← Chapters

အတားအဆီးအား ဖျက်ကျော်ကာ နောက်ဆုံးတွင် ကျောက်စိမ်းအရိုးဖြစ်လာခြင်း

Vol. 2 Ch. 23

အတားအဆီးအား ဖျက်ကျော်ကာ နောက်ဆုံးတွင် ကျောက်စိမ်းအရိုးဖြစ်လာခြင်း

Vol. 2 Ch. 23

မီးတောက်လည်ဆံမွှေး ဝံပုလွေမှာ အလွန်စွမ်းအားကြီး၏။ သာမန်သားရဲရိုင်းများ၏ အတိုင်းအတာအတွင်းမှ လုံးဝ ကျော်လွန်နေပါသည်။

ရွှီယန် ဖိအားကို ခံစားလာရသည်။ ဒီအချိန်၌ သူ၏သွေးများက ဆူပွက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး သိမ်မွေ့နက်နဲသော အခြေအနေသို့ ရောက်ရှိသွား၏။ ချီနှင့်သွေးတို့သည် ခန္ဓာကိုယ်အနှံ့ လှည့်ပတ်နေပြီး ခွန်အားက ဆက်တိုက်ကြီးထွားလာခဲ့သည်။

"ဘုန်း.."

သူက ရှေ့သို့ ထပ်မံပြေးတက်သွားပြန်ပြီး မီးတောက်လည်စံမွှေးဝံပုလွေနှင့် တိုက်ခိုက်၏။

တိုက်ခိုက်ရင်းက သူ၏သွေးများ ပိုမိုပိုမိုကာ ဆူပွတ်လာခဲ့သည်။ အချိန်တစ်ခုတွင် မီးတောက်လည်ဆံမွှေးဝံပုလွေနှင့် လက်အားပြိုင်ရင်းမှ မြေပြင်ပေါ်သို့ လဲကျသွား၏။

သူသည် ဝံပုလွေ၏ ခြေထောက်များဖြင့် အကြိမ်မည်မျှ အကန်ခံရလည်းဟူသည်ကိုပင် မသိတော့ပေ။

လက်နှစ်ဖက်ကို အသုံးပြုကာ ဝံပုလွေ၏ ပါးစပ်ကြီးကို ဆွဲဖွင့်ရန် ကြိုးစားရင်းမှ ဝံပုလွေ၏ ခန္ဓာကိုယ်အား သူ၏ ခြေထောက်များဖြင့် ကန်၏။

လူနှင့်သားရဲတို့ဟာ‌ မြေပြင်ပေါ်တွင် လိမ့်နေကြပြီး တစ်ယောက်နှင့်တစ်ယောက် ကန်နေကြသည်။

"ဘုန်း.."

ရုတ်တရက် ရွှီယန်နှင့် ကြီးမားသည့်သစ်ပင်ကြီးတစ်ပင်တို့ ဝင်ဆောင့်မိ၏။

သူက အော်လိုက်ပြီးနောက် မီးတောက်လည်ဆံမွှေးဝံပုလွေ၏ အစွယ်နှစ်ခုကိုဆွဲကာ အားကုန် လွှဲရိုက်လိုက်သည်။ ၎င်းကိုသစ်ပင်နှင့် ပြင်းထန်စွာ ရိုက်နှက်၏။ တိုက်ခိုက်မှုပွဲက အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

ထိုအချိန်၌ ကျောက်စိမ်းကဲ့သို့ အရိုးပေါ်ရှိ အတားအဆီးအလွှာမှာ သွေးနှင့်ချီတို့၏ မရပ်မနား လှုံ့ဆော်မှုနှင့်အတူ ရော့ရဲလာသည်ဟု ခံစားလာရသည်။ ကြီးလိုက်ကြုံ့လိုက် ဖြစ်လာ၏။

ဖျောင်းဟူသည့် အသံတစ်ခုနှင့်အတူ အတားအဆီးအလွှာက ပျက်စီးသွားခဲ့သည်။ ရွှီယန်၏ သွေးနှင့်ချီက ချက်ချင်းပင် မြင့်တက်လာပြီး အရိုးများ ဆက်လက် မာကျောလာခဲ့သည်။

"မင်းတစ်ယောက်တည်း ကိုက်တတ်တဲ့ကောင်လို့ ထင်နေတာလား.."

