ဆရာက ရွှေအရိုးကို မကြိုက်ဘူး၊ ငါကျောက်စိမ်းအရိုးကို သန့်စင်ချင်တယ်
Vol. 2 Ch. 20
လီရွှမ်သည် သူလျှောက်ပြောလိုက်သည့် ကျင့်စဉ်နှင့် ရွှီယန်တစ်ယောက် ရွှေအရိုးကို သန့်စင်ပြီးဖြစ်ကာ စိတ်လှုပ်ရှားစွာဖြင့် လာရောက်ပြောကြားပြီး သူ၏အသိအမှတ်ပြုခြင်းနှင့် ချီးကျူးခြင်းအား ခံယူလိုကြောင်းကို သိရှိခြင်းမရှိပေ။
ဒီအချိန်၌ သူက နောက်ဆုံးအချိန်တုန်းက ရွှီယန်သူ့ကိုပေးခဲ့သည့် လက်ဆောင်များနှင့် ကစားနေ၏။ ရွှေဓားနှင့် ကျောက်စိမ်းအဆောင်တို့ ဖြစ်၏။
ရွှေဓားမှာ ကျောက်မျက်ရတနာများဖြင့် စီခြယ်ထားပြီး ကိုယ်ထည်တစ်ခုလုံးကို ရွှေဖြင့်ပြုလုပ်ထားကာ အလွန်အဖိုးတန်ပါသည်။
ကျောက်စိမ်းအဆောင်ကို မင်္ဂလာတိမ် သင်္ကေတများဖြင့် ထွင်းထုထားပြီး အပြစ်အနာအဆာကင်းမဲ့၏။ သိသာစွာပင် အကောင်းဆုံး ကျောက်စိမ်းကို အသုံးပြုကာ ထွင်းထားခြင်းဖြစ်သည်။
တန်ဖိုးချင်းယှဥ်ပါက ရွှေဓားထက်ပင် ပိုမိုကာ အဖိုးထိုက်တန်နိုင်၏။
'ဒီရွှေဓားက အဖိုးတန်တယ်လို့ ယူဆနိုင်ပေမယ့် ဘယ်လောက်ပဲ ကြည့်ကြည့် သူ့ထက်စာရင် ကျောက်စိမ်းအဆောင်က ပိုပြီးအဖိုးတန် ရှားပါးတယ်လို့ ခံစားရတယ်..'
'ဒီကျောက်စိမ်းရဲ့ အသွင်အပြင်ကို ကြည့်လိုက်.. လုံးဝအပြစ်အနာအဆာကင်းမဲ့ပြီး ကျောက်သလင်းလို ကြည်လင်နေတယ်..'
'လက်ထဲမှာလည်း နွေးထွေးသလို ခံစားရတယ်။ ရွှေဓားနဲ့ယှဉ်ရင် ငါဒီကျောက်စိမ်းကို ပိုပြီးသဘောကျတယ်..'
'မိသားစု အမွေအနှစ် ပစ္စည်းတစ်ခုအဖြစ် သုံးလို့လှအောင် တစ်စုံလောက် ရနိုင်ရင်ကောင်းမှာပဲ..'
'လိမ်ပြီးမှတော့ မထူးတော့ပါဘူး.. ဘာလို့နောက်ထပ် ကျောက်စိမ်းအဆောင် တစ်ခုလောက် ထပ်မလိမ်မှာလဲ..'
လီရွှမ်သည် ကျောက်စိမ်းအဆောင်ကို ကစားကာ ကြည့်လေလေ ပိုမိုနှစ်သက်လေ ဖြစ်လာခဲ့၏။
ကိုယ့်ကိုယ်ကို ရေရွတ်ကာ သူ၏ငတုံးတပည့်ကို နောက်ထပ် ကျောက်စိမ်းအဆောင်တစ်ခုကို ရှာခိုင်းပြီး မိသားစုအမွေအနှစ် တစ်စုံအဖြစ် ပြုလုပ်ရန် စိတ်ကူးမိသည်။
ထိုအချိန်၌ ရွှီယန် လျှောက်လာခဲ့၏။
"ငါတပည့်.. မင်းအချိန်ကိုက်ရောက်လာတာပဲ.."
