ငါ့ကိုငါ သိုင်းပညာမှာ လုံးဝနှစ်မြုပ်ထားသင့်တယ်
Vol. 2 Ch. 30
လီရွှမ်က ချီနှင့်သွေးအဆင့်အတွက် နောက်ထပ် စကားစုနှစ်စုကို ဖန်တီးကာ မူလလေးခုနေရာ၌ အစားထိုးရမည်လားဟု စဉ်းစား၏။
ရွှီယန်ကို တွေးတောခိုင်းကာ ထိုအထဲမှ ဉာဏ်အလင်းများကို ရရှိစေမည် ဖြစ်သည်။
'အဲ့လိုဆိုရင် ချီနဲ့သွေးအဆင့်နဲ့ ပိုပြီးတော့ ဆက်စပ်မိအောင် လုပ်လို့ရတယ်။ ငါတပည့်အတွက် စဉ်းစားတွေးခေါ်ရာမှာ ပိုပြီးတော့ ထိရောက်ပြီး ဉာဏ်အလင်းပွင့်အောင် အထောက်အကူ ပိုရလာစေမှာ..'
သို့ပေမယ့် စကားစုလေးစုတို့ကို တစ်ဖက်လူအား လက်ဆင့်ကမ်းပေးခဲ့ပြီး ဖြစ်၏။ ယခုအချိန်၌ ထိုလေးခုကို သင့်တော်ခြင်းမရှိဟု အကြောင်းပြချက်ပေးကာ အစားထိုးရန် လိုအပ်နေသည်ဟု ဆိုရမည်လား။
ထိုသို့ဆိုပါက ဤသည်မှာ သူ၏ တံခါးပိတ်နေသည့် စွမ်းအားကြီး ဆရာသခင်တစ်ယောက်ဟူသည့် ဂုဏ်ပုဒ်နှင့် တပည့်ဖြစ်သူ၏ ပါရမီကို ကောင်းကောင်းနားမလည်ဘူးဟု ထင်သွားစေမည်လား။
'ဒါမှမဟုတ် နည်းနည်းလောက် ထက်ပြီးတော့ စောင့်သင့်လား။ ရွှီယန် လုံးဝနားမလည်နိုင်ဘဲ စစ်မှန်တဲ့အဓိပ္ပာယ်ကို လုံးဝသဘောမပေါက်နိုင်တဲ့ အချိန်ကျမှ ငါ့ဆီကို အကြံဉာဏ်လာတောင်းတဲ့အခါမှာ စကားစုအသစ်ကို ပေးလိုက်သင့်လား..'
'ဒါပေမယ့် အဲ့ဒါက ငါ့တပည့်ရဲ့ ယုံကြည်မှုကို ထိခိုက်သွားစေမလား..'
လီရွှမ်က သက်ပြင်းချသည်။ ဒီတပည့်ကို သင်ကြားပေးရခြင်းမှာ အမှန်တကယ်ကို ခက်ခဲလှ၏။
ရုတ်တရက် သူ၏စိတ်ထဲတွင် ရွှေရောင်အလင်းတစ်ခု ရေးတေးတေး ပေါ်လာခဲ့သည်။
"သင်၏တပည့်သည် သင်ဖန်တီးလိုက်သည့် သိုင်းပညာအတတ် စကားစုကို နားလည်မှုရကာ သိုင်းပညာ၏ စစ်မှန်သည့်အဓိပ္ပါယ်ကို နားလည်သဘောပေါက်သွားခဲ့သည်။ သင်သည် ချီနှင့်သွေးအဆင့်၏ ကျင့်ကြံခြင်းအတတ်ကို ရရှိပြီး သင်၏ခွန်အားတို့ တိုးတက်လာခဲ့သည်...'
ထိုအချိန်၌ လီရွှမ်၏စိတ်ထဲတွင် ချီနှင့်သွေးအဆင့်၏ ကျင့်ကြံသည့်အတတ်များ ပေါ်လာခဲ့ပြီး သူ၏ချီနှင့်သွေးမှာ နှစ်ဆဖြစ်လာခဲ့သည်။
"ဟစ်.."
လီရွှမ်၏ မျက်လုံးများက ပြူးကျယ်နေပြီး သူကအလွန် စိတ်လှုပ်ရှားနေ၏။
'ငါတပည့်က တကယ့်ကို အံ့သြဖို့ကောင်းတာပဲ..'
