ရွှီယန်၏ ချီနှင့်သွေးအဆင့် ကျင့်ကြံမှုအတတ်အား နားလည်လာခြင်း
Vol. 2 Ch. 29
ရွှီယန်သည် သိုင်းပညာ၏ စတင်ခြင်းအဆင့်သို့ ခြေလှမ်းခဲ့ပြီး ဖြစ်ပေမယ့် သူ၏နေ့စဉ်ဘဝက တူညီစွာသာ ရှိနေပါသည်။
ချက်ပြုတ်ရမည့် အချိန်တွင် ချက်ပြုတ်သည်။ ကြက်များကို အစာကျွေးရမည့် အချိန်တွင် အစာကျွေးသည်။
လီရွှမ်မှာ လည်းပဲ ပုံမှန်အတိုင်း သက်တောင့်သက်သာ အေးအေးလူလူဖြင့် ရှိနေသည့်ပုံပါ။
သို့ပေမယ့် ထိုမြင်ကွင်း၏နောက်တွင် သူသည် မူလအဆင့် ကျင့်ကြံမှု၏ ဖွဲ့စည်းပုံအား မည်ကဲ့သို့ ဖန်တီးရန်အတွက် စဉ်းစားရင်းက ခေါင်းခဲနေပါသည်။
မူလအဆင့်၏ သီအိုရီများကို မည်ကဲ့သို့ ဖန်တီးရန်နှင့် ကျင့်ကြံခြင်းအတတ်၏ စကားစုကို မည်ကဲ့သို့ ထားရှိရမည်အား စဉ်းစား၏။
မူလအဆင့်အပြင် သူသည် အနာဂတ်ကျင့်ကြံမှု လမ်းစဉ်အတွက် စိတ်ကူးတစ်ခုကိုလည်း ထားရှိရန် လိုအပ်ပါသည်။ ဤသည်က နောင်တွင် သိုင်းအဆင့်နှင့် ကျင့်ကြံခြင်းအတတ်များကို ဖန်တီးရာ၌ သီအိုရီဆိုင်ရာ ကောင်းမွန်သည့် အခြေခံတစ်ခု ချမှတ်နိုင်မှာ ဖြစ်သည်။
ကျင့်ကြံခြင်းစကားစုမှာ လုံလောက်စွာ နက်နဲခြင်းမရှိပါက ရွှီယန်၏ ခွန်အားကို လုံလောက်စွာ သန်မာစေမှာ မဟုတ်ပေ။ သဘောတရားမှာ လုံလောက်သည့် နက်ရှိုင်းမှု မရှိပါက ရွှီယန်ကဲ့သို့ ပါရမီရှင်တစ်ယောက်ကို ဉာဏ်အလင်းရရှိရန် လမ်းညွှန်မှုပေးနိုင်မည် မဟုတ်ပေ။
အလွန်လွန်ကြူးကာ ဖွဲ့စည်းပုံမှ သွေးဖယ်သွားလျှင်လည်း ဆက်နွှယ်မှု မရှိမှာကို ကြောက်ရပါသည်။
သူ၏ဖန်တီးမှုအား ရွှီယန်အနေနှင့် နားလည်သဘောပေါက်မှုမရဘဲ ချီနှင့်သွေးအဆင့်တွင် ရပ်တန့်နေကာ ဆက်လက် ရှေ့ဆက်နိုင်ခြင်း မရှိမည်ကို ပိုမိုကာ ကြောက်ရွံ့မိသည်။
"ဒမ်း.."
