← Chapters

လက်လျှော့ခြင်း

Vol. 017 Ch. 1640

လက်လျှော့ခြင်း

Vol. 017 Ch. 1640

မည်သူက ရုပ်တု၏ စွမ်းအားကို အရင်ဆုံး ဖြိုခွင်းနိုင်မည်နည်း။ လူအုပ်က စိတ်ထဲမှ ကြိတ်၍ တွေးလိုက်ကြသည်။

ဘုံကိုးခုမှ ကိုယ်စားပြုသူများက စိတ်မပျက်ကြပေ။ သူတို့အားလုံးသည် အလွန် အစွမ်းထက်သည့် စွမ်းရည်တို့ကို ပြသခဲ့ပြီး ကြောက်မက်ဖွယ် ပုံရိပ်ယောင်အတွင်းမှ ရုပ်တုများ၏ စွမ်းအားတို့နှင့် ရင်ဆိုင်တိုက်ခိုက်နေကြသည်။

သူတို့အားလုံးသည် အထက်ကိုးဘုံမှ တန်ခိုးရှင်များ လိုလိုလားလား ရွေးချယ်ခဲ့သည့် ထူးချွန်ထက်မြက်သူများပင် မဟုတ်ပါလား။ သူတို့သည် အထက်ဘုံကိုးခုမှ အကျော်အမော်များပင် ဖြစ်ကြပေသည်။

လူများ၏ အများဆုံး စိတ်ဝင်စားမှုခံကြရသူများမှာ ဗဟိုအင်ပါယာဘုံမှ သုံးယောက်ဖြစ်သည့် ကျန်ချင်းကျူ ၊ ရှန်ဟောက် နှင့် နန်လော့ရှန်း တို့ ဖြစ်ကြသည်။ သူတို့၏ ဇစ်မြစ်နှင့် ပါရမီအရည်အချင်းတို့ကြောင့် သူတို့သည် အခြားသူများ၏ အာရုံစိုက်မှုကို ပိုမိုရရှိစေသည်။

သို့သော် အခြားသော ကိုယ်စားပြုသူများမှာလည်း အားမနည်းကြပေ။

ယခုတွင် တောင်တန်းဘုံရှိ ဗုဒ္ဓတောင် ထျန်းရှန်ကျောင်းတော်မှ ဆရာတော်ကွေကျန်းသည် ရွှေရောင်ဗုဒ္ဓအဖြစ်သို့ ပြောင်းလဲထားပြီး ဖြစ်သည်။ သူသည် ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်နေ၏။ သူသည် အစစ်အမှန် ဗုဒ္ဓဖြစ်နေသကဲ့သို့ပင် ဖြစ်၏။ တောင်တန်းဘုံမှ ဗုဒ္ဓတစ်ပါးအနေနှင့် ရန်ဟောင်ဖြစ်လာသူ မည်သူမဆို ဦးဆောင်သူ ဖြစ်လာပေလိမ့်မည်။ ရွှေရောင်ဗုဒ္ဓသည် သူ၏ လက်နှစ်ဖက်ကို ပူးကပ်လိုက်ကာ သူ၏ အမူအရာက တည်ငြိမ်နေ၍ ဗုဒ္ဓရောင်ဝါက မိုင်ထောင်ချီထိ တောက်ပနေသည်။ သူသည် အစွမ်းထက်စွမ်းအားဖြင့် တိုက်ခိုက်ခံရသော်လည်း မားမားမတ်မတ် ရပ်ကျန်ရစ်ပေသည်။

သူရိန်နတ်နန်းတော်မှ တိဝူသည် နေနတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားပြီး တစ်လောကလုံးကို အလင်းရောင်များ ဖြန့်ကျက်ပေးနေသည်။ နေနတ်ငှက်မျိုးနွယ်မှ ခြေသုံးချောင်းရွှေကျီးတို့က သူ၏ ခေါင်းထက်တွင် လှည့်ပတ်နေပြီး မြင်တွေ့ရသည်မှာ အလွန် ထူးခြားဆန်းကြယ်နေစေသည်။

ဆန့်ကျင်ဘက်အနေနှင့် ယိုယွဲ့နတ်နန်းတော်မှ ချန်ရှီး၏ နောက်တွင် အေးစက်သည့် လမင်းတစ်စင်းပေါ်ပေါက်လာသည်။ သူမအနီးမှ လေဟာနယ်သည် ညအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ချန်ရှီးနှင့် တိဝူတို့သည် ဆန့်ကျင်ဘက် ဓာတ်သဘာဝများ ဖြစ်ကြသည်။

စောင့်ကြည့်နေတတ်သည့် ချင်းလင်ပင်လျှင် နတ်ဘုရားသတ်ဖြတ်ခြင်း ဝင်္ကပါသို့ ခြေချလိုက်ကာ မြင်တွေ့သမျှ အရာအားလုံးကို သုတ်သင်ပစ်နေသည်။ ကြည့်ရသည်မှာ သူ၏ သတ်ဖြတ်ခြင်းနတ်ဘုရား နှလုံးသားကို မည်သည့် လူသားကမှ မလှုပ်ခတ်နိုင်သကဲ့သို့ပင် ဖြစ်သည်။