'ငါပေးလိုက်တဲ့ စကားစုရဲ့အစစ်အမှန် အဓိပ္ပာယ်ကိုတောင် နားလည်နိုင်တာလား။ ဒီသွေးနဲ့ချီအဆင့်ရဲ့ ကျင့်ကြံခြင်းအတတ် စကားစုက ကျင့်စဥ်ဖွဲ့စည်းပုံနဲ့ မသက်ဆိုင်ဘဲ အများကြီးဝေးကွာနေတယ်လို့တောင် ပြောလို့ရတာကို...'
'ဘုရားရေ.. သူ့မှာ ဘယ်လိုဦးနှောက်မျိုး ပိုင်ဆိုင်ထားတာလဲ။ ဒီလိုမျိုးတိကျတဲ့ သို့င်းပညာသဘောတရားနဲ့ ကျင့်စဉ်ရဲ့ စကားစုကိုတောင် တွေးတောနိုင်ခဲ့တယ်..'
သူ့အနေနှင့် လက်ခံဖို့ လိုပါသည်။ ဒီတပည့်ဟာ အမှန်တကယ်ကို မကောင်းဆိုးဝါးတစ်ကောင် ဖြစ်၏။
ဒုတိယမြောက် ရွှေလက်ချောင်းမှ ပေးစွမ်းလာသည့် တန်ပြန်အကျိုးပြုမှုက သူ၏ခွန်အားကို ပိုမိုမြင့်တက်လာစေခဲ့သည်။
သို့ရာတွင် ရွှေလက်ချောင်းသည် ခွန်အားကို မြှင့်တင်ပေးပြီးနောက် မည်သည့်သဲလွန်စမှ မကျန်တော့ဘဲ ပြန်ပျောက်သွားခဲ့သည်။ ဘယ်တုန်းကမှ မရှိသကဲ့သို့ ရှိနေ၏။
'ကြည့်ရတာ ရွှေလက်ချောင်းက ငါတီထွင်လိုက်တဲ့ ကျင့်စဉ်ကို ငါတပည့်ကျင့်ကြံတာ အောင်မြင်မှပဲ ပေါ်လာတာဖြစ်မယ်..'
လီရွှမ်က တစ်ခုခုကို တွေးမိလိုက်ပုံပေါ်၏။ သို့ပေမယ့် ရွှေလက်ချောင်းအား ရှာဖွေတွေ့ရှိနိုင်မည့် အခြာနည်းလမ်းများ ရှိဦးမလား ဟူသည်ကတော့ ဆက်လက်စူးစမ်းရန် လိုအပ်ပါသေးသည်။
ယခုအချိန်၌ အရေးအကြီးဆုံးတာဝန်မှာ ရွှီယန်ကို ကောင်းမွန်စွာ သင်ကြားပြီး သူ၏ခွန်အားကို ဆက်လက် မြင့်တက်စေမည် ဖြစ်သည်။ ကြိုးစားကာ ဆက်လက်ကျင့်ကြံခိုင်းမည် ဖြစ်၏။
"ငါ့တပည့်... မင်းက ဒီလောက်အချိန်လေးနဲ့ ကျင့်စဉ်ရဲ့စကားစုကို နားလည်နိုင်လာခဲ့တာ တကယ်ပဲ ချီးကျူးဖို့ကောင်းတယ်။ ဒါပေမယ့် မောက်မာမှုနဲ့ စိတ်မရှည်မှုတွေကို သတိမပျက်နဲ့နေပြီး မင်းရဲ့ကျင့်ကြံမှုတွေကိုပဲ အာရုံစိုက်ရမယ်.."
လီရွှမ်က သက်တောင့်သက်သာဖြင့် လျှောက်သွားကာ ရွှီယန်၏ ရှေ့သို့ ရောက်လာခဲ့သည်။ တစ်ချက်ကြည့်သည်နှင့် သူ၏တပည့်ကို ဖောက်ထွင်းမြင်ရသကဲ့သို့ ရှိနေပြီး အားရမှုအချို့ဖြင့် ပြော၏။
"ဟုတ်ကဲ့ပါ ဆရာ.."