"ဒါက ခက်ခဲလွန်းတယ်"
လီရွှမ်က တိတ်တဆိတ် သက်ပြင်းချ၏။ ဖိအားအောက်တွင် သူ၏ ဖန်တီးနိုင်သည့် စွမ်းရည်များကို ထုတ်ဖော်ရန်မှာ အလွန်ခက်ခဲလှ၏။ ဖြစ်စဉ်ကို အလွန်ရှုပ်ထွေးကာ ကျဉ်းကြပ်စွာ ခံစားရစေသည်။
သူက စိတ်လွတ်ကိုယ်လွတ်ဖြင့် ကျပန်းဖန်တီးလိုက်လျှင်လည်း ရွှီယန် နားမလည်မှာကို ကြောက်နေမိသည်။အခြေခံအဆင့်တွင် ရပ်တန့်ကာ နောက်ဆုံးတွင် နစ်နာမည်မှာ သူကိုယ်တိုင်သာ ဖြစ်၏။
လီရွှမ်မှာ မူလအဆင့်အတွက် ကျင့်စဉ်ကို ဖန်တီးမှုနှင့် ပတ်သက်ပြီး တိတ်တဆိတ် စိုးရိမ်ပူပန်နေပါသည်။
ဒီရက်များအတွင်းတွင် ရွှီယန်သည်လည်း စကားစုလေးခုတို့၏ အဓိပ္ပါယ်ကို ခေါင်းခဲအောင် စဉ်းစားနေရသည်။
သို့ပေမယ့် မည်သည့်တိုးတက်မှုမှမရှိဘဲ အလွန်စိတ်ဓာတ်ကျစွာ ခံစားလာရ၏။
'ဒီလောက်ရိုးရှင်းတဲ့ ကျင့်ကြံခြင်းအတတ်ကိုတောင် နားမလည်ရင် ဆရာ့ကို သေချာပေါက် စိတ်ပျက်စေမှာ အသေအချာပဲ..'
'ကျောက်စိမ်းအရိုးကို သန့်စင်နိုင်တော့ရော ဘာဖြစ်လဲ။ ကျင့်ကြံခြင်းအတတ်ကို နားလည်နိုင်မှုမရှိရင် ငါ့ရဲ့သိုင်းပညာကို ဘယ်လိုမျိုး ဆက်ပြီး ကျင့်ကြံနိုင်မှာလဲ..'
'သိုင်းပညာ လမ်းစဉ်က အဆုံးမရှိဘူး။ ဒီလောက်ရိုးရှင်းတဲ့ စကားစုကိုတောင် နားမလည်နိုင်ရင် ပိုမိုစွမ်းအားကြီးပြီး နက်ရှိုင်းတဲ့ သိုင်းပညာအဆင့်တွေထဲကို ငါဘယ်လို ခြေလှမ်းနိုင်မှာလဲ..'
ရွှီယန်က မျက်မှောင်ကြုံ့သွားပြီး ကြိုးစားကာ တွေးတောသည်။ ရုတ်တရက် ဆရာဖြစ်သူ၏ စကားကို ထပ်မံစဉ်းစားမိ၏။
'ဆရာပြောတာက အကောင်းဆုံး ကြိုးစားပြီး နားလည်သဘောမပေါက်နိုင်ရင်တောင် ကျင့်ကြံမှုကို မနှောင့်နှေးစေနဲ့တဲ့...'
'ငါက လျှို့ဝှက်စကားစု အပေါ်မှာပဲ လုံးဝအာရုံစိုက်ထားထားပြီး ငါ့ရဲ့စိတ်က အားအင်ကုန်ခမ်းနေပြီ။ ဒါ့ကြောင့် ကျင့်ကြံမှုကို လစ်လျူရှုထားမိတယ်..'
'ဆရာက ငါ့ကို အဲ့ဒီ့ထဲမှာ မနစ်မွန်းအောင် ကြိုပြီးတော့ ပြောထားတာဖြစ်မယ်။ ကျင့်ကြံခြင်းကနေတစ်ဆင့် ဉာဏ်အလင်းပွင့်မှုတွေ ရလာမှာပဲ.. ပြီးရင် အဲ့ဒီနောက်က သဘောတရားတွေရဲ့ နက်နဲမှုကို နားလည်မှုရလာနိုင်မှာ...'
ထိုနည်းလမ်းအတိုင်း တွေးမိပြီးနောက် ရွှီယန်၏ မျက်လုံးများက လင်းလက်သွား၏။ သူက ချက်ချင်းပင် စိတ်ကိုတည်ငြိမ်အောင် ပြုလုပ်ပြီး စတင်ကျင့်ကြံသည်။
ချီနှင့်သွေး၏ လှည့်လည်မှုကို သေသေချာချာ ခံစားပြီး ဖြေညှင်းစွာ သန့်စင်၏။ သူ့တွင် မည်သည့်အနှောင့်အယှက်အတွေးမှ မရှိတော့ဘဲ ကျင့်ကြံခြင်းအပေါ်တွင် လုံးဝ အာရုံစိုက်ထားပါသည်။
ကျင့်ကြံမှုစတင်သည်နှင့် သူ၏စိတ်ထဲတွင် လျှို့ဝှက်အတတ် စကားစုလေးခုတို့ဟာ ရံဖန်ရံခါ ပေါ်လာတတ်၏။
သူက ကျင့်ကြံရင်းက တဖြည်းဖြည်းနှင့် နှလုံးသားထဲတွင် ဉာဏ်အလင်းပွင့်မှုတစ်ခု ရလာခဲ့သည်။
'မြစ်ကြောင်းတစ်ထောင်က မြစ်ကြီးတစ်ခုကို ဖြစ်လာစေတယ်... ငါကျင့်ကြံတဲ့ အချိန်တိုင်းမှာ ငါ့ရဲ့ချီနဲ့သွေးက ပိုမိုပိုမိုပြီးတော့ သန်မာလာတယ်။ နည်းနည်းနည်းနည်းချင်းစီနဲ့ အဲ့ဒါက မြစ်ချောင်းလေးတွေနဲ့ မတူဘူးလား..'