ဤတန်ခိုးရှင်များနှင့် ယှဥ်လျှင် ရီဖူရှင်း၏ ဘက်၌ တည်ငြိမ်နေသည်။ သူ့ခန္ဓာကိုယ်မှ အလင်းတို့ တောက်ပနေသော်လည်း အခြားသူများ၏ မျက်လုံးကို ဖမ်းစားနိုင်လောက်အောင် လင်းလက်မနေပေ။

ယခုတွင် ဤကြောက်မက်ဖွယ် တိုက်ပွဲမြေပြင်၌ မရေတွက်နိုင်သည့် စစ်တန်ဆာဝတ် စစ်သည်များက သူ့ထံ အုံဖွဲ့ကာ ရောက်ရှိလာနေသည်။ စစ်ဗုံသံများက မြည်ဟီးလာကာ သူ၏ စိတ်ဝိညာဥ်ကိုပင်  စုတ်ဖြဲရန် ကြိုးစားနေသည်။ သူသည် စိတ်ဝိညာဥ်ကို စောင့်ကြပ်နေရင်း ရှေ့သို့ တိုးလာနေသည်။ ရုပ်တုသည် အကြွင်းမဲ့ အသက်ဝင်လာပုံရသည်။ ကြည့်ရသည်မှာ နတ်စစ်သူကြီးတစ်ပါး စစ်မြေပြင်သို့ ရောက်ရှိလာသကဲ့သို့ပင် ဖြစ်၏။ ၎င်းက သူ့ကို ကြည့်လိုက်သည့်အခါ မရေတွက်နိုင်သည့် စစ်ဗုံခရာသံများက တစ်ချိန်တည်းတွင် ထွက်ပေါ်လာသည်။ မရေတွက်နိုင်သော သံချပ်ကာဝတ်စစ်သည်များက အော်ဟစ်ကာ ဒီရေကဲ့သို့ပင် တစ်ဟုန်ထိုး တိုးဝင်လာနေပြီး သူတို့ လမ်းကြောင်းအတွင်းရှိ မည့််သည့်အရာကိုမဆို ဝါးမျိုဖျက်ဆီး သွားလေသည်။

ဤပုံရိပ်ယောင်အတွင်း၌ ရီဖူရှင်းသည် သူ့ကိုယ်သူ အလွန် သေးငယ်နေသည်ဟု ခံစားရပေသည်။ သူ၏ စိတ်ဝိညာဥ်က အဆက်မပြတ် တုန်ခါနေသည်။ သူ၏ စွမ်းအားများက ယိမ်းယိုင်နေပြီး သူ့ခန္ဓာကိုယ်ပင်လျှင် အနည်းငယ် တုန်ယင်နေသည်။ သူသည် ထိုစွမ်းအားတိုက်ခိုက်မှုကြောင့် ပျက်စီးသွားရတော့မည်ဟု ထင်မှတ်ရသည်။

စိတ်ဝိညာဥ်စွမ်းအားနှင့် ရန်ဟောင်အဆင့်မှ တန်ခိုးရှင်များ၏ လမ်းစဥ်က ပေါင်းစပ်သွားသည့်အခါ သူတို့သည် အတွေးတစ်ချက်နှင့်ပင် သူတို့၏ မဟာလမ်းစဥ် နယ်မြေကို ဖွဲ့စည်းနိုင်ပေသည်။ ဤရုပ်တု၏ သခင်မှာ အသက်ရှိစဥ်က ရန်ဟောင်အဆင့်အထွတ်အထိပ်၌ ရှိနေသည့် တန်ခိုးရှင် ဖြစ်နိုင်ပေသည်။ သူ သေဆုံးသွားပြီးနောက် သူ၏ အကြွင်းအကျန် စွမ်းအားများက လမ်းစဥ်နယ်​မြေ ဖြစ်လာခဲ့သည်။ ရီဖူရှင်းက တွေးလိုက်ပြီး သူက ပညာရှိကျမ်း၏ စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ သူ့နောက်တွင် နတ်ဝိညာဥ် ပေါ်ပေါက်လာကာ သူသည် ဤလေဟာနယ်အတွင်းရှိ အရာအားလုံးကို သိမြင်လာနိုင်ပေသည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းမှ ကမ္ဘာ့သစ်ပင် အကိုင်းအခက်တို့က သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသို့ ဖြန့်ကျက်လာသည်။ သူ၏ ခန္ဓာကိုယ်သည် မြေပြင်တွင် ကောင်းစွာခြေကုပ်ယူထားသည့် အမြစ်တို့နှင့် နတ်သစ်ပင်တစ်ပင်ကဲ့သို့ ဖြစ်လာသည်။ သူ့ကို ပြိုင်ဘက်ကင်း ခမ်းနားထည်ဝါသည့် အသက်လမ်းစဥ်စွမ်းအားတို့ လွှမ်းခြုံလာကာ သူ၏ အရှိန်အဝါကို ပိုမို အစွမ်းထက်လာစေသည်။ သူ၏ အစွမ်းထက် အသက်စွမ်းအားက အလွန် ကြီးမားလာသည်။ သူ၏ စိတ်ဝိညာဥ်သည်လည်း ပိုမို အားကောင်း၍ ကြံ့ခိုင်သန်စွမ်းလာကာ ဖျက်ဆီးမရနိုင်သည့် ဖြစ်တည်မှုတစ်ခုကဲ့သို့ ဖြစ်လာသည်။

