#ရေခဲပုံဆောင်ခဲကမ္ဘာ၊ သဲလွန်စများပေါ်လာခြင်း#
Vol. 74 Ch. 1048
"မရီးကဒီမှာလား" ဖန်ချန်းလှည့်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်သည်။
"ဒီနေရာမှာ တကယ်ပဲ အင်အားစုတွေရှိလား၊ ပတ်၀န်းကျင်က အရမ်းကြမ်းတမ်းပုံပဲ"
(ရှေ့ကယောင်းမလို့သုံးခဲ့မိပါတယ်၊ မှားသုံးမိတာပါ၊ တကယ်ကမရီးပါ)
ဖန်ချန်းနတ်ဘုရင်နယ်ပယ်ကို ရောက်နေသည့်တိုင် ဒီအရိုးခိုက်တမျှ နက်ရှိုင်းလှသည့် အအေးဓာတ်ကို လုံး၀ခုခံနိုင်စွမ်းမရှိချေ။
အေးစက်သည့် ဒီနေရာကိုတိုက်ခတ်ကာ နေရာအနှံ့ပျံ့နှံ့နေသည်။
ထက်ရှသည့်ရေခဲဓားသွားများပမာ ၎င်းတို့က သူတို့၏ကိုယ်ထဲသို့ စိမ့်၀င်ပြီး ကိုယ်လက်အင်္ဂါများ၊ အရိုးများနှင့် အတွင်းအင်္ဂါများကို ဖြတ်တောက်နေသည်။
မုဖူရှန်း အအေးဓာတ်ကို ခုခံရန်အတွက် အဆောင်နှစ်ခုထုတ်လိုက်ပြီး ယဲ့ချိုးပိုင်အားပေးရင်း ပြောသည်။
"ကျွန်တော်သာ မမှားဘူးဆိုရင် ဒီလိုနေရာမျိုးမှာ ရှင်သန်နိုင်တဲ့ ဂိုဏ်းတွေမှာ ဒီလောက်ထိ အေးစက်လွန်းတဲ့ အအေးဓာတ်ကို ခုခံနိုင်တဲ့ သွေးကြော ဒါမှမဟုတ် ကျင့်ကြံခြင်းနည်းစနစ်တွေရှိရမယ်"
"ဒီလိုဆိုရင် မရီးဒီလိုနေရာမျိုးမှာ ပေါ်ပေါက်လာဖို့ဆိုတာက ပုံမှန်ပါပဲ"
မည်သို့ပင်ဆိုစေကာမူ မုဇီရှင်း၏ သွေးကြောက ရေခဲဂုဏ်သတ္တိရှိပေသည်။
ယဲ့ချိုးပိုင်အနည်းငယ်ခေါင်းညိတ်သည်။
"ဒီလိုပဲဖြစ်မယ်၊ သတင်းအချက်အလက်တွေကို အရင်စုစည်းကြရအောင်"
မုဖူရှန်းနှင့် ဖန်ချန်းတို့ ယဲ့ချိုးပိုင်၏ တည်ငြိမ်နေသည့် အမူအရာကိုမြင်ပြီး တစ်ဦးကိုတစ်ဦးကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။
အစ်ကိုကြီးတစ်ဦးအနေနှင့် ယဲ့ချိုးပိုင်က အတော်လေးယုံကြည်အားထားစရာကောင်းသည်။ ယခုလိုအခြေအနေမျိုးတွင်ပင် သူတည်ငြိမ်တာကို သေချာအောင် လုပ်သည်။ သို့မှသာလျှင် သူပို၍ ထိရောက်စွာ ကယ်တင်နိုင်မည်မဟုတ်ပေလော။
အကယ်၍ သူသာမဆင်မခြင်ပြုမူမည်ဆိုပါက တဟုန်ထိုးပြေးလွှားနေသည့် ခေါင်းမဲ့ယင်ကောင်တစ်ကောင်ပမာ ဖြစ်နေပေလိမ့်မည်။ ဒီလိုဆိုပါက အချိန်များကို ဖြုန်းတီးမိပြီး မုဇီရှင်းကို ကယ်တင်ရန် အခွင့်အလမ်းကို ဆုံးရှုံးသွားပေလိမ့်မည်။
