ရွှီယန်၏ ရွှေအရိုးသန့်စင်မှု ပြီးမြောက်ခြင်း
Vol. 2 Ch. 19
'ဒါဆို.. ဒါကစိတ်ကို ဉာဏ်အလင်းပွင့်စေပြီး စစ်မှန်တဲ့အဓိပ္ပါယ်ကို ကျင့်ကြံဖို့ ကိုယ့်ကိုယ်ကို စူးစမ်းခြင်းဆိုတာလား... အနည်းငယ်သော ပြောင်းလဲမှုတိုင်းက ငါ့ရဲ့စိတ်ထဲမှာ ရှိနေတယ်။ အရိုးသန့်စင်ခြင်းမှာ ပြောင်းလဲမှုမှန်သမျှကို ဘာထိန်ချန်မှုမှမရှိဘဲ ငါခံစားနိုင်တယ်..'
ဤသည်မှာ ရွာငယ်ဆီသို့ ရွှီယန်ပြန်လာခဲ့ပြီးနောက် လဝက်အကြာရှိ နေ့တစ်နေ့ဖြစ်သည်။ ပုံမှန်အတိုင်းပင် ရွှီယန်သည် အာရုံမတက်ခင်၌ စတင်ကျင့်ကြံ၏။
ဒီအချိန်၌ နောက်ထပ် ဉာဏ်အလင်းပွင့်မှုတစ်ခုကို ရလာခဲ့သည်။ အရိုးများထဲရှိ သိမ်မွေ့သော ပြောင်းလဲမှုများ၊ ခန္ဓာကိုယ်ရှိ မည်သည့်ပြောင်းလဲမှုမဆိုနှင့် ချီနှင့်သွေးလှည့်ပတ်မှု အားလုံးတို့ သူ၏ အသိအမြင်အတွင်း၌ ရှိနေပါသည်။
အရိုးသန့်စင်ခြင်း၏ အမြန်နှုန်းက ကြီးစွာတိုးတက်လာပြန်၏။
'ဒီစကားနှစ်ခုမှာ ပိုပြီးနက်ရှိုင်းတဲ့ အဓိပ္ပာယ်တွေ ရှိနေဦးမှာ။ ငါအနှစ်သာရကို အစစ်အမှန် မဖမ်းဆုပ်နိုင်သေးဘူး..'
ထိုအချိန်၌ ရွှီယန်တစ်ယောက် ဆရာဖြစ်သူ၏ သင်ကြားမှုများကို အလွန်နက်ရှိုင်းလွန်းလှသည်ဟု နှလုံးသားထဲတွင် သက်ပြင်းချမိ၏။
အကြိမ်တိုင်း နက်နဲမှုကို နားလည်ပြီးဖြစ်သည်ဟု ထင်မိလိုက်တိုင်းတွင် ရလဒ်အနေနှင့် နောက်ထပ် ဉာဏ်အလင်းပွင့်မှုများ ထပ်မံပေါ်လာတတ်ပြန်သည်။
ထိုအခါ လုံလောက်စွာ နားလည်ခြင်းမရှိသေးကြောင်းကို သဘောပေါက်လာ၏။
'အခုဆိုရင် ငါ ၈ကြိမ် ပြောင်းလဲပြီးပြီ။ ခန္ဓာကိုယ်တစ်ခုလုံးက အရိုးတွေလည်း ရွှေအရိုးအဖြစ် ပြောင်းလဲသွားပြီ..'
'ငါ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး တစ်သားတည်းဖြစ်လာပြီး ရွှေအရိုးအဖြစ် အစစ်အမှန်ပြောင်းလဲဖို့ နောက်ဆုံးတစ်ခေါက်ပဲ ကျန်တော့တယ်..'
