အခန်း (၂၃၉)
Vol. 16 Ch. 239
“ပြေးနေတာလား”
ရုတ်တရက် ချန်လော့ရှန်၏ ရှေ့ရှိ နေရောင်ကို အရိပ်တစ်ခုက ဖုံးကာသွားသည်။ သူက မော့ကြည့်လိုက်ပြီးနောက် ဟန်ကျောက်၏ တောက်ပသည့် အပြုံးက ကြိုဆိုနေကြောင်းကို တွေ့ရ၏။
“လက်ထောက်ဂိုဏ်းချုပ်.. အကူအညီလိုသေးလားဗျ”
ဟန်ကျောက်က ထိုင်လိုက်ပြီးနောက် ပုရွက်ဆိတ်တစ်ကောင်အား ကြည့်သည့်နှယ် ကြည့်သည်။
“မင်း.. အား..”
ချန်လော့ရှန်၏ မျက်နှာက မျှော်လင့်ချက်မဲ့နေပြီး သူက ကျိန်ဆဲတော့မှာပါ။ ဟန်ကျောက်က ညာဘက်လက်ချောင်းများကို လက်သည်းအဖြစ် ကွေးညွှတ်ကာ ကျင့်ကြံမှု စုပ်ယူခြင်းအတတ်ကို အားကုန် အသုံးပြုလိုက်သည်။
အတွင်းအားနှင့် သွေးချီတို့ စုပ်ယူခံရသည့် နာကျင်မှုက ချန်လော့ရှန်ကို ကောင်းကင်ပင် တုန်ခါသွားစေမည့် အသံမျိုးဖြင့် အော်မိစေ၏။ ခဏအကြာ၌ နေရာတွင် အသားစတစ်ခုသာ ကျန်ရစ်ခဲ့သည်။
“ဟူး”
ပင်လယ်လေညှင်းက မျက်နှာကို ဖြတ်သန်းတိုက်ခတ်သွား၏။ ဟန်ကျောက်ဟာ နေဝင်ချိန်၏ အလင်းကို ကျောပေးကာ စိတ်သက်သာရာရစွာ ရှိနေပါသည်။ ဤသည်မှာ အလွန် သက်တောင့်သက်သာ ရှိလှ၏။
“ဒြပ်စင်ငါးမျိုးချီ- အဆုပ်သတ္တု(၃%)၊ အသည်းသစ်သား(၃%)၊ ကျောက်ကပ်ရေ(၃%)၊ နှလုံးမီးတောက်(၃%)၊ သရက်ရွက်မြေ(၃%)၊ နဂါးသွေးအိတ််(သွေးချီ၅%)”
ဟန်ကျောက်ဟာ ချန်လော့ရှန်၏ ခန္ဓာကိုယ်မှ စုပ်ယူခဲ့သည့် အတွင်းအားနှင့် သွေးချီတို့ကို သန့်စင်သည်။ သူ၏ ကိုယ်တွင်းအင်္ဂါ သန့်စင်မှုဟာ ၂%မှ ၃%အထိ တိုးလာခဲ့၏။
ချန်လော့ရှန်ဟာ ချီတစ်ဆင့် စစ်ဘုရင်အဆင့်သာ ရှိပါသည်။ သူ၏ညီဖြစ်သူ ချန်လော့ဟိုင်ကဲ့သို့ပင် ရေဒြပ်စင်ချီကို သန့်စင်ခြင်းအား အထူးပြု၏။
ကျင့်ကြံမှု စုပ်ယူခြင်းအတတ်က နှစ်ဆယ်ပုံတစ်ပုံကို သန့်စင်ပြီးနောက် မူလက ရေဒြပ်စင်ချီ ၅% တိုးလာမည်ဖြစ်သည့် ကိစ္စဟာ ဒြပ်စင်ငါးခုအား တစ်ခုတည်းအဖြစ် ပါရမီ၏ သက်ရောက်မှုနှင့် ဒြပ်စင်ငါးခုချီများအဖြစ် ပြောင်းလဲသွားပြီး တစ်ခုကို ၁%စီ တိုးလာခဲ့သည်။