မျှော်လင့်ထားသည့်အတိုင်းပင် ရှာဖွေမှုအောက်၌ သူတို့ရေခဲနံရံများဖြင့် တည်ဆောက်ထားသည့် ရှေးဟောင်းမြို့တစ်မြို့ကို ရောက်လာကြသည်။
မြို့ထဲတွင် ယဲ့ချိုးပိုင်တို့ မေးမြန်းပြီးနောက် မြောက်၀င်ရိုးစွန်းကြယ်ဒေသ၏ အခြေခံအခြေအနေကို သူတို့သိလာရသည်။
မြောက်၀င်ရိုးစွန်းကြယ်ဒေသတွင် မြို့လေးမြို့သာရှိသည်။
ဒီမြို့လေးမြို့ကို ဂိုဏ်းလေးဂိုဏ်းက အုပ်ချုပ်ကြသည်။
ထိုဂိုဏ်းများက နှင်းခဲဂိုဏ်း၊ ရေခဲမြစ်ချိုင့်ဝှမ်း၊ အေးစိမ့်ရေခဲခန်းမနှင့် အားအကောင်းဆုံးဂိုဏ်းဖြစ်သည့် ရေခဲနတ်ဘုရားဗိမာန်တို့ဖြစ်သည်။
ထို့ထဲတွင် ရေခဲနတ်ဘုရားဗိမာန်က ရှေးခေတ်ကတည်းကပင် တည်ရှိလာခဲ့သည့် ဂိုဏ်းတစ်ဂိုဏ်းဟု ကောလဟာလရှိသည်။
၎င်း၏အခြေခံက အင်မတန်နက်ရှိုင်းပြီး လူတိုင်းကို လိုလားတောင့်တစေသည်။ ဒါကလည်း တခြားဂိုဏ်းကြီးသုံးဂိုဏ်းကို ကြောက်ရွှံ့စေသည့်အချက်ပင်။
ယခု ယဲ့ချိုးပိုင်နှင့်ကျန်နှစ်ဦးရှိနေသည့်မြို့က နှင်းခဲဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။
စားသောက်ဆိုင်တစ်ဆိုင်တွင် ယဲ့ချိုးပိုင်တို့ တစ်ခဏကြာရပ်နားလိုက်ကြပြီး ဟင်းပွဲသုံးပွဲနှင့် ဝိုင်နှစ်အိုးမှာလိုက်ကြသော်လည်း မည်သူမှ စားချင်သည့်စိတ်အခြေအနေတွင် မရှိကြပါ။
"မြောက်၀င်ရိုးစွန်းကြယ်ဒေသအကြောင်း အခြေခံအခြေအနေကို ကျွန်တော်တို့သိရပြီဆိုပေမယ့် မရီးနဲ့ပတ်သက်တဲ့ ဘာသဲလွန်စကိုမှ ရှာမတွေ့သေးဘူး" ဖန်ချန်းအနည်းငယ် သက်ပြင်းချသည်။
မုဖူရှန်းခေါင်းခါယမ်းသည်။
"မြောက်၀င်ရိုးစွန်းကြယ်ဒေသက အတော်လေးကြီးမားတယ်၊ လူတစ်ယောက်ကို ရှာဖို့ဆိုတာက မလွယ်ဘူး၊ ငါတို့နောက်ပိုင်း ကိုယ်တိုင်ထွက်ရှာရမယ်"
လက်ရှိသတင်းအချက်အလက်များက သူတို့ရှာဖွေနိုင်သည့် အကန့်အသတ်ကိုပင် ရောက်နေပြီမဟုတ်ပေလော။
အဓိကဂိုဏ်းလေးဂိုဏ်းတွင်သာ ပိုတိကျသည့် သတင်းအချက်အလက်များ ရှိပေလိမ့်မည်။
ရုတ်တရက် ယဲ့ချိုးပိုင် လက်ထဲက ဝိုင်ခွက်ကိုချပြီး ထရပ်သည်။
"ငါ့ကိုဒီမှာစောင့်နေကြ၊ ငါသဲလွန်စတွေထပ်ပြီး ရှာလိုက်မယ်"
မုဖူရှန်း ယဲ့ချိုးပိုင်ကို ဒီအကြောင်းနှင့် ပတ်သက်ပြီး မပူပင်နေရန်အတွက် အကြံပြုတော့မည့်အချိန် သူတို့ဘေးက စားပွဲမှ စကားဝိုင်းက သူတို့အား ထိုနေရာ၌ပင် ရပ်သွားစေသည်။