လီရွှမ်က အနည်းငယ် မနှစ်သက်စွာဖြင့် ရွှေဓားကိုထားကာ ကျောက်စိမ်းအဆောင်ကို လက်ထဲ၌ ကစားသည်။
သူ၏မျက်လုံးများက နှစ်သက်မှုတို့ဖြင့် ပြည့်နက်နေ၏။
"ဒီကျောက်စိမ်းအဆောင်ကို ကြည့်လိုက်ဦး.. အပြစ်အနာအဆာကင်းမဲ့ပြီး၊ နွေးထွေးပြီး အားဖြစ်စေတယ်။ ပြောစကားတစ်ခုရှိတယ်.."
"လူကြီးလူကောင်းတွေက ကျောက်စိမ်းကို နှစ်သက်တယ်တဲ့။ ငါလည်း ကျောက်စိမ်းနှစ်သက်သူ တစ်ယောက်ပဲ။ ဒီကျောက်စိမ်းအဆောင်ကိုသာ အစုံလိုက်လုပ်နိုင်ရင် ပိုပြီးတော့ ပြီးပြည့်စုံသွားမှာ.."
သူက ရွှီယန်ကိုကြည့်ကာ ပြောသည်။
"ငါတပည့် မင်းနားလည်လားမသိဘူး.."
ကိုယ့်ကိုယ်ကို စဉ်းစားသည်။
"ဆရာ့အတွက် ကျွန်တော် နောက်ထပ် ကျောက်စိမ်းအဆောင်တစ်ခု ရှာပေးမယ်လို့ ပြောလိုက်တော့.."
ရွှီယန်၏ စိတ်လှုပ်ရှားစွာဖြင့် သူ့ဆရာဆီသို့ လာခဲ့ခြင်းမှာ ရှေးခေတ်က ပါရမီရှင်များနှင့် နှိုင်းယှဉ်နိုင်သည့် ရွှေအရိုးကို ကျင့်ကြံပြီးဖြစ်ကြောင်းအား ပြောချင်၍ ဖြစ်၏။
ရလဒ်အနေနှင့် လီရွှမ်၏အနည်းငယ် မနှစ်မျို့စွာနှင့် ရွှေဓားကို ဘေးသို့တွန်းထုတ်ကာ လက်ထဲတွင် ကျောက်စိမ်းအဆောင်အား ကိုင်ထားပုံအား တွေ့လိုက်ရသည်။
လူကြီးလူကောင်းများက ကျောက်စိမ်းကို နှစ်သက်သည်ဟုပင် ပြောခဲ့၏။ ကျောက်စိမ်းကို အစုံလိုက်တစ်ခု ဖြစ်ရန်ပင် မျှော်လင့်မိသည်။
ရွှီယန်လည်း ရုတ်တရက် နောက်တစ်ကြိမ် အိမ်သို့ပြန်ပြီးပါက ဆရာဖြစ်သူအတွက် ကျောက်စိမ်းအဆောင် နောက်တစ်ခုကို ရှာပေးရန် တွေးမိသည်။
သို့ပေမယ့် ချက်ချင်းပင် သူ၏နှလုံးသားက အခုန်မြန်လာခဲ့၏။
'မဟုတ်ဘူး.. ဆရာကဘာလို့ ငါ့ကို ဒီအချိန်ကျမှ ကျောက်စိမ်းကို နှစ်သက်တယ်လို့ ပြောရတာလဲ..'
'သူ့ရဲ့ စကားလုံးတွေနောက်မှာ နက်ရှိုင်းတဲ့ အဓိပ္ပါယ်တစ်ခု ရှိရမယ်..'
'ငါနားလည်ပြီ။ ဆရာက ငါ့အတွက် မြင့်မားတဲ့ မျှော်လင့်ချက်ရှိပြီး ငါ့ကို ကျောက်စိမ်းအရိုး သန့်စင်စေချင်တာ ဖြစ်မယ်..'
'ဒါ့ကြောင့် ကျောက်စိမ်းအဆောင်ကို ဥပမာအဖြစ်ပေးလိုက်တာ'
'ရွှေအရိုးနဲ့ နှိုင်းယှဉ်ရင် ကျောက်စိမ်းအရိုးကမှ ဆရာလိုချင်တဲ့ဟာပဲ..'
'ဒါပေမယ့်.. ကျောက်စိမ်းအရိုးကို သန့်စင်ဖို့အတွက် ခက်ခဲမှုကို ငါလက်မခံနိုင်မှာစိုးလို့ ကျောက်စိမ်း အဆောင်ကိုသုံးပြီးတော့ ငါ့ကိုသတိပေးတာဖြစ်မယ်..'
'ဆရာစကားရဲ့ နက်ရှိုင်းတဲ့အဓိပ္ပါယ်ကို ငါနားမလည်ရင် ဒီအကြောင်းကို သူထပ်ပြောတော့မှာ မဟုတ်ဘူး..'