ရွှီယန်က နှလုံးသားထဲတွင်သက်ပြင်းချသည်။
'ဆရာ့ရဲ့အမြင်က တကယ့်ကိုစူးရှတာပဲ။ တစ်ချက်ကြည့်တာနဲ့ ကျင့်ကြံခြင်းအတတ်ရဲ့ သဘောတရားကို ငါနားလည်လိုက်တာကို သူမြင်နိုင်တယ်..'
"ငါ့တပည့်.. မင်းရဲ့သိုင်းပညာအပေါ်ကို ဆုံးဖြတ်ချက်က ခိုင်မာရဲ့လား.."
လီရွှမ်က လေးနက်စွာမေးသည်။
"ဆရာ.. သိုင်းပညာအပေါ် ကျွန်တော့်ရဲ့နှလုံးသားက ကျောက်ဆိုင်ကျောက်ခဲ တစ်ခုလို မာကျောပါတယ်.."
ရွှီယန်က ခိုင်မာစွာ ပြောသည်။
"မိန်းမတွေအကြောင်းကိုရော မင်းစဉ်းစားသေးလား.."
"ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ ဘယ်မိန်းမမှ မရှိပါဘူး.."
"ကောင်းတယ်.. အရမ်းကောင်းတယ်။ ငါတပည့်မှာ သိုင်းပညာအတွက် ဒီလိုမျိုး နှလုံးသားရှိတယ်။ မင်းက သေချာပေါက် တစ်နေ့မှာ သိုင်းပညာရဲ့ အထွတ်အထိပ်ကို ရောက်ရှိနိုင်မှာ.."
လီရွှမ်က ဝမ်းသာစွာပြော၏။
တပည့်ကောင်းတစ်ယောက်သည် သူ့ကိုယ်သူ သိုင်းပညာအပေါ်တွင် နှစ်မြုပ်ထားပြီး ကျင့်ကြံမှုကို နှောင့်နှေးစေမည့် မိန်းမများအကြောင်းကို မစဉ်းစားသင့်ပါ။
သိုင်းပညာသာလျှင် မှန်ကန်သည့် လမ်းစဉ်ဖြစ်၏။ ဘာပဲထြစ်ဖြစ် ဆရာသခင်တစ်ယောက် ဖြစ်လာမည့် သူ၏ အနာဂတ်ဟာ တစ်ဖက်လူအပေါ်တွင် လုံးဝ မူတည်နေပါသည်။
လီရွှမ်သည် တပည့်ဖြစ်သူတွင် ထိုကဲ့သို့သော နှလုံးသားရှိသည့်အတွက် အလွန် ကျေနပ်သွားသည်။
ချီနှင့်သွေးအဆင့်၏ ကျင့်ကြံမှုအတတ်ကို နားလည်မှုရလာပြီးနောက် ရွှီယန်၏ခွန်အားက နေ့စဉ်နေ့တိုင်း တိုးမြင့်လာခဲ့၏။
ချီနှင့်သွေးအဆင့်၏ ပေ၁၀၀သို့ရောက်ရှိသည့် အထွတ်အထိပ် အခြေအနေသို့ ချိုးဖျက်ရန်တော့ ခရီးရှည်တစ်ခု ကျန်ပါသေးသည်။ သို့ပေမယ့် လဝက်အတွင်းတွင် ရွှီယန်၏ ချီနှင့်သွေးသည် ၁၀ပေအထိတိုင်အောင် ရောက်ရှိနိုင်ခဲ့၏။
"ဆရာ.. ကျွန်တော် အိမ်ကနေပြီးတော့ ထွက်လာတာ တော်တော်လေးကြာနေပြီ။ အိမ်ကိုပြန်ပြီး မိဘတွေဆီကို သွားလည်ချင်တယ်.."
ထိုနေ့တွင် ရွှီယန်သည် သူ့ကိုယ်သူ အိမ်နှင့်၊ မိဘများနှင့် ဝေးကွာခဲ့တာ ကြာပြီဟု ခံစားရပြီး စိုးရိမ်လာခဲ့၏။ ထို့ကြောင့် လေးစားစွာ ပြောသည်။
"သွားလေ.."