ရီဖူရှင်းက တင်ပျဥ်ခွေကာ ထိုင်လိုက်သည်။ သူသည် ရှေးဟောင်းလမ်းမ၏ အလယ်တွင် ထိုင်ချလိုက်သည်။ သူ၏ မျက်လုံးများကို မှိတ်လိုက်သည်။ သူသည် စစ်ခရာဗုံသံတို့အား သူ၏ စိတ်ဝိညာဥ်ကို တိုက်ခိုက်ခွင့်ပြုထားပြီး သူ၏ ပုံရိပ်ကို မကောင်းဆိုးဝါးစွမ်းအားများ လွှမ်းခြုံထားသည်ကိုလည်း ခွင့်ပြုထားလေသည်။ သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်က တုန်ယင်နေလျှင်ပင် သူသည် နေရာမှာပင် တည်ငြိမ်ခိုင်မာစွာ ရပ်နေဆဲ ဖြစ်၏။ သူ၏ ခန္ဓာကိုယ် နေရာအနှံ့၌ စွမ်းအားများ လွှမ်းခြုံထားသည်။

“သူက ဘာလုပ်နေတာလဲ။” အချို့လူများက ရီဖူရှင်း လုပ်နေသည်ကို မြင်သည့်အခါ သူတို့ထံ၌ စိတ်ဝင်စားသည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ သူက အမှန်တကယ်ပင် ထိုင်နေခဲ့သည်။

သူက ထိုတိုက်ခိုက်ရေး စွမ်းအားများအလယ်တွင် တရားထိုင်ကာ ကျင့်ကြံနေသည်လားဟု တွေးလိုက်ကြသည်။

အခြားသော ကိုယ်စားပြုသူ ရှစ်ဦးနှင့် မတူသည့် ရီဖူရှင်း၏ အပြုအမူကြောင့် လူအများက သူ့ကို ကြည့်လာကြသည်။ ရှန်းယွမ်၏ အကြည့်တို့သည်လည်း ရီဖူရှင်းထံတွင် စူးစိုက်နေခဲ့သည်။ သူက ဤရုပ်တု၏ စွမ်းအားများကို ဆန့်ကျင်ကာ မတ်မတ်ရပ်ရန်ပင် ခက်ခဲနေသည်လား။

“ရုပ်တုရဲ့ စွမ်းအားက ကိုယ်တိုင် ပျောက်သွားမှာ မဟုတ်ဘူး။ သူက ဒီလိုလုပ်ရပ်မျိုးနဲ့ အဲဒီစွမ်းအားတွေကို ဘယ်လောက် ကြာကြာ ခံနိုင်မှာတဲ့လဲ။” တစ်ယောက်က ပြောလိုက်သည်။

ထိုအပြုအမူမှာ သေရန်ထိုင်စောင့်နေသည်နှင့် တူနေသည်မဟုတ်ပါလား။ သူသည် ဤသို့သော အပြုအမူမျိုးနှင့် ရုပ်တု၏ စွမ်းအားတို့ကို မည်သို့ ဖျက်ဆီးနိုင်ပါမည်နည်း။

အခြားသော ကိုယ်စားပြုသူ ရှစ်ယောက်မှာ ရုပ်တု၏ စွမ်းအားများကို ခုခံရပ်တည်နေကြသည်။ သူတို့သည် ခုခံရင်ဆိုင်နေရုံမျှမက ၎င်းရုပ်တုများကို ဖျက်ဆီးနိုင်မည့် နည်းလမ်းအား ရှာဖွေနေကြ၏။ သူတို့သည် ရုပ်တု၏ စွမ်းအားများကို ဖိနှိပ်နိုင်ပြီး ရုပ်တုကို ဖျက်ဆီးနိုင်မည့် နည်းလမ်းကို ရှာဖွေနေကြသည်။ ဤသို့ ပြုလုပ်ခြင်းဖြင့်သာလျှင် သူတို့သည် ဤရှေးဟောင်းလမ်းမပို ကျော်ဖြတ်၍ ကောင်းကင်နန်းတော်သို့ သွားရောက်နိုင်မည့် ကောင်းကင်လှေကားဆီ ရောက်ရှိနိုင်မည် ဖြစ်သည်။

