အခန်း (၂၁၅)
Vol. 15 Ch. 215
ဟန်ကျောက်အတွက်မူ သူဟာ ဒီလူများနှင့် ဟန်ဆောင်ယဉ်ကျေးပြနေရန် စိတ်ကူးမရှိပါ။
“မင်း”
ချန်လော့ရှန်၏ ပုံစံက မဲမှောာင်သွားပြီး သူ၏ မျက်လုံးများက လူသတ်ငွေ့ဆန်လာခဲ့သည်။ တဂျွတ်ဂျွတ် မြည်လာသည်အထိ လက်သီးများကို ဆုပ်မိ၏။ သို့ပေမယ့် တိုက်ခိုက်ခြင်း မပြုခဲ့ပါ။
သူ့အနေနှင့် အမှန်တကယ် လုပ်ရဲခြင်းမရှိပေ။
“ငါဒီကိုလာတုန်းက.. ရေသံတမန်ဆီကနေ ကြားတာ.. ဂိုဏ်းထဲမှာ ငါ့ကို ကျေနပ်မှုမရှိပဲ စိန်ခေါ်ချင်တဲ့လူတွေ ရှိနေတယ်တဲ့။ ဘယ်သူ မကျေနပ်တာလဲ.. ကျေးဇူးပြုပြီး ထွက်လာပြီး သင်ကြားပြသပေးပါဦး”
ဟန်ကျောက်က အလယ်သို့ လျှောက်သွားကာ လူတိုင်းကို လက်သီးဆုပ်ကာ ပြောသည်။
ရှိနေကြသည့် သိုင်းသခင် ဆယ်ယောက်ကျော်တို့က ဟန်ကျောက်၏ဘေးရှိ နတ်ဆိုးနတ်ဘုရားကဲ့သို့ လန်ဖန်းယွင်ကို ကြည့်ကာ တိတ်ဆိတ်သွားကြ၏။
“ရေသံတမန်က လျှောက်ပြောနေတာကို ကျွန်တော်သိသားပဲ”
ဟန်ကျောက်က အသာပြုံးကာ ဆက်လက်ပြောသည်။
“ညီအစ်ကိုတို့.. အခုဆိုရင် ငါက ဒေါသရေနဂါးဂိုဏ်းကို တရားဝင် ဝင်ရောက်လာခဲ့ပြီ။ ဒီနေ့ကစပြီး ငါတို့က မိသားစုတွေပဲ။ ငါ့ဘေးက လူကို မင်းတို့ရင်းနှီးမယ်လို့ ထင်တယ်။
ငါက ဒေါသရေနဂါးဂိုဏ်းကို ဝင်ခဲ့ကတည်းက သူလည်း အတူတူပဲ။ နောင်မှာ လူတိုင်းက အေးအေးချမ်းချမ်းနဲ့ သင့်မြတ်အောင် နေပြီး ဒေါသရေနဂါးဂိုဏ်းရဲ့ အနာဂတ်လှပဖို့ အတူတူ တိုက်ခိုက်ကြမယ်လို့ ငါမျှော်လင့်တယ်”
သူက ပြောလိုက်ပြီးနောက် ကိုယ်ပွား၏ ပုခံဒးကို ပုတ်ကာ ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားနှင့် အစစ်အမှန်ချီ အများစုတို့ကို ထုတ်ယူလိုက်သည်။
ကိုယ်ပွား၏ ပတ်ဝန်းကျင်ရှိ အရှိန်အဝါတို့ ပျောက်ကွယ်သွားပြီး ရုပ်ပြောင်းထားမှုဟာ ပျောက်ကွယ်သွားသည်။ ခန်းမအတွင်းရှိ လေထုဟာ အေးခဲသွား၏။
ဂိုဏ်းအတွင်းတွင် ထိပ်တန်းအဆင့် ငါးယောက်ဝင်သည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည့် မြေသံတမန် ယန်ရှိန်အား လန်ဖန်းယွင်က တစ်ကွက်တည်းနှင့် အနိုင်ယူခဲ့၏။ စစ်ဘုရင် အနည်းငယ်ဟာ ဘာမှပြောခြင်း မရှိပေ။ ထိုအခါ အောက်ရှိ လူများဟာ မည်သည်ကို ပြောရဲကြမည်နည်း။