ရွှီယန်သည် မီးတောက်လည်စံမွှေးဝံပုလွေ၏ အစွယ်များကို ဆုပ်ကိုင်ကာ ၎င်းကိုမြေပြင်ပေါ်သို့ လွှတ်ပစ်လိုက်သည်။ အပေါ်မှတက်ခွကာ သွေးရောင်လွှမ်းနေသည့် မျက်လုံးများဖြင့် ပါးစပ်ကိုဟပြီး မီးတောက်လည်စံမွှေးဝံပုလွေ၏ လည်ပင်းကို ကိုက်လေသည်။

"ထွီ.."

အမွှေးများ ပါးစပ်အပြည့်ပါလာပြီး ရွှီယန် ပါးစပ်ထဲမှ ၎င်းတို့ကို ထွေးထုတ်လိုက်ကာ ဆက်လက်ကိုက်သည်။

ထိုအချိန်၌ မီးတောက်လည်စံမွှေး ဝံပုလွေသည် အနည်းငယ် ထိတ်လန့်လာခဲ့၏။ ပြင်းထန်စွာ ရုန်းကန်ရင်းက ရွှီယန်ကို ခြေချောင်းလက်ချောင်းများဖြင့် အသည်းအသန် ထုနှက်သည်။ တစ်ဘုန်းဘုန်းမြည်သံများက အဆက်မပြတ်ထွက်ပေါ်နေ၏။

ရွှီယန်တစ်ယောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများအားလုံး ရိုက်နှက်မှုအောက်တွင် တုန်ခါနေသည်ဟုပင် ခံစားရသည်။ ဝံပုလွေကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်းက သူ၏ကိုယ်ဟန်ကို ပြောင်းလဲပြီး ခြေထောက်များကို အသုံးပြုကာ ဝံပုလွေ၏ လက်များကို ပြင်းထန်စွာ ဖိထားလိုက်သည်။

ပါးစပ်ဖြင့် လည်မျိုကို ဆက်လက်ကိုက်၏။

တစ်ကြိမ်ပြီးတစ်ကြိမ်ကို ကိုက်နှက်ကာ တစ်ကြိမ်ပြီးတစ်ကြိမ် ထွေးထုတ်ပြီးနောက် မီးတောက်လည်စံမွှေးဝံပုလွေ၏ အရေပြားမှာ ပွင့်ထွက်လာခဲ့ပြီး သွေးများစီးကျလာခဲ့၏။

ရွှီယန်၏ ပါးစပ်ထဲရှိ သွေးများက ဝမ်းဗိုက်အတွင်းသို့ဝင်ရောက်သွားသည်။ ချက်ခြင်းပင် သူ၏ သွေးများဆူပွက်လာသည်ဟု ခံစားရပြီး ကြီးမားသောအာဟာရကို ရရှိသကဲ့သို့ ရှိနေတော့သည်။

လူတစ်ကိုယ်လုံးက ပိုမိုကာ သက်တောင့်သက်သာ ခံစားလာရ၏။ အရိုးသန့်စင်ခြင်း၏ အမြန်နှုန်းမှာ ဒီအချိန်၌ ပိုမိုမြင့်တက်လာခဲ့သည်။

ရွှီယန်၏မျက်လုံးများက လင်းလက်သွားပြီး ဝံပုလွေပေါ်တွင် ဖိထားကာ ပါးစပ်ကိုဟလျှက် မီးတောက်လည်စံမွှေးဝံပုလွေ၏ လည်ပင်းကို ကိုက်လိုက်ပြန်သည်။

ထိုအချိန်၌ ဝံပုလွေ၏ ခြေချောင်းလက်ချောင်းများမှာ ကောင်းကင်သို့ ထောင်တက်နေ၏။ သူ၏ခန္ဓာကိုယ်က လူးလွန့်နေပြီး ရုန်းကန်ရင်းက ကြောက်စရာကောင်းသည့် အော်သံတစ်ခုကို ထုတ်လွှတ်သည်။

သို့ပေမယ့် အသုံးမဝင်ပေ။ အရိုးသန့်စင်ခြင်း စတင်မှုနှင့်အတူ ရွှီယန်၏ သွေးနှင့်ချီဟာ ပိုမိုကာအားကောင်းလာခဲ့၏။ သူ၏ခွန်အားသည် ပိုမိုကာပင် ကြီးမားလာခဲ့သည်။