"မင်းတို့ကြားခဲ့လား၊ နှင်းခဲဂိုဏ်းရဲ့ သူတော်စင်မိန်းမပျိုက ရေခဲနတ်ဘုရားဗိမာန်သခင်ရဲ့သားနဲ့ လက်ထပ်တော့မယ်တဲ့"
"အဲလိုလား၊ မင်းနှင်းခဲဂိုဏ်းအကြောင်း ဘယ်လိုသိတာလဲ၊ အဓိကဂိုဏ်းလေးဂိုဏ်းရဲ့ အတွင်းပိုင်းသတင်းအချက်အလက်တွေကို ပိတ်ဆို့ထားတာလေ"
"ဟီးဟီး" ခေါင်းပြောင်ကြီး မျက်ခုံးပင့်လိုက်သည်။
"ငါ့အစ်မက နှင်းခဲဂိုဏ်းရဲ့ ကိုယ်ပိုင်တပည့်တစ်ယောက်ဆိုတာ မင်းမသိဘူးလား၊ သူအရင်က ငါ့ကျင့်ကြံခြင်းကို လမ်းညွှန်ပေးတုန်းက တခြားသူတွေကို ပြောတာကို ငါကြားခဲ့တာ"
"ဒါဆိုငါတို့ကိုမြန်မြန်ပြောဦး"
ခေါင်းပြောင်ကြီး ဘေးဘီဝဲယာကို ဂရုတစိုက် ကြည့်ပြီး တိုးတိုးလေးပြောသည်။
"ဒါက လျှို့ဝှက်ချက်တစ်ခုပဲ၊ ဒီသတင်းကို ကမ္ဘာကြီးထဲမှာ နောက်ခုနှစ်ရက်အကြာမှ ထုတ်ပြန်ကြေညာလိမ့်မယ်၊ မင်းတို့ပေါက်ကြားအောင် လုပ်လို့မရဘူး"
တခြားသူများခေါင်းညိတ်ကြသည်။
"နှင်းခဲဂိုဏ်းရဲ့ သူတော်စင်မိန်းမပျိုက အစကတည်းက မြောက်၀င်ရိုးစွန်းကြယ်ဒေသက မဟုတ်ဘူးလေ၊ ဒါပေမယ့် သူ့မှာ အတော်လေးထူးခြားတဲ့ သွေးကြောတစ်ခုရှိပုံပဲ၊ နှင်းခဲဂိုဏ်းချုပ်က သူ့ကို အလုံးစုံအကုန်ကျခံပြီး သူတော်စင်မိန်းမပျိုဖြစ်အောင် လုပ်ပေးရုံတင်မက ရေခဲနတ်ဘုရားဗိမာန်ရဲ့ အာရုံကိုလည်း ဆွဲဆောင်သွားခဲ့တယ်၊ ဒါကြောင့်လည်း ရေခဲနတ်ဘုရားဗိမာန်က သူ့ကို လက်ထပ်တာပဲ"
"အဲဒီသူတော်စင်မိန်းမပျိုက ဆန္ဒရှိပုံမပေါ်ဘူး၊ သူ့မှာ တာအိုလက်တွဲဖော်တစ်ယောက်ရှိတယ်လို့ ပြောတယ်၊ နှစ်ဘက်စလုံးက အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြတယ်၊ အခုနှင်းခဲဂိုဏ်းရဲ့ သူတော်စင်မိန်းမပျိုက ရေခဲပုံဆောင်ခဲကမ္ဘာကို ၀င်သွားခဲ့ပုံပဲ"
ရေခဲပုံဆောင်ခဲကမ္ဘာက နှင်းခဲဂိုဏ်း၏ တားမြစ်နေရာတစ်ခုဖြစ်သည်။
နတ်အင်ပါယာနယ်ပယ် ကျွမ်းကျင်သူများတွင်ပင်လျှင် ၀င်ပါက အသက်ရှင်နိုင်သည့် အခွင့်အရေး အနည်းငယ်မျှသာရှိသည်။
သို့စေကာမူ ရေခဲပုံဆောင်ခဲကမ္ဘာ၏ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ပါက ခွန်အားနှင့် သွေးကြောက နောက်ထပ်ပြောင်းလဲမှုတစ်ခုကို ကြုံကြိုက်ရပေလိမ့်မည်။