လဝက်ကြာ အပတ်တကုတ် အရိုးသန့်စင်ပြီးနောက်တွင် အထူးသဖြင့် ကျင့်စဉ်အပေါ် သူ၏ နားလည်မှုအသစ်များနှင့် သွေးနှင့်ချီအပေါ် သူ၏ ထိန်းချုပ်နိုင်မှုဟာ ပိုမိုနက်ရှိုင်းလာခဲ့သည်။ အရိုးသန့်စင်ခြင်း အမြန်နှုန်းမှာလည်း များစွာတိုးတက်လာခဲ့၏။
ယခုအချိန်၌ သူသည် ၈ကြိမ်မြောက် ပြောင်းလဲခြင်းကို ပြုလုပ်ပြီးပါပြီ။ ခန္ဓာကိုယ်ရှိ အရိုးအားလုံးတို့အား ရွှေရောင်သို့ ပြောင်းလဲပြီးဖြစ်၏။ ၉ကြိမ်မြောက် ပြောင်းလဲခြင်းနှင့် အလှမ်းဝေးခြင်း မရှိတော့ပါ။
ထိုအခါ သူ၏အရိုးအားလုံးတို့ အပစ်အနာအဆာ ကင်းမဲ့ကာ ခန္ဓာကိုယ်က တစ်သားတည်း လိုက်လျောညီထွေစွာ ဖြစ်လာမှာပါ။
ရွှီယန် ဆက်လက်လေ့ကျင့်၏။ တစ်ရက်နှစ်ရက် အတွင်းတွင် ရွှေအရိုးကို ပြီးမြောက်အောင် ကျင့်ကြံနိုင်မည်ဟု သူ့တွင် ခံစားချက်တစ်ခု ရှိနေပါသည်။
'ငါသာ ရွှေအရိုးကို သန့်စင်ပြီးရင် ရှေးခေတ်က ပါရမီရှင်တွေနဲ့ နှိုင်းယှဉ်နိုင်ပြီ။ ဒါဆိုရင် ငါ့ရဲ့ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းကို စတင်လို့ရပြီ..'
'တစ်နှစ်အတွင်းမှာ စတင်ခြင်းအဆင့်ကို ရောက်ဖို့ဆိုတာ ပြဿနာကြီး မဟုတ်ဘူး..'
'ဆရာပြောတဲ့ ကျောက်စိမ်းအရိုးကတော့ ပါရမီနဲ့ဇွဲလုံ့လကို မှီခိုရုံနဲ့ ရနိုင်တဲ့အရာ မဟုတ်ဘူး။ ငါအရမ်းကြီး ရည်ရွယ်ချက်ကြီးလို့ မရဘူး။ ဒါက စိတ်ကူးယဉ်သလို ဖြစ်နေမှာ..'
ရွှေအရိုးက ထူးကဲနေပြီးဖြစ်၏။ ကျောက်စိမ်းအရိုးမှာတော့ အလွန်ခက်ခဲပါသည်။
အလွန်မြင့်မားစွာ မျှော်လင့်ပါက ကျောက်စိမ်းအရိုး သန့်စင်မှု၌ အချိန်ဖြုန်းနေပြီး တစ်နှစ်အတွင်းတွင် စတင်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်ခြင်းမရှိဘဲ ဖြစ်သွားနိုင်ပါသည်။
ရှေးခေတ်က ပါရမီရှင်များနှင့် နှိုင်းယှဉ်နိုင်ပြီးပြီဖြစ်ရာ အဘယ်ကြောင့် ကျေနပ်မှုမရှိဘဲ နေရမည်လဲ။
ထို့ကြောင့် သူက ရွှေအရိုးအား သန့်စင်မှုပြီးဆုံးပါက ကိုယ်တွင်းအင်္ဂါများကို စတင်သန့်စင်မည်ဖြစ်သည်။
ထို့ကြောင့် ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း နည်းလမ်းများကို စတင်ဆင်ခြင်နိုင်၏။
သူက အရိုးအားသန့်စင်ခြင်းအတွင်းတွင် လီရွှမ်က သင်ကြားပေးခဲ့သည့် ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနည်းလမ်းများကို စတင်စဉ်းစားသည်။
အတွင်းထဲရှိ လျှို့ဝှက်ဆန်းကြယ်မှုနှင့် နက်နဲမှုကို နားလည်သဘောပေါက်အောင် သေသေချာချာ အာရုံစိုက်၏။
အရေပြားသန့်စင်ခြင်းနှင့် အရိုးသန့်စင်ခြင်း အခြေခံတို့နှင့် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းဟာ ခက်ခဲခြင်းမရှိပါ။ သူ့တွင် ကိုယ်တွင်းအင်္ဂါများကို သန့်စင်ရန်အတွက် လားရာတစ်ခု ရှိနေပြီးဖြစ်၏။
သို့ပေမယ့် ယခုအချိန်၌ မေးခွန်းမှာ မည်ကဲ့သို့ အကျိုးပိုမိုဖြစ်သွားအောင် ပြုလုပ်ရန်ဖြစ်သည်။
ဤသည်က ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း နည်းလမ်း၏ ဆန်းကြယ်မှုများကို သေသေချာချာ နားလည်သဘောပေါက်ရန် လိုအပ်၏။
လီရွှမ်က သန်းဝေကာ ကျင့်ကြံနေသည့် ရွှီယန်ကိုကြည့်သည်။ နှလုံးသားထဲတွင် သက်ပြင်းချ၏။
'ဒီငတုံးတပည့်က တကယ့်ကို ဇွဲလုံ့လကြီးတာပဲ။ အခုအချိန်အထိ စိတ်တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်သေးတယ်..'