ထိုအချိန်တွင် တင်ပျဥ်ခွေထိုင်နေသည့် ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းမှ သဏ္ဌာန်မဲ့စွမ်းအားတစ်ခု ထွက်ပေါ်လာပေသည်။ ထို့နောက်တွင် ကု့ချင်းတီးခတ်နေသည့် အသံတစ်ခု ခပ်ရေးရေး ထွက်ပေါ်လာ၏။ ထိုအဖြစ်သည် လူအများ၏ မျက်နှာထက်တွင် ထူးဆန်းသည့် အမူအရာတို့ ဖြစ်ပေါ်လာစေသည်။

“ဒါက အသွေးအသားကနေ လမ်းစဥ်ဖြစ်တည်လာတာပဲ။ သူ့ရဲ့ လမ်းစဥ်က မှော်ဂီတတေးသွားလား။” တစ်ယောက်က မေးလိုက်သည်။ ယခင်က ရီဖူရှင်းနှင့် ရှန်းယွမ်တို့ တိုက်ခိုက်သည့်အခါတွင် ရီဖူရှင်းက ဤစွမ်းရည်ကို ထုတ်ဖော်ခဲ့ခြင်း မရှိပေ။ အသွေးအသားမှ လမ်းစဥ် ဖြစ်တည်ခြင်းသည် တန်ခိုးရှင်၏ ခန္ဓာလမ်းစဥ်ကို ထိန်းသိမ်းနိုင်ပြီး လောကနှင့် တသားတည်း ​ဖြစ်လာစေပေသည်။ ကု့ချင်းတေးသွားသံကို ကြားနိုင်သည်ကို ကြည့်လျှင် ရီဖူရှင်းသည် သူ၏ မဟာလမ်းစဥ် ခန္ဓာကိုယ်အတွင်း၌ မှော်ဂီတကို ပေါင်းစပ်ထားသည်ဟူသော အဓိပ္ပါယ်ဖြစ်ပေသည်။

မှော်ဂီတက အော်မြည်နေသည့် ပုံရိပ်ယောင်များအကြားတွင် စတင်ပဲ့တင်ထပ်လာသည်။ ထိုတေးသွားကြားတွင် ကြောက်မက်ဖွယ် ဓားစွမ်းအားတို့ ပါဝင်နေသည်။ ဓားစွမ်းအားနှင့် ဂီတသံစဥ်တို့က လိုက်ဖက်စွာ ပေါင်းစပ်နေသည်။

မှော့ဂီတတေးသွားက စစ်ခရာဗုံသံတို့နှင့် ထိပ်တိုက်တွေ့ဆုံသည့်အခါ ရှုပ်ထွေးသည့် သံစုံတီးဝိုင်းတစ်ခုအလား ဖြစ်ပေါ်လာပေသည်။ တိုက်ပွဲမြေပြင်တွင် ကု့ချင်းတေးသွားနှင့် စစ်ဗုံသံတို့သည် သတ်ဖြတ်မှု စွမ်းအားတို့ကို ထုတ်ဖော်နေသည်။ မဟာလမ်းစဥ်၏ တောက်ပမှုက ရီဖူရှင်းအနီးတွင် တဖြည်းဖြည်း လင်းလက်လာကာ ကောင်းကင်မြေကြီးတို့နှင့် ပေါင်းစပ်သွားလေသည်။

“သူက ကျင့်ကြံနေတာလား။”

ရှောင်းမုယွီသည် အချိန်တိုင်း ရီဖူရှင်းထံ၌သာ အာရုံစိုက်ထားခဲ့သည်။ ဤလူ့အပေါ်တွင် သူမ၏ အထင်ကြီးမှုက နက်ရှိုင်းပေသည်။ သူသည် သူမ၏ နတ်ကြာပန်းကို လုယူကာ အခြားမိန်းကလေးအား ပေးပစ်ခဲ့လေသည်။ ထို့ပြင် သူသည် အရှက်မရှိစွာဖြင့် ရှောင်းကလန်၏ သားမက်ဖြစ်ချင်သည်ဟုပင် ကြုံးဝါးခဲ့သည်။ ထို့ကြောင့် အားလုံးသော ကိုယ်စားပြုသူများအကြားတွင် သူမက ရီဖူရှင်းကို အသိချင်ဆုံးဖြစ်ပြီး သူ့ကိုသာ အာရုံစိုက်ထားလေသည်။

ယခု သူမက ရီဖူရှင်း ပုံရိပ်ယောင်တို့အား မည်သို့ ရင်ဆိုင်သည်ကို မြင်တွေ့သည့်အခါ သူမသည် ရီဖူရှင်းသည် မဟာလမ်းစဥ်အား နားလည်သဘောပေါက်ရန် ပုံရိပ်ယောင်တို့ကို အသုံးချနေသည်ဟု ခံစားမိသည်။ သူက ကျင့်ကြံနေပေသည်။