အကြိမ်ဘယ်လောက် ကိုက်ခဲ့လဲမသိပေ။ အခိုက်အတန့်တစ်ခုတွင် မီးတောက်လည်စံမွှေး ဝံပုလွေ၏ လည်ပင်းဟာ ရုတ်တရက် အသံတစ်ခုနှင့်အတူ သွေးများပန်းထွက်လာ၏။ ပင်မသွေးလွှတ်ကြောကို ကိုက်မိလိုက်သည့်ပုံပါ။

ရွှီယန်လည်း သွေးများကို အာဟာရဖြစ် ပျားရည်များအလား လောဘကြီးစွာ မျိုချရင်းက သူ၏မျက်လုံးများ၌ စိတ်လှုပ်ရှားမှုတို့ ပြည့်နက်လာခဲ့သည်။

ခန္ဓာကိုယ်အတွင်းသို့ သွေးများဝင်ရောက်သွားသည်နှင့် ၎င်းတို့သည် သွေးနှင့်ချီအဖြစ်သို့ လျှင်မြန်စွာ ပြောင်းလဲပြီး အရိုးများကို သန့်စင်သည့် အမြန်နှုန်းက ဆက်တိုက်မြင့်တက်လာခဲ့သည်။

လူတစ်ကိုယ်လုံးရှိ အရိုးများ ပိုမိုကာ ကြည်လင်လာပြီး ကျောက်သလင်းကဲ့သို့ ဖြစ်လာကာ အပြစ်အနာအဆာကင်းမဲ့သည့် ကျောက်စိမ်းအရိုးများနှင့် ပိုမိုနီးကပ်လာခဲ့သည်။

မီးတောက်လည်စံမွှေး ဝံပုလွေမှာ သေလုမတတ် ဒေါသထွက်နေပါပြီ။ ရွှီယန်၏ ထိန်းချုပ်မှုမှ ရုန်းကန်ကာ ထွက်ပြေးဖို့ ကြိုးစားသည်။

သို့ပေမယ့် ရွှီယန်က သားကောင်ကို လုံးဝ လွတ်မြောက်ခွင့်မပေးပေ။ နောက်မှလိုက်လံကာ ခုန်အုပ်ရင်းမှ လက်သီးများ၊ ခြေထောက်များဖြင့် ထိုးနှက်ကန်ကြောက်ပြီး ဆွဲဖြဲကာ ပါးစပ်နှင့်ကိုက်၏။

နောက်ဆုံးတွင် မီးတောက်လည်စံမွှေး ဝံပုလွေသည် မြေပြင်ပေါ်သို့ ပြန်လည်လဲကျသွားပြီး သေဆုံးသွားခဲ့ရသည်။ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေတော့၏။

'ငါဖြုန်းတီးလို့မရဘူး။ ဒါက အရိုးသန့်စင်ခြင်း ရတနာပဲ..'

ရွှီယန် ၎င်းပေါ်သို့ ခုန်အုပ်ကာ ဝံပုလွေ၏ သွေးများကို လောဘတကြီးဖြင့် ဆက်လက်စုပ်ယူ၏။ သူ၏သွေးနှင့်ချီတို့ ဆူပွတ်နေပြီး အရိုးသန့်စင်ခြင်း အမြန်နှုန်းက ကြီးစွာ မြင့်တက်လာခဲ့သည်။

သွေးများကို ခြောက်လုမတတ် စုပ်ယူပြီးနောက် ယခုအချိန်၌ ပြောင်းလဲသည့်အဆင့်သို့ ဝင်ရောက်ခဲ့ပါပြီ။ သူ

သည် အလျှင်အမြန် မတ်တပ်ရပ်ကာ စတင်ကျင့်ကြံ၏။

သွေးနှင့်ချီတို့က အရိုးများတစ်လျှောက်တွင် နဂါးတစ်ကောင်ကဲ့သို့ လှည့်လည်နေပြီး ရိုးတွင်းခြင်ဆီဟာ ကျောက်သလင်းကဲ့သို့ ကြည်လင်လာခဲ့သည်။ သူ၏အရိုးများထဲတွင် ပြောင်းလဲမှုတစ်မျိုး ဖြစ်ပွားလာခဲ့၏။ ကြည့်ရတာ တစ်ကိုယ်လုံးရှိ အရိုးများတွင် မည်သည့်ကွာဟချက်မှ မရှိတော့သည့် ပုံပါ။

"ဘုန်း.."