သူက မနေနိုင်ဘဲ အံ့ဩမိ၏။
မည်သည့်သွေးနှင့်ချီကိုမှ အာရုံခံနိုင်ခြင်းမရှိဘဲ ယခုကဲ့သို့ အချိန်အတော်ကြာအောင် ရွှီယန် မည်ကဲ့သို့ တောင့်ခံနိုင်ခဲ့သနည်း။
ပုံစံကိုကြည့်ရတာ မည်သည့်စိတ်မရှည်မှုမှ ရှိမနေပါ။ စိတ်ဓာတ်ကျခြင်း သို့မဟုတ် ဒေါသထွက်ခြင်းများလည်း မရှိသလို ချီနှင့်သွေးကို အာရုံခံနိုင်ခြင်း မရှိသည့်အတွက် သူ၏ရှေ့တွင် ရှက်ရွံစွာလည်း ခံစားရခြင်းမရှိပါ။
ထို့အပြင် ချီနှင့်သွေးအား မည်ကဲ့သို့ အာရုံခံရမည်ကိုလည်း ဆက်လက်မေးမြန်းခြင်း မပြုတော့ပါ။
'သူ့ရဲ့စိတ်ဓာတ်က တကယ့်ကို ရှားတယ်။ စိတ်မရှည်တာတွေ၊ စိတ်ဓာတ်ကျတာတွေ မရှိဘူး။ နေ့စဉ်နေ့တိုင်း ဇွဲလုံ့လနဲ့ ကြိုးကြိုးစားစား ကျင့်ကြံတယ်..'
'ကျင့်ကြံမှုအတွက် တကယ့်နည်းလမ်းသာရှိရင် သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ ကောင်းမွန်တဲ့ ပါရမီရှိတာနဲ့ စွမ်းအားကြီးသူတစ်ယောက် ဖြစ်လာလောက်မှာ..'
'ငါသူ့ကို လိမ်လည်လှည့်ဖြားပြီး ကျင့်စဉ်က လျှောက်ပြောထားတယ်ဆိုတာကိုသာ သိသွားရင် ဘယ်လိုဖြစ်မလဲမသိဘူး..'
လီရွှမ်သည် လှည့်ဖြားခဲ့ခြင်းအား ပေါ်မသွားပါက အကောင်းဆုံးဖြစ်မည်ဟု ခံစားရ၏။ တစ်ချက်ကြည့်သည်နှင့် ရွှီယန်ဟာ ရိုးသားသူတစ်ယောက် ဖြစ်ပါသည်။
ရိုးသားသူတစ်ယောက်ကို ဆိုးဆိုးရွားရွား အနိုင်ကျင့်ပါက ထိုသူပေါက်ကွဲထွက်သည့်အခါ ဟာသဟုတ်မနေပေ။
ထို့အပြင် တစ်ဖက်လူသည် ထူးကဲသည့် နောက်ခံတစ်ခုရှိသည့် ရိုးသားသူတစ်ယောက် ဖြစ်၏။
'ထားလိုက်ပါတော့.. သူ့ကိုလွှတ်ထားလိုက်မယ်။ လုပ်ချင်တာ လုပ်ပါလေ့စေ။ အခုဆိုရင် ရွာရဲ့လမ်းကြောင်းက လုံခြုံနေပြီ။ တစ်နှစ်အချိန်ပြည့်သွားရင် ငါသူ့ကိုပြန်ခိုင်းလိုက်မယ်..'
