ပြောင်းလဲမှု၅ကြိမ်၊ ရွှေအရိုးကမျက်စိရှေ့မှာပဲ
Vol. 2 Ch. 17
လျှို့ဝှက်ခန်းအတွင်းတွင် ရွှီယန် မြင်းထိုင်ထိုင်ခြင်း ပုံစံကို ပြုလုပ်ပြီး သူ၏အရိုးများကို စတင် လေ့ကျင့်သည်။
ကျင့်စဉ်ကို ကျင့်ကြံလိုက်သည်နှင့် ချီနှင့်သွေးတို့ ဆူပွတ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးလာခဲ့သည်။ သူ၏ ချီနှင့်သွေးဟာ စတင်သန်မာလာခဲ့၏။ ချီနှင့်သွေးနဂါးက ခန္ဓာကိုယ်၏ အရိုးများကို လှည့်ပတ်နေပြီး ၎င်းတို့၏ အရွယ်အစားက ပိုမိုကြီးမားလာသည့်ပုံပါ။
ထို့အပြင် သန့်စင်သည့် အားမှာလည်းချီနှင့်သွေးနဂါး၏ ခန္ဓာကိုယ်အရိုးများကို ဖြတ်သန်းရွေ့ရှားမှုနှင့်အတူ ပိုမိုသန်မာလာခဲ့သည်။
'အသေအချာပဲ။ မျက်လုံးနီကျားက ကျားတို့ရဲ့ဘုရင်ပဲ။ များပြားလှတဲ့ ချီနဲ့သွေးစွမ်းအင်တွေ ပါဝင်တယ်..'
ရွှီယန်က သူ၏ချီနှင့်သွေးကို လှည့်ပတ်ကာ ကိုယ့်ကိုယ်ကို စတင်သန့်စင်သည်။
'သန့်စင်တဲ့အမြန်နှုန်းက အများကြီးတိုးတက်လာတယ်..'
ချီနှင့်သွေးကို လှည့်ပတ်လိုက်သည်နှင့် အတွင်းနှင့်အပြင် ပေါင်းစပ်ကာ ကြေးအရိုးများသည် ဆက်တိုက်သန့်စင်မှုအောက်တွင် ဖျော့တော့သည့် ရွှေရောင်အဖြစ် စတင်ပြောင်းလဲလာခဲ့သည်။
ဤသည်မှာ ရွှေအရိုးအဖြစ် ပြောင်းလဲခြင်း လက္ခဏာရပ်တစ်ခု ဖြစ်၏။
'မျက်လုံးနီကျားနဲ့ ဖော်စပ်လိုက်တဲ့ အာဟာရဆေးတွေ ထွက်လာပြီးရင် အရိုးသန့်စင်ခြင်း အမြန်နှုန်းက ထပ်ပြီးတော့ မြင့်တက်လာမှာ..'
'လက်ရှိအမြန်နှုန်းနဲ့ဆို အလွန်ဆုံး ၅ရက်အတွင်းမှာ ငါ့ရဲ့ပထမပြောင်းလဲမှုကို ပြီးမြှောက်နိုင်လိမ့်မယ်..'
ရွှေအရိုးသန့်စင်ခြင်းမှာ ပြီးမြှောက်နိုင်ရန်အတွက် ၉ကြိမ်တိုင်အောင် သန့်စင်ဖို့ လိုအပ်ပါသည်။
'ဒါကို ပိုပြီးတော့တောင် မြန်ဆန်အောင်လုပ်လို့ ရလောက်တယ်။ လက်ရှိအချိန်မှာ ငါနားလည်သဘောပေါက်ထားတဲ့ ကျင့်စဉ်ရဲ့ နက်နဲမှုတွေက အကုန်မဟုတ်လောက်ဘူး။ ငါဆက်ပြီးတော့ လေ့လာရမယ်..'
'အဲ့ဒါမှပဲ ရွှေအရိုးကို သန့်စင်တာ ပိုပြီးတော့ မြန်မြန်ဆန်ဆန် ပြီးမြောက်မှာ..'