ကိုယ်စားပြု ရွေးချယ်ထားသူ ကိုးယောက်တွင် အများစုမှာ ရန်ဟောင်အဆင့်များ ဖြစ်ကြပြီး ရီဖူရှင်းနှင့် ချင်းလင်သာလျှင် ရှန့်ထိုအဆင့် အထွတ်အထိပ်၌ ရှိနေသည်။ ကျန်သူများမှာ နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်း ကံကောင်းခြင်းများ ကြုံတွေ့ရကာ ရန်ဟောင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ကြသည်။

အစက ရှောင်းမုယွီသည်လည်း ထိုသို့ အခွင့်အရေးမျိုး ရနိုင်ပေသည်။ သူမသာ ကြာပန်းကို ရရှိခဲ့လျှင် သူမသည် ရန်ဟောင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်သည့် အခွင့်အရေးမျိုး ရရှိပေလိမ့်မည်။ အဆုံးတွင် ဖြစ်ပျက်ခဲ့သည့်အရာများက ​ထိုကြာပန်းသည် သူမ စိတ်ကူးထားသည်ထက်ပင် ပိုအစွမ်းထက်နေကြောင်း သက်သေပြခဲ့ပေသည်။

သို့သော် ထိုကြာပန်းသည် ရီဖူရှင်း၏ လုယက်ခြင်းကို ခံခဲ့ရပြီး သူ့ဘေးမှ မိန်းကလေးသည် ကျင့်ကြံခြင်း နောက်တစ်ဆင့်သို့ တက်ရောက်ရန် ထိုကြာပန်းကို အသုံးပြုခဲ့သည်။ ကံမကောင်းစွာနှင့် သူမက ရန်ဟောင်အဆင့်သို့ တက်ရောက်ရန် အသုံးပြုခဲ့ခြင်း မဟုတ်ပေ။ သူမသည် ထိုသို့ ရှားပါးလှသည့် ပစ္စည်းကို ဖြုန်းတီးခဲ့ပေသည်။

ယခုတွင် ရီဖူရှင်းက ဤပုံရိပ်ယောင်များ အလယ်တွင် တရားထိုင်နေပြီး စွမ်းအားများကို နားလည်သဘောပေါက်ရန် အားထုတ်ကာ အဆင့်များကြားမှ အတားအဆီးကို ချိုးဖျက်ရန် ကြိုးစားနေသည်လား။

“သူက ကျူးကျော်လာတဲ့ စွမ်းအားတွေကို ရင်ဆိုင်ခုခံဖို့ ကိုယ်ပိုင်လမ်းစဥ်ကို သုံးနေတာ ဖြစ်နိုင်တယ်။” ရှောင်းမုယွီ ဘေးရှိ ရှောင်းကလန်မှ တန်ခိုးရှင်တစ်ဦးက ပြောလိုက်သည်။

ဤသို့သော အခြေအနေအောက်တွင် တရားထိုင်နေရဲခြင်းမှာ အလွန်ပင် ရဲတင်းလွန်းလှသည်။ ရီဖူရှင်းသည် သူ အနည်းငယ် အမှားလုပ်မိရုံဖြင့် သူ၏ စိတ်ဝိညာဥ်က ဒဏ်ရာအများအပြားရရှိပြီး သူ၏ မဟာလမ်းစဥ်ခန္ဓာကိုယ် ပျက်စီးသွားမည်ကို စိတ်မပူသည်လား။

သူက မဟာလမ်းစဥ်၏ စွမ်းအားများ လွှမ်းမိုးမှုအောက် ရောက်နေပေသည်။

မဟာလမ်းစဥ် မှော်ဂီတက ပျံ့နှံ့နေပြီး တိုက်ပွဲ​မြေပြင်တစ်ခုလုံးကို လွှမ်းမိုးရန် ကြိုးပမ်းနေသည်။ ရီဖူရှင်း၏ ရှေ့၌ ကု့ချင်းတစ်လက် ပေါ်ပေါက်လာ၏။  သူ၏ မျက်လုံးများက ပိတ်ထားဆဲဖြစ်သော်လည်း သူ၏ လက်ချောင်းများက ကြိုးများထက် နေရာယူလိုက်သည်။ သူက တစ်ချက်မျှ မကြည့်ဘဲနှင့် တေးသွားကို စတင်တီးခတ်လေသည်။

ကု့ချင်းသံစဥ်က တိုက်ပွဲမြေပြင်တွင် ပဲ့တင်ထပ်လာကာ သူ၏ မဟာလမ်းစဥ်ခန္ဓာနှင့် လောကမဟာလမ်းစဥ်က ပေါင်းစပ်လာသည်။

“ဒါက ဘာတေးသွားလဲ။” သံစဥ်ကို ကြားရသည့်အခါ လူအုပ်ကြီးထဲမှ တစ်ယောက်က ဤတေးသွား၏ ထူးခြားပြောင်မြောက်မှုကို ခံစားမိကာ မေးလိုက်သည်။

“အဲဒါ ထိုက်ရွှမ်တောင် က နတ်ဘုရားပူဆွေးခြင်းသံစဉ် ပဲ။” အထက်ကောင်းကင်ဘုံမှ တန်ခိုးရှင်တစ်ဦးက ပြန်ဖြေလိုက်သည်။