'ဒါက နောက်ထပ် တပည့်အဖြစ် ပူဇော်ခြင်းလက်ဆောင် ရနိုင်မှာလဲ ဖြစ်နိုင်တာပဲ..'
'အဲ့ဒါဆိုရင် သုံဟယ် သို့မဟုတ် ချီနိုင်ငံမှာတောင် ငါမနေတော့ဘူး။ အချိန်ကျလာရင် ဝူနိုင်ငံကို သွားတာပေါ့..'
လီရွှမ်က သူ၏ထွက်ပေါက်ကို စဉ်းစားပြီးဖြစ်၏။ ကုလားထိုင်ပေါ်တွင် အေးအေးလူလူ လဲလျောင်းကာ သက်တောင့်သက်သာ ရှိနေပါသည်။
သူသည် ယခုကဲ့သို့ ဇိမ်ရှိသည့် နေ့ရက်များကို အသားကျနေပြီးဖြစ်ကာ နောင်တွင် သူ့ကိုအလုပ်ကျွေးပြုရန်အတွက် လူမရှိမည်အား စိုးရိမ်လာခဲ့သည်။
အနာဂတ်တွင် ဝူနိုင်ငံသို့ သွားရောက်ပါက သူ့ကိုခစားရန်အတွက် အစေခံအချို့အား ဝယ်ယူရပေမည်။
နောက်ထပ်နှစ်ရက်ဟာ ကုန်ဆုံးသွားခဲ့သည်။ ရွှီယန်၏ ကျင့်ကြံမှုသည် ၉ကြိမ်မြောက် ပြောင်းလဲခြင်းသို့ ရောက်ရှိနေပြီဖြစ်၏။
'ရွှေအရိုးကတော့ ပြီးလုနီးပြီ..'
ချီနဲ့သွေးဟာ သန့်စင်လာပြီး အရိုးများက ပြောင်းလဲမှုတို့ ဖြစ်လာခဲ့သည်။
မူလက ရွှေအရိုးများမှာ တောက်ပသော အလင်းဖြင့် လင်းလက်ခဲ့၏။
အချိန်တစ်ခုတွင်
"ဘုန်း.."
ရိုးတွင်းခြင်ဆီက စီးဆင်းနေသည့် မြစ်ရေသကဲ့သို့ ဖြစ်ကာ ချီနှင့်သွေးက ချက်ချင်းပင် မြင့်တက်လာခဲ့သည်။
နဂါးတစ်ကောင်ကဲ့သို့ ချီနှင့်သွေးများက ချက်ချင်းပင် ၂ဆကျော် ဖြစ်လာခဲ့၏။ ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများကို မြစ်ရေကဲ့သို့ လှည့်ပတ်နေသည့် ရိုးတွင်းခြင်ဆီမှာလည်း ချီနှင့်သွေးတို့၏ အဆုံးမသတ်နိုင်သည့် ပေါက်ဖွားမှုနှင့်အတူ ပြောင်းလဲလာခဲ့သည်။
သူ၏ အရိုးများတွင် တောက်ပသည့် အလင်းရောင်တို့ ထွက်ပေါ်လာ၏။ ရွှေအရိုးများသည် တောက်ပကာ ထာဝရရုပ်ကြွင်းများကဲ့သို့ ရှိနေပါသည်။
ရွှီယန် အလွန်စိတ်လှုပ်ရှားသွား၏။ နောက်ဆုံးတွင် ရွှေအရိုးကို သန့်စင်နိုင်ခဲ့လေပြီ။ ရွှေအရိုးဖွဲ့စည်းသည်နှင့် ခန္ဓာကိုယ်တွင် ကြီးမားသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သွေးနှင့်ချီက ပိုမိုသန့်စင်လာပြီး ခန္ဓာကိုယ်ဟာ ပိုမိုသန်မာလာခဲ့သည်။ ရွှေအရိုးပေါ်တွင် လျို့ဝှက်ဆန်းကြယ်သည့် သင်္ကေတ မျဥ်းကြောင်းများ ပေါ်လာသည့်ပုံပါ။ ဤသည်မှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အံ့ဖွယ်ဆန်းကြယ်မှုများကဲ့သို့ ရှိနေပါသည်။