လီရွှမ်က ခေါင်းငြိမ့်သည်။ သူ၏နှလုံးသားထဲတွင် နောင်တရစွာ သက်ပြင်းချမိ၏။
သူ ဒီနေရာသို့ ရောက်ရှိလာသည်မှာ ကြာပြီဖြစ်ပြီး ရွာငယ်ဆီမှ ဘယ်တုန်းကမှ မထွက်ခဲ့ဘူးပေ။ ယခုအချိန်မှာ ဒီချောင်ကျသည့် နေရာလေးမှ ထွက်ခွာရန် အချိန်ကျပါပြီ။
ဒီလောက လူသားများ၏ သဘာဝကို သွားရောက်ကြည့်ရှုလို၏။ ချီနိုင်ငံ၏ မြင်ကွင်းများ၊ ချီနိုင်ငံရှိ သိုင်းသမားများ၏ လောကအတွေ့အကြုံနှင့် သူတို့ဟာ ရွှီယန်ပြောခဲ့သလို အလွန် ခွန်အားနည်းပါးသည်လားဟု သွားရောက်ကြည့်ရှုလို၏။
ရွှီယန်မှာ ချီနှင့်သွေးအဆင့်သို့သာ ဝင်ရောက်သေးပြီး ထိပ်တန်းသိုင်းသမားတစ်ယောက်ကို အသက်တစ်ကြိမ်ရှူစာအတွင်းတွင် သတ်ဖြတ်နိုင်ပါသည်။
ထို့ကြောင့် သူကဲ့သို့သော ချီနှင့်သွေးအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခြင်းနှင့် ညီမျှသည့် လူတစ်ယောက်အတွက် တစ်ချက်ကြည့်သည်နှင့် သတ်ဖြတ်နိုင်မည်လား။
ဒီလောက၏ သိုင်းပညာအဆင့်သည် အမှန်တကယ်ကို အံ့သြစရာကောင်းလောက်အောင် နိမ့်ပါးလှသည်လား။
လီရွှမ်တစ်ယောက် ရွှီယန်တိုက်ခိုက်ခဲ့သည့် မီးလည်စံမွှေးဝံပုလွေကို စဉ်းစားမိသည်။ ၎င်းနှင့် ချင့်ချိန်ကြည့်လျှင်တော့ ဒီလောက၏ သိုင်းပညာအဆင့်မှာ အရမ်းကြီး နိမ့်ပါးနေမည် မဟုတ်ပါ။
ဖြစ်နိုင်တာက ရွှီယန်၏နောက်ခံနှင့် ထိတွေ့နိုင်ခြင်းမရှိသေးသည့် လျှို့ဝှက်ချက်အချို့ ရှိနေလောက်ပါသည်။
ရွှီယန်၏ ထွက်ခွာမှုကို တွေ့ရပြီးနောက် လီရွှမ်က လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ သက်တောင့်သက်သာဖြင့် ကျန်ခဲ့သည်။ နောက်တစ်ကြိမ် ရွှီယန်ပြန်ပါက သူလည်းပဲ ဒီနေရာမှ လိုက်လံထွက်ခွာ သင့်ပါသည်။ ရွှေ့ပြောင်းရန်အတွက် အလုပ်ရှုပ်မှုများကိုတော့ သူ၏တပည့်ဖြစ်သူအား လက်လွှဲထားမည် ဖြစ်၏။
သုံဟယ်ကောင်တီတွင်... လမ်းမများ၊ လမ်းကြားများ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များတွင် ရေပန်းစားသည့် အကြောင်းမှာ အချမ်းသာဆုံး မိသားစုဖြစ်သည့် ရွှီမိသားစု၏ ကုန်ပစ္စည်းများကို ဓားပြများ လုယူခဲ့သည့် ကိစ္စဖြစ်သည်။
"ဒီဓားပြတွေက ဘယ်ကလာတာလဲ။ ဘယ်လိုလုပ်ပြီး ရွှီမိသားစုရဲ့ ကုန်စည်တွေကို လုယူရဲတာလဲ.."
"ရွှီမိသားစုရဲ့ အရူးသခင်လေးက စစ်သူကြီးရဲ့ သမီးဖြစ်သူနဲ့ စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းခံခဲ့ရတယ်.."
"ဒါ့ကြောင့် ရွှီမိသားစုရဲ့ ဂုဏ်သတင်းသြဇာက လျော့ပါးသွားတာဖြစ်မယ်။ အဲ့ဒါကြောင့် ပစ်မှတ်ခံရတာများလား မသိဘူး.."