“ဒါက ငါ့ကို အများကြီး အလုပ်ရှုပ်သက်သာစေတယ်”
မဟုတ်ပါက သူဟာ နောင်တွင် ရန်သူ စစ်ဘုရင်အဆင့်များကို တွေ့ဆုံပါက တူညီသည့် ဒြပ်စင်ချီများကို စုပ်ယူပြီဂပါက ဆက်လက် စုပ်ယူနိုင်တော့မည် မဟုတ်ပေ။ ဤသည်က သေချာပေါက် ကြီးမားသည့် ဖြုန်းတီးမှုဖြစ်မှာပါ။
ယခုအချိန်တွင်တော့ ရန်သူဟာ မည်သည့် ဒြပ်စင်ချီကို သန့်စင်ထားစေကာမူ သူ့အနေနှင့် ပြောင်းလဲလို့ ရပါသည်။
“ဒီနှုန်းအတိုင်းဆို ချီငါးဆင့် စစ်ဘုရင်အဆင့်အထိ ကျင့်ကြံရမယ့် အမြန်နှုန်းကို တိုတောင်းအောင် လုပ်လို့ရသေးတယ်”
သူဟာ ဒြပ်စင်ငါးမျိုး ချီအား အမှတ်ပေါင်းထည့်ခြင်းဖြင့် တစ်ခါတည်း မြှင့်တင်လို့မရပါ။ သူ၏ မူလစိတ်ကူးအရ ၂နှစ်ကျော် ၃နှစ်လောက် ကြာပြီးမှ ဒြပ်စင်ငါးခုချိအား ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
သို့ပေမယ့် စစ်ဘုရင်အဆင့် အနည်းငယ်လောက်ကို ထပ်မံ စုပ်ယူလိုက်ပါက ခြားနားသွားမှာပါ။
“ရှန့်ကွမ်းယွင်ဖေးက ချီငါးဆင့် ပြီးပြည့်စုံခြင်း အဆင့်က စစ်ဘုရင်တစ်ယောက်ပဲ။ ငါသာ သူ့ကို ခြောက်အောင်စုပ်ပစ်လိုက်ရင် ငါ့ရဲ့ ဒြပ်စင်ငါးခုချီ တိုးတက်မှုက တစ်ခုကို ၅%စီ တိုးလာနိုင်မှာ။ ငါသာ ချီငါးဆင့် စစ်ဘုရင် အယောက်၂၀လောက်ကို စုပ်ယူနိုင်ရင်..”
ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွားသည်။ သို့ပေမယ့် သူဟာ လျှင်မြန်စွာဖြင့် လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာ၏။ ရှန့်ကွမ်းယွင်ဖေး၏ အခြေအနေမှာ ကံတရားဖြင့်သာ ကြုံတွေ့နိုင်သည့် အရာမျိုး ဖြစ်သည်။