ရွှီယန်၏ မျက်လုံးများက ခိုင်မာပြတ်သားစွာရှိနေ၏။
ကိုယ့်ကိုယ်ကိုနှင့် လောကကြီးကို မေ့လျော့သည့်အဆင့်သို့ ဝင်ရောက်သွားသည်။ အရိုးများကို သန့်စင်ရင်းနှင့် ကျင့်စဉ်၏ သဘောတရားများကို ဆက်လက်လေ့လာသည်။
နောက်တစ်နေ့တွင် ရွှီယန်တစ်ယောက် ဆေးဆရာဖန်က ဖန်တီးလိုက်သည့် အာဟာရဆေးနှင့် ကျား၏ အရေအပြားကိုယူကာ လျှို့ဝှက်ခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်ပြီး ကျင့်ကြံသည်။
'အသေအချာပဲ.. သန့်စင်မှုအမြန်နှုန်းက ပိုပြီးတော့ မြန်ဆန်လာခဲ့တယ်..'
'ငါအဖိုးတန်ဆေးတွေကို ပိုဝယ်ရမယ်။ ချီနဲ့သွေးကို အားကောင်းအောင်လို့ ပိုပြီးတော့ လုပ်ဆောင်နိုင်မှာ..'
ရွှီယန် အလွန်စိတ်လှုပ်ရှားနေ၏။
လက်ရှိ သန့်စင်ခြင်းအမြန်နှုန်းအရ သူသည် ရွှေအရိုး၏ ပထမပြောင်းလဲမှုကို နောက်ထပ် တစ်ရက်နှင့်တစ်ပိုင်း ကြာပြီးပါက ပြီးမြောက်နိုင်လောက်ပါသည်။
သူ၏ လေ့ကျင့်ခြင်းကို အဆုံးသတ်ပြီးနောက် ရွှီစီးပွားရေးလုပ်ငန်း၏ စီမံကွပ်ကဲသူကို ရှာဖွေကာ အဖိုးတန်ဆေးပင်များကို ဝယ်ယူရန်အတွက် သူ့ကို ညွှန်ကြားသည်။
"ပိုက်ဆံက လေထဲကမလာဘူး။ ဘာလို့ဒီလောက်များတဲ့ ဆေးပင်တွေကို ဝယ်ချင်ရတာလဲ.."
နေ့လည်စားစားချိန်အတွင်းတွင် ရွှီကျွင်းဟယ်က ရွှီယန်ကို တွေ့ရပြီးနောက် စတင်ကာ ကြိမ်းမောင်း၏။
"အိမ်မှာရှိတဲ့ ဆေးပင်အများစုကို မင်းသုံးပြီးသွားပြီ။ အရွက်၉ခု ဆေးပင်ရော ဘယ်မှာလဲ။ နှစ်တစ်ထောင်ဂျင်ဆင်းရော ဘယ်ရောက်သွားလဲ.."
"မင်းက တကယ့်ကို ငဖြုန်းကောင်ပဲ။ မင်းအဖေကို အသက်ထွက်ပြီး သေအောင်လုပ်ချင်နေတာလား.."
"ဒီလောကကြီးမှာ ဘယ်နေရာကနေပြီး အဖိုးတန်ဆေးပင်တွေ အများကြီးရနိုင်မှာလဲ။ မင်းအဲ့လို အတင်းဝယ်ခိုင်းနေရင် အခြားလူတွေက သိတဲ့အခါ စျေးကိုလျှောက်ပြီးတော့ မမြှင့်ကြဘူးလား.."
"တကယ်လို့ ဝယ်ယူတဲ့သူက မင်းလို အရူးတစ်ယောက်ဆိုတာကို သိရင် ပိုပြီးတော့တောင် ဆိုးဦးမယ်.."
ဤသည်မှာ ရွှီယန်၏ ပထမဆုံးအကြိမ် သို့မဟုတ် ဒုတိယအကြိမ် ကြိမ်းမောင်းခံရခြင်း မဟုတ်ပါ။
သူ၏လုပ်ဆောင်ချက်က မိသားစုအတွက် ဆုံးရှုံးမှုအချို့အား ယူဆောင်လာမည်ဖြစ်ကြောင်းကို ရွှီယန်လည်း သိပါသည်။ သို့ရာတွင် သိုင်းပညာက မျက်စိရှေ့သို့ ရောက်နေပြီဖြစ်၏။ သူသည် မည်သည့်တန်ဖိုးကိုမဆို ပေးဆောင်လိုပါသည်။
ဤသည်မှာ ပိုက်ဆံအချို့ ဆုံးရှုံးမှုသာ ဖြစ်၏။ သူသာသိုင်းပညာကို သင်ကြားပြီး ဆရာ၏တပည့်တစ်ယောက်သာ အမှန်တကယ် ဖြစ်လာပါက ငွေအချို့ကို ဆုံးရှုံးရခြင်းဟာ ဘာအရေးနည်း။
ရွှီယန်က မိခင်ဖြစ်သူကို ကြည့်ကာ အကူအညီတောင်းသည့်အသွင်ဖြင့် ရှိနေ၏။
"အမေ.."