သစ်သားသံတမန်နှင့် ရေသံတမန်တို့ဟာ ပွဲတစ်ခုကို ကြည့်နေသည့်နှယ် ရှိ၏။ ရှင်းလင်းစွာပင် ဒီကိစ္စကို ဂိုဏ်းခေါင်းဆောင်က လျှို့ဝှက်စွာ ညွှန်ကြားထားတာ ဖြစ်ပေလိမ့်မည်။
ပြီးခဲ့တုန်းက ဂိုဏ်းအတွင်းရှိ ကောလဟာလများကို ပြန်လည်စဉ်းစားကာ လူတိုင်းဟာ ကြီးမားသည့် ကပ်ဘေးတစ်ခုကို ရင်ဆိုင်ရနိုင်ချေ ရှိသည့် စွန့်စားမှုမျိုးကို အလောတလျှင် လုပ်ရဲခြင်း မရှိပါ။
“ဟန့်”
ချန်လော့ရှန်က အေးစက်စွာ နှာခေါင်းရှုံ့ကာ အင်္ကျီလက်များကို ယမ်းပြီး ထွက်ခွာသွား၏။
သတ္တုသံတမန်နှင့် မီးသံတမန်တို့မှာလည်း သူနှင့် ဆက်ဆံရေးကောင်းရာ လိုက်လံထွက်ခွာကြသည်။ အဖွဲ့သားများက တံခါးဝရှိ ယန်ရှိန်ကို မြေပြင်ပေါ်မှ တွဲထူပေးသည်။ သူ၏ မျက်နှာဟာ ဖြူရော်နေပြီး စိတ်ဓါတ်ကျနေသည့် ပုံပါ။ သူက လန်ဖန်းယွင်ကို ကြောက်ရွံ့စွာ ကြည့်၏။
“မြေသံတမန်ကို အနားယူဖို့ ခေါ်သွားလိုက်”
ရွှေကျင်ဖုန်းက လက်ကိုဝှေ့ကာ ပြောသည်။
“ဟုတ်ကဲ့”
ခန်းမအတွင်းရှိ ကျန်ရှိသည့် ဂိုဏ်းသားများဟာ ချမ်းသာခွင့် ရလိုက်သကဲ့သို့ ခံစားလိုက်ရ၏။ လူနှစ်ဆယ်ကျော်တို့ဟာ မြေသံတမန် ယန်ရှိန်ကို ဝန်းရံပြီး အတူတူ ထွက်ခွာသွားကြသသည်။
“ညီလေးဟန်.. မင်းက တကယ့်ကို..”
ရွှေကျင်ဖုန်းက ဟန်ကျောက်ကို အကူအညီမဲ့စွာ ကြည့်သည်။
“ညီလေးဟန်က တကယ့်ကို အံ့ဩစရာ လူတစ်ယောက်ပဲ”
မုရွှမ်လင်းက ပြုံးကာ ခန်းမအတွင်းမှ ထွက်ခွာသွား၏။
“ညီလေးဟန်.. ငါမင်းနဲ့ ညီလေးလန်ကို အရင်ဆုံး နေစရာ စီစဉ်ပေးမယ်။ ဂိုဏ်းချုပ်က ဒီအချိန်အတွင်း ဂိုဏ်းမှာ မရှိဘူး။ အရင်ဆုံး ဂိုဏ်းက ဆေးပညာရှင် နှစ်ယောက်ဆီက သင်ထားပေါ့။ ဂိုဏ်းချုပ်ပြန်လာပြီးရင် မင်းကို သူကိုယ်တိုင် အခြား သိုင်းပညာတွေမှ ညွှန်ကြားပေးလိမ့်မယ်”
ရွှေကျင်ဖုန်းက အချိန်ဖြုန်းမနေပါ။ လိုရင်းကို ပြော၏။
“ကျေးဇူးတင်ပါတယ် ရေသံတမန်”
ဟန်ကျောက်က ပြုံး၏။
ရွှေကျင်ဖုန်းက ဟန်ကျောက်နှင့် သူ၏ကိုယ်ပွားတို့ကို အနောက်ဘက်ခန်းမရှိ အခန်းသို့ နေထိုင်ရန် ခေါ်သွားသည်။ ပြီးနောက် ဒေါသရေနဂါး ခန်းမဆီသို့ ပြန်ခဲ့၏။
ခန်းမအတွင်းရှိ လျှို့ဝှက်လမ်းကြောင်းကို ဖွင့်ကာ မြေအောက်လျှို့ဝှက်ခန်းသို့ ဝင်ရောက်သည်။
အခန်းထဲတွင် ရှန့်ကွမ်းယွင်ဖေး ရှိနေ၏။ ရွှေကျင်ဖုန်းကို တွေ့ရပြီးနောက် သူက မေးသည်။