'ဒါပေမယ့် ဆရာက ငါ့ကိုဘာမှမပြောရင်တောင် စိတ်ထဲမှာတော့ စိတ်ပျက်သွားမှာပဲ။ ငါသာ ဆရာ့ရဲ့ နက်ရှိုင်းတဲ့အဓိပ္ပာယ်ကို နားမလည်ရင် ဆရာ့ရဲ့ငါ့အပေါ် မျှော်လင့်မှုတွေလည်း နိမ့်ပါးသွားမှာ..'
'ငါ့ကို လုံလုံလောက်လောက် မထက်မြတ်ဘူးလို့ ထင်သွားပြီး ဒီလို ရိုးရှင်းတဲ့ ဥပမာလေးကိုတောင် နားမလည်နိုင်ဘူးလို့ မှတ်ယူသွားလိမ့်မယ်..'
ရွှီယန်တစ်ယောက် ဆရာ၏ ကျောက်စိမ်းတစ်စုံအား လိုချင်သည်ဟူသည့် အကြောင်းမှာ တကယ်တော့ သူ၏အရိုးများကို ဆက်လက်သန့်စင်ရန် ပြောကြားခြင်းဖြစ်ကြောင်းအား ချက်ချင်းပင် တွေးမိလိုက်သည်။
လက်လျော့ခြင်း သို့မဟုတ် နောက်ဆုတ်ခြင်း မလုပ်ဘဲ ကြိုးစားကာ ကျောက်စိမ်းအရိုးကို သန့်စင်သင့်၏။
လီရွှမ်သာ သူ၏ စိတ်ကူးစိတ်သန်းများကို သိရှိပါက ကြောင်တောင်သွားမှာပါ။ သူက ကျောက်စိမ်းအဆောင်ကို ရိုးရှင်းစွာ လိုချင်ခြင်းသာ ဖြစ်၏။
ခဏတာ စဉ်းစားပြီးနောက် ရွှီယန်က ဆရာဖြစ်သူ၏ နက်ရှိုင်းသည့် အဓိပ္ပါယ်ကို နားလည်လိုက်သည်ဟု တွေးမိပြီး ခိုင်မာသည့်အကြည့်ဖြင့် ပြောသည်။
"ဆရာ.. ကျွန်တော်နားလည်ပါပြီ။ ကျွန်တော်သေချာပေါက် ဆရာ့ကို စိတ်မပျက်စေရပါဘူး.."
လီရွှမ်က ကျေနပ်စွာပြုံး၏။
"မင်းနားလည်တာ ကောင်းတယ်။ ငါမင်းကို ယုံပါတယ်.."
ရွှီယန်သည် နက်ရှိုင်းစွာ ခံစားသွားရသည်။
'ဆရာက ငါ့အတွက် အရမ်းကိုမြင့်မားတဲ့ မျှော်လင့်မှုရှိတာပဲ။ သူက ငါ့ကို ရှေးခေတ်ကပါရမီရှင်တွေကို ဖြတ်ကျော်စေချင်တာ..'
'ရွှေအရိုးက ဘာမှမဟုတ်ဘူး။ ငါကျောက်စိမ်းအရိုးကို သန့်စင်ချင်တယ်..'
သူက သူ၏ရွှေအရိုးသန့်စင်ခဲ့ပုံအား ပြောပြခြင်း မရှိတော့ပါ။
သူ၏ဆရာသည် အရာအားလုံးကို မြင်နိုင်ပြီး ဖြစ်၏။ ရွှေအရိုးလောက်က ဆရာဖြစ်သူ၏ အာရုံကို ရရှိရန် ထိုက်တန်ခြင်းမရှိပါ။ ဆက်လက် ကြိုးစားကျင့်ကြံပြီး အရိုးကို သန့်စင်ဖို့သာ လုပ်လေသည်။
ရွှီယန်သည် ဆက်လက်ကျင့်ကြံရာ၌ သူ၏သွေးနှင့်ချီကို မည်မျှပင် လှည့်ပတ်စေကာမူ အသုံးမဝင်ကြောင်းအား တွေ့လိုက်ရသည်။ ရွှေအရိုးမှာ အကန့်အသတ်သို့ ရောက်ရှိပြီး ဖြစ်သည့်ပုံပါ။ ဆက်လက်တိုးတက်ရန် လမ်းကြောင်းအား ကြီးမားသည့် ချောက်နက်ကြီးတစ်ခုက ပိတ်ဆို့ထားသည့်နှယ် ရှိ၏။
'ဆရာပြောတာ ကျောက်စိမ်းအရိုးက ပါရမီ၊ ဇွဲလုံ့လ၊ စိတ်ဆန္ဒပြင်းပြရုံလောက်နဲ့ ကျင့်ကြံလို့မရနိုင်ဘူးတဲ့။ ကျောက်စိမ်းအရိုးကို ကျင့်ကြံနိုင်တဲ့ လူတိုင်းက အရမ်းကံကောင်းသူတွေ သို့မဟုတ် ကောင်းကင်နဲ့ကမ္ဘာမြေကြီးက ကောင်ကြီးပေးခြင်းကို ခံရသူတွေ သို့မဟုတ် ကြီးမြတ်သော တာအိုကို အာရုံခံပြီး နားလည်သဘောပေါက်နိုင်တဲ့ ထူးကဲသူတွေပဲတဲ့...'