'မိုင်၁၀၀၀ရှည်လျားတဲ့မြစ်က သမုဒ္ဒရာထဲကို စီးဝင်တယ်။ အဲ့ဒါရဲ့ အနှစ်သာရက ချီနဲ့သွေးက စုစည်းလာပြီး သမုဒ္ဒရာလို ဖြစ်လာစေမယ်လို့လား... မဟုတ်ဘူး ခန္ဓာကိုယ်က သမုဒ္ဒရာလိုပဲ ချီနဲ့သွေးကို လက်ခံထားတယ်..'
'အရှိန်အဟုန်ပြင်းတဲ့ လှိုင်းတစ်ခုက လှိုင်းပေါင်းတစ်ထောင်ကို လိပ်တက်လာစေတယ်။ ချီနဲ့သွေးက တောင်ကုန်းတစ်ထောင်ကို လှုပ်ခါစေတယ်..'
'ချီနဲ့သွေးကို တည်ငြိမ်နေစေလို့ မဖြစ်ဘူး။ အဲ့ဒါတွေက ပြင်းထန်တဲ့ရေစီးလို၊ အရှိန်အဟုန်ပြင်းတဲ့ လှိုင်းလို ဖြစ်နေမှပဲ ခန္ဓာကိုယ်ကို ပိုပြီးတော့ အကျိုးရှိအောင် အားဖြည့်ပေးနိုင်မှာ..'
'ချီနဲ့သွေးက တောင်တစ်ထောင်ကို လှုပ်ခါစေနိုင်တယ်။ ဖြစ်နိုင်တာက အရိုးတွေက တောင်တွေလို ဖြစ်ပြီး ချီနဲ့သွေးက တောင်တွေကို လှုပ်ခါနိုင်တာများလား...'
ရွှီယန်၏ စိတ်ထဲတွင် စိတ်ကူးတစ်ခု ရလာခဲ့သည်။ သူသည် ကျင့်ကြံခြင်းအတတ်၏ စကားစုလေးခုမှ ဆိုလိုရင်းတို့ သူ၏စိတ်ထဲတွင် ပေါ်လာပြီး ဖြစ်သည်ဟု ခံစားလိုက်ရသည်။
ထိုအချိန်၌ ရေးတေးတေး နားလည်လာပြီး စကားလုံးများ၏ နက်ရှိုင်းသည့် သဘောတရားကို နားလည်လာခဲ့သည်။
'ချီနဲ့သွေးက ပြင်းထန်တဲ့ ရေစီးတစ်ခုလို၊ အရှိန်အဟုန်ပြင်းတဲ့ လှိုင်းတစ်ခုလို စုစည်းလာတယ်။ အဲ့ဒါက ကျောက်စိမ်းအရိုးကို လှုပ်ခါစေတယ်။ ခန္ဓာကိုယ်တစ်ခုလုံးက သမုဒ္ဒရာတစ်ခုလိုပဲ...'
ရွှီယန်သည် လေးနက်စွာ ဆင်ခြင်ကြည့်ရှုသည့် အခြေအနေသို့ ကျဆင်းသွား၏။ သူ၏ခန္ဓာကိုယ်အတွင်းရှိ ချီနှင့်သွေးက တဖြည်းဖြည်းနှင့် ရေစီးကြောင်းသဖွယ် ဖြစ်လာခဲ့သည်။
ချီနှင့်သွေးအလွှာများက ခန္ဓာကိုယ်ရှိ အရိုးများကို ဆက်တိုက် ရိုက်ခတ်လာ၏။
"ငါသိပြီ.."
