့ပါသည်။ သို့သော်လည်း ဤတစ်ကြိမ်မှာ ပုံမှန် ရွှေ့ပြောင်းနေထိုင်များခြင်းနှင့် ကွဲပြား ခြားနားသည်။ နှစ်ပေါင်းသောင်းချီ တည်ဆောက်ခဲ့သည့် စနစ်တစ်ခုမှာ အောက်ခြေမှ ပံ့ပိုး ကူညီသူများ မရှိလျှင် ပြိုလဲသွားလိမ့်မည်ဖြစ်သည်။ သို့သော်လည်း အချို့ကတော့ ဤအချက်ကို နားမလည်ကြချေ။
"သူတို့ကို ဘယ်သူက လိုလို့လဲ... ညစ်ပတ်တဲ့ သစ္စာဖောက်တွေ... ထွီ..."
တော်ဝင် မင်းသားတစ်ပါးက တံတွေးထွေးရင်း ပြောလိုက်သည်။ အချို့က သူ့ကို ချက်ချင်းပင် သဘောတူ လိုက်ကြ၏။
နေရပ်မှ ထွက်ခွာသွားကြသူ အများစုမှာ အရည်အချင်းမရှိသော၊ နိမ့်ကျသော ကျင့်ကြံသူများသာ ဖြစ်သည်။ အဘယ်ကြောင့် သူတို့ကို လိုအပ်မည်နည်း။ သွားချင်လည်း သွားကြပါစေ...။ လူသားများမှာ ကလေးမွေးရာတွင် အတော်ဆုံး ဖြစ်လေရာ ထိုအရေအတွက်မှာ မကြာခင်မှာပင် ပြန်လည် ပြည့်မီလာလိမ့်မည် ဖြစ်သည်။
"..."
ထျန်းမူယန်မှာ ပြောစရာ စကားမဲ့သွားခဲ့ရ၏။ ထိုကလေးမှာ တရားဝင် မင်းသား ခုနစ်ပါးထဲမှ တစ်ပါး မဟုတ်တာ အံ့ဩစရာ မရှိတော့ချေ။ သူ၏ အတွေးအခေါ်မှာ အလွန် ကျဉ်းမြောင်းကာ၊ အသိပညာ ကင်းမဲ့လွန်းလှသည်။ သကောင့်သားအား ပညာပေးရန်အတွက် သူ၌ စွမ်းအင် မရှိတော့ပေ။
ထျန်းမူယန် ဟင်းလင်းပြင် သင်္ဘောများကို ကြည့်လိုက်၏။ သူတို့အားလုံးမှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေမှ ထွက်ခွာရန် လိုလားသည့် ကျင့်ကြံသူများကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။ တစ်ချို့မှာ စိတ်ပြောင်းလဲကာ ပြန်လိုက်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ သို့သော်လည်း အရေအတွက်အားဖြင့် အလွန် နည်းပါးလှပေသည်။
အတင်းအကျပ် ပြန်လည် ခေါ်ဆောင်ဖို့ အတွက်လား...။
ထိုကဲ့သို့ ကြိုးစားခဲ့သူတစ်ဦး ရှိခဲ့သည်။ ယခုအခါတွင်တော့ သူ၏ ခေါင်းပြတ်နေသော ရုပ်အလောင်မှော အမှောင် ဟင်းလင်းပြင် အတွင်း တိတ်ဆိတ်စွာ မျောပါနေခဲ့ပြီ ဖြစ်သည်။
ထိုလူမိုက်မှာ သူ၏ မယားငယ်များနှင့် ဇနီးများကို အိမ်ပြန်ခေါ်ရန် အတင်းအကြပ် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုမိန်းကလေးများကတော့ အသံကုန်အော်ဟစ်ကာ နေထိုင်ရန်သာ တောင်းဆိုခဲ့ကြသည်။ မကြာမီမှာပင် ဝေ့ဝူယင်၏ ကိုယ်စားလှယ် တစ်ယောက် ရောက်ရှိလာကာ ထိုလူမိုက်ကို လူသိရှင်ကြား ကွပ်မျက်ခဲ့ရသည်။
ဝေ့ဝူယင်မှာ အလွန်အမင်း ရက်စက်ကြမ်းကြုတ်သူ တစ်ယောက် ဖြစ်သည်။ သို့သော်လည်း... တကူးတက သတိပေးစရာပင် မလိုအပ်တော့ဘဲ အားလုံးမှာ နာခံ လာခဲ့ကြသည်။
မည်သူမဆို သူတို့၏ အခြေချ နေထိုင်မှု အခြေအနေနှင့် ပတ်သက်၍ အနိုင်ကျင့်ခံရခြင်း သို့မဟုတ် အခက်အခဲတွေ့ခြင်းမျိုး ရှိပါက... သူတို့၏ အချက်အလက်များအား ယူဆောင်သွားခဲ့သည့် အာဏာရှင်ထံသို့ သတင်းပို့ရုံမျှဖြင့်၊ ပဋိပက္ခကင်းမဲ့ဇုန်ကို ချက်ချင်း ပြောင်းရွှေ့ပေးမည် ဖြစ်သည်။
ပဋိပက္ခကင်းမဲ့ဇုန်...