ရွှီယန်က စဉ်းစားသည်။
'ငါ့မှာကြီးမားတဲ့ ကံတရားရှိလား ဆိုတာကို ငါမသိဘူး။ မရှိတာလည်း ဖြစ်နိုင်တယ်။ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ကောင်းချီးပေးခြင်း ခံရတာဆို ပိုပြီးတော့တောင် မဖြစ်နိုင်သေးတယ်။ ဒါ့ကြောင့် တစ်ခုတည်းသော နည်းလမ်းက ဉာဏ်အလင်းပွင့်ဖို့ပဲ..'
'ဆရာမကြာခဏ ပြောလေ့ရှိတယ်။ ငါတို့တွေက နားလည်သဘောပေါက်မှုနဲ့ အဓိပ္ပါယ်ကို အဓိကထားသင့်တယ်တဲ့။ ငါ့အထင်တော့ အဲ့ဒါက ငါ့ရဲ့နားလည်သဘောပေါက်ခြင်း စွမ်းရည်ကို အသိအမှတ်ပြုပြီး သတိပေးတာ ဖြစ်မယ်..'
'ငါသာ ကျောက်စိမ်းအရိုးကို သန့်စင်ချင်ရင် ငါ့ရဲ့နားလည်သဘောပေါက်နိုင်စွမ်းကို မှီခိုရမယ်..'
နက်ရှိုင်းစွာ နားလည်လာပြီးနောက် ရွှီယန်၏စိတ်ထဲတွင် စကားနှစ်ခွန်းတို့ ထပ်မံပေါ်လာခဲ့ပြန်သည်။
'စိတ်ကို ကြည်လင်အောင်ထားပြီး ကိုယ့်ကိုယ်ကို မြင်အောင်ကြည့်ပြီး စစ်မှန်တဲ့အဓိပ္ပါယ်ကို ကျင့်ကြံရမယ်။ ချီနဲ့သွေးကို နဂါးတစ်ကောင်လို ဖြစ်စေပြီး ရွှေအရိုးကို ဖွဲ့စည်းရမယ်..'
'ဒီစကားနှစ်ခွန်းရဲ့ စစ်မှန်တဲ့အဓိပ္ပါယ်ကို ငါပြည့်ပြည့်စုံစုံ နားမလည်သေးဘူးလား။ ငါသာ အဲ့ဒါတွေကို နားလည်နိုင်ရင် ရွှေအရိုးရဲ့အကန့်အသတ်ကို ချိုးဖျက်နိုင်ပြီး ကျောက်စိမ်းအရိုးကို သန့်စင်နိုင်မှာလား..'
ရွှီယန်သည် သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိဉာဉ် နှစ်ခုလုံးကို ကျင့်ကြံခြင်းအပေါ်၌ နစ်မြုပ်ထားသည်။ စိတ်ထဲတွင် မည်သည့် အနှောင့်အယှက်အတွေးမှ မထားရှိတော့ဘဲ အရာအားလုံးကို နောက်တွင် ချန်ထားခဲ့၏။
ကိုယ့်ကိုယ်ကိုယ်နှင့် လောကကြီးကို မေ့ပျောက်ကာ စကားစုများ၏ နောက်ရှိ နက်ရှိုင်းသည့် အဓိပ္ပါယ်ကို နားလည်လိုလေသည်။
'အိုး ဟုတ်ပြီ.. စစ်မှန်တဲ့အဓိပ္ပာယ်ကို ကျင့်ကြံခြင်း...ငါ့အထင်တော့ အရိုးနဲ့ ရိုးတွင်းခြင်ဆီထဲမှာရှိတဲ့ ချီနဲ့သွေးကို သန့်စင်တာက စစ်မှန်တဲ့ အဓိပ္ပါယ်ကို ကျင့်ကြံခြင်းပဲ။ ဒါပေမယ့် အဓိပ္ပါယ်ဆိုတာ ဘယ်နေရာမှာလဲ..'