အရှင်ထိုက်ရွှမ်။ အချို့သော လူများထံတွင် အံ့အားသင့်သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ အထက်ကောင်းကင်ဘုံ ထိုက်ရွှမ်တောင်မှ အရှင်ထိုက်ရွှမ်သည် မှော်ဂီတဘက်တွင် ထူးချွန်ပြောင်မြောက်သည့် အရည်အချင်းရှိသည်။ သူသည် ကံကောင်းစွာဖြင့် နတ်ဘုရားပူဆွေးခြင်းသံစဉ် ကို လက်ခံရရှိခဲ့သည်။

ကောလာဟလများအရ အရှင်ထိုက်ရွှမ်တွင် ထူးခြားသည့် ပါရမီမျိုး မရှိပေ။ သူသည် လက်ရှိအဆင့်သို့ ရောက်ရှိအောင်မြင်စေရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပြီး အထူးသဖြင့် အဆင့်များကြားမှ အတားအဆီးကို ချိုးဖျက်နိုင်ရန် ပို၍ ခက်ခဲခဲ့သည်။ သူ၏ လက်ရှိ အောင်မြင်မှုအားလုံးမှာ နတ်ဘုရားပူဆွေးခြင်းသံစဉ် ကြောင့် ဖြစ်သည်ဟု ဆို၍ရပေသည်။

“ရီဖူရှင်းက အထက်ကောင်းကင်ဘုံက တန်ခိုးရှင်တစ်ယောက်လား။ ထိုက်ရွှမ်တောင်က တန်ခိုးရှင်လား။ သူက ဘာလို့ ရုတ်တရက်ကြီး အရှင်ထိုက်ရွှမ်နဲ့ ဆက်စပ်မှု ရှိသွားရတာလဲ။” တစ်ယောက်က နားမလည်နိုင်စွာ မေးလိုက်သည်။ ရီဖူရှင်းသည် သူ့ကိုယ်သူ ထျန်းဟယ်မဟာအကြီးအကဲ၏ တပည့်ဟု မိတ်ဆက်ခဲ့သော်လည်း သူက အထက်ကောင်းကင်ဘုံကို ကိုယ်စားပြုလေသည်။

ယခု သူသည် အရှင်ထိုက်ရွှမ်ထံမှ သင်ယူခဲ့သော နတ်ဘုရားပူဆွေးခြင်းသံစဉ် အရည်အချင်းကို ထုတ်ဖော် ပြသနေခဲ့သည်။

“ဒီလူက ကောင်းကင်အာဏာစက်ဘုံကပဲ။ သူက ကောင်းကင်အာဏာစက်ဘုံ ကောင်းကင်နတ်တံခါးဂိုဏ်းမှာ ကျင့်ကြံခဲ့တယ်။ အဲဒီနောက်မှာ သူက အထက်ကောင်းကင်ဘုံကို ထွက်ပြေးလာခဲ့ပြီး အရှင်ထိုက်ရွှမ် လက်အောက်မှာ သင်ယူခဲ့တယ်။” ရွှေရောင်နတ်ပြည်ထောင်မှ ကိုက်ရှီက ရှင်းပြလိုက်သည်။ သူက ရီဖူရှင်း၏ အကြောင်းကို ပို၍ သိရှိထားပေသည်။

“အရှင်ထိုက်ရွှမ်နဲ့ ထျန်းဟယ်မဟာအကြီးအကဲက မိတ်ဆွေကောင်းတွေ။” ရှန်းကလန်မှ တန်ခိုးရှင်တစ်ယောက်က ဝင်ပြောလိုက်သည်။ “ကြည့်ရတာ အရှင်ထိုက်ရွှမ်က သူ့ကို ထျန်းဟယ်ဘုံကို ပို့ပြီး ထျန်းဟယ်မဟာအကြီးအကဲ လက်အောက်မှာ သင်ယူစေခဲ့တာ ဖြစ်လိမ့်မယ်။”

ရီဖူရှင်းက အလွန် ငယ်ရွယ်သော်လည်း နေရာအများအပြားတွင် ကျင့်ကြံခဲ့သည်။

အထက်ကိုးဘုံတွင် ရန်ဟောင်အဆင့်သို့ ရောက်ရှိပြီးသူများသာ ဘုံများကို ဖြတ်ကျော်ကာ သွားရောက်ကျင့်ကြံနိုင်ကြသည်။ ရှန့်ထိုအဆင့်နှင့် အထက်မှ လူများသာ ဘုံများကို ကျော်ဖြတ်သွားလာရန် အရည်အချင်း ပြည့်မီသော်လည်း သူတို့သည်ပင် အန္တရာယ်များနေဆဲ ဖြစ်၏။