မှန်ပေသည်။ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်းတွင် ပဋိပက္ခကင်းမဲ့သည့် ဇုန် အဖြစ် သတ်မှတ်ထားသည့် နေရာများ ရှိပေသည်။
ထိုဇုန်အတွင်းတွင် နေထိုင်မည် ဆိုပါက... မည်သူမဆို လိုက်နာရမည့် စည်းမျဉ်း တစ်ချို့ ရှိပေသည်။ ထိုစည်းမျဉ်းများထဲမှ တစ်ခုမှာ သတ်ဖြတ်ခြင်း မပြုရ ဟူ၍ပင် ဖြစ်သည်။ ထိုစည်းမျဉ်းများကို သွေးတိုးစမ်း၍ ချိုးဖောက်လိုသူ အချို့ ရှိခဲ့သော်လည်း သူတို့ အားလုံးမှာ ရိုးရှင်းစွာပင် ကွပ်မြက်ခံခဲ့ရသည်။
မည်သို့ပင် ဆိုစေ... ထိုလုပ်ရပ်က အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အပေါ် လူများ၏ ယုံကြည်မှုများကို ပိုမို၍ တိုးလာစေခဲ့လေသည်။ သူတို့ အနေဖြင့် ထိုနယ်မြေများတွင် တစ်ဘဝလုံး စိတ်လက်ချမ်းသာစွာ မည်သည်ကိုမှ ကြောက်ရွံ့စရာ မလိုပဲ နေနိုင်ပေလိမ့်မည်။
“ဟား... ဟား... အဲဒါက အစကတည်းက သူ့ရဲ့ အစီအစဉ်ပဲ... လက်စသတ်တော့ ဒီလိုကိုး..."
ရုတ်တရက် ထျန်းမူယန်က ထ၍ ရယ်မောလိုက်ရာ အားလုံးမှာ တုန်လှုပ်သွားခဲ့ကြ၏။
"ဘာလို့လဲ"
ကောင်းကင် ဧကရာဇ်ပိုင်က မျက်မှောင်ကြုတ်ကာ မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။ ထျန်းမူယန်က ခေါင်းကို ခါယမ်းလိုက်၏။
"မင်းမှာသာ လူမရှိတဲ့ ကြယ်တာရာ နယ်မြေ တစ်ခု ရှိနေရင် ဘယ်လိုလုပ်မလဲ... လူတွေကို ခေါ်လာပြီး နေဖို့ ဆွဲဆောင်ရမယ်... ဟုတ်တယ်မလား... အစကတည်းက သူက လူတွေကို သူ့ကြယ်တာရာ နယ်မြေရဲ့ အံ့မခန်း တိုးတက်မှုတွေ၊ အကျိုးကျေးဇူးတွေကို ပြသဖို့ ရည်ရွယ်ခဲ့တာ... တခြား ဘယ်နေရာနဲ့ နှိုင်းယှဉ်နှိုင်းယှဉ်... သူ့မှာ ဘာမှ နိမ့်ကျတာ မရှိဘူးဆိုတာ ပြသခဲ့တာ... ငါ မမြင်မိတာ အံ့ဩစရာပဲ... ဟား ဟား..."
ထျန်းမူယန် ရှင်းပြရင်း အားရပါးရ ရယ်မောလိုက်၏။
"ဟား... ဟား... နေဦး... မဟုတ်သေးဘူး... ငါ တစ်ယောက်တည်း မမြင်တာ မဟုတ်ဘူး... ဘယ်သူမှ မမြင်တာ... ဟား ဟား...”
ထျန်းမူယန် တစ်ယောက် အားရပါးရ ရယ်မောရင်း မျက်ရည်များပင် ထွက်ကျလာခဲ့၏။ ထိုအခိုက်၌ ဝေ့ဝူယင် အပေါ် သူ၏ လေးစားကြည်ညိုမှုများမှာ အမြင့်ဆုံး အတိုင်းအတာ အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ထပ်မံ၍ တိုးပွားနိုင်ခြင်းပင် မရှိတော့ပေ။
ကြာမြင့်စွာ ဆက်တိုက် ရယ်မောပြီးနောက်တွင်မှ ထျန်းမူယန်က ရယ်ကြောကို ဖြတ်ကာ ရပ်တန့်လိုက်၏။ ထို့နောက်တွင်တော့ သူက အင်ပါယာ မျိုးနွယ်၏ ဟင်းလင်းပြင် သင်္ဘောပေါ်မှ ဆင်းသက်ကာ ပျံသန်းထွက်ခွာသွားခဲ့တော့သည်။
ဟူး... ဟူး...