“ဗာဂျရာဒီဗိုင်းအတတ်က ဘယ်လောက်စွမ်းအားကြီးလဲ”
“ကျွန်တော့အထင်တော့.. ခန္ဓာကိုယ်သန့်စင်ခြင်း စစ်ဘုရင်တစ်ယောက်ဖြစ်တဲ့ ယန်ရှိန်ကို လန်ဖန်းယွင်က တစ်ကွက်တည်းနဲ့ အနိုင်ယူခဲ့တာ.. ယန်ရှိန်က ခွန်အားကို အပြည့်မသုံးခဲ့ပေမယ့် လန်ဖန်းယွင်လည်း ထိန်းထားတယ်နဲ့တူတယ်”
ရွှေကျင်ဖုန်း၏ ပုံစံက လေးနက်သွားပြီး ထပ်ပေါင်းပြောသည်။
“ထိပ်တိုက်ရင်ဆိုင်ပြီး တိုက်ခိုက်မယ်ဆိုရင် သူက တကယ့်ကိုကြောက်ဖို့လွန်းတယ်။ ဒါပေမယ့် အဲ့လိုမလုပ်ရင်တော့ အဆင်ပြေလောက်တယ်” “အမှန်ပဲ… ဒါပေမယ့် သူသာ စစ်ဘုရင်အဆင့်ကို ချိုးဖျက်ပြီးရင်တော့ ချီသုံးဆင့် စစ်ဘုရင်တစ်ယောက်တောင် ရင်မဆိုင်နိုင်တော့မှာ ကြောက်ရတယ်”
ရှန့်ကွမ်းယွင်ဖေးက နက်ရှုင်းစွာ ပြောသည်။
“လန်ဖန်းယွင် ဘယ်လောက်ပဲ ပါရမီမြင့်မြင့်… သူ့အတွက် မဖျက်ဆီးနိုင်တဲ့ ဗာဂျရာဒီဗိုင်းအတတ်နဲ့ စစ်ဘုရင်အဆင့်ရဲ့ တစ်ဆို့မှုအတားအဆီးကို ချိုးဖျက်နိုင်ဖို့ဆိုတာ လွယ်ကူမှာမဟုတ်ဘူး။ ခေါင်းဆောင်ရဲ့ ဒဏ်ရာတွေ ပြန်ကောင်းပြီးရင် လန်ဖန်းယွင် စစ်ဘုရင်အဆင့်ကို ချိုးဖျက်ပြီးရင်တောင် ခေါင်းဆောင်ရဲ့ပြိုင်ဘက် မဟုတ်ပါဘူး”
ရွှေကျင်ဖုန်းက ပြုံးသည်။
“ဟန်ကျောက်ကလည်း ထူးကဲတဲ့သူပဲ။ ဂိုဏ်းရဲ့ အထက်ပုဂ္ဂိုလ်တွေကို တမင်ဒေါသထွက်အောင် လုပ်ပြီး သူတို့နဲ့ စည်းတစ်ခုခြားလိုက်ပြီး ငါ့ကိုသစ္စာရှိကြောင်း ပြသခဲ့တယ်။ ဒါက ရှားပါးတယ်။ ကံဆိုးစွာပဲ.. ငါသာ ဒဏ်ရာမရထားခဲ့ရင် သူ့ကို ငါ့ရဲ့ဆက်ခံသူအဖြစ် ရွေးချယ်ဖို့ တော်တော်ကောင်းမှာ”
၇ျန့်ကွမ်းယွင်ဖေးက သက်ပြင်းချသည်။
“ဂိုဏ်းချုပ်က ဘဝရဲ့ အထွတ်အထိပ် အချိန်ကာလမှာပဲ ရှိသေးတာကို.. ခရီးက အရှည်ကြီး ကျန်ပါသေးတယ်။ သူက ပါရမီရှင် ဖြစ်တော့ရော ဘာဖြစ်လဲ။ မကြီးပြင်းလာနိုင်ခဲ့တဲ့ ပါရမီရှင်တွေမှ အများကြီးပဲကို”
“အမှန်ပဲ”
ရှန့်ကွမ်းယွင်ဖေးက ခေါင်းညှိတ်ကာ ပြောသည်။
“အခုကစပြီး မင်းကြိုးစားရတော့မယ်။ ဟန်ကျောက် အလယ်အလတ် ဆေးပညာရှင် မဖြစ်လာမချင်း ငါတံခါးပိတ်ပြီး ဒဏ်ရာကုစားမှာ။ ဆေးပညာနဲ့ ပက်သက်တဲ့ သူတောင်းဆိုတာအားလုံးကို ဘယ်လောက်ကုန်ကုန် မင်းဖြည့်စည်းပေးလိုက်”
“ဟုတ်ကဲ့”
နောက်တစ်နေ့နံနက်တွင်..