'အရိုးသန့်စင်တာက ကနဦးပဲရှိတယ်။ အဲ့ဒါက အဓိပ္ပာယ်ကို ကျင့်ကြံတာ မဟုတ်ဘူး..'
ရုတ်တရက် ရွှီယန်၏ စိတ်ထဲတွင် ဉာဏ်အလင်းပွင့်မှုတစ်ခု ဖြတ်သန်းသွား၏။
သူသည် သိုင်းကျင့်စဉ်ရှိ ခန္ဓာကိုယ်သန့်စင်ခြင်း၏ စစ်မှန်သည့် အဓိပ္ပါယ်ကို နားလည်သဘောပေါက်ရာ၌ အမှားလုပ်မိခဲ့၏။
သူ၏စစ်မှန်သည့် အဓိပ္ပါယ်ကို ဘယ်တုန်းကမှ မဖော်ဆောင်နိုင်ခဲ့ပေ။ မည်သည်ကို ရည်ရွယ်သည်အားပင် ရှင်းလင်းခြင်း မရှိပါ။
'ချီနဲ့သွေးက နဂါးလိုပဲ ရွှေအရိုးကို ဖြစ်တည်စေတယ်။ ငါရွှေအရိုးကို သန့်စင်တဲ့အချိန်တုန်းက ချီနဲ့သွေးကို အမှန်တကယ်ပဲ နဂါးတစ်ကောင်လို လှည့်လည်ခဲ့လို့လား..'
'အဲ့ဒါက ဗလာကျင်းလင်း ဖြစ်နေပြီး.. အသွင်အပြင်ပဲရှိတာ... ဘာအနှစ်သာရမှ မရှိဘူး။ စစ်မှန်တဲ့ အဓိပ္ပါယ်မရှိတဲ့ ချီနဲ့သွေးနဂါးကို နဂါးတစ်ကောင်လို့ တကယ်ပဲ သတ်မှတ်လို့ ရမှာလား..'
မှင်သက်နေရင်းက ရွှီယန် အလွှာတစ်ခုကို ထိမိလိုက်သည်ဟု ခံစားလိုက်ရသည်။ ထိုအလွှာကို ချိုးဖျက်ပြီးပါက ကျင့်စဉ်၏ လျှို့ဝှက်ချက်ကို ပြီးပြည့်စုံစွာ နားလည်သဘောပေါက်နိုင်ပြီး ရွှေအရိုး၏ အတားအဆီးများကို ချိုးဖျက်နိုင်ကာ ကျောက်စိမ်းအရိုးအဆင့်သို့ ဝင်ရောက်နိုင်မည်ဟု ခံစားရသည်။
သို့ရာတွင် ထိုအလွှာမှာ ဘယ်တော့မှ ချိုးဖျက်နိုင်ခြင်း မရှိပေ။ ခဏတာအတွင်း အနည်းငယ် စိတ်ဓာတ်ကျစွာ ခံစားလိုက်ရ၏။
'ဆရာ့ကို သွားပြီးတော့ အကြံဉာဏ်တောင်းရမလား..'
'မဟုတ်ဘူး... ဆရာက ငါ့ကို ရှင်းရှင်းလင်းလင်း သင်ပေးခဲ့ပြီးပြီ..'
'အဓိပ္ပါယ်ကို ငါကိုယ်တိုင် နားလည်အောင် လုပ်မှရမှာ။ သူများ ရှင်းပြလို့ မရဘူး။ မဟုတ်ရင် ငါတစ်ခုခုကို လွဲချော်သွားလိမ့်မယ်...'