ချီငါးဆင့် ပြီးပြည့်စုံခြင်းရှိ စစ်ဘုရင်တစ်ယောက်ဟာ ထိပ်တန်း အဖွဲအစည်းကြီးများတွင်ပင် အထက်ပိုင်းပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ သတ်ချင်သည်နှင့် သတ်လို့ရနိုင်ခြင်း မရှိပေ။
ယခုအချိန်၌ သူ၏ခွန်အားဟာ ကြီးစွာ တိုးတက်လာခဲ့၏။ သို့ပေမယ့် ချီငါးဆင့် ပြီးပြည့်စုံခြင်းရှိ စစ်ဘုရင်တစ်ယောက်ကို အမှန်တကယ် ကြုံတွေ့ရပါက အနိုင်ယူနိုင်မည်လား ဟူသည်မှာ သေချာခြင်းမရှိသေးပါ။
ကျုကန်ရီဟာ ဒီတစ်ကြိမ် အဖွဲ့လေးခုမှ လွှတ်လိုက်သူများထဲတွင် အားအနည်းဆုံး ဖြစ်သည်။ သူ့ကို သတ်ဖြတ်ရန် ဟန်ကျောက်ဟာ ခွန်အား ၅၀%ကို အသုံးပြုခဲ့ရ၏။
ဓါးထုတ်ခြင်း အတတ်မှ လွဲ၍ အခြား ဝှက်ဖဲအားလုံးကိုလည်း အသုံးပြုခဲ့ရသည်။ ဥပမာအားဖြင့် မူလနေကြယ်ချီ၊ ဓါးနှင့်ဆေဘာအမွှာနှင့် ဗာဂျရာအကာအကွယ်တို့ ဖြစ်၏။
သူဟာ ရွှယ်ဟန်၊ ဟယ်ရွှမ်နှင်း ကောင်းပိုင်ကျယ်တို့အား အနိုင်ယူနိုင်လောက်ပါသည်။ သို့ပေမယ့် တစ်ချိန်တည်းတွင် အားလုံးကို ရင်ဆိုင်ရလျှင်တော့ အကုန် သတ်ဖြတ်နိုင်မည်ဟု အာမခံနိုင်ခြင်း မရှိပါ။
“ရှန့်ကွမ်းလီလည်း ကျန်သေးတယ်။ သိုင်းသူတော်စင်တစ်ယောက်ရဲ့ခန္ဓာကိုယ်က ဖင်းချီနဲ့ စုစည်းထားတာ။ ငါလျှောက်ပြီး စုပ်ယူလိုက်ရင် ပြဿနာရှိနိုင်မလား”
ဟန်ကျောက်က စဉ်းစားသည်။
ဤသည်မှာ တစ်ကြိမ်လောက် စမ်းသပ်ကြည့်ပြီးမှသာ သေချာမည် ဖြစ်ပေမယ့် သူ့အနေနှင့် တကယ့်ပြင်ပတွင် လုပ်ဆောင်ရဲခြင်း မရှိပါ။
“ငါ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားဖို့ လိုတယ်”
ခဏအကြာ၌ သူဟာ သတိလည်လာခဲ့၏။ သူ၏နောက်ရှိ ရွာဟာ ရှုပ်ထွေးနေပါသည်။
သူဟာ ဆန်မာရုအိတ်အတွင်းမှ မီးခြစ်ဆံနှင့် ဆီတို့ကို ထုတ်ကာ ရွာနှင့် အလောင်းများကို မီးရှို့လိုက်၏။ အခြားလူများ တွေ့ပြီးပါက တိုက်ပွဲ၏ သဲလွန်စများအား တွေ့မြင်ခြင်းမှ ကာကွယ်ထားတာ ကောင်းပါသည်။
“ကလက်၊ ကလက်၊ ကလက်..”