ရွှီယန်၏ ချီနှင့်သွေးတို့ မြင့်တက်လာပြီး သွေးဟောင်းများ၏ ညှီစို့စို့အလွှာတစ်ခု ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်ဟု ခံစားလိုက်ရသည်။

လူတစ်ကိုယ်လုံးတွင် သွေးများဖုံးလွှမ်းလာခဲ့၏။ သူ၏ခန္ဓာကိုယ်မှ ကျောက်သလင်းကဲ့သို့ ကြည်လင်သည့်အလင်းတစ်ခု လင်းလက်လာပြီး လူတစ်ကိုယ်လုံးတွင် ထူးဆန်းသည့် အလင်းက ပေါ်လာခဲ့သည်။

ကျောက်စိမ်းအရိုးကို ဖွဲ့စည်းခဲ့ပါပြီ။ ရွီယန်၏အရိုးများသည် ကျောက်စိမ်းကဲ့သို့ ကြည်လင်ကာ မည်သည့်အပြစ်အနာအဆာမှ မရှိဘဲ စိုစွတ် ချောမွေ့နေပါသည်။

အလွန်လှပသည့် ကျောက်စိမ်းအရိုးပေါ်တွင် သင်္ကေတများလည်း သဘာဝအတိုင်း ဖွဲ့စည်းလာခဲ့သည်။ ကြည့်ရတာ လျှို့ဝှက်ဆန်းကြယ်ကာ နက်နဲလှ၏။ ချီနှင့်သွေးတို့ မြင့်တက်လာပြီး ပိုမိုကာ သန့်စင်လာခဲ့သည်။

ဤသည်ကို အပြစ်အနာအဆာ ကင်းမဲ့သည့် ချီနှင့်သွေးဟု ခေါ်ဆိုနိုင်၏။ ထို့အပြင် ချီနှင့်သွေးအသစ်တို့သည် အချိန်တိုင်းတွင် ဆက်လက်ပေါက်ဖွားလာပြီး ပိုမိုသန်မာလာခဲ့၏။

တိုက်ပွဲကြောင့် ထိခိုက်ခဲ့သည်များမှာလည်း ယခုအချိန်၌ ပြန်လည်ကောင်းမွန်လာပြီးတာ ကြာပြီဖြစ်သည်။ ရွှီယန်သာ ဒီအချိန်၌ မီးတောက်လည်စံမွှေး ဝံပုလွေကို ထပ်မံတွေ့ဆုံပါက တိုက်ခိုက်ရသည်မှာ အလွန်ခက်ခဲနေမည် မဟုတ်တော့ပါ။

သူ၏ လက်သီးသုံးချက်၊ ခြေနှစ်ချက် ထိုးချက်ကန်ချက်တို့ဖြင့် တစ်ဖက်ဝံပုလွေကို သတ်ဖြတ်နိုင်လောက်၏။

'ငါ့ကိုယ်ငါ အဆင့်တစ်ခု မြင့်မားသွားတယ်လို့ ခံစားရတယ်။ သေမျိုးတွေရဲ့ အဆင့်ကနေပြီးတော့ လွတ်မြောက်သွားသလိုပဲ..'

ရွှီယန်က လက်သီးများကိုဆုတ်ကာ သူ၏မျက်နှာတွင် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နက်နေပါသည်။ ကျောက်စိမ်းအရိုး ပြီးမြောက်သွားသည်နှင့် သူသည် ၎င်း၏စွမ်းအားနှင့် လျှို့ဝှက်ဆန်းကြယ်မှုကို နက်ရှိုင်းစွာ နားလည်လာခဲ့သည်။

'ငါ့ရဲ့သိုင်းပညာအခြေခံက ရှေးခေတ်ရဲ့ ပါရမီရှင်တွေကို ဖြတ်ကျော်နိုင်နေပြီးပြီ။ ငါ့မှာ ကျောက်စိမ်းအရိုး ရှိလာခဲ့ပြီ..'

ကျောက်စိမ်းအရိုးများသည် အပြစ်အနာအဆာ ကင်းမဲ့ကာ ဘယ်တော့မှ ပြောင်းလဲမည် မဟုတ်ပေ။ ယခုအချိန်၌ သေဆုံးသွားလျှင်တောင် သူ၏အရိုးများသည် မရေမတွက်နိုင်သည့် နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ယိုယွင်းသွားမည် မဟုတ်ပါ။

အဲ့ဒီ့အစား ပိုမိုကာ ကြည်လင်လာပြီး ကောင်းကင်နှင့် ကမ္ဘာမြေအကြားရှိ ရတနာများ ဖြစ်လာကြမည်ဖြစ်သည်။ ဤသည်မှာ ကျောက်စိမ်းအရိုး၏ စွမ်းအားဖြစ်၏။ သက်ရှိများ၏ အတိုင်းအတာအတွင်းမှ လုံးဝကျော်လွန်နေပါသည်။