"စစ်သူကြီး စံအိမ်ဘက်က အချမ်းသာဆုံး မိသားစုရဲ့ အရူးသခင်လေးနဲ့ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းခဲ့ပေမယ့် ရွှီမိသားစုရဲ့နောက်က နောက်ခံက လက်ရှိအမှုထမ်းရေးရာ ဝန်ကြီးဌာနရဲ့ ဒုတိယအမတ်ကြီးလေ.."
သုံဟယ်ကောင်တီ၏ ထင်ရှားသော ပုဂ္ဂိုလ်များလည်း ထိုကိစ္စကို သီးသန့်ဆွေးနွေးနေကြ၏။
ရွှီမိသားစု၏ ဧည့်ဆောင်ခန်းမ အတွင်းတွင် ရွှီကျွင်းဟယ်က သုံမှုန်နေသည့်မျက်နှာနှင့် စားပွဲထိပ်တွင်ထိုင်ကာ ဝိုင်းရှိလူများကို ကြည့်ကာ ပြောသည်။
"ဓားပြတွေက ဘယ်နားကနေ လာတာလဲ။ ဒီကုန်စည်တစ်သုတ်က သဘောတူထားတဲ့အတိုင်း ပို့ကိုပို့ပေးရမှာ။ မဟုတ်ရင် လျော်ကြေးသုံးဆ ပြန်ပေးရမှာ.."
"ခေါင်းဆောင်ချန်၊ ဆရာဝမ် ဒီတစ်ကြိမ်မှာ ကုန်ပစ္စည်းတွေကို ကျင်းဟန်ကိုရောက်အောင် ခင်ဗျားတို့နှစ်ယောက်ကိုယ်တိုင် တာဝန်ယူပြီး ပို့ပေးရမယ်။ ကတိပေးထားတဲ့အတိုင်း အရောက်ပို့ဖို့ သေချာအောင်လုပ်ပါ.."
ရွှီကျွင်းဟယ်က သန်မာထွားကြိုင်းသည့် လူကြီးနှစ်ယောက်တို့ကို ကြည့်ကာပြောသည်။
"ကျေးဇူးပြုပြီး စိတ်ချထားပါ။ ကျွန်တော်တို့တွေ ကုန်စည်တွေကို သဘောတူညီထားတဲ့အတိုင်း သေချာပေါက် ပို့ပေးမှာပါ။ ဓားပြတွေကိုလည်း ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အစီစဉ်ရှိပါတယ်.."
ခေါင်းဆောင်ချန်က ရင်ဘတ်ကိုပုတ်ကာ အာမခံချက်ပေးသည်။
ရွှီကျွင်းဟယ်က ခေါင်းငြိမ့်၏။ သူက ညွှန်ကြားချက်အချို့ကို ပေးပြီးနောက် လူတိုင်း ထွက်ခွာသွားကြသည်။
ခေါင်းဆောင်ချန်နှင့် ဆရာဝမ်တို့တွင် တစ်ဦးဟာ သုံဟယ်ကောင်တီ၏ အကြီးဆုံး ကြေးစားစောင့်ရှောက်သူအဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး ရွှီကျွင်းဟယ်က နောက်မှ ထိန်းချုပ်ထားသည်။
အခြားတစ်ယောက်မှာတော့ သုံဟယ်ကောင်တီရှိ အကြီးမားဆုံး သိုင်းပညာခန်းမ၏ ပိုင်ရှင်ဖြစ်ပြီး ထိုသိုင်းကျောင်းကိုလည်း ရွှီကျွင်းဟယ်က နောက်ကွယ်မှ ခြယ်လှယ်မှုပြုသည်။
ခေါင်းဆောင်ချန်ပဲဖြစ်ဖြစ်၊ ဆရာဝမ်ပဲဖြစ်ဖြစ် နှစ်ယောက်စလုံးမှာ အတွင်းအားကို ကျင့်ကြံထားကြသည့် ထိပ်တန်းသိုင်းသမားများ ဖြစ်ကြ၏။
သူတို့နှစ်ယောက်နှင့်သာ ဆိုပါက ကုန်စည်များကို သဘောတူညီထားသည့်အတိုင်း ပို့ဆောင်နိုင်လောက်ပါသည်။