သူ၏ ဦးတည်ရာကတော့ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေပင် ဖြစ်လေသည်။ ယခုအခါ၌ ဝေ့ဝူယင်မှာ လောက အဂ္ဂိရတ် ရှန့်ထို တစ်ဦး ဖြစ်လာပြီ ဖြစ်လေရာ လျှို့ဝှက်ကျိန်စာအား ပယ်ဖျက်နိုင်မည့် ဆေးညွှန်းမျာလည်း လာမည့်နှစ်များအတွင်း ပေါ်ထွက်လာတော့မည် ဖြစ်သည်။ သူ့ အနေဖြင့် ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်ပေသည်။
ကျန်သူများကတော့ ထျန်းမူယန် တစ်ယောက် တစ်ခွန်းမျှ မပြောဘဲ ထွက်ခွာသွားသည်ကို အံ့အားသင့်စွာ ကြည့်ရှုနေမိကြ၏။ ထိုအခိုက်၌ သူတို့အားလုံးမှာ လမ်းပျောက်နေသလို ခံစားနေခဲ့ကြရလေသည်။
“ငါတို့ ဘာဆက်လုပ်ရမှာလဲ...”
...
တစ်ချိန်တည်းတွင်ပင် ထာဝရ အစည်းအရုံး၏ ဟင်းလင်းပြင် သင်္ဘောထက်၌ ထာဝရ နတ်ဘုရားမှာ ဖီဆန်ပေါက်စကို မျက်တောင်မခတ် စိုက်ကြည့်နေခဲ့သည်။ သူ၏ အကြည့်တွင် နားမလည်နိုင်သည့် အေးစက်စက် အလင်းရောင်များ ပါဝင်နေပေသည်.
"မင်း ကိုယ်မင်း ပြိုင်ဘက်ကင်းပြီလို့ ထင်နေတာလား"
သူက ထိုစကားများကို တည်ငြိမ်စွာ ပြောဆိုခဲ့ခြင်း ဖြစ်သော်လည်း၊ နတ်ဆိုးများပင် ထိတ်လန့် ကြောက်ရွံ့ တုန်လှုပ်နိုင်သည့် ပြင်းပြသော စိတ်ခံစားမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။
"ငါ မင်းဆီမှာ နောက်တစ်ကြိမ် အညံ့ခံမယ်လို့ ထင်နေတာလား... မင်းရှေ့မှာ ဒူးထောက်လိမ့်မယ်လို့ ထင်နေတာလား... ခေါင်းငုံ့ပြီး မင်းရဲ့ အကြွင်းအကျန်တွေကို တောင်းဆိုလိမ့်မယ်လို့ ထင်နေတာလား..."
"မင်း... ငွေရောင်မျက်လုံးတွေနဲ့ ခွေးသား... ခွေးသူတောင်းစား... ဘယ်တော့မှ ထပ်ဖြစ်မှာ မဟုတ်ဘူး... တွေးတောင် မတွေးနဲ့..."
"ဘယ်တော့မှ ထပ်မဖြစ်ဘူး...”
...
မှီတင်း နေထိုင်သူ အသစ်များ အစုလိုက် အပြုံလိုက် အခြေချ နေထိုင်လာကြသည်နှင့်အမျှ အာရုဏ်ဦး ကြယ်တာရာ နယ်မြေမှာ မူလ တည်ထောင်စဉ်ကထက် အဆပေါင်းများစွာ ကြီးမားသော မကြုံစဖူး လှုပ်ရှားမှုများနှင့် ကြုံတွေ့ နေခဲ့ရလေသည်။
ဝေ့ဝူယင်ထံ ယခင်ကတည်းက လက်အောက်ခံခဲ့သည့် အဖွဲ့အစည်းအသီးသီးမှ လျှို့ဝှက် အာဏာရှင်များ၊ ကြယ်တာရာ သခင်များ နှင့် အချိန်သခင်များမှာ မူဝါဒ၊ စည်းမျဉ်းနှင့် ဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များ အားလုံးကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အသစ် တည်ထောင်ထားသည့် အခြေချ နေထိုင်မှုများထံသို့ သွားလာလျက် ရှိသည်။