ရွှီကျွင်းဟယ်၏ မျက်နှာက ဒေါသဖြင့် အစိမ်းရောင်ပြောင်းသွားသည်။ သူက စိတ်ဆိုးမာန်ဆိုးဖြင့် ပြော၏။ "ကိစ္စတိုင်းမှာ မင်းအမေကိုပဲ တမနေနဲ့။ ဒီကိစ္စမှာ ငါ့စကားက နောက်ဆုံးစကားပဲ.."
"ရှင်က ဘာလို့ ဒီလောက်တောင် အသံကျယ်ရတာလဲ။ ယန်အာ ကြောက်နေဦးမယ်.."
အဖိုးတန်သား ဖြစ်သူ၏ အကူအညီတောင်းသည့်မျက်လုံးများကို တွေ့ရပြီးနောက် ရွှီမိခင်၏ နှလုံးသားက ချက်ချင်းပင် ပျော့ပြောင်းသွားသည်။ ယောက်ျားဖြစ်သူကို အလိုမကျစွာ ကြည့်၏။
"ငါ.."
ရွှီကျွင်းဟယ် သွေးအန်လုမတတ်ဖြစ်သွား၏။
"မိန်းမ.. နင်အဲ့လိုမျိုး..."
ရွှီမိခင်က မျက်မှောင်ကြုံ့သွားပြီး ပြောသည်။ "ယောက်ျား.. ဒါက ပိုက်ဆံလေးပဲလေ။ ယန်အာစိတ်ကျေနပ်ရင် ဘာမှမဖြစ်ဘူး။ ငါတို့မှာ ဒီလောက်ပိုက်ဆံလေးတောင် သုံးဖို့ မရှိဘူးလား.."
"မဟုတ်ပါဘူး။ ဒီကောင်လေးက ပိုက်ဆံကို ဘာမှမဟုတ်သလို လုပ်နေလို့ပြောရတာ.."
"အဲ့ဒါပဲ.. ရှင်ဂရုစိုက်တာက ပိုက်ဆံပဲ။ သူက ကျွန်မတို့ရဲ့သားပါ.."
"ငါ..."
ရွှီကျွင်းဟယ်က ဆက်လက်ပြောရန် တွန့်ဆုတ်သွား၏။
"အမေက အကောင်းဆုံးပဲ.."
ရွှီယန်က ပြုံး၏။
ရွှီကျွင်းဟယ်တစ်ယောက် အလွန် ဒေါသဖြစ်နေပါပြီ။ သို့ပေမယ့် ရွှီယန်၏ အဖိုးတန်ဆေးတွေများကို တန်ဖိုးမြင့်စွာ ဝယ်ယူမည့်ကိစ္စအား မျက်လုံးများကိုမှိတ်ကာ ခေါင်းငြိမ့်ရန်သာ တက်နိုင်၏။
'ရွှေအရိုးရဲ့ ပထမပြောင်းလဲမှုက ပြီးမြောက်တော့မယ်..: ရွှီယန် သူ၏အရိုးများကို ချီနှင့်သွေး နဂါးကြီးတစ်ကောင်က လှည့်ပတ်နေကြောင်းကိုသာ ခံစားရ၏။ ချီနှင့်သွေးက အရိုးအတွင်းသို့ ဝင်ရောက်ကာ သူ၏ ရိုးတွင်းခြင်ဆီများကို အားဖြည့်နေပြီး ဖြစ်သည်။
တရွရွဖြစ်နေသည့် ခံစားချက်တစ်ခု ပေါ်လာ၏။ အချိန်တစ်ခုတွင် ကျယ်လောင်သော အသံတစ်ခုနှင့်အတူ သွေးနှင့်ချီနဂါးဟာ အရိုးအတွင်းသို့ လျှင်မြန်စွာ ဝင်ရောက်သွားပြီး ရိုးတွင်းခြင်ဆီအတွင်းသို့ ရောက်ရှိသွား၏။
ချက်ချင်းပင် ရွှီယန်သည် ကြီးမားသည့် ချီနှင့်သွေးတို့၏ မြင့်တက်လာသည်ဟု ခံစားလိုက်ရပြီး ခန္ဓာကိုယ်ရှိ သွေးများမှာ အသစ်ပြန်လည် မွေးထုတ်လာသည့်ပုံပါ။
လူတစ်ကိုယ်လုံးက သန့်စင်ခံရသည့် အခြေအနေသို့ ဝင်ရောက်သွားသည်။ ချီနှင့်သွေးတို့ ပြန်လည်မွေးဖွားလာပြီး မူလသွေးဟောင်းများကို ဖယ်ထုတ်သည်။
ရွှေအရိုး၏ ပထမအဆင့် ပြောင်းလဲခြင်း...