သို့ရာတွင် ထိုကုန်စည်များ၏ ဝယ်ယူသူကို တွေးမိပြီးနောက် ရွှီကျွင်းဟယ်၏ နှလုံးသားထဲတွင် စိုးရိမ်မှုအချို့ကို ခံစားလာရသည်။
သူသည် သုံဟယ်ကောင်တီ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာနိုင်ပြီး သုံဟယ်ကောင်တီ အုပ်ချုပ်သူဟောင်း၏ သမီးဖြစ်သူကိုပင် လက်ထပ်နိုင်ခဲ့လေသည်။ ဘယ်လိုလုပ်ပြီး သာမန်လူတစ်ယောက် ဖြစ်မည်နည်း။
ဒီကုန်စည်အသုတ်ကို ဓားပြများက လုယူပြီးနောက် သူ၏ သုံဟယ်စစ်သူကြီး၏ အိမ်တော်သို့ သွားရောက်ကာ အကူအညီတောင်းခံမှုဟာ ကျရှုံးခဲ့သည်။
မကြာခင် သူ့ကိုယ်သူ ပစ်မှတ်ထားခံရခြင်း ဖြစ်ကြောင်းအား နားလည်လိုက်၏။ ထို့အပြင် သူ့ကိုဆန့်ကျင်သည့် အင်အားစုမှာ ချီနိုင်ငံ၏ အင်ပါရီယာမြို့တော် ကျင်းဟန်မှ လာခြင်းဖြစ်သည်။
အခြေအနေ၏ လေးနက်မှုကို သိရှိပြီးနောက် သူက ကုန်စည်များ၏ ပို့ဆောင်မှုအား သေချာမှုရှိစေရန် စွမ်းအားအကြီးဆုံး လက်အောက်ခံနှစ်ယောက်တို့အား တစ်ခါတည်း စုစည်းခဲ့၏။
ရန်သူကို တိုက်ခိုက်လာရန် မည်သည့်အကြောင်းပြချက်မှ ပေးမည်မဟုတ်ပေ။
'ငါထင်ထားတဲ့အတိုင်း မဟုတ်ဖို့ပဲ မျှော်လင့်မိတယ်..'
ရွှီကျွင်းဟယ်က သက်ပြင်းချ၏။
အနောက်ဘက်ခြံဝန်းတွင် သခင်မရွှီက စိုးရိမ်သောမျက်နှာဖြင့် ပြော၏။
"ယောက်ျား.. ယန်အာအိမ်ကနေပြီးတော့ ထွက်သွားတာ တော်တော်လေးကြာနေပြီ။ ဖြစ်နိုင်တာက သူတစ်ခုခုများ ဖြစ်နေမလား.."
"စိတ်မပူပါနဲ့ မိန်းမ။ ယန်အာအဆင်ပြေမှာပါ.."
ရွှီကျွင်းဟယ်က အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။
သူ၏ငတုံးသားဟာ အမှန်တကယ်ကို ထိန်းရမလွယ်ပေ။ စကားတစ်ခွန်းမှမဆိုဘဲ ၃လကြာအောင် ပျောက်ကွယ်သွားခဲ့၏။
သူတို့သည် ယခုအချိန်၌ ဦးနှောက်မကောင်းသည့် သားဖြစ်သူ ဖမ်းဆီးခံရပြီး ဓားစာခံဖြစ်လာမည်အား စိုးရိမ်နေမိ၏။ ဤသည်မှာ အကြီးမားဆုံး ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ပါသည်။
ရွှီကျွင်းဟယ်က သူ၏ငတုံးသားဖြစ်သူ အကြောင်းကို စိုးရိမ်နေစဉ် ရွှီယန်မှာ လမ်းမပေါ်တွင် မြင်းကိုစီးကာ သုံဟယ်ကောင်တီသို့ ပြန်လာနေ၏။
"ရွှီကျွင်းဟယ် မိသားစုရဲ့ငတုံးသားလား။ ဟေ့.. ကောင်လေး.. ငါမင်းကိုတွေ့ပြီ.."
ထိုအချိန်၌ ကောက်ကျစ်သည့် အသံတစ်ခုက ရုတ်တရက် ပေါ်လာခဲ့ပြီး ပုံရိပ်နှစ်ခုတို့ ရွှီယန်၏ရှေ့သို့ ကျဆင်းလာခဲ့၏။