ချီနှင့်သွေးကို လှည့်လည်တိုင်းတွင် နဂါးတစ်ကောင်ကဲ့သို့ မြည်ဟိန်း၏။
ရွှေအရိုးကို ဖွဲ့စည်းလိုက်သည်နှင့် တစ်ပြိုင်နက် ရွှီယန်၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတစ်ခု ရေးတေးတေး ထွက်ပေါ်လာခဲ့သည်။
လူတစ်ကိုယ်လုံးမှာ အလင်းထဲတွင် သွန်းလောင်းနေသည့်ပုံပါ။ ထိုအချိန်၌ နေကမြင့်တက်နေပြီး ရွှေရောင်နေအလင်းလည ရွာငယ်၏လမ်းကြောင်းများနှင့် ရွှီယန်ပေါ်သို့ ထွန်းလင်းလာခဲ့သည်။
လီရွှမ်က အိမ်ထဲမှလျှောက်ထွက်လာပြီး ထိုမြင်ကွင်းကို ကြည့်၏။ သူဂရုစိုက်ခြင်း မရှိပါ။ ဤသည်မှာ ရွှီယန်အပေါ်သို့ နေထိုးကြနေခြင်း ဖြစ်သည်ဟုသာ တွေးမိ၏။
ပထမဆုံးအကြိမ်လည်း မဟုတ်ပေ။
သို့ရာတွင် မည်သူမှ သတိမထားမိသည်ကား နေ၏အလင်းရောင် ခန္ဓာကိုယ်ပေါ်သို့ ထွန်းလင်းလာချိန်တိုင်းထက် ယနေ့ ရွှီယန်၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းဟာ ပိုမိုကာပင် တောက်ပနေခြင်း ဖြစ်သည်။
ထို့အပြင် အလင်းမှာ ခန္ဓာကိုယ်အတွင်းမှ ထွက်လာခြင်းဖြစ်၏။
ရွှေရောင်အလင်းများအကြားတွင် ရွှီယန်က သူ့ကိုယ်သူ၏ ပြောင်းလဲမှုများကိုသေသေချာချာခံစားသည်။ ရွှေအရိုး၏ စွမ်းအားကို နားလည်လာခဲ့၏။
ရွှေအရိုးများကို စုစည်းချိန်၌ ၎င်းတို့၏ စွမ်းအားကြီးမားသည့် တိုးတတ်မှုဟာ ပြီးခဲ့တုန်းက ပြောင်းလဲမှု၈ကြိမ်ထက် များစွာသာလွန်လှပါသည်။ ဒီအချိန်၌ ရွှီယန်သည် စွမ်းအားကြီးသည်ဟူသည့် စကားလုံး၏ အဓိပ္ပာယ်ကို နားလည်လာပြီး သိုင်းပညာ၏ လျှို့ဝှက်ဆန်းကြယ်မှုကို ခံစားလာရသည်။
'ဒါက ရှေးခေတ်ပါရမီရှင်တွေရဲ့ စွမ်းအားလား..'
'ငါနောက်ဆုံးတော့ ရွှေအရိုးကို ကျင့်ကြံပြီး ဆရာ့ရဲ့ လိုအပ်ချက်ကို ပြည့်မှီနိုင်ခဲ့ပြီ။ ငါရွှီယန်က ရှေးခေတ်ပါရမီရှင်တွေထက် အားမနည်းဘူး..'
'မင်းတို့အားလုံး ငါ့ကိုတုံးအတယ်လို့ ပြောကြတယ်။ ငါ့ကိုရယ်ကြတယ်။ လှောင်ပြောင်ကြတယ်။ ဒါပေမယ့် ငါ့ရဲ့မျက်လုံးထဲမှာ မင်းတို့က ရေတွင်းထဲက ဖားသူငယ်တွေထက် မပိုဘူး..'