“ငရဲကိုးခုစံအိမ်… ဒါက အစပဲ ရှိသေးတယ်”
မီးတောက်များက ပြင်းထန်စွာ လောင်ကျွမ်းလာပြီး ဟန်ကျောက်၏ မျက်လုံးထဲတွင် မီးလျှံများ ကခုန်နေပါသည်။
နေဝင်ချိန်၏ နေမင်းရောင်ခြည်ဟာ သွေးကဲ့သို့ နီ၏။ သူ၏ မျက်နှာဟာ အလင်းနှင့် တောက်ပနေပြီး ရေစပ်ဆီသို့ ထွက်ခွာသွားသည်။
မြက်ပင်များအကြား၌ စီကျူးက မီးလောင်နေသည့် အဝေးရှိ ရွာကို ကြည့်သည်။ သူမ၏ မျက်နှာဟာ မျက်ရည်များနှင့် ပြည့်နှက်နေပြီး စိုးရိမ်စွာ ရှိနေ၏။
“သွားရအောင်”
ရုတ်တရက် ရင်းနှီးသည့် အသံတစ်ခု သူမနောက်မှ ပေါ်လာခဲ့သည်။
စီကျူး၏ သေးသွယ်သည့် ခန္ဓာကိုယ်လေးက တုန်ခါသွားပြီး ခေါင်းလှည့်ကြည့်၏။ သူမ၏ အနောက်တွင် ရပ်နေသည့် ဟန်ကျောက်ကို တွေ့လိုက်ရသည်။
“သခင်လေး.. ဘာမှမဖြစ်လို့ တော်သေးတယ်”
စီကျူးဟာ ပါးစပ်ကို လက်ဖြင့်အုပ်ကာ မျက်ရည်များဖြင့် ပျော်ရွှင်စွာ အသံပြု၏။
“အင်း”
ဟန်ကျောက်က ပြုံးသည်။
“သွားရအောင်”
နှစ်ယောက်သားဟာ ကမ်းဆီသို့ ရောက်ရှိပြီးနောက် စီကျူးဟာ အပိုင်းပိုင်း ပျက်စီးနေသည့် သင်္ဘောကို တွေ့ရသည်။ အသံပြုကာ ဆို၏။
“သခင်လေး.. ကျွန်မတို့သင်္ဘော.. ပျက်စီးသွားပြီ”
“သွားပြီ။ ကျွန်မတို့တွေ ဒီကျွန်းပေါ်မှာ ပိတ်မိနေတော့မယ်။ တစ်ယောက်ယောက်သာ သခင်လေး ဝက်ခေါင်းနဲ့ မကောင်းဆိုးရွားကို သတ်လိုက်တာကို သိသွားရင် သခင်လေး…”
စီကျူးက ဟန်ကျောက်ကို စိုးရိမ်စွာ ကြည့်သည်။
“စိတ်မပူနဲ့။ ငါ့ကိုကြည့်လိုက်”
သူမ၏ စိတ်ပူမှုကို ခံစားရပြီးနောက် ဟန်ကျောက်က ပြုံးသည်။
“စီကျူး.. ငါနင့်ကို ဘာပြောခဲ့လဲ ဆိုတာကို မှတ်မိလား”
စီကျူးက လေးလံစွာ ခေါင်းညှိတ်သည်။
“မှတ်မိပါတယ်။ ကျွန်မသာ သခင်လေးကို ယုံကြည်ရင် သေမှာမဟုတ်ဘူး။ သခင်လေးကို စီကျူးယုံပါတယ်”
“ကောင်းတယ်”
ဟန်ကျောက်ဟာ စီကျူး၏ရှေ့သို့ လျှောက်သွားကာ အနည်းငယ် ကိုင်းလိုက်သည်။
“သခင်လေး”
“တက်ခဲ့”
စီကျူးက မျက်မှောင်ကြုတ်သွားပြီး နှုတ်ခမ်းကို ကိုက်သည်။ အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် ရုတ်တရက် သက်ပြင်းချကာ စိတ်ပိုင်းဖြတ်လိုက်၏။
“သခင်လေး.. စီကျူးကို ခေါ်သွားရင် ပင်လယ်ပေါ်မှာ အမြန်ပြေးနိုင်မှာ မဟုတ်ဘူး။ ကျွန်မကို ထားခဲ့ပါ”
“ဘာပြောတာ”