မှော်ဂီတတေးသံက ပို၍ အားကောင်းလာကာ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ၎င်း၏ လမ်းကြောင်းအတွင်းမှ အရာအားလုံးကို ရှင်းလင်းဖယ်ရှားခဲ့သည်။ စစ်ဗုံသံများသည် ရီဖူရှင်းထံသို့ တစ်ဖန်နီးကပ်လာသည့်အခါ ကု့ချင်းတေးသံက ၎င်းကို ထိုးဖောက်လာသည်။ ဖြေးညင်းစွာနှင့် နတ်ဘုရားပူဆွေးခြင်းသံစဉ် သည် ပုံရိပ်ယောင်လောကတစ်ခုလုံးကို သက်ရောက်လာခဲ့သည်။

“သူက နတ်ဘုရားပူဆွေးခြင်းသံစဉ် တီးခတ်တာမှာ တကယ်ကို ကျွမ်းကျင်တာပဲ။” ရီဖူရှင်းနှင့်အတူ လိုက်ပါလာသော ထိုက်ရွှမ်တောင် မင်းသမီးလော့ယွဲ့က နတ်ဘုရားပူဆွေးခြင်းသံစဉ် တေးသံကို ကြားသည့်အခါ လေးနက်စွာ ပြောလိုက်သည်။ ယခုတွင် ဆရာဘိုးဘိုး၌ ဆက်ခံသူ ရှိပြီ ဖြစ်၏။ သို့သော် သူမသည် ဆရာဘိုးဘိုးက ရီဖူရှင်းကို တပည့်အဖြစ် လက်ခံရန် ငြင်းရသည့် အကြောင်းရင်းအား သူမ ဝေခွဲမရ ဖြစ်နေသည်။

ဆရာဘိုးဘိုးသည် သူမ၏ အငယ်ဆုံး ဆရာဦးလေး သေဆုံးမှုကြောင့် နောက်ထပ် တပည့် မည်သည့်အခါမှ လက်မခံဟု ကျိန်ဆိုခဲ့သည်။ သို့သော် ဆရာဘိုးဘိုးသည် ဤသို့သော ပုဂ္ဂိုလ်မျိုးနှင့် တွေ့ဆုံရသည့်အခါ၌ပင် မည်သည့်အတွက် ခြွင်းချက်ထားမပေးနိုင်ရသနည်း။

ရီဖူရှင်းသာ ထိုက်ရွှမ်တောင်၌ ကျင့်ကြံလျှင် အလွန် အံ့အားသင့်ဖွယ် ဖြစ်လာပေလိမ့်မည်။

“သူက လက်ဦးမှုယူနိုင်ခဲ့ပြီပဲ။”

ယခုတွင် လူအုပ်သည် ရီဖူရှင်း ရင်ဆိုင်နေရသည့် ရုပ်တု၏ ဖိအားက အားနည်းသွားသည်ကို ခံစားမိပေသည်။ ၎င်းသည် နတ်ဘုရားပူဆွေးခြင်းသံစဉ် ၏ စွမ်းအားကြောင့် အားနည်းသွားသည်ဟု ဆိုနိုင်ပေသည်။

ကု့ချင်းတေးသံသည် ရုပ်တု၏ စွမ်းအားများကို တဖြည်းဖြည်း ဖိနှိပ်နေသည်။

မဟာလမ်းစဥ်စွမ်းအားများက ပြန်ကန်ထွက်လာပြီး ပြင်းထန်သည့် မုန်တိုင်းတစ်ခု လွှမ်းခြုံ ဖြစ်ပေါ်လာပေသည်။

ထိုကြောက်မက်ဖွယ် မုန်တိုင်းသည် ပြင်းထန်စွာ လှည့်ပတ်နေပြီး အခြားသော အရပ်မျက်နှာများသို့ ဖြန့်ကျက်သွားကာ ရုပ်တုများဆီ ဦးတည်သွားပေသည်။

ဘန်း...

ထိတ်လန့်ဖွယ်ကောင်းသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ရုပ်တုက ပြင်းထန်စွာ တုန်ခါသွားသည်။ ထို့နောက်တွင် လူအုပ်ကြီးသည် ထိုရုပ်တုက ကောင်းကင်လှေကားထိ ရောက်သည့်တိုင် နောက်သို့ လွင့်ထွက်သွားသည်ကို မြင်လိုက်ကြရ၏။

လေထဲရှိ ကောင်းကင်နန်းတော်မှ အလင်းနန်းတစ်ခုသည် ထိုရုပ်တုပေါ် လင်းလက်ဖြာကျလာသည်။ ရီဖူရှင်း အနီးရှိ ပုံရိပ်ယောင်များမှ အစအနပင် မကျန်အောင် ပျောက်ကွယ်သွားလေသည်။

သူက ၎င်းကို ဖျက်ဆီးပစ်လိုက်နိုင်သည်။ လူအုပ်ကြီးသည် ထိုမြင်ကွင်းကို မြင်သည့်အခါ တုန်လှုပ်သွားကြပေသည်။

ရီဖူရှင်းက အမှန်တကယ်ပင် ရုပ်တု၏ စွမ်းအားကို ချေဖျက်နိုင်သည့် ပထမဆုံးလူ ဖြစ်ပေသည်။