အခိုက်အတန့်တစ်ခုတွင် ရွှီယန်တစ်ယောက် စိတ်လှုပ်ရှားလာပြီး ကျင့်ကြံခြင်းအတတ်၏ စကားစုတွင် ပုန်းအောင်းနေသည့် နက်ရှိုင်းသည့် သိုင်းပညာသဘောတရားများကို ချက်ချင်းပင် နားလည်မှုရ လာခဲ့သည်။
သူကအသက်ကို နက်ရှိုင်းစွာရှူပြီး အရိုးများက တုန်ခါလာကာ ခန္ဓာကိုယ်တစ်ခုလုံးတွင် အော်မြည်သံများ ပေါ်လာခဲ့သည်။ အတွင်းထဲ၌ မိုးခြိမ်းသံများ ပေါ်လာခဲ့၏။
အသံက ကျယ်လောင်ခြင်းမရှိပါ။ ဤသည်မှာခန္ဓာကိုယ်၏ အတွင်းတွင်သာ ပဲ့တင်ထပ်နေသည့်ပုံပါ။
အချိန်တစ်ခုတွင် ချီနှင့်သွေးအမျှင်များ ဆက်လက်ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်လျှောက် နည်းလမ်းအသစ်ဖြင့် လှည့်လည်လာခဲ့၏။
ရိုးတွင်းခြင်ဆီက မြစ်တစ်ခုကဲ့သို့ စီးဆင်းကာ ချီနှင့်သွေးတို့က ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ ပိုမိုမြန်ဆန်ကာ များပြားလာခဲ့၏။
တစ်ချိန်တည်းတွင် ခန္ဓာကိုယ်အတွင်းရှိ ချီနှင့်သွေးသည် ရေစီးကြောင်းတစ်ခုသဖွယ် ရှိနေပြီး ဆက်တိုက်လှည့်လည်ကာ ရံဖန်ရံခါတွင် အရိုးများကို ရိုက်နှက်နေပါသည်။
ချီနှင့်သွေးတို့၏ အရိုးများကို ရိုက်နှက်ကာ တန်ပြန်လိပ်ဆင်းလာမှုက ခန္ဓာကိုယ်တစ်ခုလုံးကို တုန်ခါစေ၏။
ချီနှင့်သွေး၏ လှည့်ပတ်မှု တစ်ကြိမ်တိုင်းတွင် ခန္ဓာကိုယ်က ပိုမိုသန်မာလာပြီး ချီနှင့်သွေးတို့လည်း ပိုမိုသန့်စင်လာခဲ့သည်။ ပိုမိုကာ စွမ်းအားကြီးမားလာခဲ့၏။
ချီနှင့်သွေးတို့သည် ခန္ဓာကိုယ်အနှံ့ လှည့်လည်နေ၏။ ရွှီယန် အသက်ရှူလိုက်တိုင်းတွင် သူ၏ရင်ဘတ်နှင့် ဝမ်းဗိုက်မှ အော်မြည်သံများ ပေါ်လာပြီး သွေးများ ဆူပွတ်ကာ ပြင်းထန်သည့် အသက်ရှူထုတ်မှုမှာ မီးတောက်များသကဲ့သို့ ရှိနေပါသည်။
အသစ်နားလည်လာသည့် နည်းလမ်းနှင့် ခဏတာ ကျင့်ကြံပြီးနောက် ရွှီယန်သည် ကိုယ်ပိုင်တိုးတက်မှုများကို ခံစားလာရသည်။ ထို့အပြင် ဤသည်မှာ ဘက်ပေါင်းစုံ၌ တိုးတက်မှု ဖြစ်၏။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ရော ချီနှင့်သွေးပါ ကြီးထွားသန်မာလာခဲ့သည်။
'ဆရာ ငါ့ကိုသင်ပေးတဲ့ အတတ်က အထူးနက်ရှိုင်းတာပဲ။ တကယ့်ကို မှန်တယ်။ လျှို့ဝှက်အတတ်ကို နားလည်သဘောပေါက်တာက ကျင့်ကြံခြင်းမှာ ခြားနားတဲ့ အတွေ့အကြုံတွေကို ပိုရလာစေတယ်..'
'ကျင့်ကြံခြင်းအတတ် စကားစုကို နားလည်သဘောပေါက်လာပြီးတဲ့ နောက်မှာ ငါ့ရဲ့တိုးတက်မှုက ပိုမြန်လာပြီး ချီနဲ့သွေးကြီးထွားမှုက ပိုအားကောင်းပါတယ်..'