သူ၏ သွေးနှင့်ချီတို့ ပိုမိုသန်မာလာသည်နှင့်အမျှ ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးများနှင့် ဖုံးလွှမ်းနေပုံပေါ်ပြီး အနက်နှင့်ခရမ်းရောင်ရှိသည့် သွေးဟောင်းများက စေးကပ်သည့် အလွှာတစ်ခုအဖြစ် ထွက်ပေါ်လာခဲ့သည်။
အချိန်တစ်ခုတွင် သူ၏ခန္ဓာကိုယ်မှ ရုတ်တရက် သက်တောင့်သက်သာရှိစွာ ခံစားလိုက်ရ၏။ ခန္ဓာကိုယ်ပေါ်ရှိ အရိုးများလည်း ရွှေရောင်ဖျော့ဖျော့သို့ ပြောင်းလဲသွားခဲ့သည်။
ရွှီယန် သူ့ကိုယ်သူ ပိုမိုသန်မာလာသည်ဟု ခံစားရ၏။ လက်ရှိခွန်အားနှင့် မျက်လုံးနီကျားကို ရင်ဆိုင်ရပါက သူသည် လက်သီးတစ်ချက်တည်းနှင့် ကျား၏ဦးခေါင်းကို ဖောက်ခွဲလိုက်နိုင်ပါသည်။
"ဒါက ရွှေအရိုးလား.."
သူက လက်သီးများကိုဆုပ်ကာ လူတစ်ကိုယ်လုံးတွင် ခွန်အားတို့ ပြည့်နက်နေပြီး သွေးနှင့်ချီဟာ ၂ဆကျော်ဖြစ်လာခဲ့သည်။
ထို့အပြင် သွေးနှင့်ချီ၏ ပိုမိုကာသန့်စင်ပြီး ပိုမိုကာစွမ်းအားကြီးမားကြောင်းကိုလည်း ခံစားရ၏။
"ရွှေအရိုးပြောင်းလဲခြင်း ၉ကြိမ်ကိုသာ ပြီးမြောက်သွားရင် ဘယ်လောက် စွမ်းအားကြီးလိုက်မလဲ.."
ရွှီယန်သည် မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေ၏။
'ခန္ဓာကိုယ်က အရမ်းညစ်ပတ်နေပြီ။ သွားပြီးတော့ သန့်စင်ဦးမှပဲ။ ဒါကို သွေးအစားထိုးခြင်းလို့ ခေါ်ရမလား..'
'သွေးထဲက မသန့်စင်မှုတွေကို ဖယ်ထုတ်ပြီးနောက်မှာ ပိုပြီးတော့ သန့်စင်လာစေတယ်။ ဒီနည်းနဲ့ သိုင်းပညာရဲ့ အခြေခံက ပိုပြီးတော့ သိပ်သည်းပြီး သန့်စင်လာတယ်..'
'ဆရာပြောတဲ့ ရှေးခေတ်ရဲ့ ပါရမီရှင်တွေလည်း ဒီသန့်စင်မှုကြောင့်ပဲ ဖြစ်တည်လာတာဖြစ်မယ်..'