အခွင့်အရေးနှင့် သေခြင်းတရားက ယှဉ်တွဲတည်ရှိကြသည်။
"ဒီအတွက်ကြောင့် ရေခဲနတ်ဘုရားဗိမာန်က နှင်းခဲဂိုဏ်းကို အဆက်မပြတ်ဖိအားပေးနေတာပဲ"
ဒီအခိုက်အတန့်မှာပင် ယဲ့ချိုးပိုင် ခေါင်းပြောင်ကြီးနောက်သို့ သွားပြီး အေးစက်စွာပြောသည်။
"ဒီသတင်းနဲ့ပတ်သက်ပြီး တခြားနက်ရှိုင်းတဲ့ အချက်အလက်တွေရှိသေးလား"
ခေါင်းပြောင်ကြီး တစ်ခဏမျှ ကြက်သေသေသွားပြီးနောက် ဒေါသတကြီးပြောသည်။
"မင်းဘယ်သူလဲ၊ မင်းဘာလို့ ငါတို့စကားဝိုင်းကို ခိုးနားထောင်ပြီး ဒီလောက်ထိ မောက်မာနေရတာလဲ"
ထို့နောက် သူနတ်ဗိုလ်ချုပ်နယ်ပယ် ခွန်အားကို ထုတ်ဖော်ပြီး ယဲ့ချိုးပိုင်၏မျက်နှာကို ထိုးနှက်လိုက်သည်။
ယဲ့ချိုးပိုင် ခေါင်းပြောင်ကြီးကို အေးစက်စွာကြည့်သည်။ သူလက်ကို အနည်းငယ် မြှောက်လိုက်စဉ် အေးစက်သည့် အလင်းတစ်ချက် လင်း၀င်းသွား၏။ ငွေနဂါးဓားထိပ်က ထိုလူ၏လည်ပင်းကိုပင် ဖိထားလေပြီ။
ဓားနတ်ဘုရားနယ်ပယ်ကို ဖိနှိပ်မထားနိုင်သဖြင့် ဒီတဒင်္ဂ၌ ပေါက်ကွဲသွားခဲ့သည်။
ပတ်ပတ်လည်က သစ်သားစားပွဲများနှင့်ခုံများ ဖုန်မှုန့်များအဖြစ် ပြောင်းသွားကြ၏။
စားသုံးနေကြသူများက ယဲ့ချိုးပိုင်အား အထိတ်တလန့် ကြည့်ကြသည်။
ခေါင်းပြောင်ကြီး၏လက်သီးက လေထဲတွင် ရပ်သွားပြီး အေးစက်သည့် အလင်းနှင့် တောက်ပနေသည့် ငွေနဂါးဓားကို ငုံ့ကြည့်သည်။
"စီ....စီနီယာ.....စီနီယာ...ဓားနတ်ဘုရား၊ ဒါကျွန်တော်သိတာအကုန်ပါပဲ..."
ယဲ့ချိုးပိုင်လက်ထဲက ငွေနဂါးဓားကို ပြန်ချလိုက်သည်။
တစ်ဘက်လူ သူ့ကိုလိမ်မှာကို သူမကြောက်ပါ။
မည်သို့ပင်ဆိုစေကာမူ ဒီခေါင်းပြောင်ကြီးကို သူခြိမ်းခြောက်ရန်အတွက် ဓားနတ်ဘုရားဆန္ဒကိုပင် ထုတ်လွှတ်ခဲ့သည် မဟုတ်ပေလော။
လူတစ်ယောက်က သူ့ထက်အဆင့်များစွာမြင့်သည့် တခြားတစ်ယောက်၏ တိုက်ခိုက်ခြင်းကို ခံရသောအခါ မြန်ဆန်သည့် စိစစ်မေးမြန်းမှုကို အတုအယောင်လုပ်ရန်ဟူသည် အတော်လေးခက်ခဲသည်။
"ကျေးဇူးပါ" ယဲ့ချိုးပိုင် ဓားတာအိုကို သိမ်းဆည်းလိုက်၏။
ဒီအခိုက်အတန့်၌ မုဖူရှန်းလျှောက်လာပြီး ယဲ့ချိုးပိုင်၏ပခုံးကို ပုတ်ကာ ခေါင်းပြောင်ကြီးကို ပြုံးပြသည်။
"ဒါဆိုမင်းငါတို့ကို နှင်းခဲဂိုဏ်းကို ခေါ်သွားပေးနိုင်မလား၊ ဒါမှမဟုတ် မင်းအစ်မကို ငါတို့ကို မိတ်ဆက်ပေးလို့ရမလား"