ရွှီယန်က စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေ၏။
'ငါနောက်ဆုံးတော့ နားလည်မှု ရလာခဲ့ပြီ။ ဆရာ့ကို စိတ်မပျက်စေခဲ့ဘူး..'
သူက အရိုးထဲအထိ စိတ်လှုပ်ရှားသွားခဲ့သည်။
လီရွှမ်မှာ မူလအဆင့်အတွက် ကျင့်ကြံခြင်းအတတ်တစ်ခုကို ဖန်တီးနေ၏။ အဓိကအားဖြင့် ချီနှင့်သွေးအဆင့်နှင့် မည်ကဲ့သို့ ပေါင်းကူးတံတားတစ်ခုကို တည်ဆောက်ရန်နှင့် သီအိုရီဆိုင်ရာ ဖွဲ့စည်းပုံတို့ကို ဖြစ်သည်။
သူသည် မူလအဆင့်တွင် အစစ်အမှန်ချီကို ကျင့်ကြံသည်ဟု ဆိုခဲ့ပြီးဖြစ်၏။ သာမန်ချီနှင့်သွေးက မူလအစစ်အမှန်ချီအဖြစ် ပြောင်းလဲမည် ဖြစ်သည်။
သို့ရာတွင် မူလအစစ်အမှန်ချီအဖြစ် ပြောင်းလဲရန်မှာ ဖြစ်စဉ်တစ်ခု လိုအပ်၏။ ပထမခြေလှမ်းမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားကို ဖွင့်လှစ်ရန်ဖြစ်သည်။
'ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့တံတားကို ဖွင့်လှစ်တာနဲ့ ချီနဲ့သွေးက ခန္ဓာကိုယ်အနှံ့ လှည့်လည်မယ်..'
'မူလ အစစ်အမှန်ချီအဖြစ် ပြောင်းလဲမယ်...တံတားကို ဖွင့်လှစ်ပြီးမှပဲ လူတစ်ယောက်က သဘာဝရဲ့စိတ်ဝိဉာဉ်စွမ်းအင်ကို ရှူသွင်းရှူထုတ်ပြုနိုင်ပြီး အစစ်အမှန်ချီအဖြစ် ပြောင်းလဲနိုင်မယ်...'
'မူလအဆင့်မှာ သဘာဝရဲ့ စိတ်ဝိဉာဉ်စွမ်းအင်ကို ရှူသွင်းရှုထုတ်မှု ပါဝင်လာတယ်။ စွမ်းအင်ကိုထိန်းချုပ်ပြီး ကောင်းကင်ကို မြင့်တက်သွားမယ်။ ချက်ချင်း မိုင်၁၀၀ကို လွှမ်းခြုံနိုင်မယ်။ ဒါက သာမန်လူ မဟုတ်တော့ဘူး...'
လီရွှမ်က စဉ်းစားလေလေ ထိုကျပန်း ဖန်တီးလိုက်သည့် သီအိုရီများကို အလွန်လက်တွေ့ဆန်လှသည်ဟု ခံစားရလေ ဖြစ်လာခဲ့သည်။
သီအိုရီက ပြီးပြည့်စုံကာ ဖွဲ့စည်းပုံက သိပ်သည်းမှုရှိ၏။ တစ်ခုတည်းသော ကျန်ရစ်သည်မှာ ငတုံးတပည့်အား ကိုယ်တိုင် နားလည်သဘောပေါက်စေဖို့ ဖြစ်သည်။
နောက်ထပ် ပြဿနာတစ်ခုမှာ.... လီရွှမ်က ကောင်းကင်ကို မော့ကြည့်ကာ ကိုယ့်ကိုယ်ကိုရေရွတ်၏။
'ဒီလောကကြီးမှာ စိတ်ဝိဉာဉ်စွမ်းအင် ရှိမှာလား။ မရှိရင် သွားပြီပေါ့..'
'လေထုက ကောင်းမွန်ပြီး ချိုမြပုံပေါ်တယ်။ စိတ်ဝိဉာဉ်စွမ်းအင် ရှိလောက်မှာပါ။ ဟုတ်တယ်မှတ်လား..'