ထိုအချိန်၌ ရွှီယန် ပြီးခဲ့သည့် နှစ်များစွာအတွင်းတွင် ဆရာသခင်တစ်ယောက်အား သူ၏ရှာဖွေမှုနဲ့ သုံဟယ်စီရင်စုတွင် ဟာသတစ်ခုဖြစ်လာပုံကို ပြန်လည်စဉ်းစားမိသည်။
ယခုအချိန်၌ ရွှေအရိုး၏ ဖွဲ့စည်းမှုနှင့်အတူ သူ၏ခွန်အားက တိုးတက်လာပြီး လောကရှိ ထိပ်တန်းသိုင်းသမားများဟာ သူ၏ရှေ့တွင် စက္ကူများသဖွယ် ဖြစ်လာကြသည်။
'ငါက တုံးအပြီး နင့်အတွက် အရှက်ရစေတယ်လို့ နင်ပြောခဲ့တယ်။ ငါကနင့်ကို ငါနဲ့မထိုက်တန်အောင် လုပ်မယ်လို့ ပြန်ပြောခဲ့တယ်။ အခုနင့်ကို ငါနဲ့မထိုက်တန်အောင် သေချာပေါက်လုပ်မှာ..'
ရွှီယန်၏ မျက်လုံးများက လင်းလက်လာ၏။
'ငါ့မှာအဆုံးမသတ်နိုင်တဲ့ အသက်ဓာတ်စွမ်းအင်တွေ ရှိတယ်လို့ ခံစားရတယ်။ ရွှေအရိုးဖွဲ့စည်းပြီးတာနဲ့ သက်တမ်းလည်း သိသိသာသာ တိုးတက်လာသလိုပဲ..'
'ဆရာပြောတာတော့ ရွှေအရိုးကို ဖွဲ့စည်းပြီးရင် မြေကြီးထဲမှာ နှစ်ပေါင်းသောင်းနဲ့ချီအောင် မြုပ်ထားရင်တောင် တောက်ပနေတုန်းပဲတဲ့။ ဒါကြောင့် သက်တမ်း တိုးလာမှာလည်း ပုံမှန်ပါပဲ..'
ထိုအချိန်၌ ရွှီယန်တစ်ယောက် သူနှင့်အပြင်ဘက်ရှိ သိုင်းသမားများ၏ ကွာခြားချက်ဟာ လောကနှစ်ခုသဖွယ် ဖြစ်နေကြောင်းကို ခံစားလာရသည်။
'ငါ့ရဲ့ လက်ရှိခွန်အားနဲ့ ချီနိုင်ငံရဲ့ ဧကရာဇ်ကိုတောင် မကြောက်ဘူး..'
'အခုငါ့မှာ အင်ပါရီယာ စွမ်းအားကို ဆန့်ကျင်ဖို့ အရည်အချင်းရှိနေပြီမလား..'
'မဟုတ်ဘူး.. ငါအဲ့လိုမောက်မာတဲ့ အတွေးတွေကို မတွေးသင့်ဘူး။ မောက်မာမှုနဲ့ စိတ်မရှည်မှုတွေကို ငါသတိထားရမယ်..'
'ခွန်အားအနည်းငယ် တိုးတက်လာတာနဲ့ ငါ့ကိုယ်ငါ ဘယ်သူလဲဆိုတာကို မေ့လို့မရဘူး။ ဆရာ့ရဲ့သင်ကြားမှုတွေကို မှတ်သားထားရမယ်..'
ရွှီယန်က ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်သတိပေး၏။
'ငါရွှေအရိုးကို ကျင့်ကြံပြီးပြီ ဆိုတော့ ရှေးဟောင်းပါရမီရှင်တွေနဲ့ နှိုင်းယှဉ်နိုင်ပြီးပြီလို့ ဆရာ့ကိုပြောရမယ်..'
ရွှီယန်က ရွှေအရိုးကို သန့်စင်ပြီးနောက် အလွန်စိတ်လှုပ်ရှားနေ၏။ သူ၏ကျင့်ကြံမှုအပြီးတွင် ဆရာ့ဆီသို့ စိတ်လှုပ်ရှားစွာ လျှောက်သွားသည်။
ဆရာဖြစ်သူကို သူ၏ရွှေအရိုးအား သန့်စင်ခြင်း ပြီးမြောက်ပုံနှင့် ရှေးခေတ်၏ ပါရမီရှင်များနှင့် နှိုင်းယှဉ်နိုင်လာပုံကို ပြောပြလို၏။
သူသည် ဆရာ့ကို စိတ်ပျက်စေခြင်း မရှိခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ရွှီယန်မှာ လူငယ်တစ်ယောက်သာ ဖြစ်၏။ ဆရာဖြစ်သူဆီမှ ချီးကျူးမှုကို လိုချင်သည်မှာ ပုံမှန်သာဖြစ်သည်။