ရွှေကျင်ဖုန်းဟာ ဟန်ကျောက်ကို ခေါ်ကာ တောင်ခြေရှိ ဆေးခန်းမတစ်ခုဆီသို့ ခေါ်သွား၏။ ဤသည်မှာတော့ အလယ်အလတ် ဆေးပညာရှင် ယန်ကျင်း၏ နေအိမ်ဖြစ်သည်။
“ဆရာယန်”
ရွှေကျင်ဖုန်းက ဆေးတဲ၏ အဝင်ဝသို့ ရောက်ရှိပြီးနောက် တံခါးကို ညင်သာစွာ တံခါးခေါက်သည်။
ခြံဝန်းအတွင်းတွင် အသက်၆၀လောက် ရှိသည့် အဖိုးအိုတစ်ဦး ရှိပြီး သူဟာ ကုလားထိုင်ပေါ်တွင် ထိုင်ကာ ဆေးလိပ်သောက်နေပါသည်။
သူ၏ အသွင်အပြင်ဟာ သာမန်ဆန်ကာ ရိုးသားပုံ ပေါ်၏။ လက်တို အနက်ရောင် ဝတ်စုံနှင့် လက်မောင်းကြွက်သားများက ပေါ်လွင်နေ၏။ တစ်ချက်ကြည့်သည်နှင့် ဆေးပညာရှင်တစ်ယောက်နှင့် တူညီခြင်း မရှိပဲ အဲ့ဒီအစား ပန်းထုပြီး၍ ဆေးလိပ်သောက်ကာ အနားယူနေသည့် ပန်းပဲဆရာတစ်ဦးနှင့် တူညီပါသည်။
“ဆရာယန်.. ဒီညီလေးဟန်က ဂိုဏ်းချုပ်ရဲ့ တပည့်သစ်ပါ။ သူက ဆေးပညာမှာ ပါရမီအရမ်းကောင်းတယ်။ အခု ဂိုဏ်းချုပ်ရဲ့ အမိန့်နဲ့ ဆေးပညာသင်ဖို့ လာတာပါ”
ရွှေကျင်ဖုန်းက လေးစားစွာ ပြောသည်။
ယန်ကျင်းမှာ သာမန် အလယ်အလတ်အဆင့် ဆေးပညာရှင်တစ်ယောက် မဟုတ်ပေ။ သူ၏ သိုင်းခွန်အားဟာလည်း ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစား ကျွမ်းကျင်မှုသို့ ရောက်ရှိ၏။
ဒေါသရေနဂါးဂိုဏ်းကြောင့်သာ မဟုတ်ပါက သူဟာ ထိုနေရာတွင် ရပ်တန့်သွားမည် မဟုတ်ပေ။ ထို့ကြောင့် ဂိုဏ်းရှိ အကြီးအကဲများက သူ့ကို အလွန်လေးစားကြသည်။
“ဂိုဏ်းချုပ်ရဲ့ အမိန့်ဆိုမှတော့ နာခံရမှာပေါ့.. ငါနဲ့လိုက်ခဲ့”
ယန်ကျင်းက ဟန်ကျောက်ကို ကြည့်ကာ မတ်တပ်ထသည်။
“ဟုတ်ကဲ့” ဟန်ကျောက်က နောက်မှလိုက်၏။
ရွှေကျင်ဖုန်းလည်း သူတို့နောက်မှ နီးကပ်စွာ လိုက်သည်။ သူ့တွင် ရှန့်ကွမ်းယွင်ဖေး၏ အမိန့်ရှိသေးသည်။ ထို့ကြောင့် အစောပိုင်း အဆင့်များတွင် ဟန်ကျောက်၏ ဆေးပညာ လေ့ကျင့်မှုအား လိုက်ပါပေးရန် လိုအပ်၏။