ဟန်ကျောက်က မှင်သက်သွားသည်။
“စီကျူးက မိဘမဲ့တစ်ယောက်ပါ။ အသက်၆နှစ်မှာ ဒေါသရေနဂါးဂိုဏ်းကို ခေါ်လာခံခဲ့ရတယ်။ ကျွန်မ ငယ်ငယ်တည်းက သခင်အတွက် အသက်ကို စတေးပေးရမှာက ကံပါလာပြီးသားပါ။ ကျွန်မ သခင်လေးအတွက် သေဆုံးလိုပါတယ်”
စီကျူး၏ မျက်လုံးများက နီရဲနေပြီး သူမ၏ အသံက ခိုင်မာ၏။
“ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ မြန်မြန်တက်တော့”
ဟန်ကျောက်က လေသံကြမ်းကြမ်းဖြင့် ပြောလိုက်၏။
စီကျူးဟာ သူ့အပေါ် နာခံနေပြီး ဖြစ်သည။ နောက်ထပ် အစေခံတစ်ယောက်ကို ထပ်မံပြောင်းရန် စိတ်ဝင်စားခြင်း မရှိပါ။
ဘာပဲဖြစ်ဖြစ် ယုံကြည်မှုကို ပျိုးထောင်ရန်မှာ ရှည်လျားသည့် ဖြစ်စဉ်တစ်ခု ဖြစ်၏။ သိုင်းလောကတွင် ပထမဆုံးတွေ့သည့် မိန်းမနှင့် အတူအိပ်ရဲသူ မည်သူ ရှိလို့နည်း။
“ဟုတ်…”
ဟန်ကျောက်၏ လေသံက အနည်းငယ် စိတ်မရှည် ဖြစ်လာပေမယ့် စီကျူးဟာ နက်ရှိုင်းစွာ ခံစားသွားရသည်။ ခဏတာ တုံ့ဆိုင်းနေပြီးနောက် ရှေ့သို့တက်ကာ သူမ၏ လက်များကို ဖြန့်ကာ ဖက်လိုက်သည်။ ကျယ်ပြောသည့် ကျောပြင်ကို မှီလိုက်၏။
“စီးဖို့ပြင်ထား”
“ဟန်”
စီကျူးက မှင်သက်သွားသည်။
ဟန်ကျောက်က အမြန်နှုန်းကို မြှင့်တင်၏။ ပြီးနောက် လေထဲသို့ ဆယ်မီတာကျော်လောက် ခုန်လိုက်ပြီးနောက် ပင်လယ်အတွင်းသို့ ကျဆင်းလာခဲ့သည်။
“၁။ ဒီဗိုင်းသိမ်းငှက်(ဓါးနတ်ဆိုးတစ်ယောက်၏ အဖော်မွန်ဖြစ်သည်။ ရှားပါးသည့် အကြီးစား ကြမ်းကြုတ်သည့် ငှက်ကြီးဖြစ်၏။ ဒီဗိုင်းခွန်အားနှင့် မွေးဖွားကာ ကြောက်စရာကောင်းသည့် တိုက်ခိုက်ရေးအတတ်မားကို တတ်မြောက်ထားသည်)”
“၂။ နှစ်တစ်ရာ မိချောင်းလိပ်(ကြီးမားသောဦးခေါင်း၊ တိုသောအမြီး၊ လှော်တက်သဖွယ် ခြေလေးချောင်းနှင် ခန္ဓာကိုယ်တစ်ခုလုံး မိကျောင်းအရေခွံနှင့် တူညီသည့် ကြေးခွံများ ရှိသည်)”
“တစ်”
ဟန်ကျောက်က နှလုံးသားထဲတွင် ရေရွတ်လိုက်၏။ လက်များကို ရုတ်တရက် ဖြန့်ကာ တောင်ပံများနှင့် ကြီးမားသည့် သိမ်းငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
အတောင်ပံများဟာ ၅မီတာကျော် ရှည်လျား၏။ သူက ရုတ်တရက် တောင်ပံကိုခတ်ကာ ခန္ဓာကိုယ်က လျှင်မြန်စွာ ကောင်းကင်သို့ မြင့်တက်သွားသည်။
“ဝိုး.. သခင်လေး.. နင်..”
စီကျူးက အော်၏။