ဒီအချိန်၌ ရွှီယန်၏စိတ်ထဲတွင် ဉာဏ်အလင်းပွင့်မှုအချို့ ရလာခဲ့၏။
'ဒါက သွေးသန့်စင်မှုချည်းပဲ မဟုတ်ဘူး။ သိုင်းပညာရဲ့ နှလုံးသားကို သန့်စင်ခြင်းလည်း ဖြစ်တယ်။ စိတ်က သန့်ရှင်းပြီးတော့ သန့်စင်နေတယ်..'
'ငါလည်း ရှေးခေတ်ရဲ့ ပါရမီရှင်တွေနဲ့ အများကြီး မကွာဝေးတော့ဘူး..'
ရွှီယန် လျှို့ဝှက်ခန်းမှ ထွက်လာပြီးနောက် အဝတ်များကိုလဲပြီး ခန္ဓာကိုယ်ပေါ်ရှိ သွေးများကို သန့်စင်သည်။
နေအိမ်သို့ပြန်ပြီး ၁၂ရက်အကြာတွင်...
အခန်းအတွင်း၌ ရွှီယန်၏ ခန္ဓာကိုယ်အတွင်းမှ ချွေးများကဲ့သို့ ညစ်ပတ်သည့် အနီရောင်ဖျော့ဖျော့ဖြင့် သွေးများသည် အလွှာတစ်ခုအဖြစ် ထွက်ပေါ်လာ၏။
'ဒါက ၅ကြိမ်မြောက်ပြောင်းလဲခြင်းပဲ..'
ရွှီယန်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် လင်းလက်နေပါသည်။
ဒီရက်များအတွင်းတွင် သူသည် မျက်လုံးနီကျားဖြင့် ဖော်စပ်ထားသည့် အာဟာရဖြစ် ဆေးများနှင့် သိုင်းပညာအပေါ်တွင် ဉာဏ်အလင်းပွင့်မှုအသစ်တို့ကို မှီခိုကာ သူ၏ သန့်စင်ခြင်းအမြန်နှုန်းကို ထပ်မံမြှင့်တင်ခဲ့ပြန်သည်။
ဤသည်မှာ ၅ကြိမ်မြောက် ပြောင်းလဲခြင်းဖြစ်၏။ ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများက ရွှေရောင်သို့ ပိုမိုပြောင်းလဲလာခဲ့သည်။
သူသည် ၉ကြိမ်မြောက် ပြောင်းလဲခြင်းနှင့် ဝေးကွာခြင်း မရှိတော့ပါ။ ထိုအချိန်၌ အရိုးများကို ရွှေအဖြစ် စစ်မှန်စွာ သန့်စင်နိုင်မှာဖြစ်၏။
ထို့အပြင် ၅ကြိမ်မြောက်ပြောင်းလဲခြင်း အပြီးတွင် ခန္ဓာကိုယ်မှ မည်သည့် ညစ်ပတ်သည့်သွေးမှ ထွက်လာခြင်း ရှိမည်မဟုတ်လောက်ပါ။ ချီနှင့်သွေးမှာ လုံးဝသန့်စင်လုနီးပါးရှိနေ၏။
'ငါ့ရဲ့လက်ရှိခွန်အားနဲ့ သိုင်းလောကရဲ့ စွမ်းအားအကြီးဆုံး ဆရာသခင်တွေကိုတောင် လက်သီးချက်နဲ့ အသက်ဖျောက်လို့ ရလောက်တယ်..'
ရွှီယန်က အလွန်စိတ်လှုပ်ရှားနေ၏။
သူသိသလောက် ဆိုပါက ယနေ့သိုင်းလောကရှိ သိုင်းသမားများဟာ သူ့အတွက် အလွန်အားနည်းလွန်းပါသည်။ လက်သီးတစ်ချက်နှင့် သတ်ဖြတ်နိုင်၏။ နာမည်ကျော်ကြားကာ စွမ်းအားကြီးသည့် ပုဂ္ဂိုလ်များပင်လျှင် တူညီစွာဖြစ်သည်။
'ငါမောက်မာလို့ မဖြစ်ဘူး။ သတိနဲ့ နေရမယ်။ ဒီလောကကြီးမှာ အခြား စစ်မှန်တဲ့ သိုင်းပညာရဲ့ ဆရာသခင်တွေလည်း ရှိမှာပဲ။ သူတို့က နက်ရှိုင်းစွာ ပုန်းအောင်းနေပြီး သူတို့ရဲ့တည်နေရာကို မဖော်ပြလိုတာဖြစ်မယ်..'