နောက်ထပ် ၃ရက်အတွင်းတွင် ရွှီယန်သည် သိုင်းပညာကို ကျင့်ကြံရင်းက အဓိပ္ပါယ်ကို နားလည်သဘောပေါက်အောင် ကြိုးစားသည်။
သူက အမြဲတမ်း စစ်မှန်သည့်အဓိပ္ပာယ်ကို နားလည်လို၏။ သို့ပေမယ့် အမြဲတမ်းလည်း မအောင်မြင်ဘဲ ရှိနေပါသည်။
အတားအဆီးအလွှာကို ချိုးဖျက်နိုင်ခြင်းမရှိဘဲ အနှစ်သာရကို နားလည်သဘောမပေါက်နိုင်အောင် ရှိနေ၏။
လီရွှမ်က သူ၏ ငတုံးတပည့်ကို သံသယအချို့ဖြင့် ကြည့်သည်။ ပြီးခဲ့သည့် ၃ရက်အတွင်းတွင် ငတုံးတပည့်ဟာ စိတ်နှင့်ကိုယ် မကပ်သည့်ပုံ ရှိနေပြီး ရံဖန်ရံခါ မှင်သက်နေတက်၏။
'ဒီလောက်အကြာကြီး လေ့ကျင့်နေတာ ဘာအကျိုးမှမရှိတော့ လမ်းပျောက်နေတာများလား။ ယုံကြည်ချက်တွေ ပျောက်ဆုံးသွားတာလား..'
'ငါ ငါ့ရဲ့ကျောက်စိမ်းအဆောင်ကိုတောင် မရသေးဘူး။ ဘယ်လိုလုပ်ပြီး ရပ်သွားလို့ဖြစ်မှာလဲ..'
'သူ့ကိုအရူးလုပ်ဖို့ ဆန်းကြယ်တဲ့စကားအချို့ကို ဘယ်လိုဖန်တီးရမလဲ စဉ်းစားကြည့်ရအောင်..'
လီရွှမ်က အတွေးနက်သွားသည်။
ထိုနေ့တွင် ညစာစားသောက်ပြီးနောက် ရွှီယန်က ဟင်းပန်းကန်များကို သွားရောက်ဆေးကြောခြင်း လုပ်တော့မည့်အချိန်၌ လီရွှမ်ကပြော၏။
"ကျင့်ကြံခြင်း လမ်းစဉ်မှာ ဇွဲလုံ့လက မရှိမဖြစ်လိုအပ်တယ်။ ဒါပေမယ့် အတားအဆီးကို ရောက်နေပြီလို့ သိလိုက်ပြီး ဘာတိုးတက်မှုမှ မလုပ်နိုင်တဲ့ အခါလည်း စိတ်ကို အနားပေးရတယ်။ အတွေးတွေကို ဖယ်ထုတ်ပြီး သစ်ပင်တိုင်း၊ ရှု့ခင်းတိုင်းကို ခံစားကြည့်ရမယ်.."
"သွားပြီးတော့ လောကကြီးရဲ့ သဘာဝတရားကို ခံစားလိုက်။ မင်းရဲ့အနီးအနားမှာ ရှိနေတဲ့ ပုန်းကွယ်နေတဲ့ အမြင်တွေကို ဖမ်းဆုပ်လိုက်။ တစ်နေ့မှာ ဉာဏ်အလင်းရလာခဲ့ရင် သိုင်းပညာရဲ့ လမ်းကြောင်းက ပွင့်လာပြီပဲ.."
"ခေတ်များစွာတစ်လျှောက်မှာ ကျင့်ကြံရာမှာ တိုးတက်မှုမရှိတဲ့ လူများစွာ ရှိခဲ့ဖူးတယ်။ သူတို့တွေက အတာအဆီးမှာ ရပ်တန့်ကုန်ကြတယ်။ ဆက်ပြီးတော့ အဆင့်မချိုးဖျက်နိုင်ကြဘူး.."
"ဒါပေမယ့် ရုတ်တရက် ဉာဏ်အလင်းပွင့်မှုကို ရရှိပြီးတဲ့နောက်မှာ သူတို့ရဲ့အတားအဆီးကို ချိုးဖျက်နိုင်ခဲ့ကြတယ်.."
လီရွှမ်က မျက်လုံးဖွင့်လျှက်နှင့် လိမ်ညာကာ ပြော၏။ ရွှီယန်ကို ပုန်းအောင်းနေသည့် အမြင်များဟူသည်ကို ခံစားရန် လှည့်ဖြားလိုက်သည်။ ဉာဏ်အလင်းရလာပါက သိုင်းပညာ၏ လမ်းကြောင်းဆီသို့ ခြေလှမ်းနိုင်သည်ဟုပင် ဆိုလိုက်၏။
ခန္ဓာကိုယ်ဖြင့် ကြိုးစားလေ့ကျင့်မှုဟာ အလုပ်မဖြစ်သော် စိတ်ပိုင်းကို သွားရပေမည်။