ထို့အပြင် ကျောက်စိမ်းအရိုးကို သန့်စင်နိုင်ခဲ့သည့် သူလည်း အနာဂတ် သိုင်းပညာလမ်းကြောင်း၌ ချောမွေ့နေပြီး အဆင့်တူတွင် ပြိုင်ဘက်ကင်းနေမှာ ဖြစ်သည်။

စိတ်လှုပ်ရှားမှု အပြီးတွင် ရွှီယန်က တစ်စစီဆွဲဖြဲခြင်း ခံထားရသည့် မီးတောက်လည်စံမွှေးဝံပုလွေ၏ ခန္ဓာကိုယ်ကို ကြည့်သည်။ သူ၏မျက်နှာပေါ်၌ ဝမ်းနည်းနာကျင်မှုတစ်ခု ပေါ်လာ၏။

'မီးတောက်လည်စံမွှေး ဝံပုလွေရဲ့ သားရေက ပေါက်ပြဲနေပြီ။ အဲ့ဒါကိုလွှာပြီး ဆရာ့ကို ပေးလို့မရတော့ဘူး..'

'ဒါက ငါ့ရဲ့ကျောက်စိမ်းအရိုးကို ချိုးဖျက်နိုင်မယ့် အခွင့်အရေးဆိုတာကို ဆရာကြိုသိထားတာ ကြာပြီဖြစ်လိမ့်မယ်။ ဒါကြောင့်မို့လို့ ငါ့ရဲ့သိုင်းပညာလမ်းကြောင်းအတွက် လမ်းခင်းမှုတစ်ခုအဖြစ် ထားထားတာ..'

ရွှီယန်သည် စဉ်းစားလေလေ ပိုမိုကာ ခံစားလာရလေ ဖြစ်လာခဲ့၏။ သူ၏တစ်ကိုယ်လုံးတွင် ညစ်စွန်းနေသည့် သွေးညှီများကို တစ်ချက်ကြည့်ကာ ရွာငယ်သို့ မပြန်သေးရန် ဆုံးဖြတ်လိုက်သည်။

အဲ့ဒီ့အစား အိမ်သို့ပြန်ကာ နောက်ထပ် အရည်အသွေးမြင့်မားသည့် ကျောက်စိမ်းအဆောင်တစ်ခုကို ဆရာ့အတွက် ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

သူသည် မီးတောက်လည်စံမွှေးဝံပုလွေ၏ ပျက်စီးနေသည့် ခန္ဓာကိုယ်ကို လက်တစ်ဖက်ဖြင့်မကာ မြင်းကိုပြန်ရှာပြီး အပေါ်သို့ တင်လိုက်သည်။

ရလဒ်အနေနှင့် မြင်းဟာ မီးတောက်လည်စံမွှေးဝံပုလွေ၏ အရှိန်အဝါကြောင့် ထိတ်လန့်သွားပြီး ခြေချောင်းလက်ချောင်းများ ပျော့ခွေသွားခဲ့၏။

သူ၏သွေးနှင့်ချီကို အသုံးပြုကာ ဝံပုလွေ၏အရှိန်အဝါကို ဖိနှိပ်ထားလျှင်တောင် မြင်းမှာ ရွေ့လျားနိုင်ခြင်းမရှိဘဲ ဖြစ်နေပါသည်။

'ဒီဝံပုလွေရဲ့ အသွေးနဲ့အသားက အရမ်းကို အာဟာရဖြစ်မှာ။ ငါ့ရဲ့ကိုယ်တွင်းအင်္ဂါကို သန့်စင်ဖို့အတွက် တကယ့်ကို အဆင်သင့်ပဲ။ အခု ကျောက်စိမ်းအရိုးကို သန့်စင်ပြီးပြီဆိုတော့ ကိုယ်တွင်းအင်္ဂါကို သန့်စင်ရမယ့် အချိန်ပဲ..'

'ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းကို သုံးလအတွင်းမှာ ပြီးမြောက်အောင်လို့ရမယ်..'