ရီဖူရှင်း၏ ခန္ဓာပေါ်မှ ဝတ်စုံက တိုက်ခတ်နေသည့် လေပြည်အကြား ကခုန်နေသည်။ သူ့ပေါ်တွင် မဟာလမ်းစဥ် အလင်းက ဖြာကျနေပြီး တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။ လူအုပ်ကြီးသည် သူ့ခန္ဓာကိုယ်အတွင်းမှ တောက်ပသည့် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာသည်အား မြင်လိုက်ကြရသည်။ ကောင်းကင်နှင့် မြေကြီး၏ မဟာလမ်းစဥ် စွမ်းအားလှိုင်းများသည် သူ့ထံသို့  အရူးအမူး တိုးဝင်နေကြသည်။

“ဒါက...” လူအများထံတွင် ထိတ်လန့်အံ့အားသင့်သည့် အမူအရာတို့ ဖြစ်ပေါ်လာသည်။

ရှားရှင်းယွန်နှင့် ရာရာတို့၏ လှပသော မျက်လုံးများထဲတွင် စိတ်လှုပ်ရှားသည့် အကြည့်တို့ လင်းလက်လာခဲ့သည်။ ယူချင်းသည်ပင် မျှော်လင့်တကြီးဖြင့် လက်သီးကို စိတ်လှုပ်ရှားစွာ ဆုပ်လိုက်မိပေသည်။

ဤသည်မှာ ရီဖူရှင်းက နောက်တစ်ဆင့်သို့ ချိုးဖျက်တက်ရောက်နိုင်တော့မည့် လက္ခဏာပင် ဖြစ်သည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်သည် အဆုံးမရှိ ကျယ်ပြန့်သည့် အိုးတစ်လုံးကဲ့သို့ ဖြစ်လာသည်ဟု ထင်မှတ်ရသည်။ သူသည် အနီးဝန်းကျင်မှ မဟာလမ်းစဥ် စွမ်းအားများကို အရူးအမူး ဝါးမျိုနေသည်။ ကု့ချင်းသံက တဖြည်းဖြည်း ရပ်တန့်သွားသည်။ ရီဖူရှင်းသည် လမ်းစဥ်သစ်သီးတစ်လုံးကို ထုတ်ကာ ချက်ချင်းပင် သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ တကြွပ်ကြွပ် ဝါးစားသံကိုပင် ကြားနိုင်ပေသည်။

အလွန် လျင်မြန်စွာပင် သူသည် လမ်းစဥ်သစ်သီးကို စားသောက်ပြီးသွားပေသည်။ သူက ဒုတိယတစ်လုံး ထို့နောက် တတိယတစ်လုံးနှင့် တစ်လုံးပြီးတစ်လုံး ထုတ်ယူကာ စားသောက်လိုက်သည်။

ရှားရှင်းယွန်က ထိုမြင်ကွင်းကို ပြူးကျယ်ဝိုင်းစက်နေသည့် မျက်လုံးအစုံဖြင့် ကြည့်နေသည်။ အခြားလူများသည်လည်း တူညီစွာပင် ဆွံ့အသွားခဲ့ပေသည်။

နောက်တစ်ဆင့်သို့ ချိုးဖျက်ဝင်ရောက်ရာ၌ ဤသို့သော အပြုအမူမျိုးဖြင့် အဆင့်တက်ခြင်းကို မည်သူကများ လုပ်ဆောင်ဖူးသနည်း။

သူ၏ လမ်းစဥ်ကို ပံ့ပိုးပေးရန် လမ်းစဥ်သစ်သီး မည်မျှ လိုအပ်လိမ့်မည်နည်း။

ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ် မဟာလမ်းစဥ် အော်မြည်သံ ထွက်ပေါ်လာသည်။ သို့သော် လူအုပ်ကြီးက ရီဖူရှင်း နတ်ဝင်ရိုးအား ဖွဲ့စည်းတော့မည်ဟု ယုံကြည်နေစဥ်မှာပင်  သူက ရုတ်တရက် မျက်လုံးဖွင့်ကာ ထရပ်လိုက်သည်။

'သူ ဘာလုပ်နေတာလဲ' လူအများက ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ သူက မည်သည့်အတွက် နောက်တစ်ဆင့်သို့ ချက်ချင်း မတက်ရောက်ရသနည်း။

ရီဖူရှင်းက သူ၏ အကြည့်များကို ကောင်းကင်နန်းတော်သို့ ရွှေ့လိုက်သည်။ သူ၏ မျက်လုံးများအတွင်း၌ မျှော်လင့်ချက်တို့ လင်းလက်နေသည်။ ယခုအချိန်သည် သူက နောက်တစ်ဆင့်သို့ ချိုးဖျက်တက်ရောက်ရမည့် အချိန်မဟုတ်သေးပေ။ သူသည် ပို၍ သာလွန်သည့် အခွင့်အရေးရရန် စောင့်ဆိုင်းနေဆဲပင် ဖြစ်သည်။

***

All Chapters