ရွှီယန်သည် နှလုံးသားထဲတွင် ကိုယ့်ကိုယ်ကို သတိပေးသည်။
'မနက်ဖြန်ကျရင် ပြန်ရမဲ့အချိန်ပဲ..'
ဒီတစ်ကြိမ်တွင် သူသည် အဖိုးတန်ဆေးအချို့အပြင် မျက်လုံးနီကျားကို ဖော်စပ်ထားသည့် ကျန်ရှိသည့် ဆေးများကိုလည်း ယူသွားမည်ဖြစ်၏။
'သိုင်းပညာရဲ့ နက်ရှိုင်းတဲ့ ဆန်းကြယ်မှုတွေကို နားလည်နိုင်ရင် သန့်စင်မှု အမြန်နှုန်းက ပိုပြီးတော့ တိုးလာလောက်တယ်..'
ရွှီယန်သည် အခန်းအတွင်းမှ လျှောက်ထွက်သွားပြီးနောက် မနက်ဖြန်တွင် ရွာငယ်ဆီသို့ ပြန်ရန်ပြင်ဆင်သည်။
'မနက်ဖြန်ဆိုရင် လဝက်ပြည့်ပြီ။ ငါ့ရဲ့ငတုံးတပည့်လည်း ပြန်လာတော့မှာမလား..'
လီရွှမ်က တောင်ကုန်းပေါ်တွင်ရပ်ကာ သက်ပြင်းချသည်။ သူ၏ငတုံးတပည့် ထွက်ခွာသွားပြီးနောက် အရာအားလုံးကို ကိုယ့်ဘာသာ ပြန်လည်လုပ်ဆောင်ရလေသည်။ ဘဝက အရမ်းကြီး သက်တောင့်သက်သာ မရှိတော့ပေ။
'မကောင်းဆိုးဝါးတောထဲက ကြမ်းကြုတ်တဲ့ ကျားနဲ့သားရဲရဲ့ အသတ်ခံပြီးလောက် ပြီးမလား..'
'ဒါပေမယ့် အဲ့ဒါက ငါ့ရဲ့ငတုံးတပည့် ဒီနေရာကနေ ချောချောမွေ့မွေ့နဲ့ ထွက်သွားပြီး တောထဲမှာ မသေမှဖြစ်နိုင်မှာ..'
လီရွှမ်တွင် စိုးရိမ်မှုအချို့ ရှိနေဆဲဖြစ်သည်။
'ဘာလို့လဲမသိဘူး။ ငါ့ရဲ့ခန္ဓာကိုယ်ပိုပြီးတော့ သန်မာလာတယ်လို့ ခံစားလာရပါလား..'
'အဖိုးတန်ဆေးပင်တွေရဲ့ သက်ရောက်မှုက ဒီလောက်တောင် ကြီးမားတာလား..'
ပြီးခဲ့သည့် လဝက်အတွင်းတွင် လီရွှမ်တစ်ယောက် သူ၏ခန္ဓာကိုယ် ပိုမိုပိုမိုကာ သန်မာလာသည်ဟု ခံစားရ၏။
တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို လျှို့ဝှက်နေသည့် ရွှေလက်ချောင်းတစ်ခုအား ပိုင်ဆိုင်ထားသလားဟုပင် ထင်မှတ်ရသည်။
သို့ပေမယ့် ဤသည်မှာ အတွေးလွန်နေခြင်းသာ ဖြစ်၏။ နောက်ဆုံး သုံးသပ်မှုအရ ဤသည်မှာ ရွှီယန်ယူဆောင်လာခဲ့သည့် အဖိုးတန်ဆေးပင်များ၏ အာနိသင်သာ ဖြစ်လောက်ပါသည်။
နှလုံးသားထဲတွင် သက်ပြင်းချကာ ဒီလောက၏ ဆေးပင်များ၏ အဖိုးတန်မှုနှင့် ဆန်းကြယ်သည့် အာဟာရဓာတ်တို့ဖြင့် စွမ်းအားကြီးမားလှကြောင်းအား တွေးမိသည်။