ရွှီယန်သည် သိုင်းပညာလမ်းစဉ်အတွက် တိုက်ခိုက်ရန် စိတ်ဆန္ဒတို့ဖြင့် ပြည့်နက်နေပြီး စတင်ခြင်းအဆင့်သို့ ဝင်ရောက်ရန် မကွာဝေးတော့ဟု ခံစားရသည်။

စစ်မှန်သည့် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာပြီး လှောင်ပြောင်မှုများနှင့် အထင်သေးမှု အားလုံးတို့အား ဖယ်ရှားနိုင်မှာဖြစ်၏။

သူသည် ရေတွင်းထဲရှိ ဖားသူငယ်ကဲ့သို့ လူများကို လောကကြီး၏ ကျယ်ပြောမှုအား မသိဘဲ ရှိနေကြောင်းကို သိသွားစေလိုပါသည်။

သို့ပေမယ့် သူကတော့ ကျယ်ပြောသည့် လောကကြီးတွင် လျှောက်လှမ်းနေပြီး ဖြစ်ကာ သူတို့သည် အောက်ခြေတွင် မသိနားမလည်ခြင်းဖြင့် ကျန်နေမြဲကျန်နေခဲ့မှာဖြစ်၏။

လီရွှမ်က တောင်ကုန်းပေါ်တွင်ရပ်ကာ ရွှီယန်၏ အပြန်လမ်းကို စောင့်မျှော်နေပါသည်။ သက်ပြင်းချမိ၏။

သူ၏ ငတုံးတပည့်သည် ထွက်ခွာသွားပြီး ၅ရက်ကြာသည့်တိုင်အောင် ပြန်လာခြင်း မရှိသေးပေ။ မကောင်းဆိုးဝါးတောကို လုံလုံခြုံခြုံဖြင့် ဖြတ်သန်းနိုင်ခြင်းမရှိဘဲ သားရဲရိုင်း၏ စားသောက်ခြင်းအား ခံလိုက်ရပြီလား မသိပေ။

သူက ရွှီယန်ကို လိမ်ညာရန်အတွက် သိုင်းပညာများကို လျှောက်ပြောခဲ့ရပေမယ့် ယခုကဲ့သို့ အချိန်အတော်ကြာအောင် အတူတူနေထိုင်ပြီး နောက်တွင် မည်သည့်သံယောဇဉ်မှ မရှိဟုပြောပါက လိမ်ညာရာကျပေလိမ့်မည်။

လီရွှမ်သည် သူ၏တပည့်ဖြစ်သူနှင့် ပတ်သက်ပြီး အလွန်ကျေနပ်မိဆဲဖြစ်၏။ သို့ပေမယ့် သူက ပုန်းအောင်းနေသည့် ဆရာသခင်တစ်ယောက် မဟုတ်ပါ။ ဤသည်မှာ မည်သည့်ကောင်းမွန်သည့် ရလဒ်မှ ရှိမလာရန် ကံပါလာခဲ့သည့် တွေ့ဆုံမှုဖြစ်၏။ ရွှီယန်က အမှောင်ထဲတွင် ရှိနေဆဲဖြစ်ပေမယ့် လီရွှမ်သည် သူ့ကို ဆက်လက်လိမ်ညာလိုခြင်း မရှိတော့ပါ။

ဒီလောကကြီးတွင် အမှန်တရား မပေါ်လာတတ်သည့် လိမ်ညာမှုမျိုး မရှိပေ။ တစ်နှစ်ကြာပြီးပါက သူတို့၏ခွဲခွာမှု၌ ဆိုးရွားသည့်ဆက်ဆံရေးများ မဖြစ်ပေါ်လာရန်သာ မျှော်လင့်မိ၏။

ဖြစ်နိုင်တာက ရွှီယန်သည် ပါရမီနည်းပါးမှုကြောင့် တစ်ဘဝတွင် တစ်ကြိမ်သာ ကြုံတွေ့ရသည့် အခွင့်အရေးအား ဖမ်းဆုပ်နိုင်ခြင်းမရှိ ဟူ၍ နောင်တရစွာနှင့် လက်လျှော့သွားနိုင်ပါသည်။

ပြီးတော့ သူလီရွှမ်ကတော့ တစ်ဖက်လူ၏ နှလုံးသားထဲရှိ အလေးစားခံ ဆရာသခင်တစ်ယောက်အဖြစ် ရှိနေဆဲဖြစ်မှာပါ။

ဤသည်မှာ ဆရာနှင့်တပည့်တို့အကြားရှိ ဆက်ဆံရေးအတွက် အကောင်းဆုံး အဆုံးသတ်မှု ဖြစ်၏။

All Chapters