စိတ်ဝိဉာဉ်စွမ်းအင် ရှိရှိမရှိရှိ မူလအဆင့်တွင် သေချာပေါက် သဘာဝ၏ စိတ်ဝိဉာဉ်စွမ်းအင်အား ရှူသွင်းရှူထုတ်မှု ပါဝင်မှာပါ။
၎င်းကို မူလအစစ်အမှန်ချီအဖြစ် သန့်စင်ပြီး ကျင့်ယူထားသည့် အဆင့်မှ မူလအဆင့်သို့ ပြောင်းလဲကာ သေမျိုးလောကမှ လွတ်မြောက်နိုင်မည် ဖြစ်သည်။
'ဒုတိယအဆင့်က အရမ်းကို မြင့်မားနေပြီးပြီ။ အဲ့ဒါကိုသာ ကျင့်ကြံပြီးရင် အရမ်းကို သန်မာနေမှာ။ လာမယ့် နောက်ဆက်တွဲ အဆင့်တွေကိုလည်း ပိုပြီးတော့ နက်နဲအောင် ဆက်လက် ပုံဖော်သွားသင့်တယ်။ မဟုတ်ရင် လုံလောက်အောင် သန်မာမှာမဟုတ်ဘူး..'
လီရွှမ်က သက်ပြင်းချသည်။ သိုင်းပညာအတတ်ကို ကျပန်းဖန်တီးရန်မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။
သို့ရာတွင် ရက်ပေါင်းများစွာ စဉ်းစားပြီးနောက် သူသည် မူလအဆင့်အတွက် ကျင့်ကြံမှု နည်းလမ်းတစ်ခုကို နောက်ဆုံးတွင် ရရှိလာနိုင်ခဲ့သည်။
သီအိုရီအရ ၎င်းကို ချီနှင့်သွေးအဆင့်နှင့် ဆက်စပ်နိုင်၏။ အောင်မြင်မည်လား ဟူသည်ကတော့ ရွှီယန်အပေါ်တွင် မူတည်နေပါသည်။
'ရွှီယန်ကို အလောတကြီး လက်ဆင့်ကမ်း မပေးသေးဘူး။ သူက အခုမှ ချီနဲ့သွေးအဆင့်ကိုပဲ ဝင်ရောက်သေးတာ။ အဲ့ဒီအဆင့်နဲ့ အရင်ဆုံး ရင်းနှီးအောင် လုပ်ခိုင်းရမယ်..'
'မဟုတ်ပဲ ချီနဲ့သွေးအဆင့်ကိုတောင် နားလည်သဘောမပေါက်နိုင်ရင် မူလအဆင့်ရဲ့ ကျင့်ကြံခြင်းအတတ်ကို ဘယ်လိုမျိုး စတင်ပြီး လေ့လာနိုင်မှာလဲ။ အဲ့ဒါဆိုရင် အကောင်းထက်စာရင် အဆိုး ပိုများနေမှာပေါ့..'
လီရွှမ်က ကိုယ့်ကိုယ်ကို စဉ်းစားပြီးနောက် အချိန်ခဏစောင့်ရန် ဆုံးဖြတ်လိုက်သည်။ ရွှီယန်ကို ချီနှင့်သွေးအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသည်အထိ မစောင့်စားလျှင်တောင် အနည်းဆုံး သူသင်ပေးလိုက်သည့် စကားစုလေးခုကို နားလည်သဘောပေါက်ဖို့ စောင့်သင့်ပါသည်။
'ငါ့ရဲ့ငတုံးတပည့် အခုလောက်ဆို ဘာအသိအမြင်တွေ ရနေပြီလဲမသိဘူး။ ကျင့်ကြံခြင်း အတတ်ရဲ့ စကားစုလေးစုက လုံလုံလောက်လောက် မနက်နဲဘူး။ အနည်းငယ် မသဲမကွဲဖြစ်နေတယ်။ ငါနောက်တစ်ကြိမ်ကျရင် ပိုကောင်းအောင် လုပ်ရမယ်..'
လီရွှမ်က သူ၏အတွေ့အကြုံများကို တိတ်တဆိတ် ပေါင်းစည်းကာ နောက်တစ်ကြိမ်တွင် ကျင့်ကြံခြင်းအတတ်စကားစုကို ဖန်တီးရာ၌ ပိုမိုကာ လျှို့ဝှက်ဆန်းကြယ်ပြီး ကောင်းမွန်သည့် သဘောတရားများနှင့် ကျင့်ကြံခြင်းအဆင့်များ အကြား ဆက်သွယ်မှုအချို့ ရှိစေရန် ပြုလုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။
အရမ်းကြီး စမ်းတဝါးဝါး ဖြစ်နေလို့ မရပေ။ မဟုတ်ပါက ခံစားရန် လွယ်ကူမည်မဟုတ်ပါ။