မကြာခင် ယန်ကျင်းဟာ ဟန်ကျောက်ကို ခြံအနောက်ဘက်ရှိ ဆေးခန်းမတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။
“အဆင့်နိမ့်အဆင့် ဆေးလုံး ဘယ်နှစ်မျိုးကို မင်းသန့်စင်နိုင်လဲ”
ယန်ကျင်းက မေးသည်။ ဂိုဏ်းရှိ လူဟောင်းတစ်ယောက် အနေနှင့် သူ့ကို ရှန့်ကွမ်းမိသားစုက အလွန်ယုံကြည်ပါသည်။ ထို့ကြောင့် သူဟာ လျှို့ဝှက်ချက်အချို့ကို သိရှိထား၏။
ဂိုဏ်းချုပ်ရှာခဲ့သည့် ဟန်ကျောက်ကိုလည်း သူသိပါသည်။ သေချာပေါက် ဆေးပညာ အဆင့်တစ်ခု ရှိ၏။ ထို့ကြောင့် အခြေခံမှ သင်ပေးရန် ပြင်ဆင်ထားခြင်း မရှိပါ။
“ကျွန်တော် အာဟာရဆေး၊ ပီကူးဆေး၊ သွေးရပ်ဆေး၊ သွေးခဲဆေးနဲ့ ချီအားဖြည့်ဆေးတွေကို သန့်စင်နိုင်ပါတယ်”
ဟန်ကျောက်က ရှင်းပြသည်။ သူဟာ ဆေးလုံးငါးမျိုး၏ သန့်စင်ပုံကို အခြေခံအားဖြင့် တတ်မြောက်ထားပြီးပါပြီ။ ပုံမှန် အဆင့်နိမ့် ဆေးပညာရှင်များကဲ့သို့ ဖြစ်၏။
“ကောင်းပြီ။ အခက်ခဲဆုံးဖြစ်တဲ့ ချီအားဖြည့်ဆေးလုံးကို တစ်ခါတည်း ရွေးရအောင်”
ယန်ကျင်းက ခေါင်းညှိတ်သည်။
“ဒီမှာ ဆေးပင်တွေနဲ့ ဆေးပေါင်းအိုးတွေရှိတယ်။ မင်းဘာသာ ရွေးပြီး လုပ်ကြည့်”
“ဟုတ်”
ဟန်ကျောက်ဟာ ဆေးခန်းမ၏ အလယ်သို့ လျှောက်သွား၏။
ထိုနေရာတွင် ကြီးမားသည့်၊ အလယ်အလတ်ရှိသည့်၊ သေးးငယ်သည့် ဆေးပေါင်းအိုးများ ရှိ၏။ ဟန်ကျောက်ဟာ ဆေးအိုးများကို ဖွင့်ကာ စစ်ဆေးကြည့်သည်။
နောက်ဆုံးတွင် အသေးဆုံး ခြေသုံးချောင်း ရွှေမြွေ ဆေးပေါင်းအိုးကို ရွေးချယ်လိုက်၏။ ဆေးခန်းမ၏ ဘေးတွင် ဆေးပင်များ အခန်းရှိသည်။ အတွင်းထဲတွင် အဆုံးမဲ့ရတနာစံအိမ်၌ ဟန်ကျောက် တွေ့ခဲ့သည့် ဆေးပင်များ၏ ပမာဏနှင့် အမျိုးအစားထက် ပိုမိုများပြားသည့် ဆေးပင်များ ရှိနေပါသည်။
ဟန်ကျောက်ဟာ ထိုအထဲမှ ဆေးပင် သုံးပုံတစ်ပုံလောက်ကို မြင်ဖူးခြင်း မရှိပါ။