"မစိုးရိမ်ပါနဲ့၊ ငါမင်းကို အလကားလုပ်ခွင့်ပေးမှာမဟုတ်ပါဘူး၊ မင်းငါတို့ကို စိတ်မပျက်စေဘူးဆိုရင် ကျေးဇူးတင်လက်ဆောင်ပေးမှာပေါ့"
ထို့နောက် သူအဆောင်တစ်ခုကို ထုတ်ယူသည်။
"ဒါက စရန်လက်ဆောင်ပဲ"
မုဖူရှန်းလက်ထဲက အဆောင်ကိုကြည့်ရင်း ခေါင်းပြောင်ကြီး၏ မျက်လုံးများက လောဘကို ပြသသည်။
မုဖူရှန်း တစ်ဘက်လူ၏မျက်လုံးများထဲက လောဘကို မြင်နိုင်သည်အထိ အာရုံခံလွယ်သည်။
လောဘရှိသောသူများနှင့် ကုန်သွယ်ခြင်းက ပိုလွယ်ကူသည်။
ခေါင်းပြောင်ကြီး အဆောင်ကိုသိမ်းဆည်းပြီးနောက် ၀န်းကျင်ကလူများ၏အကြည့်ကို တစ်ချက်ကြည့်လိုက်၏။
"ကျွန်တော့်နောက်ကလိုက်ခဲ့"
ယခုလိုအဆင့်မြင့်အဆောင်က တခြားသူများ၏အာရုံကို အလွယ်တကူဆွဲဆောင်နိုင်သည်။
ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက် သူ့နောက်က လိုက်သွားကြသည်။
သူတို့လူသူကင်းမဲ့သည့် လမ်းကြားတစ်ခုကို ရောက်လာသောအခါ ခေါင်းပြောင်ကြီး ကျောက်စိမ်းဆွဲသီးတစ်ခုကို ထုတ်ယူသည်။
"ဒါက ကျွန်တော့်အစ်မကို ဆက်သွယ်ဖို့ ကျောက်စိမ်းဆွဲသီးပဲ၊ ကျွန်တော်မိတ်ဆက်ပေးဖို့အတွက် ကူညီပေးပါမယ်၊ ဒါပေမယ့် ကျန်တာတွေကိုတော့ ကိုယ့်ကိုကိုယ် အားကိုးရမယ်"
ယဲ့ချိုးပိုင်လှမ်းယူပြီး ခေါင်းညိတ်သည်။
"မင်းအစ်မကို နောက်ကျရင် ငါကျေးဇူးတင်လက်ဆောင်ပေးပေးမယ်"
ခေါင်းပြောင်ကြီး၏မျက်နှာက လင်း၀င်းသွားပြီး အလျင်အမြန်ခေါင်းညိတ်သည်။
နှင်းခဲဂိုဏ်း၏တည်နေရာကို သိပြီးနောက် ယဲ့ချိုးပိုင်တို့ ထိုနေရာသို့ ပြေးသွားကြ၏။
"အစ်ကိုကြီး၊ နှင်းခဲဂိုဏ်းက သူတော်စင်မိန်းမပျိုက အစ်ကိုကြီးရဲ့ဇနီးဆိုတာ သေချာလို့လား" ဖန်ချန်းမေးသည်။
မည်သို့ပင်ဆိုစေကာမူ သူမုဇီရှင်းကို အရင်ကတစ်ခါမှ မတွေ့ဖူးပါ။
ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။
"ငါလည်းမသေချာဘူး၊ ဒါပ်ေယ့် သူ့ဖော်ပြချက်အရ ဒါကမှန်တယ်၊ ငါတို့မှာအခု ဒီသဲလွန်စပဲရှိတယ်၊ မဟုတ်ဘူးဆိုရင်တောင် ငါတို့စုံစမ်းရမယ်"
တခြားနေရာများက လာပြီး အထူးသွေးကြောများရှိကြသည့် တာအိုလက်တွဲဖော်များလည်းရှိကြသည်။
သို့စေကာမူ သူကတော့ မုဇီရှင်းဖြစ်ရပေမည်။
အပိုင်း(1049) coming။