နယ်မြေပိုင်းခြားသတ်မှတ်ခြင်းမှာ အလွယ်ကူဆုံး ကိစ္စ တစ်ရပ် ဖြစ်သည်။ ယေဘုယျအားဖြင့် အခွန်ဆောင်ခြင်းနှင့် နယ်နိမိတ်သတ်မှတ်ခြင်းတို့ကို အဓိကထား ဆောင်ရွက်ရုံသာ ရှိသည်။ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်းတွင် လူမနေထိုင်သည့် နေရာများနှင့် မြေဩဇာကောင်းမွန်သော နယ်မြေများ အလွန် ပေါများသည်။
ထို့အပြင်... ဂြိုဟ်များ၊ လများနှင့် ကုန်းမြေတိုက်ကြီး အသစ်များ တည်ဆောက်ရန် တောင်းဆိုမှုများ ပိုမို ရရှိလာသည်နှင့်အမျှ... နယ်မြေတစ်ခု ပိုင်ဆိုင်ခွင့်မှာ ကျင့်ကြံခြင်း အဆင့်အားလုံးအတွက် ပိုမို လွယ်ကူလာခဲ့သည်။
ထို့အပြင် အသစ်တည်ထောင်ထားသော နယ်မြေတိုင်း၌ အခြေချနေထိုင်ခြင်းကို ပိုမို လွယ်ကူစေရန်နှင့် မလိုလားအပ်သည့် သွေးထွက်သံယိုမှုများကို ကာကွယ်ရန်အတွက် သတ်မှတ်ထားသည့် အချိန် ကာလတစ်ခုအထိ ထိန်းသိမ်းစောင့်ရှောက်မှုကို ခံယူရမည် ဖြစ်သည်။
အာဏာရှင် အင်ပါယာဝေ့မှာ နယ်မြေသစ်များကို အပြည့်အဝ လွတ်လပ်ခွင့် ပေးထားသော်လည်း နယ်မြေ၏ အဆင့် သတ်မှတ်ချက်အပေါ် မူတည်၍... တိုက်ခိုက်နိုင်သည့် ကျင့်ကြံခြင်း အဆင့်များကိုတော့ ကန့်သတ်ထားပေသည်။
ဥပမာအားဖြင့်... သေးငယ်သော ဂြိုဟ်များစွာပင် လျှို့ဝှက်အာဏာရှင် အဆင့်များ တိုက်ခိုက်ခွင့်ကို ပိတ်ပင်ထားသည်။ သို့သော်လည်း... ဤကန့်သတ်ချက်များမှာ နယ်မြေ၏ အရည်အသွေး တိုးတက်လာသည်နှင့် အမျှ မြင့်တက်လာလိမ့်မည် ဖြစ်သည်။ ထို့ကြောင့်ပင် ကျင့်ကြံသူများ အကြားမှ ပြည့်ဝသော ယှဉ်ပြိုင်မှု စိတ်ဓာတ်မှာ ပျောက်ကွယ်မသွားပဲ ဆက်လက်တည်ရှိနေခဲ့သည်။
ဒဏ်ရာရသူများအတွက်လည်း ဆေးခန်းများကို အသစ် ဖန်တီးထားသည့် နယ်မြေများ အားလုံးတွင် တည်ထောင်ပေးခဲ့သည်။ ထို့အပြင် အဂ္ဂိရတ် အကယ်ဒမီများ အပါအဝင် ဖန်တီးခြင်း ပညာရပ် အကယ်ဒမီများကိုလည်း ထူထောင်ပေးခဲ့သည်။ ၎င်းတို့ အားလုံးမှာ ဖီဆန်ခြင်း ဖန်တီးခြင် အစည်းအရုံးနှင့် ချိတ်ဆက်ထားသော်လည်း၊ အခြားသူများသည်လည်း သူတို့၏ မျိုးရိုး အမွေအနှစ်များကို ဖြန့်ဝေရန် သီးခြား အဖွဲ့အစည်းများကို လွတ်လပ်စွာ တည်ထောင်ခွင့်ရှိသည်။
အဖွဲ့အစည်းသစ် လျှောက်ထားသူများ အတွက်လည်း အခွင့်အရေများ ရှိနေပေသည်။ ဥပမာအားဖြင့် ၎င်းတို့၏ ကနဦး ကြီးထွားမှုအတွက် အာဏာရှင် အင်ပါယာဝေ့ထံမှ သင့်လျော်သည့် အကာအကွယ်နှင့် အရင်းအမြစ်များကို ရယူနိုင်လိမ့်မည် ဖြစ်သည်။
ထို့အပြင်... ဖန်တီးခြင်း ပညာရှင်များ နှင့် အဂ္ဂိရတ် ပညာရှင်များကိုလည်း ပုံမှန် အခွင့်အရေးများ ပေးအပ်ထားသည်။ သူတို့ကို ဥပဒေများဖြင့် ကာကွယ်ထားသည်။ သို့သော်လည်း လုံးဝ ထိခွင့် မရှိသည်တော့ မဟုတ်ပါချေ။ သတ်မှတ်ထားသည့် စည်းမျဉ်းဘောင်များကို ကျော်လွန်ပါက သူတို့ကိုလည်း အပြစ်ပေးနိုင်ပေသည်။
***